အပိုင်း ၂၄
Viewers 23k

Chapter 24

ရွှံ့အိုးထဲမှ ငန်းအသား


ကျိုးမုန့်သည်လည်း ​ပျော်ရွှင်ခြင်းနှင့် စိတ်ဓါတ်ကျခြင်း နှစ်မျိုးလုံးကို ခံစား​နေရသည်။ သူမက ပုပ်ပွ​နေ​သော ငါးကန်ထဲတွင် ဆက်လက်၍ ထိုင်​နေစရာ မလို​တော့သည်​ကြောင့် ​ပျော်​နေသည်။ သို့​သော်လည်း ​ဝေ့ရီချီက ထန်​ချောင်း​ချောင်း လက်ညှိုးထိုးပြလိုက်သည့် အချိန်မှသာ ငါးဖမ်းနိုင်ခဲ့သည့်အတွက် စိတ်ဓါတ်ကျသွားရ​တော့သည်။ ထိုအ​ကြောင်း​ကြောင့် သူမကို အမှိုက်တစ်ခုလို ဖြစ်သွား​စေခဲ့သည်။


ကျိုးမုန့်က သူမ၏ မ​ကောင်း​သော ခံစားချက်များကို တိတ်တိတ်​လေး မျိုချလိုက်ပြီး အ​ပေါ်သို့ တက်ရန်အတွက် သူမ​ခြေ​ထောက်ကို ရွှံ့ထဲမှ ဆွဲထုတ်လိုက်သည်။ ရုတ်တရက်ပင် ရှည်​မျော​မျော အ​ကောင်တစ်​ကောင်က သူမ​ခြေ​ထောက်နားတွင် ​ရေကူး​နေသည်ကို ခံစားလိုက်ရသည်။


"အားးးးးးး.... ​မြွေရှိ​နေတယ်"


ကျိုးမုန့်က ကမ်းက​လေးဆီသို့ အ​ပြေးသွားလိုက်သည်။ သူမ၏ စူးရှ​သော ​အော်သံက ရှန်းလျန့်ကိုပင် ​ခြေလှမ်းအနည်းငယ် ​နောက်ဆုတ်သွား​စေခဲ့​လေသည်။


'​မြွေရှိ​နေတယ်တဲ့လား...' ထန်​ချောင်း​ချောင်းက ထိုင်ချလိုက်ပြီး အနီးကပ်ကြည့်လိုက်သည်။ ထို့​နောက် သူမမျက်လုံးများ ​တောက်ပသွား​​တော့သည်။


"​မြွေ မဟုတ်ပါဘူး... စပါးခင်းထဲက ငါးရှဥ့်​တွေပါ... အရမ်းဝတဲ့ စပါးခင်းငါးရှဥ့်​တွေ​လေ"


"အဲ့တာက စပါးခင်းငါးရှဥ့်ဆိုတာ ​သေချာလို့လား... အဆိပ်ပြင်း​မြွေ မဟုတ်ဘူးလား" 


ကျိုးမုန့်က ထိတ်လန့်​နေပြီး အစမ်းသ​ဘောဖြင့် ​ရှေ့တိုးလာခဲ့သည်။


"စပါးခင်း ငါးရှဥ့်ဆိုတာ 100% ​သေချာတယ်... တစ်​ကောင်ထက် ပိုရှိနိုင်​သေးတယ်" ထန်ချောင်း​ချောင်းက ကုန်းကမူ​လေး၏ မြက်ခင်းအကြားမှ အက်ကွဲ​ကြောင်း​လေးထဲတွင် အဖြူ​ရောင် အမြုပ်​​လေးများကို ​တွေ့လိုက်သည်။ ထိုအရာက စပါးခင်းငါးရှဥ့်၏တွင်း ဟူသည်မှာ ပို၍ပင် ​သေချာသွားသည်။


သို့​သော်လည်း သူမက ​ရေစိုခံ ဝတ်စုံကို ဝတ်ဆင်မထားခဲ့​ပေ။ ထို့​ကြောင့်ပင် သူမက ​ဝေ့ရီချီကို လှမ်း​ခေါ်လိုက်သည်။ 


"မင်းမှာ လက်အိတ်​တွေ ဝတ်ထားတာပဲ... ဒီ​နား​လေးမှာ တွင်း​လေးတစ်တွင်း စမ်း​ပေးလို့ရမလား... တွင်းရှိ​နေရင် အဲ့ဒါ ​သေချာ​ပေါက် ငါးရှဥ့်အသိုက်ပဲ ဖြစ်ရမယ်"


ဝေ့ရီချီက အလွန်နာခံ​​လေသည်။ သူက ထန်​ချောင်း​ချောင်း ညွှန်ပြ​သော ​နေရာကို လက်ထားလိုက်ပြီး တစ်ခဏမျှ ဟိုစမ်းသည်စမ်း လုပ်​နေခဲ့သည်။


"တကယ် တွင်းတစ်တွင်း ရှိ​နေတယ်"


သူက ထပ်ပြီး စမ်းတဝါးဝါး လုပ်​နေလိုက်ကာ အချိန်တိုအတွင်းမှာပင် ဝဖြိုးပြီး ရှည်လျား​သော စပါးငါးရှဥ့် ခုနစ်​ကောင် ရှစ်​ကောင်ကို ဖမ်းထုတ်နိုင်ခဲ့သည်။


ကျိုးမုန့်က သူမဘဝကိုပင် သံသယရှိလာ​တော့သည်။ သူမက ငါးကန်ထဲတွင် နှစ်နာရီထက်ကြာ​အောင် ​နေခဲ့ရ​သော်လည်း တစ်​ကောင်တစ်​လေမျှပင် ဖမ်းမမိခဲ့။ ထန်ချောင်း​ချောင်း ​ရောက်လာကာ ဝေ့ရီချီကို ဟိုဟိုသည်သည် လက်ညှိုးထိုးပြလိုက်သောအခါ ငါးကြင်းနှင့် ငါးရှဥ့်များကိုပင် ဖမ်းမိလိုက်​သေးသည်။ ပို၍ပင် စိတ်အ​နှောင့်အယှက် ဖြစ်ရသည်က ထန်​ချောင်း​ချောင်းက တစ်ချိန်လုံး ​ရေထဲမဆင်းရ​သော်လည်း အသိအမှတ်ပြုမှုအားလုံးကို ခပ်လွယ်လွယ်ပင် ဝင်ယူသွားသည်။


ထန်​ချောင်း​ချောင်းက ထပ်ဖြည့်​ပြောလိုက်သည်၊


 "ကျွန်မ ခန့်မှန်းနိုင်ခဲ့တာ ကျိုးမုန့်အဲ့​နေရာမှာ တစ်ချိန်လုံးထိုင်​နေပြီး သူတို့ထွက်မလာခင်အထိ ငါးရှဥ့်အသိုက်ကို ပိတ်ထားခဲ့ပြီး​တော့ သူတို့ရဲ့ အသက်ရှုသံကို ဖမ်းမိသွားခဲ့လို့​လေ... ဒါ​ကြောင့်မို့ ဒါကလည်း ရှင့်အားထုတ်မှုလည်း ပါတာ​ပေါ့"


ကျိုးမုန့် စကားပြန်မ​ပြောနိုင်​တော့။ သူမက သူ့ကို ချီးကျူး​နေတာလား... ​ဆူပူ​နေတာလား...


[ ထန်​ချောင်း​ချောင်းက ဘယ်လို အဖိုးတန်​ကောင်မ​လေးမျိုးလဲ​ဟေ့... ငါတို့ သူ့ကို ​တောရိုင်းထဲပစ်ချထားလိုက်ရင်​တောင် မ​သေနိုင်​လောက်ဘူးလို့ ခံစား​နေရတယ်]


[ငါ​​ရေထားတယ်​နော်... သူမက ဝက်ကိုဖမ်းတယ်... ငန်းကို ရခဲ့တယ်... ငါးကြင်းနဲ့ ငါးရှဥ့်​တွေပါ ရှာ​တွေ့ခဲ့​သေးတယ်... သူက ပရိုဂရမ်အဖွဲ့တစ်ခုလုံးကို ဦး​ဆောင်​နေရတာ]


[ငါက ဝက်ကို တစ်ခါမှ မဖမ်းဖူးတဲ့ ပြီး​​တော့ ငါးရှဥ့်ရိုင်း​တွေ ဘယ်​နေရာမှာ​နေမှန်း မသိတဲ့ ​​ကျေးလက်​​ဒေသကလူပါ... ​ချောင်း​ပေါင်က အရမ်း ​တော်တာပဲ]


​ဝေ့ရီချီက စပါးခင်းငါးရှဥ့်များနှင့် ငါးကို သူ့​နောက်မှ ခြင်းထဲသို့ ထည့်လိုက်ပြီး သူတို့အုပ်စုက ဝန်အပြည့်ဖြင့် ပြန်လာခဲ့ကြသည်။


​မောက်လီနှင့် ဟူ​မြောင်က သူတို့​နေထိုင်ရာ​​နေရာသို့ ပြန်​ရောက်​နေပြီးသား ဖြစ်သည်။ ဟူ​မြောင်က မုန်လာဥဖြူနှစ်တွဲနှင့် မုန်ညင်းဖြူထုပ်လေးသာ ရရှိရန်အတွက် ​သူ ဘယ်လို ပေါင်းပင်​တွေကို ဆွဲနှုတ်ကာ အဘွားအိုတစ်​ယောက်၏ လယ်ထဲသို့ ​မြေသြဇာထည့်​ပေးခဲ့ရ​ကြောင်း ​အော်ဟစ်​ပြောဆို​နေသည်။


​မောက်လီက ခံစားချက်ဗလာဖြင့် ​ပြောလိုက်သည်၊ "​ပေါင်းနှုတ်ခဲ့တာ ငါပါ"


ဟူ​မြောင်က ရယ်​မောကာ ​ပြောလိုက်သည်၊ "ကျွန်​တော်တို့က အသင်းတူမှ​တော့ အတူတူပဲ​​ပေါ့... ကျွန်​တော်လုပ်လုပ် အစ်မလုပ်လုပ် အတူတူပဲ​လေ"


ပါဝင်ပစ္စည်းများကို ​နေရာချထားပြီးနောက် မည်သူက ချက်ပြုတ်ရမည် ဆိုသည်က ​မေးခွန်းတစ်ခု ဖြစ်လာသည်။ ထိုတစ်​ခေါက်တွင် မည်သူကမှ ကန့်ကွက်လာခြင်း မရှိ​တော့​ပေ။ လူအုပ်ကြီးက ထန်​ချောင်း​ချောင်းကိုသာ တွန်းပို့လိုက်ကြသည်။


ကျိုးမုန့်သည်လည်း ရုန်းကန်လှုပ်ရသည်ကို အရှုံး​ပေးလိုက်​ချေပြီ။ သူမဘဝတွင် ငန်းကို သတ်ရမည်က မဖြစ်နိုင်​ပေ။ ပြီး​တော့ ငါးရှဥ့်များကလည်း ​​စေးကပ်ကာ ချွဲကျိကျိ ဖြစ်​နေ​သေးသည်က အလွန်ရွံစရာ ​ကောင်းလှသည်။ သူမ ဘယ်​တော့မှ ထိမည်မဟုတ်။


ထန်​ချောင်း​ချောင်းက ထိုအလုပ်ကြီးအကိုင်ကြီးများ လုပ်ရသည်ကို အလွန်သ​ဘောကျသည်ဆိုမှ​တော့ သူမကိုယ်တိုင်သာ အားလုံး လုပ်​စေလိုက်မည်။ ထို့​ကြောင့်ပင် သူမက ​ခြေကုန်လက်ပမ်းကျ​တော့မည်မဟုတ်။


​မောက်လီက ငန်းဖြူကြီးကို ကြည့်ကာ ​မေးလိုက်သည်၊ "ဒီငန်းကြီးကို ဘယ်လိုလုပ်ကြမလဲ"


ထန်​ချောင်း​ချောင်းက ​မောက်လီထံတွင် အကြံတစ်ခုရှိ​​နေသည်ကို ​တွေ့လိုက်ရသည်။


"ဒါကို ဘယ်လိုလုပ်စားချင်လို့လဲ"


​မောက်လီက စက္ကန့်အနည်းငယ်ကြာ ​လေး​လေးနက်နက် ​တွေး​တော​နေပြီးမှ သူမ၏ မျက်နှာက ဝမ်းနည်းမှုတို့ ပြည့်နှက်သွား​လေသည်၊ 


"ငါငယ်ငယ်တုန်းက ငါ့အ​မေက ရွှံ့အိုးထဲက ငန်းလို့ ​ခေါ်တဲ့ ဟင်းကို ချက်​ကျွေး​လေ့ရှိတယ်... သူဆုံးသွားတာ နှစ်​တော်​တော်ကြာ​နေပြီ... ပြီး​တော့ငါလည်း အဲ့ဟင်းကို မစားရတာ အ​တော်ကြာ​နေပြီ"


"ကျွန်မ လုပ်​ပေးမယ်" 


ထန်​ချောင်း​ချောင်းက ပြန်​ပြောလိုက်​လေသည်။ အလှ​လေးရဲ့ ​တောင်းဆိုမှုကို သူမက ဘယ်လိုလုပ် သ​ဘောမတူဘဲ ​နေနိုင်မှာလဲ...


သူမက ဧည့်ခန်းထဲတွင် လဲ​လျောင်း​နေကြသည့် သက်ရှိဘိုး​ဘေးများကို တစ်ချက်ကြည့်လိုက်သည်။ သူမက လက်ခုပ်တီးကာ ​ပြောလိုက်သည်၊


 "ကျွန်မက ငန်းကိုကိုင်မယ်... ​ဝေ့ရီချီက ငါးရှဥ့်ကိုင်လိမ့်မယ်... ရှန်းလျန့်နဲ့ ကျိုးမုန့်က ငါးကိုင်​ပေးပါ...​မောက်လီနဲ့ ဟူ​မြောင်က မုန်လာဥဖြူနဲ့ မုန်ညင်းဖြူထုပ်ကို ​ဆေး​ပေးလိမ့်မယ်"


ကျိုးမုန့်: "ကျွန်မ ငါးဘယ်လိုသတ်ရမလဲ မသိဘူး"


ထန်​ချောင်း​ချောင်းက ထူးမခြားနားစွာ ​ပြောလိုက်သည်၊ "ငါးရှဥ့်ကိုင်ချင်လို့လား"


ကျိုးမုန့်က ငါးရှဥ့်များ ထိရမည်ကို ​တွေးကြည့်မိရင်း စကား​ပြောရပ်သွား​​တော့သည်။


ရှန်းလျန့်က ဆန္ဒပြလိုက်သည်၊ "ဘာလို့ငါလဲ... ငါက ငါးဖမ်းခဲ့တာမှ မဟုတ်တာ"


ထန်​ချောင်း​ချောင်းက သူ့ကို ​အေးစက်စွာ စိုက်ကြည့်လိုက်သည်၊ "ဒါဆို ငန်းကို လာသတ်လိုက်​လေ"


ရှန်းလျန့်တစ်​ယောက် လည်နင်သွားရ​တော့၏။ တစ်ခုခုသာ ဖြစ်ခဲ့လျှင် ငန်းကသာ သူ့ကို ပြန်သတ်နိုင်သွားနိုင်​ပေသည်။


[အလုပ်မလုပ်တဲ့လူ​တွေ အစာမစားနဲ့တဲ့... မချက်ပြုတ်တတ်ရင်လည်း မစားကြနဲ့​တော့ ငတုံး​တွေရဲ့]


[​ချောင်း​ချောင်းက မိုက်လိုက်တာ... သူတို့ကို အ​လျှော့​ပေးလို့ မဖြစ်ဘူး​နော်]


ထန်ချောင်း​ချောင်းက ငန်း၏ လည်ပင်းကို ခပ်မြန်မြန် ဖြတ်ကာ ​ရေ​​နွေး​ဖျောလိုက်ပြီး​နောက် ​ရေ​နွေးပူနှင့်ပင် အ​မွှေးအ​တောင်များကို နှုတ်လိုက်သည်။ သူမ ငန်းကို တည်တည်ငြိမ်ငြိမ် ကျွမ်းကျွမ်းကျင်ကျင် သတ်​နေသည်ကို ကြည့်​နေကြသည့် ကျိုးမုန့်နှင့် ရှန်းလျန့်တို့ တစ်ကိုယ်လုံးရှိ အ​မွှေးများ​ထောင်သွားသလို ခံစားလိုက်ရသည်။ သူတို့က ​တောင်စဥ်​ရေမရစကားများ မ​ပြောရဲ​တော့ဘဲ နာခံစွာပင် ငါးကို ခုတ်ထစ်ရန် လုပ်လိုက်ကြသည်။


​မောက်လီ အသီးအရွက်များ ​ဆေးပြီးသွား​​သောအခါ ငန်းအ​မွှေးများ နှုတ်​နေသည့် ထန်​ချောင်း​ချောင်းကို လာ​ရောက်ကူညီခဲ့သည်။ ထန်​ချောင်း​ချောင်းသည်ကား ​မောက်လီသည် သူမ​ခန့်မှန်းထားခဲ့သည့် လက်ဖျား​လေးပင် ​ရေမထိချင်သည့် လူမျိုးမဟုတ်သည်ကို နားလည်သွားရသည်။


မကြာခင်မှာပင် ပါဝင်ပစ္စည်းအားလုံးကို သန့်ရှင်းပြီးသွား​လေပြီ။ ငါး​ခေါင်းက ​ကြေမွ​နေကာ ​သွေးများလည်း ​ပေ​နေ​သေးသည်။ သို့​​သော်လည်း ထန်​ချောင်း​ချောင်းက ဂရုစိုက်ရန် ပျင်းရိလွန်းသည့်အတွက် စတင်ချက်ပြုတ်လိုက်​တော့သည်။ ရွှံအိုးထဲက ငန်းအသားက ကွမ်းတုံရိုးရာ ဟင်းလျာဖြစ်သည်။ ၎င်းကို ဆန်​စေ့များ​ကျွေးကာ ​မွေးမြူထား​သော အိမ်​​မွေးငန်းများဖြင့် ချက်ပြုတ်လျှင် အ​ကောင်း​ဆုံးဖြစ်​ပေသည်။ ၎င်းက ဆူဖြိုးကာ အဆီများပြီး ပို၍ ​ချော​​မွေ့​သော အရသာလည်း ရှိ​သည်။ နည်းလမ်းက မရှုပ်​ထွေးဘဲ ငန်းအသား၏ သဘာဝအရသာကို ရရှိနိုင်သည်။


သူမက ငန်းအသားကို အတုံး​လေးများတုံးပြီး ညှီနံ့​ပျောက်သည်အထိ ​ရေ​နွေးဖြင့် ဖြူလာသည်အထိ ​ဆေး​ကြောလိုက်သည်။ ထို့​နောက် ၎င်းကို ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူတို့ဖြင့် ​မွှေကြော်​ကြော်လိုက်သည်။ ငန်းအ​ရေခွံမှ ​တောက်ပ​နေ​သော အဆီများက တဖြည်းဖြည်း ထွက်လာ​သောအခါ သူမက ဂျင်းပြား​လေးများ၊ ဟင်းချက်ဝိုင်နှင့် လိ​မေ္မာ်ခွံတို့ကို ထည့်လိုက်သည်။ ထို့​​နောက် ချူဟူအနှစ်နှင့်​ ရေတို့ကို ​လောင်းထည့်ကာ ရွှံ့​မြေအိုးထဲသို့ ​ပြောင်းလိုက်ပြီး အပူမျှင်းမျှင်း​လေးဖြင့် တည်ထားလိုက်​လေသည်။

T/N ချူဟူအနှစ်က ပဲပိစပ်အနှစ်​ဆောစ့်၊ ကြက်သွန်ဖြူ၊ ဂျင်းနဲ့ နှမ်း​စေ့တို့နဲ့လုပ်ထားတဲ့အနှစ်ပါ


မုန်လာဥဖြူများက ​အရည်ရွှမ်းကာ ကြွပ်​ဆတ်​​နေပြီး ချိုမြကာ အစိမ်းအတိုင်းစားလျှင် အနည်းငယ်စပ်သည်။ ထို့​ကြောင့် သူမက အလွှာပါးပါး​လေးများ လှီးကာ ငန်းအသားနူးအိလာချိန်တွင် ထိုမုန်လာဥဖြူများကို ရွှံ့အိုးထဲသို့ ထည့်လိုက်​တော့သည်။


မြက်စားငါးကြင်းကို များ​သောအားဖြင့် ငါးပြုတ်လုပ်​လေ့ရှိသည်။ သူမက ငါး​ခေါင်းကို နှစ်ခြမ်းခွဲကာ ငါးကိုယ်ထည်ကို နှစ်ပိုင်းပိုင်းလိုက်သည်။  အရိုးများမှ အသားများကို ဖယ်ထုတ်လိုက်ပြီး အလွှာပါးပါး​လေးများ လှီးလိုက်သည်။ ထို့​နောက်  ၎င်းကို ဆားရည်စိမ် အသီးအရွက်များ၊ ကစီ၊ ဟင်းချက်ဝိုင်နှင့် ဆားတို့ဖြင့် ချက်လိုက်သည်။


ထန်​ချောင်း​ချောင်းက ဟင်းချက်ရာတွင် အာရုံစူးစိုက်​နေပြီး ​မောက်လီက​လည်း ​ဘေးမှ ကြည့်ရှု​နေသည်။ တစ်​လျှောက်လုံးတွင် သူမက ထန်ချောင်း​ချောင်းကို ဟင်းခတ်မှုန့်များ ကမ်း​ပေးကာ သို့မဟုတ် သူမ၏ ​ချွေးများကို သုတ်​ပေးခြင်း အားဖြင့် ကူညီ​ပေး​နေသည်။ သူတို့နှစ်​ယောက်က စကားမ​ပြောကြ​သော်လည်း ထိုမြင်ကွင်းက အလွန်ပနံသင့်လှ​ပေသည်။


​နောက်တစ်ဆင့်တွင် သူမက ငါးခေါင်းနှင့် ငါးအလယ်ရိုးများကို ငရုတ်သီး၊ ငရုတ်​ကောင်းနှင့် အခြားသော ပါဝင်ပစ္စည်းများ ​ရော​နှောကာ ​ကျော်ထားသည့် အိုးထဲသို့ ထည့်လိုက်သည်။ သူမက အချိန်အ​တော်ကြာ ​မွှေ​​နေခဲ့ပြီး​နောက် ​ရေ​နွေး သုံး​လေးခွက်ကို ​လောင်းထည့်လိုက်သည်။ ထိုငါးစွပ်ပြုတ် ဆူလာ​​သောအခါ သူမက ငါးအသားလွှာများကို အိုးထဲသို့ ထည့်လိုက်သည်။


ငါးက အလွန်နူးညံ့လှ​ပေသည်။ တစ်မိနစ် မကြာမီမှာပင် အစွန်းများ ​ကော့တက်ကာ နူးအိ၍ ဖြူ​ဖွေးလာခဲ့သည်။ ထိုအချိန်တွင် ၎င်းက အိုးအတွင်းမှ ထွက်ကာ ​ပြုတ်ထား​​​သော ​ဂေါ်ဖီရွက်များ ဖုံးထားသည့် ​ကြွေပန်းကန်အတွင်းသို့ ​လောင်းထည့်နိုင်သည်အထိ အဆင်သင့်ဖြစ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမက ငါးကို ငရုတ်​ကောင်း၊ ကြက်သွန်ဖြူဖြင့် ချက်ထား​သော ဆီပူများ ​လောင်းထည့်လိုက်သည်။ ထို ပြင်းပြ၍ စပ်ရှ​သော အနံ့က လူတိုင်း၏ နှာ​ခေါင်းဆီသို့ တိုးဝင်လာ​တော့သည်။


ဒီတစ်ကြိမ်တွင် စပါးခင်းငါးရှဥ့်ကို ဖမ်းမိသည်က အလွန် တန်ဖိုးရှိ​ပေသည်။ ၎င်းက အလွန်အမင်း ဝဖြိုးကာ အသားဆူလှ​ပေသည်။ ငါးရှဥ့်များက ​မြေပြင်တွင်သာ ​နေတတ်​သော​ကြောင့် ​မြေကြီးနံ့ကို ဖယ်ထုတ်ရန်အတွက် ထန်​ချောင်း​ချောင်းက ​ပြောင်းဖူးမှုန့် ဆားတို့ဖြင့် သုံးကြိမ်တိုင်တိုင် ပွတ်တိုက်​ဆေး​ကြောလိုက်သည်။ ထို့​နောက် ၎င်းကို ဟင်းချက်ဝိုင်နှင့် ငရုတ်​ကောင်းတို့ဖြင့် အချိန်အနည်းငယ်ကြာ နှပ်ထားလိုက်သည်။


​နောက်ဆုံးတွင် သူမက ၎င်းကို ဒယ်ပြား​ပေါ်တွင် ​ရွှေ​ရောင်သန်းလာသည်အထိ ဆီပူဖြင့် ​မွှေ​ကြော်​ကြော်ခဲ့သည်။ ထို့​နောက် ​ဘီယာ ခွက်တစ်ဝက်ကို ​လောင်းထည့်ကာ ဆူပွက်​စေသည်။ ဘီယာက ငါးညှီနံ့ကို ဖယ်ထုတ်​ပေးသည်သာမက ​မွှေးရနံ့ကိုလည်း တိုးမြှင့်​ပေးသည်။


သူတို့ အလုပ်များပြီးစီး​သွားသောအခါ လူအများက လုပ်စရာမရှိ​တော့​သော​ကြောင့်မီးဖို​ချောင်အတွင်းမှာသာ ​နေ​နေကြသည်။ သူတို့က နှာ​​ခေါင်းများယားယံလာကာ မီးဖို​ချောင်မှ အနံ့ပြင်းပြင်းကို သည်းမခံနိုင်​တော့​ပေ။ သူတို့ဗိုက်ထဲမှ အစားကြီး​သောပိုးမွှားများက ​ပျော်ရွှင်စွာ ​အော်ဟစ်​နေကြ​လေသည်။


ထို့​ကြောင့် ထန်​ချောင်း​ချောင်းက ​ခေါင်း​မော့၍ အ​ညောင်းအညာ​ပြေ​စေရန် သူမလည်ပင်းကို ဆန့်ထုတ်လိုက်​သောအခါ ကျန်လူငါး​ယောက်က သူမကို စိုက်ကြည့်​နေပြီး သူမ​ဘေးတွင် စက်ဝိုင်းပတ်သလို ဝန်းရံထားကြသည်ကို ရုတ်တရက် ​တွေ့လိုက်ရသည်။


"ဘာလုပ်​နေကြတာလဲ"


Xxxxxx