Chapter 21
ငါးစတူးနဲ့ ပြောင်းဖူးပန်ကိတ်
ထန်ချောင်းချောင်း သဘောတူလိုက်သဖြင့် ဝေ့ရီချီလည်း ငြင်းမနေတော့ပေ။
"ကျွန်မက ဝက်သားရယ်၊ ခရမ်းချဥ်သီးရယ်၊ ဥတွေရယ် လိုတယ်"
ကျိုးမုန့်က မြန်မြန် လှုပ်ရှားလိုက်ပြီး သူမလိုချင်သော ပါဝင်ပစ္စည်းများကို ဦးစွာရွေးချယ်လိုက်သည်။ ခေါင်းကြီးငါးကြင်းက အကြေးခွံများပင် မသန့်ရှင်းရသေးပေ။ ဒါက အရမ်းကို ညှီနေမှတော့ ထန်ချောင်းချောင်းသာ ယူပါစေတော့...
"ဒါဆို ကျွန်မက ငါးကြင်းနဲ့ ပြောင်းဖူးမှုန့်တွေ ယူမယ်"
"ကျွန်မ အရှေ့ဘက်က မီးဖိုကို သုံးလို့ရမလား... ကျွန်မက မြေမီးဖိုတွေ မသုံးတတ်ဘူးလေ... ရှင်သာ စိတ်မရှိရင်... ကျွန်မတို့ အလှည့်ကျ သုံးလို့ရသားပဲ"
ကျိုးမုန့်က ထူးမခြားနားသော လေသံဖြင့် အရာအားလုံးကို စီမံခန့်ခွဲလိုက်သည်။
ပရိုဂရမ်အဖွဲ့က ငှားရမ်းထားသော လယ်သမားအိမ်တွင် မီးဖိုနှစ်ခု ပါလေသည်။ တစ်ခုက ထိုအိမ်ဆောက်ကတည်းက ဆောက်ထားသော မီးဖိုချောင် ဖြစ်သည်။ ထိုမီးဖိုက မြေကြီးမီးဖိုကို အသုံးပြုထားသော ရှေးဟောင်းပုံစံ မီးဖိုချောင် ဖြစ်လေသည်။ အခြားသော မီးဖိုချောင်က gasမီးဖိုကို သုံးထားသည်။
ထန်ချောင်းချောင်း: "ကိစ္စမရှိပါဘူး"
'ဒါပဲလား... ဒါပဲလား'
ထန်ချောင်းချောင်းက အလွန်ပူးပေါင်းပေးနေသည်။ ထိုအရာက ချက်ချင်းပင် ကျိုးမုန့်ကို သူမ၏ ထိုးနှက်ချက်တိုင်းက ဝါဂွမ်းဘောလုံးနှင့်သာ ပေါက်မိသကဲ့သို့သာ ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ သူမက ကိုယ်တိုင်ကြိုးစားခဲ့သော်လည်း အင်အားနည်းသည့် ခံစားချက်က စိတ်မသက်မသာ ဖြစ်ရလေ၏။
[အမှန်အတိုင်း ပြောရရင် ကျိုးမုန့်က ဒေါသတွေ မျက်နှာမှာ ဖော်ထားသလိုပဲ... ဘာလို့ သူ့ကို ရွေးခွင့်ပြုလိုက်တာလဲ]
[ချောင်းချောင်းက စကားပြောရတာ လွယ်လိုက်တာ.. သူလေးက ကျိုးမုန့်ကို အရာအားလုံး လုပ်ခွင့်ပေးနေတယ်... အရမ်းသဘောကောင်းတာပဲ]
[ဒါပေမယ့် ကျိုးမုန့်က မြို့ပြမှာ ကြီးပြင်းလာတဲ့သူလေ... သူက ရွံ့မီးဖိုကို ဘယ်လိုသုံးရမလဲ သိမှာမဟုတ်ဘူး... ဒါ သာမန်ပါပဲ... လူတိုင်း ကြင်နာမှု ရှိကြစမ်းပါ... အင်တာနက်ပေါ်က လူတွေရေ ကိုယ့်ကိစ္စကိုယ်သာ ဂရုစိုက်]
[မသိရင် သွားလေ့လာလေ... ဘာလို့ လူတိုင်းက ရိုက်ကူးရေးရိုက်တိုင်း ကျိုးမုန့်ကို လိုက်လျောပေးနေရမှာလဲ... ဘာလို့လဲ... သူက မြင့်မြတ်နေလို့လား]
ထန်ချောင်းချောင်းက အသားပြည့်နေသောငါးနှင့် ပြောင်းဖူးမှုန့်တို့ကို ကိုင်ကာ အနောက်ဘက်မီးဖိုချောင်ကို သွားလိုက်သည်။ ဝေ့ရီချီက မှားယွင်းနေသလို ခံစားနေရသည်၊
"အစ်မချောင်းချောင်း... ဘာလို့ ပြန်မတိုက်ခိုက်တာလဲ..."
ထန်ချောင်းချောင်းက သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်၊
"ဘာအတွက် တိုက်ခိုက်ရမှာလဲ... အစ်မက အစကတည်းက ခေါင်းကြီးငါးကြင်းကို လိုချင်နေတာ"
"ပထမဆုံး အမြင်မှာ ဒီခေါင်းကြီးငါးကြင်းက ကြည့်ရဆိုးနေပေမယ့်.. အသားကတော့ တအားနူးညံ့တာနော်... ခြောက်ပေါင် ခုနစ်ပေါင်လောက်တောင် လေးလောက်တယ်... ပြောင်းဖူးပန်ကိတ်နဲ့ ငါးစတူးက အရမ်းလိုက်တာ"
"ပြောင်းဖူးပန်ကိတ်နဲ့ ငါးစတူးက သံဒယ်အိုးကြီးပေါ်မှာ ချက်ရင် အရမ်းအရသာရှိတာ... ကျိုးမုန့်မပြောလာရင်တောင် အစ်မက ဒီမီးဖိုချောင်ကိုပဲ ရွေးမလို့"
"အဲ့လို ဖြစ်သွားတာကိုး"ဝေ့ရီချီ ထိုစကားကို ကြားသောအခါ ရယ်မောလိုက်၏။
"အစ်မကို ကူပြီး မီးညှိပေး"
ထန်ချောင်းချောင်းက ပုံမှန်လိုပင် အေပရွန်ကို ဝတ်ကာ ဆံပင်များကို ဦးထုပ်အတွင်း ထည့်ထားလိုက်သည်။
သူမက ပြောင်းဖူးမှုန့်ကို တဆေးထည့်၍ ရေနွေးကို သုံးပြီး မုန့်သားဖောက်ကာ ဘေးတွင် မိနစ်အနည်းငယ် ထားထားလိုက်သည်။
သူမက ငါးကို အကြေးခွံများထိုးကာ သန့်ရှင်းလိုက်ပြီး အသားကို ခွဲဖြန့်လိုက်ကာ အတုံးနှစ်တုံးအဖြစ် ခုတ်ဖြတ်လိုက်သည်။ ငါး ကိုင်ပြီးသွားသောအခါ ဟင်းချက်ဝိုင်၊ ကြက်သွန်မြိတ်၊ ဂျင်းတို့ဖြင့် နှပ်ထားလိုက်သည်။
ဒယ်ပြားပေါ်တွင် ဆီထည့်ကာ အပူပေးပြီးနောက် သူမက ငါးကြော်လိုက်လေသည်။ မီးဖိုပေါ်မှ သံဒယ်ပြားကြီးက ငါးအကြီးကြီးကိုပင် လှည့်နိုင်ရန်အတွက် အလုံအလောက် ကြီးပေသည်။
အနည်းငယ်ကြွပ်ရွပြီး ရွှေရောင်သန်းသည်အထိ ကြော်ပြီးသွားသောအခါ ငါးကို ထုတ်လိုက်သည်။ ထို့နောက် ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်၊ စမုန်စပါးနှင့် အခြားသော ဟင်းခတ်မွှေးအကြိုင်များကို ကျန်နေသော ဆီပေါ်တွင် ကြော်လိုက်သည်။ ထို့နောက် ပဲအနှစ်ဆောစ့်ကို ထည့်လိုက်သဖြင့် အရသာက ပြည့်စုံသွားတော့သည်။
အနံ့လေး သင်းလာသောအခါ ငါးကို အိုးထဲတွင် ထည့်ကာ ရေ၊ ဟင်းချက်ဝိုင်၊ ပဲအနှစ်ဆောစ့်၊ သကြား စသဖြင့် ထည့်လိုက်ပြီး အဖုံးအုပ်ကာ ဆူပွက်စေလိုက်သည်။
နောက်တစ်ဆင့်တွင် ထန်ချောင်းချောင်းက ပြောင်းဖူးမုန့်သားတစ်ပိုင်းကို ဆွဲထုတ်ကာ လက်ထဲတွင် ဖြည်းဖြည်းချင်း လှိမ့်လိုက်ပြီး လက်ဖဝါးအရွယ် ထောင်မှန်စတုဂံပုံ ပန်ကိတ်ပုံစံ ဖြစ်လာစေရန် ဆွဲဆန့်လိုက်ပြီး ဒယ်ပြားပေါ်တွင် အစီအရီ တင်ထားလိုက်သည်။
လိမ္မော်ဝါရောင် ပြောင်းဖူးပန်ကိတ်များက ဒယ်ပြား၏ ဘေးတစ်ဖက်စီတွင် နေရာချထားပြီး အလွန်လှပလေသည်။
နောက်ဆုံးအနေဖြင့် ၎င်းကို 15မိနစ်ခန့် မီးမျှင်းမျှင်းဖြင့် တည်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျိုးမုန့်က ဝက်သားနှပ်ကို တက်တက်ကြွကြွ ချက်နေသည်။ ရှိုး၏ ပထမဆုံးအပိုင်းလွှင့်ပြီးသွားသောအခါ သူမ လုပ်ထားသော ဂျပန်အစားအစာက သိပ်မကျော်ကြားကြောင်း တွေ့လိုက်ရသည်။ သူမက တရုတ်ရိုးရာဟင်းလျာ အနည်းငယ်ကို ပြန်ပြီး လေ့လာနေခဲ့သည်။ သူမက ထန်ချောင်းချောင်းထက် ပိုမသာနိုင်ဘူး ဆိုသည်ကို မယုံနိုင်ခဲ့ပေ။
ဒီတစ်ကြိမ်တွင် သူမက ရှိုးကို ရှန်းလျန့် ရောက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမနှင့် ထန်ရို့တို့က သူငယ်ချင်းကောင်းများ ဖြစ်ကြသော်လည်း သူမက ရှန်းလျန့်နှင့် အဆက်အသွယ် သိပ်မရှိပါချေ။ သို့သော်လည်း သူမက သူ့(ရှန်းလျန့)ချစ်သူ၏ သူငယ်ချင်း ဖြစ်သောကြောင့် သူမကိုသာ လုံးဝ ထောက်ပံ့မည်ဖြစ်ကြောင်း ယုံကြည်သည်။ မောက်လင်းသည်လည်း ရှန်းလျန့်၏ တွဲဖက်ဖြစ်သည်။ သူမတို့က အရင်က ဆုပေးပွဲများတွင် မကြာခဏ တွေ့ခဲ့ဖူးသည်။ ထို့ကြောင့် မောက်လင်းက သူမကို မငြင်းပယ်လောက်ပါပေ။
ဟူမြောင်က အချိန်အကြာကြီး ဗိုက်ဟောင်းလောင်း ဖြစ်နေခဲ့သည့်အတွက် မချက်ပြုတ်နိုင်တော့ပေ။ သူက ပျင်းလာသဖြင့် ကျိုးမုန့်ကို ကြည့်ရှုရန် လာခဲ့သည်။ သူ မီးဖိုချောင်သို့ လျှောက်သွားလိုက်သည့်အခါတွင် အနံ့ပြင်းပြင်းတစ်ခု ရဘိုက်သည်။
"အနံ့လေးက မွှေးလိုက်တာ"
ကျိုးမုန့်က အားရကျေနပ်နေသော မျက်နှာဖြင့် ပြောလိုက်သည်၊
"ရှင်ဗိုက်ဆာပြီလား... ကျွန်မရဲ့ စပယ်ရှယ် ဝက်ဗိုက်သားနှပ်က မကြာခင် ရတော့မယ်"
"မဟုတ်ဘူး... အဲ့ဒါ ငါးအနံ့ပဲ" ဟူမြောင်က သူ့နှာခေါင်းကို အလောတကြီး ပွတ်လိုက်သည်။ ထိုအနံ့က သူ့သွားရည်များ ကျလာစေသည်။
"အဲ့ဒါ ထန်ချောင်းချောင်းဆီကပဲ ဖြစ်ရမယ်... ငါသွားကြည့်လိုက်အုံးမယ်"
ကျိုးမုန့် သူ့ကို မတားနိုင်ခင်မှာပင် လေပြင်းတိုက်သကဲ့သို့ ပြေးသွားတော့သည်။
"အရသာရှိလိုက်တာ... ဟား... အရသာ ရှိလိုက်တာ"
ဝေ့ရီချီက အပူကြောင့် အမောတကော ပြောလိုက်သော်လည်း ထိုငါးစတူးကို ပါးစပ်ထဲ ထည့်ရန် မစောင့်နိုင်တော့ပေ။
ငါးစတူးက အလွန်အမင်း နူးညံ့လှသည်။ ၎င်းက လတ်ဆတ်ပြီး နူးအိနေကာ အညှီနံ့မရဘဲ ပြီးပြည့်စုံသော အရသာလေးကို ရစေသည်။ ပြောင်းဖူးပန်ကိတ်တစ်ဝက်က ကြွပ်ဆတ်သည်အထိ ကြော်ထားပြီး တစ်ဝက်က ငါးစွပ်ပြုတ် ပျစ်ပျစ်ထဲတွင် ပျော်ဝင်နေသည်။ အရသာနှစ်မျိုးက အံ့သြဖွယ်ကောင်းစွာပင် အတူတကွ ပေါင်းစပ်နေကြပြီး အမှန်တကယ် အံ့လောက်စရာပင်။
ထန်ချောင်းချောင်း အိုးကို ဖွင့်လိုက်လိုက်ချင်းပင် မနေနိုင်တော့ဘဲ ဝေ့ရီချီနှင့်အတူ မြည်းကြည့်မိတော့သည်။ သူမက အရသာရှိသော ငါးစွပ်ပြုတ်ကို တစ်ဇွန်းသောက်ကြည့်လိုက်ပြီး ပန်ကိတ်ကို စွပ်ပြုတ်ထဲတွင် နှစ်လိုက်တော့သည်။
'အား... ကျေနပ်ဖို့ကောင်းလိုက်တာ'
ထိုအချိန်တွင် တစ်နေ့တာ အလုပ်ကြိုးစားခဲ့ရသမျှက အစအနပင် မကျန် ကွယ်ပျောက်သွားသလိုပင်။
[ငါ့လက်ထဲက ကြက်သားကြော်က ရုတ်တရက် အရသာမရှိတော့သလိုပဲ...ငါလည်း ပြောင်းဖူးပန်ကိတ်နဲ့ ငါးစတူး စားချင်တယ်လို့]
[ငါငယ်ငယ်တုန်းက တရုတ်ပြည်မြောက်ပိုင်းက ငါ့ရဲ့မွေးရပ်မြေမှာ ဒီငါးစတူးဟင်း စားခဲ့ဖူးတယ်... ရုတ်တရက် ငါ့အဘွားကိုတောင် လွမ်းသွားပြီ... ချောင်းချောင်း... မင်းမှာ လက်ထောက်လိုသေးလား... ငါလစာမလိုပါဘူး အစားအသောက်လေးပဲပေးပါ]
[ထန်ချောင်းချောင်း ... မင်းအိတ်ထဲကို ထည့်သွားဖို့ ကောင်မလေးတစ်ယောက်လောက်မလိုဘူးလား... ငါ့ကို ချောင်းချောင်း ချက်တဲ့ အစားအသောက်တွေ ပေးပါလို့]
"ဘာတွေစားနေကြတာလဲ..." ထန်ချောင်းချောင်းတစ်ယောက် ပျော်ရွှင်စွာ စားသောက်နေချိန်တွင် ရုတ်တရက် အပြာရောင် စကပ်တစ်ထည်က သူမရှေ့တွင် ပေါ်လာခဲ့သည်။ သူမမော့ကြည့်လိုက်သောအခါ မောက်လီ၏ မျက်နှာလှလှလေးကို တွေ့လိုက်ရလေသည်။
"ငါအနံ့ရလို့ လာကြည့်တာ... မစိုးရိမ်ပါနဲ့"
မောက်လီက အေးစက်နေသော မျက်နှာထားနှင့်ပင်။ သို့သော်လည်း သူမ၏ အိုးကို စိုက်ကြည့်နေသည့် အရောင်လဲ့နေသော မျက်လုံးများက ရင်းနှီးနေသည်။
၎င်းက သူမနှင့် လက်ဆွဲနှုတ်ဆက်ချိန်က ကြည့်သော အကြည့်များနှင့် တစ်ထပ်တည်းပင်။
ထန်ချောင်းချောင်းက ပန်ကိတ်ကို မျိုချလိုက်ပြီး ပြောလိုက်သည်
"ဒါက ပြောင်းဖူးပန်ကိတ်နဲ့ ငါးစတူးလေ.. ခုလေးတင် ချက်ပြီးတာ... စားကြည့်ချင်လား"
"ကောင်းပြီလေ" မောက်လီက ခပ်မြန်မြန် ပြန်ဖြေလိုက်ပြီး စားပွဲပေါ်မှ ခွက်တစ်ခုကို သိသိသာသာ ကောက်ကိုင်လိုက်သည်။
သူမက ဒယ်အိုးပေါ်မှ ငါးအပိုင်းကြီးကြီးကို ကောက်ယူလိုက်ပြီး စွပ်ပြုတ်ရည်တစ်ခွက်ကို ခပ်ထည့်လိုက်ကာ ပန်ကိတ်တစ်ပိုင်းကိုလည်း ယူလိုက်သေးသည်။
သူတို့က တစ်မျိုးတည်းကိုပဲ စားနေတာကို ဘယ်လိုလုပ် သူမက အစားအသောက်ယူနေတဲ့ပုံစံလေးကတောင် ကျော့ရှင်းပြီး မိန်းမဆန်နေရသေးတာလဲ... အမြဲတစေ မိန်းမလှလေး တစ်ယောက် ဖြစ်ချင်ခဲ့သည့် ထန်ချောင်းချောင်းမှာ သူမကို အလွန် လေးစားသွားရသည်။ သူမ မောက်လီကို ဆရာမတစ်ယောက်အဖြစ် ပူဇော်ပသချင်နေလေပြီ။
မောက်လီက စွပ်ပြုတ်တစ်ဇွန်းကို ခပ်သောက်လိုက်ပြီး သူမမျက်လုံးများ အရောင်တောက်သွားတော့၏။ ထို့နောက် သူမက ငါးနှင့် ပန်ကိတ်ကိုပါ အပြောင်ရှင်းလိုက်လေသည်။
သူမက တင့်တယ်သော ဟန်အမူအယာတို့ဖြင့် ခပ်မြန်မြန် စားသုံးနေပြီး ဖရိုဖရဲ ဖြစ်သည့် ပုံစံမျိုး တစ်ခုမှမရှိခဲ့ပေ။
"စားကောင်းတယ်" မောက်လီက သူမ၏ လင်းလက်နေသော မျက်လုံးများဖြင့် ထန်ချောင်းချောင်းကို ကြည့်ကာ အလေးအနက်ထားသော လေသံဖြင့် အံ့အားသင့်စွာ ပြောလိုက်သည်။
ထန်ချောင်းချောင်းက ပြုံးဖြဲဖြဲ လုပ်နေခဲ့သည်၊"ကျေးဇူးပါ"
[ဖာခ့် ဘာလို့များ ရုတ်တရက် လိမော်အနံ့ရလာပါလိမ့်]
T/N လိမ္မော်အနံ့ရတယ်ဆိုတဲ့စကားက "Citrus" ဆိုတဲ့ Yuri Mangaကို ရည်သညွှန်းပါတယ် ။ မိန်းကလေးချင်း ချစ်ကြိုက်ကြတဲ့သူတွေကို သုံးတာပါ။
[ ရုပ်ရှင်ဘုရင်မမောက် ချဲ့ကားတတ်တဲ့ အမူအယာလုပ်နေတာကို ပထမဆုံး တွေ့ဖူးတာပဲ... အရမ်းကို အလေးအနက်ထားနေတော့ ချစ်ဖို့ကောင်းလိုက်တာ]
[မောက်လီက ထန်ချောင်းချောင်းကို အစားကောင်းအသောက်ကောင်းတွေ့ရသလို ကြည့်နေတာနော်... သူက foodieလေး တစ်ယောက်ဆိုတာ သံသယဖြစ်စရာတောင် မလိုဘူး]
"ကောင်းပြီ... မင်းတို့က အစားအသောက်တွေ ခိုးစားနေကြတာပဲ"
ဟူမြောင် မီးဖိုချောင်ထဲသို့ ဝင်လာသောအခါ ထန်ချောင်းချောင်းနှင့် အခြားသူများက ပန်းကန်ကိုယ်စီ ကိုင်ကာ တပျော်တပါး စားသောက်နေသည်ကို တွေ့လိုက်ရသည်။ သူက မကျေမနပ် ဖြစ်စွာဖြင့် အော်ဟစ်လိုက်တော့သည်၊
"ငါလည်း စားချင်တယ်လို့"
အခြားလူတစ်ယောက် လာနေသည်ကို တွေ့သောခါ မောက်လီက ပြောလိုက်သည်၊
"ငါလည်း နောက်တစ်ခွက် လိုချင်တယ်"
သံဒယ်အိုးကြီးကို အပြင်သို့ သယ်သွား၍ မရနိုင်ပေ။ ထို့ကြောင့် လေးယောက်သားက မီးဖိုချောင်အတွင်းပင် ရပ်နေကြကာ ပွဲတော်တည်နေကြသည်။
ဒါရိုက်တာက ပဟေဠိ ဖြစ်နေရသည်။ သူတို့က စားဖို့မစောင့်နိုင်တော့တဲ့အထိကို အရသာရှိနေလို့လား...
ဝေ့ရီချီက စားပြီးရင်း စားနေသော်လည်း ရုတ်တရက် တစ်ခုခုကို အမှတ်ရသွားသည်၊
"ကျွန်တော် ကျိုးမုန့်နဲ့ ရှန်းလျန့်ကို ခေါ်လိုက်ရမလား.."
"ခေါ်ဖို့မလိုဘူး... ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ရောက်လာကြမှာပဲဟာ" ဟူမြောင်က လက်ကိုဝှေ့ယမ်းပြလိုက်သည်။ သူသာ ကျိုးမုန့်က ထန်ချောင်းချောင်းကို သဘောမကျသည့် အကြောင်းကိုသာ မပြောနိုင်ရင် အရူးဖြစ်သွားလိမ့်မည်ပင်။
သူတို့မလာလျှင် ပိုကောင်းသေးသည်။ သူ့ထံမှ ငါးလုစားနိုင်မည့် လူနှစ်ယောက်စာ သက်သာသွားမည်ဖြစ်သည်။
ထိုနေရာတွင် ကျိုးမုန့်နှင့် ရှန်းလျန့်တို့က ဝက်သားနှပ်နှင့် ခရမ်းချဥ်သီး ကြက်ဥ စွပ်ပြုတ်ကို မျက်နှာမူကာ မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။ သူမက ဟူမြောင်နှင့် မောက်လီတို့ ထန်ချောင်းချောင်းဘက် လှည့်သွားကြမည်ဟု မထင်ထားခဲ့ပေ။
ရှန်းလျန့်က ဖယောင်းကို ကိုက်ဝါးနေရသကဲ့သို့ ခံစားနေရသည်။ သူက ထိုရှိုးတွင် ပါဝင်ရန် လွှမ်းမိုးခံရသော ခံစားချက်တို့ ဖြစ်နေလေသည်။ ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ သူသည်လည်း ငါးစွပ်ပြုတ်၏ အနံ့ကို အနံ့ခံမိနေသည်။ သူ့ရှေ့က ဝက်သားနှပ်က သူ့ကို လုံးဝ စားချင်စိတ် မဖြစ်စေသော်လည်း သူအသတ်ခံရမည် ဆိုလျှင်တောင်မှ ထန်ချောင်းချောင်း၏ ဟင်းကို သွားစားမည်မဟုတ်။
သူက ထိုမျှလောက် စျေးမပေါပေ။
Xxxxxxx