Chapter 27
မှိုနဲ့ ကြက်ဥခေါက်ဆွဲ
ထိုစကားကို ကြားသောအခါ ရှန်းယွဲ့ အသိပြန်ဝင်လာခဲ့သည်။ သူ၏ အနားမနေသော နှလုံးက ထိုအချိန်လေးတွင် တည်ငြိမ်သွားပုံရလေသည်။ တည်ငြိမ်နေသော ပင်လယ်ကဲ့သို့ ချောမွေ့နေလေသည်။
သူမ အသိစိတ် ရှိနေသေးတော့လည်း ကောင်းတာပါပဲ...
ထန်ချောင်းချောင်းက အစ်ကိုချမ်နှင့် စကားပြောပြီးသွားသောအခါ ရှန်းယွဲ့ကို လှည့်ကြည့်လိုက်သည်။ သူမက ရှန်းယွဲ့၏ အတွင်းစိတ်က အချိန်တိုလေးအတွင်းမှာပင် တက်လိုက်ကျလိုက် ဖြစ်နေသည်ကို မသိခဲ့ပေ။ သို့သော်လည်း သူ့မျက်နှာ ရုတ်တရက် တိမ်ဖုံးသကဲ့သို့ ပြောင်းသွားသည်ကို အခုလေးတင် တွေ့လိုက်ရသည်။
သူမက သူမဘာသာတွေးနေခဲ့သည်။ ယောကျ်ားတွေမှာလည်း လစဥ်အချိန်တွေ ရှိတာပဲလား...
ထန်ချောင်းချောင်းက သူမ၏အိတ်ကို အနည်းငယ် ပြန်ပြင်လိုက်ပြီး ပုံမှန်အတိုင်းပင် မေးလိုက်သည်၊
"စားပြီးပြီလား"
ထိုယောကျ်ားက စကားပြန်မပြောလာသော်လည်း အန်တီဝမ်၏ နှုတ်ခမ်းများက နှစ်ကြိမ်မျှ တွန့်သွားလေ၏။ သို့သော် ဘာစကားမှ ပြောမလာခဲ့ပေ။
ထန်ချောင်းချောင်းက ထိုအရာကို မြင်မြင်ချင်း ခန့်မှန်းလိုက်သည်၊
"ဘာလို့ ညစာမစားတာလဲ"
အန်တီဝမ်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်၊
"ဆရာက ညစာမစားရုံတင် မကဘူး... နေ့လည်စာလည်း မစားပါဘူး"
မနက်တုန်းက သူ ထန်ချောင်းချောင်း၏ အေးခဲထားသည့် ဖက်ထုပ်များကို စားပြီးနောက် စားသောက်ခြင်းကို ရပ်လိုက်တော့သည်။ သူက နေ့လည်စာကို ထိပင်မထိခဲ့ပေ။
အန်တီဝမ်က ခပ်ရှက်ရှက် ကြည့်လိုက်သည်...
"အဲ့ဒါ အန်တီ့ရဲ့ ဆိုးဝါးတဲ့ လက်ရာက ဆရာ့ စားချင်စိတ်နဲ့ မကိုက်တဲ့ အတွက်ကြောင့်လေ"
ထန်ချောင်းချောင်းက မျက်မှောင်ကြုပ်လိုက်သည်။ သူမ အန်တီဝမ်၏ လက်ရာကို နားလည်ပေသည်။ သူမက ချမ်းသာသော မိသားစုတွင် အနှစ် နှစ်ဆယ်ကျော် အလုပ်လုပ်ခဲ့သည်။ ထို့ကြောင့် သူမ၏ ဟင်းချက်လက်ရာကလည်း မဆိုးနိုင်ပေ။
ရှန်းယွဲ့၏ အစားရွေးသည့်ရောဂါ ပြန်ပေါ်လာသည်သာ ဖြစ်ရမည်။
ထန်ချောင်းချောင်း: "မစားရင် နေလို့မကောင်း ဖြစ်မှာ ရှင်ပဲ... ဘာလို့ အဲ့လို လုပ်ရတာလဲ"
ရှန်းယွဲ့: "အဓိပ္ပါယ်မရှိတာတွေ တော်တော့"
သူမက သက်ပြင်းချလိုက်သည်၊
"ရှင် ဗိုက်ဆာနေတယ်... ကျွန်မ ရှင့်ကို ခေါက်ဆွဲ ချက်ပေးမယ်"
ရှန်းယွဲ့က တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် အေးစက်စွာ ပြောလိုက်သည်၊
"ကြက်ဥ နှစ်လုံးထည့်... တစ်လုံးကို ကြော်ပြီး တစ်လုံးကို အနှစ်ခွဲပေး..."
အတော်လေးများသည့် တောင်းဆိုချက်များပင်။
ထန်ချောင်းချောင်းက သူမ၏ အသီးအရွက် စိုက်ကွင်းထဲသို့ လေးလေးကန်ကန်သွားကာ ပဲပင်ပေါက် နှစ်ဆုပ်မျှ ခူးခဲ့သည်။[T/N ပဲပင်ပေါက်က ပဲပြားရဲ့ ပဲပင်ပေါက် အဖြူရောင်တွေ မဟုတ်ဘဲ ပဲလုံးရဲ့ အပင်ပေါက်ကိုမှ အစိမ်းရောင်အရွက်လေးတွေ ပါတဲ့ဟာပါ]
စွပ်ပြုတ်ရည် ဆူလာသည့်အခါ သူမက ရှည်လျားပြီး ပါးလျသော ခေါက်ဆွဲများကို ထည့်လိုက်သည်။ သူမက ကြက်ဥများကို အကာနှင့် အနှစ်တို့ အပြည့်အဝ ရောနှောသွားသည်အထိ မွှေနေလိုက်သည်။စွပ်ပြုတ် အခံရည်က အလွန်အမင်း ဆူပွက်လာသည့်အခါ သူမက ကြက်ဥရည်ကို
အိုးထဲသို့ လောင်းထည့်လိုက်ပြီး နာရီလက်တံ လည်သည့် ဦးတည်ချက်အတိုင်း ညင်ညင်သာသာ မွှေနေလိုက်သည်။ လတ်တလော ထည့်လိုက်သည့် လှပသော အဝါရောင်ကြက်ဥရည်က မနောက်သွားပေ။
သူမက လတ်ဆတ်သော ရှီတာကီမှို အနည်းငယ်ကို ခပ်စောင်းစောင်း လှီးလိုက်ပြီး နူးညံ့သော ပဲပင်ပေါက်များနှင့် ရောထားလိုက်ကာ နှစ်ကြိမ်မျှ ဆေးကြောလိုက်ပြီးနောက် ဆယ်ယူ၍ ခေါက်ဆွဲပေါ်တွင် ဖြန့်ချလိုက်သည်။
နောက်တစ်ဆင့်တွင် သူမက ဒယ်ပြားပေါ်တွင် ဆီအနည်းငယ်ထည့်၍ အငွေ့များ ထလာသည်အထိ အပူပေးလိုက်သည်။ ကြက်ဥကို ခွဲပြီးသွားသောအခါ မီးအားကို ချက်ချင်း လျှော့ချလိုက်သည်။ ကြက်ဥ ပုံပေါ်လာသောအခါ သူမက ကြက်ဥအစွန်းတစ်လျှောက်တွင် ရေကို စက်ဝိုင်းပုံထည့်လိုက်သည်။ ရှဲ ဟူသော မြည်သံ ထွက်လာပြီး အဖြူရောင် အငွေ့များ ထွက်လာတော့သည်။ သူမက အဖုံးကို ပိတ်ကာ နှစ်မိနစ်ခန့် ဆူပွက်အောင် တည်ထားလိုက်ပြီးနောက် ကြက်ဥကြော်သည်လည်း အဆင်သင့် ဖြစ်လာခဲ့သည်။ အနံ့မွှေးသော မှိုနှင့် ကြက်ဥတို့ ပါဝင်သော ပဲပင်ပေါက်ခေါက်ဆွဲတစ်ပန်းကန်ကို ရှန်းယွဲ့ရှေ့တွင် ထားလိုက်သည်။ သူက တစ်ဖက်တွင် ပန်းကန်တစ်လုံး ကိုင်ထားသော အမျိုးသမီးကို ကြည့်လိုက်လေသည်၊
"ဘာလို့ ထပ်စားရတာလဲ... ရိုက်ကူးရေးမှာ ဝဝလင်လင်မစားခဲ့ရလို့လား"
ထန်ချောင်းချောင်းက တည်ငြိမ်စွာ ပြောလိုက်သည်၊ "အစာချေပြီးတာဖြင့် ကြာလှပြီ"
ရှန်းယွဲ့က အလိုမကျစွာဖြင့် ပြောလိုက်သည်၊ "မင်းက မင်းသမီးရော ဟုတ်သေးရဲ့လား... ရှိုးမှာ မင်းမျက်နှာ အရမ်းဝနေတဲ့ပုံပေါ်နေတာ အံ့သြစရာ မရှိတော့ဘူး"
"အဓိပ္ပါယ်မရှိတာတွေ... ကင်မရာက မြင်ကွင်းကို ခပ်ကျယ်ကျယ်ဖြစ်အောင် ဆွဲထားလို့ပဲ ဖြစ်ရမယ်"
ထန်ချောင်းချောင်းက ခပ်မြန်မြန် ငြင်းခုံလိုက်ပြီး သူမမျက်နှာလေးကို ထိလိုက်သည်။ သူမက စံသတ်မှတ်ထားတဲ့ ဘဲဥပုံ မျက်နှာလေးပါနော်... နည်းနည်း ပြည့်နေလို့ ချွန်နေတဲ့ပုံ မပေါ်တာပါ... ဟုတ်တာပဲလေ...
ချစ်စရာကောင်းတာကို တန်ဖိုးထားကောင်းမှန်း မသိတဲ့ လူတွေကသာ ကြောက်စရာကောင်းတဲ့ ဇီးကွက်မျက်နှာကြီးနဲ့ တူသွားမှာ...
ရှန်းယွဲ့က သူ့နှုတ်ခမ်းထောင့်များကို ဆွဲဆန့်ကာ ခေါက်ဆွဲစားခြင်းကိုသာ အာရုံစိုက်နေသည်။
ခေါက်ဆွဲက နူးညံ့ပြီး ဟင်းရည်သည်လည်း ကြက်သားပြုတ်ရည်၊ ကြက်ဥရည်တို့ဖြင့် ရောနှောနေပြီး အနံ့အရသာ ပြည့်စုံနေသည်။ ကြက်ဥကြော်က ကျက်ရုံလေးတင် ကြော်ထားသည်။ အောက်ခြေက ရွှေရောင်သန်းနေပြီး ကြွပ်ဆတ်သော အခွံလေးရှိသော်ငြား အပေါ်ပိုင်းက နူးအိကာ အဖြူရောင်စစ်စစ် ဖြစ်လေ၏။ သူက နူးညံ့သော ကြက်ဥအနှစ်ကို ဆွဲယူလိုက်သောအခါ ကြက်ဥအနှစ် ခပ်ထူထူ ပေါ်လာပြီး တိုဖူးတုံးကဲ့သို့ တုန်တုန်လေး ဖြစ်နေသည်။ ရှီတာကီမှိုက တုနှိုင်းမဲ့ မြေသင်းနံ့လေးရနေပြီး ဝါးလို့ကောင်းသည်။ အစိမ်းရောင် ပဲပင်ပေါက်က အလွန် နူးအိနေလေသည်။ တစ်လုတ်စားပြီးသောအခါ အနံ့လေးက မယုံနိုင်လောက်အောင် လန်းဆန်းလို့ သွားလေသည်။
စားသောက်ပြီးသွားသောအခါ ရှန်းယွဲ့နှဖူးတွင် ချွေးပြန်လာခဲ့သည်။ သူက ပန်းကန်နှင့် တူကို မချလိုက်ခင်အထိ နောက်ဆုံးကျန်သော စွပ်ပြုတ်အရည်ကို မော့သောက်လိုက်သည်။
ထန်ချောင်းချောင်းက အချိန်အကြာကြီးကတည်းက စားပြီးနှင့်နေပြီ ဖြစ်သည်။ သူ့ကို အချိန်အကြာကြီး ကြည့်နေလိုက်ပြီးနောက် သူမက ပဟေဠိ ဖြစ်သွားရတော့သည်၊
" ရှင် ကြက်ဥ ခေါက်ဆွဲ တစ်ပန်းကန်လုံးကို ပျော်ပျော်ကြီး ထိုင်စားနိုင်တာပဲနော်... ရှင်က ကောင်းကောင်း စားနိုင်တာပဲကို ဘာလို့ အန်တီဝမ် ရှင့်ကို ချက်ပေးတဲ့ အစားအသောက်တွေကျ စားဖို့ ခဲယဥ်းနေရတာလဲ"
အတွေးတစ်ခုက သူမစိတ်ထဲ ဖြတ်ပြေးသွားသည်၊ "ရှင်က ကျွန်မ ချက်ထားတာတွေပဲ စားချင်တာတော့ မဟုတ်လောက်ပါဘူးနော်... မဟုတ်ဘူးမလား"
ရှန်းယွဲ့ : "မင်းခေါင်းထဲက မဖြစ်နိုင်တဲ့ အတွေးတွေကို ထိန်းထားလိုက်စမ်းပါ"
"မကောင်းပါဘူး" ထန်ချောင်းချောင်း ရေရွတ်လိုက်လေသည်၊ "မဟုတ်ရင် ကျွန်မ ထွက်သွားတဲ့အခါ ရှင် သေလောက်အောင် ခံစားရမှာ"
"ဘာပြောတာလဲ" ရှန်းယွဲ့က သေချာမကြားလိုက်သောကြောင့် သံသယဖြစ်စွာ မေးလိုက်သည်။
ထန်ချောင်းချောင်းက ပြုံးကာ ပြန်မဖြေလာခဲ့ပေ။ သူ့ခြေထောက်တွေကို ကုပြီးသည်အထိ စောင့်ကြတာပေါ့...
ထိုအချိန်တွင် ရှန်းလျန့်သည်လည်း မြို့ထဲရှိ သူ့တိုက်ခန်းသို့ အခုလေးတင် ပြန်ရောက်လာခဲ့သည်။ သူ့တိုက်ခန်းက အထပ်မြင့်နေရာတွင် တည်ရှိပေသည်။ သူနေသောအလွှာတွင် နေထိုင်သူက သူတစ်ယောက်သာ ရှိသည်။
သူ ဓါတ်လှေကားမှ ထွက်လိုက်လိုက်ချင်းပင် တံခါးရှေ့တွင် ရပ်နေသော ထန်ရို့ကို တွေ့လိုက်ရတော့သည်။
ရှန်းလျန့် မျက်မှောင်ကြုပ်မိသွားလေသည်။ ပါပါရာဇီတို့ကို ရှောင်ရှားရန်အတွက် သူ့နေရာတွင် ဘယ်တော့မှ မတွေ့ဖို့ သူရှင်းရှင်းလင်းလင်း ပြောထားခဲ့သည်။
ထန်ရို့က သူ့ကို ပြုံးပြကာ နှုတ်ဆက်လိုက်သည်။
"ရှင် ပြန်လာပြီပဲ"
"ဒီကိုလာတုန်းက မင်းကို မရိပ်မိသွားကြဘူးလား"
ရှန်းလျန့်က မျက်မှောင်ကြုပ်လျက် ပြောလိုက်သည်။ သူ့တိုက်ခန်းရှိရာ ရပ်ကွက်တွင် နေထိုင်ကြသည့် နာမည်ကျော်များစွာ ရှိကြပြီး ပါပါရာဇီများကလည်း အပြင်ဘက်တွင် ရံဖန်ရံခါ စောင့်ဆိုင်းနေကြသေးသည်။
ထန်ရို့က ကသိကအောက် ဖြစ်စွာ ပြုံးလိုက်ပြီး သူမလက်ထဲမှ maskကို ယမ်းပြလိုက်သည်၊
"ကျွန်မက အကာအကွယ် အပြည်နဲ့ လာခဲ့တာလေ"
ရှန်းလျန့်က ထန်ရို့တစ်ယောက် ခေါင်းစွပ်ပါသည့် လေကာင်္ကျီရှည်ကို ဝတ်ထားပြီး သူမဆံနွယ်များပေါ်မှာ ကြီးမားသော နေကာမျက်မှန်တစ်ခုပါ တင်ထားသည်ကို သတိထားမိသွားသည်။ သူ့နှလုံးသား အနည်းငယ် တည်ငြိမ်လာပြီး သူ့အသံသည်လည်း ပျော့ပြောင်းသွားခဲ့လေသည်၊
"ဘယ်လို ဖြစ်လို့ ဒီလောက်နောက်ကျမှ ရောက်လာတာလဲ"
သူတံခါးကို ဖွင့်ပြီးနောက် နှစ်ယောက်သားက တစ်ယောက်ပြီး တစ်ယောက် တံခါးအတွင်းသို့ ဝင်သွားလိုက်ကြသည်။
ထန်ရို့က ပြုံးကာ ပြောလိုက်သည်၊
"ရှင့်ကို မတွေ့ရတာ ရက်နည်းနည်းလောက် ရှိပြီလေ.. ကျွန်မ ရှင့်ကို လွမ်းလို့... ဒီအကြောင်းပြချက်က အဆင်ပြေရဲ့လား" သူမ မည်သည့်အကြောင်းကြောင့် ရက်အနည်းငယ်မျှ သူ့ကို ပစ်ထားခဲ့ရသည်ကို ရှန်းလျန့်က မေးမလာခဲ့သဖြင့် သူမ ဝမ်းနည်းခဲ့ရသော်လည်း သူမ သူ့ကို လွမ်းသည်ဟုသာ ပြောနိုင်ခဲ့သည်။
ရှန်းလျန့်က တစ်နေ့လုံး ပြေးလွှားကာ ငန်း၏ ရန်မှ ခုန်ကျော် ကာကွယ်ပြီး ငါးကိုပါ သတ်ခဲ့ရသည့် ရှိုးရိုက်ကူးရေး ပြီးသွားသောအခါ အပြန်လမ်းပေါ်တွင် နှစ်နာရီကျော်အောင် ကားဆောင့်သည်ကို ခံလိုက်ရသေးသည်။ သူ့တစ်ကိုယ်လုံး အပိုင်းပိုင်း ပြတ်ကျတော့မလို ခံစားနေရသည်။ ထိုအချိန်တွင် ရှန်းလျန့်မှာ အချစ်ကြောင်းပြောရန်အတွက် အင်အား ကျန်မနေပါတော့ချေ။ သူက ဆေးကြောကာ ရေချိုးပြီးနောက် အလောင်းကောင်ကဲ့သို့သာ လဲလျောင်းပစ်လိုက်ချင်သည်။
ထန်ရို့က ရှန်းလျန့်၏ အနည်းငယ် အေးစက်နေသော သဘောထားကို တွေ့လိုက်ရသောအခါ သူမမျက်နှာထားက စိတ်ပျက်အားလျော့သွားလေသည်။
အရင်တစ်ခေါက် ရှန်းလျန့် သူမ၏ ဝေ့ပေါ်အရန်အကောင့်ကို ရှာတွေ့သည့်အကြောင်း ရုတ်တရက် သူမကို မေးလာခဲ့သည်။ ထို့ကြောင့် သူမက တမင်သက်သက်ပင် ဖမ်းမိရန် ခက်ခဲသလို ကစားရန်အတွက် သူ့ကို ရက်အနည်းငယ်မျှ အေးအေးစက်စက် ပစ်ထားလိုက်ခဲ့သည်။
သို့သော်လည်း ရှန်းလျန့်က ဘက်လှည့်သွားကာ ထန်ချောင်းချောင်းနှင့် ရှိုးအတူတူတွင် ပါသွားမည်ဟု မထင်ထားခဲ့ပေ။ ထိုနှစ်ယောက်သား၏ ဆက်ဆံရေးက အများကြီး ပိုနီးကပ်လာပုံ ပေါ်နေပြီး သတင်းကြီး တစ်ခုကလည်း အလွန်အမင်း ပလူပျံလာခဲ့သည်။
အင်တာနက်ပေါ်မှ လူအချို့က သူတို့နှစ်ယောက်သားက ပါရမီပါကြပြီး ဆွဲဆောင်မှု ရှိကြသည်ဟုလည်း ဆိုကြသေးသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် သင့်တော်ကြပေသည်။
ထန်ရို့က ထိုကဲ့သို့ ဖြစ်သွားမည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
အရင်တုန်းက ရှန်းလျန့်က ထန်ချောင်းချောင်းကို အလွန်အမင်း ရွံရှာနေခဲ့သော်လည်း ယခုတွင်မူ သူက သူတို့၏ မကျေလည်မှုများကို မေ့ထားလိုက်သကဲ့သို့ သူမချက်သော ဟင်းလျာများကို မြိန်ရည်ယှက်ရည် စားခဲ့သေးသည်။
ထန်ချောင်းချောင်းနှင့် ရှန်းလျန့်တို့က သတင်းထဲတွင် ပြောင်ပြောင်တင်းတင်း အတူရှိနေခဲ့ကြသော်လည်း သူ့ချစ်သူ အစစ်ဖြစ်သော သူမက ရုပ်လုံးထွက်မပြနိုင်ပေ။ သူမ ဒီနေရာကို လာသည့်အချိန်တိုင်း ခိုးကြောင်ခိုးဝှက်သာ လာခဲ့ရသည်။ ထန်ရို့က အလွန် အလိုမကျ ဖြစ်နေလေသည်။
ရှန်းလျန့်က ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် လှဲနေသည်။ ထန်ရို့က သူမမျက်နှာအမူအယာကို ထိန်းကာ သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူမအသံက အလွန် နူးညံ့လေသည်၊
"ရိုက်ကူးရေးက အရမ်း ပင်ပန်းတာပဲလား... ကျွန်မ ရှင့်ခေါင်းကို နှိပ်ပေးရင်ရော"
ရှန်းလျန့်က သမ်းဝေလိုက်ကာ သူ့လက်ကိုယမ်းပြလိုက်သည်၊ "မနှောင့်ယှက်နဲ့တော့... ကိုယ် ရေနွေးပူပူလေး ချိုးချင်နေရုံပဲ"
ထန်ရို့က ထိုအကြောင်းကို စဥ်းစားလိုက်ပြီး ပြောလိုက်သည်၊ " ကျွန်မ ရှိုးကို ကြည့်လိုက်သေးတယ်... ရှင်နဲ့ ထန်ချောင်းချောင်းတို့ တော်တော်အဆင်ပြေနေကြပုံပဲ"
ရှန်းလျန့်က သူမကို စိုက်ကြည့်ကာ ဆိုလိုက်သည်၊ " တကယ်တမ်း ကင်မရာရှေ့မှာ နေရတာလေ... တိုက်ရိုက်ကြည့်ရှုသူတွေရှေ့မှာ မျက်နှာချင်းဆိုင် တိုက်ခိုက်လို့ အဆင်မပြေဘူးလေ"
"ဒါပေမယ့် ချောင်းချောင်းကို ဟင်းချက်တတ်မယ်လို့ မထင်ထားခဲ့ဘူး"
"အာ... သူချက်တာတွေ တော်တော်စားကောင်းတယ်"
ရှန်းလျန့် သူ့နှုတ်ခမ်းများကို စေ့လိုက်သည်။ အပြန်လမ်းပေါ်တွင် ရွှံမြေအိုးထဲက ငန်းအသား အရသာကောင်းကောင်းလေးကို တစိမ့်စိမ့် တွေးနေမိသေးသည်။
ထန်ရို့မျက်နှာက တဖြည်းဖြည်း အေးစက်လာသော်လည်း မသိနားမလည်သကဲ့သို့ ဟန်ဆောင်နေဆဲ ဖြစ်လေသည်၊
"ချောင်းချောင်းက တကယ်တော့ မဆိုးပါဘူး... အရင်က ရှင့်ကို သူကပ်တွယ်နေတဲ့ ကိစ္စက နားလည်မှုလွဲတာ ဖြစ်မှာပါလို့ ပြောခဲ့သားပဲ" ထန်ရို့က သူမ ထန်ချောင်းချောင်းကို ကူညီပြီး ရှင်းပြနေသကဲ့သို့ သာမန်ကာလျှံကာ ပြောလိုက်သည်။
ရှန်းလျန့်က ထောက်ခံသည့်အနေဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
"ကိုယ် သူ့ကို သေချာမသိသေးလို့ နေမှာပါ"
Xxxxxxx