Chapter 20
Shura နယ်မြေ
မူလက သူ ထိုရှိုးတွင် ပါဝင်ပြီးနောက် ထန်ချောင်းချောင်း၏ ဝေးဝေးမှာပဲ နေကာ အချိန်ခဏတာသာလျှင် ပူးပေါင်းဆောင်ရွက်မည်ဟု စီစဥ်ထားခဲ့သည်။ ထိုရှိုးအဖွဲ့က ထိုကဲ့သို့ ဖြစ်နေမည်ဟု သူမတွေးထားခဲ့ပေ။
ဒါရိုက်တာက အရင်က သူနှင့် ထန်ချောင်းချောင်းအကြား ဖြစ်ခဲ့သော အရာများကို သိထားပြီးသားပင် ဖြစ်ပေမည်။ ထိုသူများက တမင်သက်သက်ပင် သူနှင့် ထန်ချောင်းချောင်းကို အတူတူထားလိုက်သေးသည်။ ထိုသူများက သတင်းအကြီးကြီးတစ်ခုကို ဖန်တီးချင်နေသည်သာ ဖြစ်ရမည်ပင်။
သူသာသိထားခဲ့ပါက သေနိုင်မည် ဆိုလျှင်တောင် လာခဲ့မည်မဟုတ်။ သို့သော်လည်း ယခုတွင် နောင်တရရန် နောက်ကျသွားလေပြီ။
ထန်ချောင်းချောင်းကို မျက်နှာချင်း ဆိုင်မိသောအခါ ရှန်းလျန့်က သူ သူမကို မရပ်မနား ပြဿနာရှာမိနေသကဲ့သို့ အပြစ်ရှိစိတ်ကို ခံစားလိုက်ရသည်။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုက အလွန်အမင်း စည်ကားလို့နေသည်။
[ဧည့်သည်အသစ်က တကယ်ကြီး ရှန်းလျန့်တဲ့ဟ... ဟားဟားဟား.... ငါShura ရှိုးတွေကို သဘောကျတယ်]
[T/N Shuraဆိုတာ ဂျပန်တွေရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ လူတစ်ပိုင်းနတ်တစ်ပိုင်း စစ်ပွဲ နတ်ဘုရားပါ။ Shura Fieldဆိုတာ ချစ်သူတွေရဲ့ တွေ့ဆုံခြင်း၊ သဘောထားကွဲလွဲခြင်း၊ ဇာတ်လိုက်တွေအကြား ရွေးချယ်ခြင်းတွေကို တမင်တကာ စီစဥ်ပေးထားတဲ့ မဖြစ် လိုအပ်တဲ့ အရာပဲ ဖြစ်ပါတယ်။]
[ရှိုးအဖွဲ့က အရှုပ်တွေ လုပ်ချင်နေတာပဲ... ရှန်းလျန့်နဲ့ ထန်ချောင်းချောင်းကို အတူထားထားတယ်ဆိုတော့ ဖုန်းမျက်နှာပြင်ကို ဖြတ်ပြီးတောင် ရှက်လွန်းလို့ ငါ့ခြေထောက်တွေ ကျုံ့မိသွားတယ်ဟေ့]
[အမှိုက်လိုရှိုး.... ငါ့ရှန်းလျန့်ကောကောကို လှည့်စားတယ်... ထန်ပုပု ငါ့ကောကောဘေးကနေ ထွက်သွား]
[အပေါ်ထပ်က လူက စျေးပေါလိုက်တာနော်... ရှန်းလျန့်ကသာ ရှိုးကို အမှိုက်တွေ သယ်လာမှာ... အရိုးမဲတဲ့ မက်ကရယ်ငါးမရဲ့]
[အမှိုက်လိုကောင်မ... ရှန်းလျန့် မပါဘဲ ဒီလိုအစုတ်အပဲရှိုးက ဘာတွေ ဖြစ်သွားမလဲ ဘယ်သူသိမှာလဲ...]
[အစုတ်အပဲ့ရှိုးလား.. နင် အရင်အပိုင်းရဲ့ ratingတွေ၊ ကြည့်ရှုသူအရေအတွက်တွေ မကြည့်မိဘူးလား... ratingသာမကောင်းရင် ရှန်းလျန့်က လာပါ့မလား... ရယ်စရာပဲ]
[ထန်ပုပုက သူ့အရှုပ်တော်ပုံတွေကို ဖုံးကွယ်ထားတာနော်... အရည်အချင်းမရှိတဲ့ မိန်းကလေးကလည်း ဖျော်ဖြေရေးလောကထဲ ဝင်လာနိုင်တာပဲလား]
[ငါကတော့ ထန်ချောင်းချောင်းကို ကြိုက်တယ်ဟေ့... အရင်တစ်ခေါက်တုန်းကလေ ရှန်းလျန့်က လူတွေကို လေးစားမှုမရှိဘဲ မိန်းကလေး တစ်ယောက်ကို လမ်းပေါ်တွန်းချလိုက်တာ သိသိသာသာပဲကို... သူ့အကျင့်စရိုက်က ဆိုးလွန်းတယ်]
...
"အံ့သြဖွယ်ရာ အစားအသောက်များ"၏ ပထမအပိုင်း လွှင့်ပြီး ဧည့်သည်များ၏ လှုပ်ရှားမှုများနှင့် ရိုက်ကူးရေးတွင် ချက်ပြုတ်မှုများကို ဝေ့ပေါ်တွင် ပိုစ့်တင်လိုက်ပြီးနောက် ထန်ချောင်းချောင်းတွင် တဖြည်းဖြည်းနှင့် သစ္စာရှိဖန်အချို့ ရရှိလာသည်။ အရင်က ရှန်းလျန့်ဖန်များက သူမကို တစ်ဖက်သတ် ကြိမ်းမောင်းနေသည့်ပုံစံမျိုး မရှိတော့ပေ။
အင်တာနက်ပေါ်တွင် ထန်ချောင်းချောင်းဖန်များနှင့် ရှန်းလျန့်ဖန်များ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသောကြောင့် ထိုမြင်ကွင်းက ကို့ယို့ကားယားဖြစ်နေသည့် လေထုမှာပင် ရှိနေသေးသည်။ နှစ်ဖက်လုံးက ကင်မရာမန်းများက အချင်းချင်း ကြည့်လိုက်ကြသည်။ ဒီလိုမျိုး အေးစက်နေကြမှတော့ သူတို့က ဘယ်လိုမျိုး ပုံကောင်းကောင်းထွက်အောင် ရိုက်နိုင်ပါ့မလဲလို့...
ထို့ကြောင့်ပင် သူတို့က ထို အေးစက်စက် လေထုကို အဆုံးသတ်ရန် ကြိုးစားခဲ့ကြသည်၊
"စီနီယာတို့ နှစ်ယောက် အတူတူ ဆွေးနွေးကြဖို့လိုသေးလား..."
"မလိုဘူး"
"ဘယ်သူက သူနဲ့ဆွေးနွေးချင်လို့လဲ..."
ထန်ချောင်းချောင်းနှင့် ရှန်းလျန့်တို့က တစ်ပြိုင်နက်ထဲပင် ငြင်းဆန်လိုက်ကြသည်။
ကင်မရာမန်း: ...
[အမလေး ဘုရားရေ... ငါမထိန်းနိုင်တော့ဘူး... ဟားဟားဟား]
[ထန်ချောင်းချောင်း မျက်နှာက ရွံရှာနေတဲ့ ပုံနဲ့နော်... ဘယ်သူကများ သူ ရှန်းလျန့်ကို ကြိုက်နေပါတယ်လို့ ပြောခဲ့ပါလိမ့်... ဒါသေချာပေါက် ကောလဟာလပဲ]
ဆယ်မိနစ်ကြာ စောင့်ဆိုင်းပြီးသွားသော်လည်း လမ်းပေါ်တွင် ကားတစ်စီးမှ ဖြတ်မသွားခဲ့ပေ။ နေကလည်း အလွန်အမင်း ပူပြင်းလာခဲ့ပြီး ရှန်းလျန့်က လမ်းပေါ်မှ ကျောက်ခဲတစ်လုံးကို အားအပြည့်ဖြင့် ကန်လိုက်သည်။
ထန်ချောင်းချောင်းက ထိုနေရာသို့ ခြေကျင်လျှောက်သွားရန် အမှန်တကယ် စဥ်းစားခဲ့သော်လည်း သူမက ကင်မရာမန်းများက ကင်မရာကို သယ်ကာ ထိုခရီးရှည်ကြီးကို လျှောက်နိုင်ပါ့မလားဟု စိုးရိမ်ခဲ့သည်။
ထိုအချိန်တွင် ထရပ်ကားတစ်စီးက အမဲရောင် မီးခိုးများ ထောင်းထောင်းထလျက် တဖြည်းဖြည်း ရောက်လာခဲ့သည်။
ထန်၏ချောင်းချောင်း မျက်လုံးများ ဝင်းလက်သွားလေသည်။ သူမက ခပ်မြန်မြန်ပင် ထရပ်ကားကို တားလိုက်သည်။ ဒရိုင်ဘာ ထိုင်ခုံတွင် ရိုးရိုးသားသား ပြုံးပြနေသော သက်လတ်ပိုင်း စုံတွဲတစ်တွဲ ထိုင်နေခဲ့သည်။
ထန်ချောင်းချောင်းက သူမရည်ရွယ်ချက်ကို ရှင်းပြကာ သူမကို စီးခွင့်ပြုနိုင်မလားဟု မေးခဲ့သည်။ တိုက်ဆိုင်စွာပင် ထိုသက်လတ်ပိုင်း စုံတွဲ၏ အိမ်က ထန်ချောင်းချောင်းတို့ သွားရောက်မည့် ရွာတွင် ရှိနေခဲ့သည်။ သူတို့တွေက သူမတို့အား ပျော်ပျော်ရွှင်ရွှင် ခေါ်သွားပေးချင်ကြသော်လည်း ထရပ်ကား၏ အနောက်ဘက်၌ နွားစာများ ပြည့်နေပြီး ထိုင်စရာနေရာ မရှိခဲ့ပေ။
ထန်ချောင်းချောင်းက ထရပ်ကားနောက်ကို ပြေးကြည့်ပြီးနောက် ပြုံးပြလိုက်သည်၊
"ကိစ္စမရှိပါဘူး ကျွန်မ မြက်ခြောက်တွေပေါ် ထိုင်လိုက်လို့ရပါတယ်"
သက်လတ်ပိုင်းစုံတွဲ : "မင်းတို့ စိတ်မရှိရင် ပြီးတာပါပဲ... တက်လိုက်တော့"
ထန်ချောင်းချောင်းက သူမ၏ ကျောပိုးအိတ်ကို အရင် ပစ်လိုက်ပြီး လက်ကိုင်ကို ကိုင်ကာ ခြေထောက်ကြွလိုက်လိုက်ချင်းပင် ခုန်တက်လိုက်သည်။
သူမက ရုတ်တရက် ရပ်သွားသည်။ သူမက ခေါင်းလှည့်ကာ ရှန်းလျန့်ကို ပြုံးပြလိုက်လေသည်၊ "ရှင်ရော ကျွန်မတို့နဲ့ အတူသွားမလား"
ရှန်းလျန့်က စိတ်ကသိကအောက် ဖြစ်နေပြီးသား ဖြစ်လေရာ သူမ၏ အပြုံးကို မြင်လိုက်ရသောအခါ သူ့မျက်နှာက ပို၍ပင် ဒေါသထွက်လာသည်၊ "ငါ့ပုံစံက ထရပ်ကားစီးမဲ့သူနဲ့ တူနေလို့လား"
သူက သူ့ဘဝမှာ ထိုကဲ့သို့ ညစ်ပတ်သော ထရပ်ကားကို မဆိုထားနှင့် ဘတ်စ်ကားကိုပင် မစီးဘူးပါချေ။
"ဒါဆို ဖြည်းဖြည်းစောင့်လေ" ထန်ချောင်းချောင်းက ချက်ချင်းပင် အပြုံးကြီးကြီးတစ်ခု ပြုံးလိုက်ပြန်သည်။
[ ထန်ရဲ့ချောင်းချောင်း အပြုံးတွေက ဓါးတွေပါနေတယ်လို့ ရှင်းမပြနိုင်အောင်ပဲ တွေးနေမိပြီ... ချစ်စရာ ကောင်းချက်]
[သူက ယဥ်ကျေးသမှုနဲ့ ပြုံးရုံလေးပါ... ယဥ်ကျေးတဲ့ ချစ်စရာကောင်မလေး]
[ရှန်းလျန့်က အရမ်းမြင့်မြတ်နေလို့လား... ထရပ်ကားက ဘာဖြစ်နေလို့လဲ]
ထန်ချောင်းချောင်းက ကောက်ရိုးပုံပေါ်တွင်နေကာ ကင်မရာမန်းကို ဆွဲကူပေးလိုက်သည်။ သူတို့နှစ်ယောက်လုံး ထိုင်ပြီးသွားသောအခါ ထရပ်ကားက လမ်းပေါ်စတက်လိုက်တော့သည်။ ရှန်းလျန့်၏ မျက်နှာ တစ်ခုလုံး ဖုန်များဖြင့် အဖုံးခံလိုက်ရသည်။
ထရပ်ကားက လှုပ်လီလှုပ်လဲဖြင့် သံစုံမြည်ကာ သွားနေသည်။ ထန်ချောင်းချောင်းက အဆုံးမရှိသော ကောင်းကင်ပြာကြီးနှင့် တိမ်ဖြူဖြူများကို မျက်နှာမူကာ သူမခန္ဓါကိုယ် တစ်ခုလုံး မြက်ခြောက်လေးများ၏ အနံ့လေးတွင် နစ်မြုပ်သွားသကဲ့သို့ နူးညံ့သော မြက်ခြောက်များပေါ်တွင် ကျောခင်းကာ လဲလျောင်းလိုက်သည်။ ထို မြို့ပြနှင့် အဝေးမှ သက်တောင့်သက်သာ ရှိသော ခံစားချက်လေးက ချက်ချင်းပင် သူမ၏ အရင်ကမ္ဘာကို ပြန်ရောက်သွားသလို ခံစားရစေသည်။
ကင်မရာမန်းက တာဝန်ကျေစွာပင် ထန်ချောင်းချောင်းကို ရိုက်ကူးပေးနေသည်။ ထိုအမျိုးသမီးက ကြယ်သီးများပါသော ဂျင်းကို ဝတ်ဆင်ထားပြီး သူမလက်မောင်းကို ခေါင်းအုံးကာ သူမ၏ မျက်နှာက အမြဲပြုံးနေသည်။ မည်သည့်အရာကမှ အမျိုးသမီး သရုပ်ဆောင်တစ်ယောက်နှင့် တူမနေပေ။
ထိုခရီးက လူသူကင်းမဲ့လှသော်လည်း လမ်းဆုံးအထိ စီးလာပြီးသည့်နောက်တွင် သူမက ပရိုဂရမ်အဖွဲ့က ထိုနေရာမျိုးကို အဘယ့်ကြောင့် ရွေးချယ်ခဲ့သည်ကို သိသွားရသည်။ ထိုရွာလေးက တိတ်ဆိတ်ကာ အေးချမ်းလှပြီး တမူထူးခြားလေသည်။
ထန်ချောင်းချောင်းက သူမအတွက် ပေးထားသော လယ်သမားအိမ်လေးဆီ သွားလိုက်သည်။ သူမ တံခါးကို ဝင်လိုက်ချင်းပင် ရင်းနှီးနေသော အော်သံကို ကြားလိုက်ရသည်၊ "အစ်မချောင်းချောင်း"
သူမ၏ မောင်ငယ်လေး ဝေ့ရီချီက အပြေးလာကာ ထန်ချောင်းချောင်း၏ အိတ်များကို ဆွဲကူလိုက်သည်။
ထန်ချောင်းချောင်းက ပြုံးပြလိုက်လေသည်၊ "မင်း အစောကြီး ရောက်လာတာပဲ"
"ကျွန်တော်က ပထမဆုံး မဟုတ်သေးဘူး.. ဆရာမမောက်က အရင်ရောက်တာ" သူပြောနေစဥ်တွင် အပြာရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ယောက် အခန်းထဲမှ ထွက်လာခဲ့သည်။ ထိုသူမှာ နာမည်ကျော် သရုပ်ဆောင် မောက်လီ ဖြစ်ပေသည်။
ထန်ချောင်းချောင်းက သူမ၏ ဇာတ်ကားများကို ကြည့်ဖူးပြီး ရှန်းလျန့်ဘေးတွင်လည်း မြင်ဖူးသည်။ ထိုဧည့်သည်အသစ်က အလွန်အားထားရသော သရုပ်ဆောင် ဖြစ်နေသည်။ ထို့အပြင် မောက်လီကလည်း အလွန် ကြင်နာတတ်သေးသည်။ သူမက အမှန်တကယ်ပင် ထန်ချောင်းချောင်းနှင့် လက်ဆွဲနှုတ်ဆက်ရန်အတွက် အစပြုခဲ့သည်။
ထန်ချောင်းချောင်းက နာခံစွာပင် နှုတ်ဆက်စကား ပြောလိုက်သည်။ စက္ကန့် အနည်းငယ်အကြာ သူမ၏ လက်ကို ဖြုတ်တော့မည်အပြုတွင်....
'ဟမ်... ဖြုတ်မရဘူးဟ'
အခြားတစ်ဖက်မှလူက သူမလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။
မောက်လီက အမူအရာကင်းမဲ့နေပြီး စိတ်အားထက်သန်မှု တစ်စွန်းတစ်စဖြင့် သူမကို နီးနီးကပ်ကပ် စိုက်ကြည့်နေသည်။
ထန်ချောင်းချောင်းက သူမကို "မစ္စမောက်"ဟု သတိပေးလိုက်မှသာ လန့်သွားပြီး လွှတ်ပေးလိုက်သည်။
ဝေ့ရီချီက ကြက်သေသေနေတော့သည်။ သို့သော်လည်း သူက ဘာမှမဖြစ်နိုင်ပါ ဟုသာ တွေးလိုက်ပြီး ထန်ချောင်းချောင်းကို အနားယူရန်အတွက် အခန်းထဲသွားရန် ပြောလိုက်သည်။ တစ်နာရီအကြာတွင် ကျိုးမုန့်နှင့် ဟူမြောင်တို့က ကားတစ်စီးဖြင့် ရောက်လာကြသည်။
ရှန်းလျန့်ကသာ နောက်ဆုံးရောက်လာသူ ဖြစ်သည်။ ထန်ချောင်းချောင်းထွက်သွားပြီးနောက် သူစောင့်ပြီးရင်း စောင့်သော်လည်း ကားတစ်စီးမှ ဖြတ်မသွားခဲ့ပေ။ ရိုက်ကူးရေးဝန်ထမ်းများက မစောင့်နိုင်တော့သဖြင့် သူ့ကို လာခေါ်ပေးရန် ကားတစ်စီး ပို့လိုက်ရသည်။
လူတိုင်းရောက်လာသောအခါ နေဝင်ရီတရော ဖြစ်နေလေပြီ။ ဒါရိုက်တာက လူတိုင်းကို လူထုကို ချပြရန်အတွက် အုပ်စုလိုက်ဓါတ်ပုံ ရိုက်ခိုင်းလိုက်သည်။
မောက်လီတွင် အကြီးမားဆုံး ဖန်အရေအတွက် ရှိပေသည်။ သူမက အလည်တွင် နေရာယူထားသော်လည်း သူမမျက်နှာက အမြဲတမ်း အေးစက်နေကာ ရုပ်ရှင်ဘုရင်မ၏ အရှိန်အဝါများက သူမမျက်နှာတွင် ပေါ်လွင်နေသည်။ ရှန်းလျန့်၏ မျက်နှာက လူတိုင်းသူ့အပေါ်တွင် အကြွေးတင်ထားသကဲ့သို့ အရုပ်ဆိုးနေသည်။ ကျိုးမုန့်သည်လည်း စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။ အစတွင် သူမသည်သာ ရှိုး၏ အဓိကလူ ဖြစ်ခဲ့သော်လည်း ယခုတွင်မူ သူမက အကြိမ်အနည်းငယ် ရိုက်ချခံနေရသည်။ သူမက အရင်တစ်ခါက သူမရှေ့တွင် ပိတ်နေခဲ့သော ထန်ချောင်းချောင်းကို တွေ့သောအခါ သူမမျက်လုံးများကို အနည်းငယ်လှိမ့်လိုက်သော်လည်း ကင်မရာက ရိုက်မိသွားခဲ့လေသည်။
ဘေးချင်းကပ်ရက် ရပ်နေကြသော ထန်ချောင်းချောင်းနှင့် ဝေ့ရီချီသာ နှလုံးသားမဲ့စွာ ရယ်မောနေကြပြီး မောင်နှမအရင်းအခြာများထက်ပင် ဆက်ဆံရေး ကောင်းနေပုံပင်။
[သကြားရဲ့ အချိုအရသာလေး (ထန်ဝေ့) ကသာ ချစ်စရာအကောင်းဆုံး]
[Shura fieldရဲ့ အရှိန်အဝါတွေ တွေ့နေရပြီ... မလွယ်တော့ဘူးဟေ့ အိုင်းရိုး]
[ဒီဓါတ်ပုံက တော်တော်လေး ကသိကအောက်ဖြစ်စရာကောင်းတာပဲ... ငါကတော့ ရုတ်တရက် သူတို့ လုပ်ရမဲ့ တာဝန်တွေကိုပဲ မျှော်နေမိတော့တယ်]
"ဒါတွေပဲလား.."
ကျိုးမုန့်၏ မျက်နှာက မနှစ်မြို့မှုအပြည့် ဖြစ်နေလေသည်။ သူမက လေနှင့် ဖုန်မှုန့်များကို အမှုမထားဘဲ ထိုရွာငယ်လေးကို အပြေးလာခဲ့ရသည်။ သူမက အလွန် ဗိုက်ဆာနေပြီ ဖြစ်သော်လည်း ညစာကို ကိုယ်တိုင်လည်း ချက်ရအုံးမည်။ ပရိုဂရမ် အဖွဲ့က ဒီလို ပစ္စည်းတွေပဲ ပေးထားသည်လား...
စဥ်းလှီးခုံပေါ်တွင် ခေါင်းကြီးငါးကြင်းတစ်ကောင်၊ ဝက်သားတစ်ပိုင်း၊ ခရမ်းချဥ်သီး ငါးလုံး၊ ကြက်ဥ အနည်းငယ်နှင့် ပြောင်းဖူမှုန့်တစ်အိတ်သာ ပေးထားလေသည်။ စဥ်းလှီးခုံဘေးတွင် ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူတို့က ပြန့်ကြဲနေ၏။
ကျိုးမုန့်: "ဒါတွေက အရွယ်ရောက်နေတဲ့ လူခြောက်ယောက်အတွက် နှစ်ရက်စာ လုံလောက်လို့လား..."
ဒါရိုက်တာ: "ဒါတွေက ဒီညအတွက်ပဲ... မနက်ဖြန်ကျရင် မင်းတို့က ပါဝင်ပစ္စည်းတွေကို ကိုယ့်ဘာသာ ရှာရမယ်"
လုံလောက်ပြီ... ဒါပရိုဂရမ်ရဲ့ အစီအစဥ်ပဲ...
ဝေ့ရီချီက အကြံပြုလိုက်သည်၊ "အစ်မချောင်းချောင်းကိုပဲ ချက်ခိုင်းရအောင်... သူအရသာရှိအောင် ချက်တတ်တယ်"
"ထောက်ခံတယ် ငါလည်း ထန်ချောင်းချောင်းရဲ့ အချက်အပြုတ်စကေးတွေကို စားကြည့်ချင်နေတာ" ဟူမြောင်က နောက်ကလိုက်ပြောလိုက်သည်၊ "အိုး... ကျိုးမုန့် ဘာလို့ ငါ့ကို နင်းလိုက်တာလဲ..."ဟူမြောင် စကားပြောပြီးချိန်တွင်ပင် သူ့ခြေထောက် ရုတ်တရက် နာကျင်သွားရတော့သည်။
ကျိုးမုန့်က ဒေါသတကြီး သွားကြိတ်လိုက်သည်။ ဟူမြောင်က ဒီအခြေအနေကို ကြည့်နေနိုင်သေးတာလား... သူတို့တွေက တွဲဖက်တွေ မဟုတ်ဘူးလား... စာဖိုမှုးနေရာကို ထန်ချောင်းချောင်းဆီသာ ပေးလိုက်ရင် ကင်မရာ ရိုက်ချက်တွေက သူ့ဆီပဲ ကျမနေနိုင်ဘူးလား...
ကျိုးမုန့်: "ရှင်က ထန်ချောင်းချောင်းကို လူခြောက်ယောက်စာလုံးအတွက် ဘယ်လိုလုပ် ချက်ခိုင်းရတာလဲ... ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲ... ကျွန်မထင်တာက ခွဲပြီးချက်ကြရင် ပိုကောင်းမှာပဲ... ဘယ်သူမှ မချက်တတ်ရင် ထန်ချောင်းချောင်းနဲ့ ကျွန်မပဲ ကိုယ်ပိုင် ဟင်းပွဲတွေ ချက်လိုက်မယ်... ပြီးရင် အတူတူစားတော့ အချိန်ပို သက်သာတာပေါ့"
"ကောင်းပြီလေ" ထန်ချောင်းချောင်းက ဂရုမစိုက်ပေ။ ကျိုးမုန့်က အကုန်ချက်ချင်ရင်တောင် သူမက ခွင့်ပြုလိုက်မှာပင်။
Xxxxxx