Chapter 23
သားရဲကြီးနဲ့ အလှလေး
ထန်ချောင်းချောင်းက အကြည့်တစ်ချက် ကြည့်လိုက်လေသည်။ 'ဒါ မနေ့က ငါ့ကို လိုက်စီးခွင့်ပေးလိုက်တဲ့ ထရပ်ကားပိုင်ရှင် အန်တီကြီးမဟုတ်ဘူးလား'
'ဒါပဲလေ... လူတွေက ကျေးဇူးသိတတ်ရတယ်'
ထို့ကြောင့် သူမ ပြေးနေသည်ကို ရပ်တန့်လိုက်သည်။
သူမ လှည့်ပတ်ကြည့်လိုက်ပြီးနောက် မြေပေါ်တွင် ပစ်ထားသည့် တံမြက်စည်းရိုးကို ကောက်ကိုင်ကာ ထိုဝက်ကို ပြန်လည်ခြောက်လှန့်ရန်အတွက် အားတက်သရော ဝှေ့ယမ်းလိုက်လေသည်။
သို့သော်လည်း ထိုဝက်က သူမကို ကြောက်ရွံ့မနေဘဲ သူမဆီသို့သာ ဦးတည်ပြီးလာနေခဲ့သည်။
ထန်ချောင်းချောင်းက အရှေ့တည့်တည့်သို့ ပြေးလာခဲ့သည်။ သူမက တံမြက်စည်းကို လွှင့်ပစ်လိုက်ကာ အချိန်မှန်ရောက်သည့်အခါတွင် ဝက်၏ ရှေ့ခြေထောက်နှစ်ဘက်ကို ဆွဲကိုင်ကာ ရုတ်တရက်ပင် ထိုဝက်ကို မြှောက်တင်လိုက်သည်။
ထိုဝက်က စူးစူးရှရှ အော်ဟစ်ကာ သူ့နောက်ခြေတို့ဖြင့် ကန်ကျောက်နေလေသည်။
"နင်ဆက်ပြေးနိုင်အုံးမလားလို့ ကြည့်လိုက်လေ"
ထန်ချောင်းချောင်းက ဝက်ကို ထိန်းထားနိုင်ခဲ့သည်။ သူမက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး တောက်ပသော အပြုံးလေးတစ်ခု ပေးလိုက်သည်။ ထို့နောက် သူမရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားတော့၏။ သူမလှည့်ကြည့်လိုက်သောအခါ လူတိုင်းက သူမကို ကြက်သေသေနေသော အမူအယာများဖြင့် ကြည့်နေကြလေသည်။
အကုန် တိတ်ဆိတ်နေကြတာပဲ...
သေလောက်တဲ့အထိ တိတ်နေကြတာ...
ထို "???" တသီတတန်းကြီးက တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဖြတ်ပြေးသွားသည်။
[ ??? ငါတစ်ခုခု လွတ်သွားသေးလား... ဝက်က ထန်ချောင်းချောင်း လက်ထဲ ဘယ်လိုရောက်လာတာလဲ]
[ဖာခ့် ငါဝက်ကြောင့် သေလောက်အောင် လန့်သွားတာ... ဒါပေမယ့် ချက်ချင်း ထိတ်လန့်ဖွယ် ရုပ်ရှင်ကနေ ဟာသကားကို ပြောင်းသွားတာပဲ... ဟားဟားဟား]
[ငါရယ်ရလွန်းလို့ အိပ်ရာပေါ်က ပြုတ်ကြသွားပြီ... ဟုတ်တယ်ဟေ့... ငါဝက်ကို တားပြီးဖမ်းတဲ့ မင်းသမီးတစ်ယောက်ကို ပထမဆုံး တွေ့ဖူးတာပဲ... ကျွဲနွားတွေ တိုက်ခိုက်နေတဲ့အတိုင်းပဲ]
[ဝက်က မပေါ့ဘူးနော်... ထန်ချောင်းချောင်းက တကယ်ကြီး မလိုက်တာ... သူမက တကယ် ထူးဆန်းတဲ့သူပဲ]
[ထန်ချောင်းချောင်းက အားသန်တယ်ဆိုတာ သိသွားပြီ... အရင်တစ်ခေါက်က သံဒယ်အိုးကြီးကို လှန်တာတောင် အေးအေးဆေးဆေး ဖြစ်နေခဲ့တာ]
[ရှန်းလျန့်က အရူးပဲ... သူအရင်ဆုံး ပုန်းနေတာ... မိန်းကလေးတစ်ယောက်လောက်တောင် မကောင်းဘူး]
[ထန်ချောင်းချောင်း... ဝက်ဖမ်းတဲ့ မိန်းကလေး... ဘုရားရေ ချောင်းပေါင်လေး... ငါမသိတဲ့ အံ့အားသင့်စရာတွေ ဘယ်လောက်တောင် ရှိသေးလဲ]
ထန်ချောင်းချောင်းက ဝက်ကို ရွာသားများဆီ ပြန်ပေးလိုက်သည်။ လူကြီးနှစ်ယောက်က ခြေထောက်တစ်ချောင်းစီဆွဲကာ ထိုဝက်ကို ဆွဲခေါ်သွားကြသည်။
သူမမျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ဆင်မြန်းလျက်ပင် ထန်ချောင်းချောင်းက ရိုက်ကူးရေးဒါရိုက်တာဘက်လှည့်ကာ သူနှင့်ဆွေးနွေးလိုက်သည်၊
"ခုနက အပိုင်းကို ဖြတ်ပေးလို့ရမလား"
ထိုဒါရိုက်တာက နာကျင်နေသော အပြုံးတစ်ခုကို ဖျစ်ညှစ်ပြလိုက်သည်၊
"ဘာလို့လဲ... အရမ်းရယ်ရတယ်လေ"
ထိုအကြောင်းက တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပေါက်သွားခဲ့သည်။
"ရှင် ဆွဲဆောင်မှုရှိတဲ့ ဘယ်မင်းသမီးက ဝက်ဖမ်းတာ မြင်ဖူးလို့လဲ"
ထန်ချောင်းချောင်းက မျက်ရည်မထွက်ဘဲ ငိုချင်လာတော့သည်။ ထိုအပိုင်းသာ လွှင့်ပြီးပါက သူမ၏ ပုံရိပ်ကို တည်ဆောက်ရန်အတွက် အပတ်တကုတ်အားထုတ်ခဲ့ရမှုများက မုချ ဖျက်ဆီးခံရမည်ပင်။
ထိုဒါရိုက်တာက မတတ်နိုင်တော့ဘဲ ရယ်မောလိုက်သည်၊ "ဒါပေမယ့် တိုက်ရိုက်လွှင့်ပြီးသားလေ... သတင်းခေါင်းစဥ်တွေတောင် တက်တော့မယ်... ငါတို့တွေ မင်းရဲ့ အရမ်းကောင်းတဲ့ လျှပ်တပြက် ပုံတွေတောင် ရထားပြီးပြီ။
ဒါရိုက်တာက ထန်ချောင်းချောင်း၏ ပုံများကို ပြလာခဲ့သည်။ ပုံထဲက ကောင်မလေးက တီရှပ်နဲ့ ဂျင်းကိုသာ ရိုးရိုးရှင်းရှင်း ဝတ်ထားပြီး ကောက်ကွေးနေသော ကျစ်ဆံမြီးနှစ်ခုနှင့် ပြေးထားရသောကြောင့် ရှုပ်ပွနေသော ဆံပင်အချို့က နှဖူးရှေ့တွင် ပြန့်ကျဲနေကာ သူမမျက်လုံးများက ရေများဖြင့် ဖြည့်ထားသလိုပင်။ ထိုတောက်ပ၍ ပျော်ရွှင်နေသော မျက်လုံးများက လူအများကို အကြည့်မလွဲစေနိုင်ခဲ့။
သို့သော်လည်း ထိုမိန်းကလေးက ဝက်လက်များကို သူမ၏ ဆုဒိုင်းများကို ကိုင်ထားရသကဲ့သို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူမလက်ထဲတွင် မြဲမြဲမြံမြံ ကိုင်ထားသည်။
အယ်ဒီတာ: "ငါတို့ရဲ့ တရားဝင်ဝေ့ပေါ်အကောင့်မှာတောင် တင်ထားပြီးပြီ... နာမည်က...
ထန်ချောင်းချောင်း: "သားရဲကြီးနဲ့ မိန်းမလှလေး"
အယ်ဒီတာ: "ဒါကပိုကောင်းတာပဲ... ပြောင်းလိုက်မယ်"
ထန်ချောင်းချောင်း ရှက်ရလွန်းသဖြင့် သေသွားနိုင်သည်။ သူမ အင်တာနက်သုံးစွဲသူများ၏ တုံ့ပြန်မှုကို ထပ်မကြည့်နိုင်တော့။
'ဖျက်လိုက်... မြန်မြန်လေး'
ဝေ့ပေါ်ကို ပြန်လည်ပြုပြင်ပြီးနောက် ဒါရိုက်တာက သံသယအပြည့်ဖြင့် မေးလိုက်သည်၊ "ရှန်းလျန့် ဘယ်မှာလဲ"
"သူခုလေးတင် ရှိပါသေးတယ်... ဘယ်သွားပုန်းနေတာလဲ"
"ကူညီကြပါ"
ထိုအချိန်တွင် သိပ်မဝေးသော နေရာထံမှ ငန်းဖြူကြီး တစ်ကောင် အလိုက်ခံနေရသော ရှန်းလျန့်က ရှက်ရွံ့စွာ ပြေးလာခဲ့သည်။
ထိုငန်းဖြူကြီးက သူ့အတောင်ပံများကို ဖြန့်ကားကာ လည်ပင်းကို ဆန့်၍ အလွန်စူးရှသည့် "ဂွပ်"ဟူသော အသံဖြင့် ရှန်းလျန့်နောက်ကို လိုက်နေခဲ့သည်။
ထန်ချောင်းချောင်း ကြက်သေသေသွားရသည်။ 'အဲ့ဒါ ရင်းနှီးနေတဲ့ မြင်ကွင်း မဟုတ်ဘူးလား'
ရှန်းလျန့်က ရူးတော့မလိုပင်။ သူက ဝက်ကိုရှောင်ရန်အတွက် အခြားလမ်းမှသွားခဲ့သော်လည်း ထိုငန်းဖြူကြီး ပြေးလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက ငန်း၏ တိုက်ခိုက်မှုစွမ်းအားက ထိုမျှအထိ ပြင်းထန်မည်ဟု မသိခဲ့။ သူ့ခြေသလုံးကို အဆိတ်ခံလိုက်ရပြီး အကြောများ ထုံသွားသည်အထိ နာကျင်သွားခဲ့ရသည်။
'ကူညီကြပါအုံး... ငါအိမ်ပြန်ချင်တယ်လို့'
ရှန်းလျန့်က ငန်းဖြူကြီး လိုက်ဆိတ်ခြင်း ခံနေရပြီး ထိုအချိန်တွင် သူနှင့် ထန်ချောင်းချောင်းကြားက မကျေနပ်မှုများကို သတိမရနိုင်တော့။ သူမက ဝက်ကိုတောင် ဖမ်းနိုင်တယ်ဆိုမှတော့ ဘာလို့များ ငန်းကို ကြောက်နေရမှာလဲ... ဟုတ်တယ်မလား... ထို့ကြောင့်ပင် သူက ထန်ချောင်းချောင်း အနားသို့ တိုးတိုးကပ်ကပ် ပြေးလာခဲ့သည်။
"ရှင် ပြဿနာ ဖြစ်ချင်နေတာလား... ဘယ်လိုယောကျ်ားမျိုးလဲ"
ထန်ချောင်းချောင်းက အရှက်မဲ့စွာပင် သူ့ကို လျစ်လျူရှုထားလိုက်တော့သည်။ ဒီတစ်ကြိမ်တွင် သူမက အရှုပ်များ မလုပ်တော့ရန်အတွက် စိတ်ပြင်ဆင်ထားပြီးသားပင်။ သူမက ကြည့်ရှုသူများ၏ မျက်လုံးထဲတွင် ဝက်နှင့် ငန်းကို ဖမ်းနိုင်သော မိန်းမတစ်ယောက် မဖြစ်လာချင်ပေ။
ထို့ကြောင့်ပင် ရှိုး၌ ထိုကဲ့သို့ ဟာသမြောက်သော မြင်ကွင်း ပေါ်လာရတော့သည်- ရှန်းလျန့်က ထန်ချောင်းချောင်းကို ပတ်၍ ပြေးနေကာ ထန်ချောင်းချောင်းကလည်း သူ့ကို ဆက်၍ ရှောင်ရှားနေသည်။
ထိုအချိန်အတွင်းတွင် ကြီးမားဖြူဖွေးသော ငန်းကြီးနှင့် ထန်ချောင်းချောင်းတို့ ခဏတာ အကြည့်ချင်းဆုံသွားသည်။ သို့သော် ထို ငန်းဖြူကြီး၏ တောက်ပသော ပဲတီစေ့အရွယ် မျက်လုံးများက အရောင်လက်သွားကာ အခြားတစ်ဖက်သို့ ကြည့်လိုက်ပြီးနောက် ရှန်းလျန့်နောက်ကိုသာ ဆက်လိုက်တော့သည်။
ထန်ချောင်းချောင်းက ဝမ်းသာနေသော်လည်း ရှန်းလျန့်က ငိုချမိတော့မလိုပင်။
[ကူညီကြပါအုံး... ငါရယ်ရလွန်းလို့ သေတော့မယ်... ဒီရှိုးက အဆိပ်ပြင်းလိုက်တာ]
[ဝက်ဖမ်းပြီးသွားတော့ ငန်းက ရောက်ချလာတယ်... ထန်ချောင်းချောင်းနဲ့ ရှန်းလျန့်ကို ပျံနေတဲ့ဝက် ခုန်နေတဲ့ငန်း အသင်းလို့ ခေါ်ရတော့မယ်]
[OMG ငန်းကြီးရဲ့ တိုက်ခိုက်နိုင်တဲ့စွမ်းအားက ဝက်ထက် ပိုသန်မာတယ်လို့ ငါခံစားနေရတယ်]
[ငါကတော့ ရှန်းလျန့်ရဲ့ ကြောက်ပြီး ငိုမဲ့မဲ့ မျက်နှာပေးကို စခရင်ရှော့ရိုက်ပြီးသားပဲဟေ့ ... ပြီးမှ စိတ်ခံစားချက် ပုံတွေ လုပ်ရမယ် ရယ်ရလွန်းတယ်]
[ငါငယ်ငယ်တုန်းကလည်း ငန်းဆိတ်တာ ခံရဖူးတယ်ဆိုတာကို သက်သေခံပါတယ်... ငါဘယ်တော့မှ မေ့မရခဲ့ဘူး]
[ဒီငန်းက ချောင်းချောင်းကို မလိုက်ဘူးနော်... တော်တယ် ငန်းလေး... မင်းကောင်းကောင်းလုပ်ခဲ့တယ်]
[ပရိုဂရမ်အဖွဲ့က လူတွေ သေကုန်ကြတာလား... ဘာလို့ ဧည့်သည်တွေကို မကူညီပေးတာလဲ]
[လူတွေ လိုတာ ဒီeffectပဲ... ထိချက်ပြင်းတယ်ဟေ့]
အဆုံးတွင် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ရောက်လာပြီး ငန်းကို ဆွဲခေါ်သွားခဲ့သည်။ ဝက်က ဝက်ခြံအတွင်းမှ ပြေးထွက်လာသောကြောင့် ခြံတံခါးကို ဖျက်ဆီးမိသွားပြီး ငန်းအတော်များများက သူမအိမ်မှ ပြေးထွက်လာကြတော့သည်။
သို့သော်လည်း ထိုငန်းက ရှန်းလျန့်နောက်ကို မည်သည့်အကြောင်းကြောင့် လိုက်နေသည်ကိုကား ဘယ်သူမှ မသိလိုက်ကြပေ။
သူတို့ကို ကူညီ၍ ဝက်ဖမ်းပေးသော ထန်ချောင်းချောင်းကို ကျေးဇူးတင်သည်က တစ်ကြောင်း၊ ငန်းလိုက်ဆိတ်ခံရသည့် ရှန်းလျန့်ကို တောင်းပန်သည်ကတစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့် ထိုသက်လတ်ပိုင်း အမျိုးသမီးက သူတို့အတွက် ငန်းနှင့် အသီးအရွက်များ အထူးတလှယ် ပေးခဲ့သည်။
ထို "မြေပြင်ပေါ်တွင် ပြေးနေသော" ပါဝင်ပစ္စည်း ရှာရမည့် တာဝန်သည်လည်း အောင်မြင်သွားခဲ့လေပြီ။
ထန်ချောင်းချောင်းက အလွန်အမင်း ပျော်ရွှင်နေသည်။ သူမက မတော်တဆ တာဝန်ကို ပြီးမြောက်သွားမည်ဟု မထင်ထားခဲ့ပေ။ အခုလေးတင် ဝက်ဖမ်းရန် သုံးခဲ့ရသည့် အင်အားများက အလဟဿ ဖြစ်မသွားခဲ့။
ဒါရိုက်တာနှင့် ကင်မရာမန်းများ: 'ဒီလိုနဲ့ အဆင်ပြေသွားတာလား'
[ဒါတွေအားလုံး ချောင်းပေါင်ရဲ့ အောင်မြင်မှုပဲ... သူတို့တွေက သူတို့ရဲ့ ပုံရိပ်ကို အပျက်ဆီးခံပြီးတော့ ရခဲ့တာ... ချောင်းချောင်းက အတော်ဆုံးပဲ]
[ဝက်ဖမ်းတဲ့အကြောင်း ထပ်မပြောကြနဲ့တော့... ထန်ချောင်းချောင်းက ချစ်စရာကောင်းပြီး လှပတယ်လို့ပဲ မှတ်ထားကြစမ်းပါ]
[ဟားဟားဟား... ဖန်တွေရေ... ကိုယ့်စိတ်ကို မလိမ်ကြစမ်းပါနဲ့... ကင်းကောင်ဘာဘီ ဖြစ်ဖို့ ထန်ချောင်းချောင်းထက် သင့်တော်တဲ့သူ အခုထိ မမွေးသေးဘူး]
ရှန်းလျန့်က အမောတကော ဖြစ်နေခဲ့သည်။ သူ့နှလုံးခုန်သံက အချိန်အတော်ကြာသည်ထိ မငြိမ်နိုင်ဘဲ ချွေးအေးများပင် ပြန်လာခဲ့သည်။ သူ ထိုငန်းဆီကို တစ်လှမ်းပင် တိုးမသွားရဲပါပေ။
ထန်ချောင်းချောင်းက စိတ်အေးသက်သာဖြစ်နေသော အမူအယာဖြင့် ကြိုးကို ကိုင်ထားခဲ့သည်။ သူမက ငန်းကိုဆွဲကာ ကြိုးနှင့်ချည်လိုက်ပြီး အပြန်လမ်းကို လျှောက်သွားတော့၏။
အပြန်လမ်းတွင် ရေကန်လေးတစ်ခုကို ဖြတ်သွားရသောအခါ ထန်ချောင်းချောင်းက ဝေ့ရီချီနှင့် ကျိုးမုန့်ကို တွေ့လိုက်ရသည်။ သူတို့က အပြာရောင် ရာဘာဘောင်းဘီရှည်ကို ဝတ်ထားပြီး ငါးမျှားနေကြသော်လည်း ကျိုးမုန့်က တစ်ကိုယ်လုံး ရွှံ့များဖြင့် ပေကျံကာ ကမ်းလေးပေါ်တွင် စိတ်ပျက်အားလျော့စွာ ထိုင်နေခဲ့သည်။ သူမမျက်နှာက အလွန်အမင်း ချစ်စရာမကောင်းနေပေ။
ငါးကလည်း အလွန် ချော်ထွက်နေသည်။ သူမက အချိန်အတော်ကြာ ဖမ်းနေခဲ့သော်လည်း ငါးအမြီးလေးပင် မထိနိုင်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမမျက်နှာတွင် ရွှံရေအပြည့်သာ ဖြစ်သွားသည်။ သူမက နံစော်ကာ ညစ်ပတ်လို့ နေလေပြီ။
ကျိုးမုန့်က ထန်ချောင်းချောင်းတစ်ယောက် စိတ်အေးသက်သာဖြင့် ငန်းကို သယ်လာပြီ သူမခန္ဓါကိုယ်ကလည်း သန့်ရှင်းနေသေးသည်ကို တွေ့လိုက်ရသည်။ သူမမျက်လုံးများက မနာလိုမှုအပြည့် ဖြစ်သွားလေသည်။
သူမက ငါးဖမ်းရန်အတွက် ရုန်းကန်နေရဆဲ ဖြစ်သော ဝေ့ရီချီကို ထပ်ကြည့်လိုက်မိသည်။ သူမက သူတို့နှစ်ယောက်က တာဝန်များကို အရင်ရွေးရသူဖြစ်ပြီး သူမကို စိတ်သောကရောက်စေရသည့်အတွက် အလွန်ဒေါသထွက်သွားရလေသည်။
ထန်ချောင်းချောင်းက ကမ်းလေးပေါ်တွင်ရပ်ကာ ငါးဖမ်းပိုက်အရှည်ကြီးကို ကိုင်လျက် ဘယ်မှညာသို့ ပစ်လဲကျနေသော ဝေ့ရီချီကို ကြည့်လိုက်သည်။ ရေပေါ်တွင် လှိုင်းလေးများ ပေါ်လာသော်လည်း သူကတော့ အကူအညီမဲ့နေဆဲပင်။ သူ၏ ဝမ်းနည်းနေသော မျက်နှာလေးက အလွန်အမင်း သနားစရာကောင်းနေခဲ့သည်။
ထန်ချောင်းချောင်းက ပြောလိုက်သည်၊ "ဝေ့ရီချီ... မလှုပ်နဲ့"
ဝေ့ရီချီက သူမစကားများကို ကြားသောအခါ ချက်ချင်းရပ်လိုက်သည်။ သူက ထန်ချောင်းချောင်းကို သံသယဖြစ်စွာ လှည့်ကြည့်လိုက်လေသည်။
တစ်ခဏအကြာတွင် ထန်ချောင်းချောင်းက သူ့ညာဘက်ကို လက်ညှိုးထိုးပြလိုက်သည်။ ခပ်ဝဝငါးတစ်ကောင်က စက်ဝိုင်းပုံ လှည့်ပတ်နေလေသည်။ ယခုအချိန်တွင် ရေက ရွှံ့ထူလွန်းနေခဲ့ပြီး ဝေ့ရီချီသည်လည်း မမြင်နိုင်ခဲ့ပေ။ သူက အသက်ပြင်းပြင်းရှူကာ ကိုယ်အပေါ်ပိုင်းကို ကိုင်းလိုက်ပြီး ငါးဖမ်းပိုက်ကိုင်လျက် ငါးအနားကို ချဥ်းကပ်သွားလိုက်သည်။ ရုတ်တရက်ပင် ထိုငါးကို အုပ်လိုက်ပြီး ရေလည်း ဂယက်ထသွားတော့လေသည်။
"ကြည့်... အစ်မချောင်းချောင်း ကျွန်တော် ဖမ်းမိသွားပြီ"
ဝေ့ရီချီ ကျယ်လောင်စွာ အောင်ပွဲခံလိုက်သည်။
ထန်ချောင်းချောင်းက သူ့ကို လက်မအကြီးကြီး ထောင်ပြလိုက်ပြီး နှုတ်ခမ်းများ ကော့တက်လာသည်အထိ ပြုံးပြလိုက်သည်။
Xxxxxx