Chapter 22
ကျိုးမုန့်က သူတို့အကြားက လေထုကို တက်ကြွလာစေရန်အတွက် ကြိုးစားလိုက်သည်၊ "အရသာ ဘယ်လိုလဲ"
ရှန်းလျန့်က သူ့နှုတ်ခမ်းများကို တွန့်လိုက်သည်၊ "မဆိုးပါဘူး"
"ဒါဆို များများစားလေ" ကျိုးမုန့်က ဝက်သားနှပ်ကို သူ့ဘက်သို့ တိုးပေးလိုက်သည်။
ရှန်းလျန့်က အသံတစ်သံမှ မထွက်ပေ။ သူ့တူများက ထမင်းအနည်းငယ်ကို ငြင်ငြင်သာသာ ဆွဲယူလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု စကားပြောခန်းတွင်:
[ဘုရားရေ... ရသစုံရှိုးတစ်ခုမှာ ဒီလို ကသိကအောက် ဖြစ်စရာ ပုံစံမျိုး ပထမဆုံး တွေ့ဖူးတာပဲ]
[ရှန်းလျန့်က ထပ်မစားနိုင်တော့တဲ့ ပုံပဲ]
[ရှန်းလျန့်ကောကောရေ... မစားချင်လည်း မစားပါနဲ့... ငါးစွပ်ပြုတ်သာ သွားစားလိုက်ပါ... သူတို့တွေ ပျော်ပျော်ကြီး စားသောက်နေကြတာ]
[ကျိုးမုန့်နဲ့ ရှန်းလျန့်တို့ နှစ်ယောက်လုံး ထန်ချောင်းချောင်းကို မမြင်ချင်ကြဘူး... ဘယ်လိုလုပ် သူတို့က သူမရဲ့အစားအသောက်ကို သွားစားနိုင်မှာလဲ]
[ဒီရှိုးက စစ်မှန်လိုက်တာ... ဒီဟာက နာမည်ကျော်တွေ ကင်မရာရှေ့မှာ ဆက်ဆံရေးကောင်းသလို ဟန်ဆောင်နေကြတာတွေထက် ပိုကောင်းတယ်]
[ကျိုးမုန့်က ဟင်းတွေကို သိသိသာသာကြီး သွားတောင်မကြည့်ဘူးနော်... သူက ထန်ချောင်းချောင်းနဲ့ ဝေ့ရီချီကို ဘယ်တုန်းကမှ မျက်နှာသာမပေးခဲ့ဘူး]
...
စားသောက်ပြီးသွားသောအခါ လူတိုင်းက ဆေးကြောကာ အိပ်ရာဝင်ရန် ပြင်ကြတော့သည်။
ထန်ချောင်းချောင်းက ပြတင်းပေါက်ဘေးက အိပ်ရာပေါ်တွင် လဲလျောင်းနေသည်။ သူမက ကောင်းကင်ပေါ်မှ လင်းထိန်နေသော လမင်းကြီးကို ကြည့်လိုက်ပြီး အိမ်မှာကျန်ခဲ့သော စိတ်ကြီးဝင်နေသည့် ကြောင်ကလေးကို ဒီနေ့ ညစာ အချိန်မီစားပါ့မလားဟု ထူးဆန်းစွာပင် တွေးမိသွားသည်။
သူမက ဖုန်းကိုဖွင့်ကာ ရှန်းယွဲ့၏ WeChatကို နှိပ်လိုက်ပြီး စာပို့လိုက်သည်။
"ရှင်အိပ်နေပြီလား"
...
ဗီလာတွင်
WeChat မက်ဆေ့ချ်ရောက်သောအခါ ရှန်းယွဲ့သည်လည်း သူ၏ နက်မှောင်သော အိပ်ခန်းထဲတွင် ပြတင်းပေါက်အပြင်မှ လကို ကြည့်နေခဲ့သည်။
သူက ထိုမက်ဆေချ့်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးများ မဲမှောင်သွားသည်။
"အဓိပ္ပါယ်မရှိလိုက်တာ... ငါအိပ်နေရင် သရဲက စာပြန်ပို့မှာ မို့လို့လား"
ရင်းနှီးနေသော လေသံဖြင့်ပင်။
ထန်ချောင်းချောင်းက အနည်းငယ် နှုတ်ခမ်းဆူလိုက်ပြီး ထပ်မေးလိုက်သည်၊
"ဒီနေ့ရော စားပြီးပြီလား... ကျွန်မစိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့တိုင်းစားနော်... ရှင့်ခြေထောက်အတွက် ကောင်းတယ်"
ရှန်းယွဲ့: "မင်းက ငါ့အမေလား"
အန်တီဝမ်သည်လည်း ချက်ပေးပါ၏။ သို့သော်လည်း သူတစ်လုတ်မျှပင် မစားခဲ့။
ထန်ချောင်းချောင်း: "ကျွန်မရဲ့ ရှိုးကို ကြည့်သေးလား"
ရှန်းယွဲ့: "ငါကအရမ်းအားနေလို့လား"
သူရှိုးကို ကြည့်ခဲ့ပြီး ညစာကို တစ်လုတ်မှ မစားနိုင်သည့်အတွက် အလွန်ဒေါသထွက်ရသည်ကို ပြောပြမည် မဟုတ်ပေ။ ဘာလို့ အရှက်မရှိတဲ့ ရှန်းလျန့်က ပါလာရသေးတာလဲ...
ထန်ချောင်းချောင်း: "ကျွန်မ ပြောင်းဖူးပန်ကိတ်နဲ့ ငါးစတူး လုပ်ခဲ့တာလေ... အဲ့ဒါတွေက အရမ်းအရသာရှိတာ... ကံမကောင်းစွာနဲ့ပဲ ရှင့်မှာ စားဖို့ အခွင့်အရေး မရှိခဲ့ဘူး"
ရှန်းယွဲ့: "မင်းက ညရောက်နေတဲ့အချိန်မှာ ငါ့ကို ရန်လာစဖို့ မက်ဆေချ့်တွေ ပို့နေတာလာ"
ထန်ချောင်းချောင်း: "သင့်လျော်တဲ့ ချီတွေက သွေးလည်ပတ်မှု ကောင်းဖို့ ကူညီပေးတယ်"
ရှန်းယွဲ့: " ကြည့်ရတာ မင်းအမြင်မှာ ငါက အဲ့လိုပုံစံ ဖြစ်နေသလိုပဲ"
ထန်ချောင်းချောင်း: "[လျှာထုတ်ပြနေတဲ့ပုံ] မနက်ဖြန် တာဝန်တွေ ရှိသေးတယ်... ကျွန်မအိပ်ပြီနော်... ကောင်းသောညပါ"
ရှန်းယွဲ့က ဖုန်းပေါ်မှ ထို"ကောင်းသောညပါ"ဟူသော စကားလုံးများကို ကြည့်ကာ သူ့မျက်လုံးများက မသိလိုက်မသိဘာသာဖြင့် နူးညံ့သွားလေသည်။
နောက်တစ်နေ့ ခုနစ်နာရီ ထိုးသောအခါ ငှက်များနှင့် ရွာထဲက ခွေးများ၏ အသံတို့ဖြင့် နေ့တစ်နေ့ကို အစပြုခဲ့သည်။
ထန်ချောင်းချောင်းက အရင်ဆုံးနိုးလာခဲ့သည်။ သူမက လတ်ဆတ်သောလေကို အပြည့်အဝရှူလိုက်ပြီး အကြောဆန့်လိုက်လေသည်။
မကြာခင်မှာပင် အခြားသောဧည့်သည်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် အခန်းထဲမှ ထွက်လာကြသည်။ သို့သော်လည်း အများစုမှာ မှုန်မှိုင်းကာ သန်းဝေနေကြလေသည်။ ထိုသူများမှာ ကျေးလက်ဒေသတွင် နေထိုင်ခြင်း အကျင့်မရှိဖူးခဲ့ပုံ ပေါ်နေလေသည်။
လူတိုင်းက မနက်စာကို ကတိုက်ကရိုက် စားလိုက်ကြပြီးနောက် ဒါရိုက်တာက တာဝန်များကို စတင်ခွဲဝေပေးခဲ့သည်။
"ငါတို့ရှိုးက အစားအသောက် ယဥ်ကျေးမှုကို မြှင့်တင်ပေးဖို့ပဲ... အစားအစာရဲ့ နှစ်လိုဖွယ် ကောင်းမှုကို မှန်မှန်ကန်ကန် ခံစားနိုင်ဖို့အတွက် ဒီတစ်ကြိမ်မှာ လူတိုင်းက ပါဝင်ပစ္စည်းတွေကို ကိုယ်တိုင်ရှာဖို့ လိုအပ်တယ်"
"လူတိုင်းက မြေထဲမှာ မြုပ်နေတာ မဟုတ်ရင် ရေထဲမှာ ရေကူးနေပြီး မြေပေါ်ပြေးနေတဲ့ ပါဝင်ပစ္စည်းသုံးခု ရှာဖို့လိုတယ်"
ထိုစကားကို ကြားသောအခါ လူတိုင်းအချင်းချင်း ကြည့်မိလိုက်ကြသည်။
"ခင်ဗျား လူစကားနဲ့ ပြောလို့မရဘူးလား" ရှန်းလျန့်က လှောင်ရယ်လိုက်သည်။ သူ့ရဲ့ အိပ်စာထချိန်ကတည်းက စိတ်မကြည်မှုက မပျောက်ကွယ်သေးပေ။
"လူတိုင်း ဒီပစ္စည်းတွေကို ရွာထဲမှာပဲ တွေ့နိုင်မယ်ဆိုတာကို စိတ်အေးအေးထားလို့ရပါတယ်"
ဒါရိုက်တာက စိတ်ရှည်ရှည်ထားကာပြောလိုက်သည်၊
"ပစ္စည်းရှာဖို့အတွက် လူခြောက်ယောက်ကို သုံးဖွဲ့ဖွဲ့မယ် ပြီးတော့ အသင်းတွေကို မဲနှိုက်ပြီး ဆုံးဖြတ်မယ်"
ဒါရိုက်တာက လူခြောက်ယောက်ကို စာရွက်တစ်ရွက်စီနှိုက်ရန် ပြောလိုက်ပြီး နံပါတ်တူရာ ကျသူများက အသင်းတစ်ဖွဲ့ ဖြစ်လာမည် ဖြစ်သည်။
မဲနှိုက်ပြီးနောက် ထန်ချောင်းချောင်းက သူမစာရွက်ပေါ်မှ နံပါတ်များကို ကြည့်လိုက်ပြီး သူမဘေးမှလူ၏ နံပါတ်ကို ကြည့်လိုက်သော်လည်း ရှန်းလျန့်၏ ရှော့ရနေသော မျက်လုံးများဖြင့် ဆုံလိုက်ရသည်။
[ဘယ်လို ကံကြမ္မာမျိုးလဲ... ထန်ချောင်းချောင်းနဲ့ ရှန်းလျန့်တို့ တူတူကျပြန်ပြီ]
[သူတို့က အတူတူတောင် မလာနိုင်တဲ့ ရန်သူတွေ မဟုတ်ဘူးလား]
[ထန်ချောင်းချောင်းက ရှန်းလျန့်နဲ့ မပတ်သက်ရရင် သေသွားမှာမို့လို့လား]
[မြင့်မြတ်တဲ့ ရှန်းလျန့်ရဲ့ဖန်တွေ ထပ်ရောက်လာကြပြန်ပြီဟေ့... မျက်လုံးကန်းနေကြတာလား... သေချာပေါက် သူတို့က ကြုံရာနှိုက်ထားကြတာကို]
[ရှန်းလျန့်နဲ့ ထန်ချောင်းချောင်းတို့ ဘာလို့ ကသိကအောက် ဖြစ်နေကြတာလဲ ဆိုတာကို နားမလည်နိုင်တော့ဘူး... အဲ့ဒီ အဖြစ်အပျက်ကလွဲရင် သူတို့က အခေါ်အပြောရှိဖူးတဲ့ ပုံတောင်မပေါ်တဲ့ဟာ]
[အပေါ်ထပ်ကလူတွေရေ... မင်းတို့က ကောလဟာလတွေ ဖြန့်နေကြတာပဲ... ငါစတူဒီယိုကို ပို့ဖို့ စကရင်ရှော့တွေ ရိုက်ပြီးပြီ... ရှေ့နေသတိပေးစာ လာတော့မယ်]
"ဒါရိုက်တာ... ကျွန်မ လူပြောင်းချင်တယ်"
ထန်ချောင်းချောင်းက ချက်ချင်း လက်ကို မြှောက်ကာ သူမ၏ နေရာကို ပြလိုက်၏။ ရှန်းလျန့်နဲ့ အသင်းဖွဲ့တာက ဝက်တစ်ကောင်နဲ့ အသင်းဖွဲ့တာလောက်တောင် အဆင်ပြေမှာ မဟုတ်ဘူး...
"ကျွန်တော်လည်း လူလဲချင်တယ်... သူနဲ့မတွဲနိုင်ဘူး"
ရှန်းလျန့်ကလည်း ခါးသီးစွာ ပြောလိုက်သည်။ မထင်မှတ်ထားစွာပင် ထန်ချောင်းချောင်းက သူ့ထက် ခြေတစ်လှမ်းသာသွားသည်။
ဒါရိုက်တာက ပြုံးလိုက်ပြီး ရိုးရှင်းသော သဘောထားဖြင့် ပြောလိုက်သည်၊ "မရဘူး"
ဘယ်လောက်ကောင်းလိုက်တဲ့ အဖွဲ့လဲ... သူကတော့ သတင်းကြီးသတင်းထူးတွေ ဆွဲဆောင်နိုင်မဲ့ ရိုက်ချက်တွေကို တွေးမိနေပြီနော်...
'လှချက်ပဲ'
ထန်ချောင်းချောင်းက လက်မလျော့ပေ၊ "ကျွန်မမှာ အရင်အပိုင်းမှာ အနိုင်ရခဲ့တာကနေ ရတဲ့ အခွင့်ထူးရှိသေးတယ်... ကျွန်မ အသင်းသားကို ရွေးချင်တယ်"
ဒါရိုက်တာက ခေါင်းကို ခါယမ်းလိုက်သည်၊ "အခွင့်ထူးကို ရွေးချယ်မှာက ပရိုဂရမ်အဖွဲ့ကပဲ"
ထန်ချောင်းချောင်း: ...
'လှည့်စားတာပဲ'
'ဒါရိုက်တာမှာ ဆိုးဝါးတဲ့ အကြံတွေ အပြည့်ပဲ'
နောက်ဆုံးအသင်းဖွဲ့ခြင်း ရလဒ်သည်ကား ထန်ချောင်းချောင်းနှင့် ရှန်းလျန့်၊ မောက်လီနှင့် ဟူမြောင်၊ ကျိုးမုန့်နှင့် ဝေ့ရီချီတို့ ဖြစ်ကြသည်။
ဒါရိုက်တာက ထပ်ပြောပြန်သည်၊ "ထန်ချောင်းချောင်းနဲ့ ဝေ့ရီချီတို့က အရင်အပိုင်းရဲ့ အနိုင်ရသူတွေ ဖြစ်လို့ အခွင့်ထူးတစ်ခုရမယ်... ဒါဆို ထန်ချောင်းချောင်း အရင်လာရွေးပါ... ဘယ်ပစ္စည်းကို ရှာဖို့ ရွေးမှာလဲ"
ရှန်းလျန့်က အစတွင် အသင်းဖွဲ့သည့်အချက်ကြောင့် ဒေါသထွက်နေခဲ့သည်။ ထိုအချိန်တွင် သူ ထိုစကားကို ကြားလိုက်သောအခါ ခက်ထန်စွာ ပြောလိုက်သည်၊ "မြေမှာ မြုပ်ထားတဲ့ဟာကိုသာ ရွေးလိုက်စမ်းပါ... မြေထဲက အသီးအရွက်တွေပဲ တူးရအောင်... အဲ့တာက လွယ်တယ်"
ထန်ချောင်းချောင်းက ထူးမခြားစွာဖြင့် ထိုလူကို ကြည့်လိုက်သည်။ ရှန်းလျန့်က ဒါကို ရွေးချင်မှတော့ သူမကလည်း မရွေးရုံပေါ့...
ထိုရေကူးနေသော ပါဝင်ပစ္စည်းက သူမကို ရေထဲဆင်းရမည်ဟု ဆိုလိုခြင်းပင်။ ၎င်းက ညစ်ပတ်လှပြီး သူမ၏ လှပသောပုံရိပ်နှင့် မကိုက်ညီပေ။
ထို့ကြောင့် ထန်ချောင်းချောင်း စိတ်ဆုံးဖြတ်လိုက်သည်၊ "ကျွန်မ မြေပေါ်မှာ ပြေးနေတဲ့ဟာတွေကို ရွေးမယ်"
ရှန်းလျန့် မျက်လုံးများ မီးဝင်းဝင်းတောက်သွားသည်။
'တမင်သက်သက် လုပ်တာ... ဒီမိန်းမက သေချာပေါက် တမင်သက်သက် ငါ့ကို ဆန့်ကျင်နေတာ'
နောက်တစ်ကြိမ်သည် ဝေ့ရီချီ ရွေးချယ်ရမည့် အလှည့်ဖြစ်ပြီး ကျိုးမုန့်သည်လည်း သူ မြေကြီးထဲတွင် နစ်မြုပ်နေသော ပါဝင်ပစ္စည်းများသာ ရွေးမည်ဟု မျှော်လင့်ခဲ့သည်။
သို့သော်လည်း ဝေ့ရီချီက ထိုအကြောင်းကို စဥ်းစားပြီးနောက် ပြောလိုက်သည်၊ "ကျွန်တော် ရေထဲမှာ ကူးနေတဲ့ ပစ္စည်းကို ရွေးမယ်"
ကျိုးမုန့် မတတ်နိုင်ဘဲ ကောင်းကင်ပေါ်သို့ မျက်လုံးလှိမ့်လိုက်မိပြီး ဒေါသတကြီး မေးလိုက်သည်၊ "ဘာလို့ ရိုးရှင်းတဲ့ တစ်ခုကို မရွေးရတာလဲ"
ဝေ့ရီချီက သူ့ခန္ဓါကိုယ်ကို ကုတ်ခြစ်လိုက်ပြီး ခပ်ရှက်ရှက် ဖြစ်နေခဲ့သည်၊
"ဆရာမမောက်က ကျွန်တော့်ရဲ့ စီနီယာ ဖြစ်ပြီးတော့ ကျွန်တော့်အိုင်ဒေါလ်လေ... ကျွန်တော့်အိုင်ဒေါလ်ကို ညစ်ပတ်ပြီး ပင်ပန်းတဲ့ အလုပ်တွေ လုပ်ခိုင်းလို့ ဘယ်ဖြစ်မလဲ... အသီးအရွက်တွေ ရာရတာက ပိုလွယ်တယ်... ဒါကြောင့် ဆရာမမောက်အတွက် ချန်ထားလိုက်တာ"
ကျိုးမုန့်၏ နှုတ်ခမ်းတွန့်လိမ်သွားပြီး ဆဲရေးချင်လာတော့သည်။
မောက်လီက ဝေ့ရီချီ၏ အနားကို လျှောက်လာခဲ့ပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။
"ငါဒါကို မှတ်ထားလိုက်ပါ့မယ်"
ဝေ့ရီချီ ရှက်သွေးဖြာသွားတော့၏။
သူတို့ အသင်းများခွဲပြီးသွားသောအခါ အသင်းတစ်ခုစီက တာဝန်များလုပ်ဆောင်ရန်အတွက် ခွဲထွက်သွားကြတော့သည်။
"မြေပြင်တွင် ပြေးနေသော" သည် မွေးမြူထားသော ကြက်ဘဲများမှ လွဲ၍ အခြားမဖြစ်နိုင်ပေ။ ထန်ချောင်းချောင်းနှင့် ရှန်းလျန့်က တစ်ခုခု ရလိုရငြား ရွာအတွင်းသို့ လျှောက်သွားလိုက်ကြသည်။
ရှန်းလျန့်က ရွာအတွင်းရှိ ညစ်ပတ်သော လမ်းကလေးတွင် ခေါင်းငိုက်စိုက်ချကာ လမ်းလျှောက်လာခဲ့သည်။ လမ်းနှစ်ဖက်လုံးရှိ အိမ်တံခါးပေါက်များတွင် ထိုင်နေသော အဘိုးအို၊ အဘွားအိုများနှင့် ကလေးများက သူ့ကို ဆက်ကပ်အတွင်းမှ တိရစ္ဆာန်တစ်ကောင် ကဲ့သို့ ကြည့်နေခဲ့ကြသည်။
သူက စိတ်ထဲတွင် သူ့ကိုယ်သူ ထပ်ကြိမ်းမောင်းလိုက်သည်။ ဘာလို့ ဒီရှိုးကို လာဖို့ သဘောတူလိုက်ရတာလဲ... ပို၍ စိတ်ရှုပ်စရာကောင်းသည်က ထန်ချောင်းချောင်းက သူ့ရှေ့တွင် ဝင့်ကြွားစွာ လမ်းလျှောက်နေပြီး သူမက သူနှင့် အကွာအဝေးကို အမြဲတမ်းပင် တစ်မီတာထက်ပို၍ ခပ်ခွာခွာ လျှောက်နေခဲ့သည်။
ဘာလို့ သူမနောက် လိုက်နေမိတာလဲ... သူက နောက်လိုက်တစ်ယောက်နဲ့ တူမနေဘူးလား...
ဟုတ်တယ်... ပါဝင်ပစ္စည်းကို သူ့ဘာသာ ရှာရမယ်...
ရှန်းလျန့် သူ့ခေါင်းကို မော့လိုက်လိုက်ချင်းတွင်ပင် သူ့ရှေ့၌ ပွတ်လောရိုက်လို့ နေခဲ့သည်။ ထန်ချောင်းချောင်းသည်ပင် သံသယတကြီး ရပ်သွားတော့၏။
"ကူညီကြပါ... ငါ့ကိုကူပြီး ဝက်ဖမ်းပေးကြပါ"
"ဝက် ထွက်ပြေးသွားပြီ... ရပ်..ရပ်.. မင်း ဟိုဘက်ကိုသွား"
ထိုအချိန်တွင် ပန်းရောင်ဖျော့ဖျော့ ဝက်တစ်ကောင်က နောက်မှ ရွာသား လေးငါးယောက် လိုက်ပါလာကာ သူတို့ဘက်ကို ပြေးလာနေသည်။
သူတို့ကို လိုက်ပါရိုက်ကူးနေသော ကင်မရာမန်းသည်ပင် မနေနိုင်ဘဲ အံ့သြတကြီး ပြောမိသွားသည်၊ "တိုက်ဆိုင်လိုက်တာ"
ထန်ချောင်းချောင်းက ခပ်မြန်မြန်ပြေးနေသော ဝက်ကို ကြည့်ကာ ကြောင်အသွားရတော့သည်။
'ဒါ ဘယ်လိုအခြေအနေလဲ'
ရှန်းလျန့်သည် အရင်က ထိုကဲ့သို့သော အခြေအနေမျိုးကို မကြုံဖူးခဲ့ပေ။ သူ ထိုဝက်ကို တွေ့ကတည်းက လမ်းတစ်ဖက်သို့ ရှောင်ပြီးသား ဖြစ်နေသည်။
ထိုဝက်က ကြောက်လန့်နေပြီး လူတိုင်းကို ရှောင်ရန်အတွက် ပတ်ပြေးနေခဲ့သည်။ ထန်ချောင်းချောင်းသည်လည်း လူတိုင်းနှင့်အတူ ရှောင်နေချင်ခဲ့သည်။ သို့သော်လည်း ထိုဝက်က အာဃာတများ ဆုပ်ကိုင်ထားပုံရပြီး သူမဘက်သို့ ပြေးလာခဲ့လေသည်။
အိုး... ကလေးမရေ... ဟိုကလေးမ... ငါ့ကို ကူညီပါအုံး" ရွာသားများအလယ်မှ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က သူမကို အော်လိုက်သည်။
ထန်ချောင်းချောင်းက အကြည့်တစ်ချက် ကြည့်လိုက်လေသည်။ 'ဒါ မနေ့က ငါ့ကို လိုက်စီးခွင့်ပေးလိုက်တဲ့ ထရပ်ကားပိုင်ရှင် အန်တီကြီးမဟုတ်ဘူးလား'
'ဒါပဲလေ... လူတွေက ကျေးဇူးသိတတ်ရတယ်'
Xxxxxx