Chapter 32
သကြားယုန်လေးများ
ရှန်းယွဲ့အမေက ဖုန်းခေါ်လာသည်ကို ထန်ချောင်းချောင်း သိလိုက်ရသည့် အချိန်တွင် သူမက ဂျယ်လီအေးကို ပါးစပ်အပြည့် စားနေခဲ့တာ ဖြစ်သည်။
ရှန်းယွဲ့က မူလတွင် သူတို့စားပြီးသည်အထိစောင့်ချင်ခဲ့သော်လည်း အန်တီဝမ်က ဖုန်းကို ဧည့်ခန်းထဲရှိ တီဗွီနှင့် ချိတ်ဆက်ပြီးသား ဖြစ်နေခဲ့သည်။
ထို့ကြောင့် သခင်မကြီးက တောက်ပသော အပြုံးကြီးဖြင့် မျက်နှာပြင်ပေါ်တွင် ပေါ်လာပြီး ဂျယ်လီအေး ကိုင်ထားသော နှစ်ယောက်နှင့် မျက်နှာချင်းဆိုင် ဆုံမိသွားကြတော့သည်။
မဒမ်ရှန်းက ရှန်းယွဲ့ကို အသက် 42နှစ်တွင် မွေးခဲ့သည်။ သူမက ယခုတွင် အတော်လေး ပိုအိုမင်းသွားပြီ ဖြစ်သော်လည်း အလွန်သန်မာနေဆဲ ဖြစ်သည့်ပုံပင်။ သူမဆံပင်ကို အနက်ရောင်ဆိုးထားပြီး ရောင်စုံစကပ်ရှည် တစ်ထည်လည်း ဝတ်ထားသေးသည်။ သူမက အဘွားအိုကြီး တစ်ယောက်ဖြစ်ရန်အတွက် တွန့်ဆုတ်နေပုံပေါ်လေသည်။
မဒမ်ရှန်း: "မင်းတို့ အခုမှ နေ့လည်စာစားပြီးကြတာပဲ... ငါအခု သြဇီမှာရောက်နေတာကို မေ့သွားတယ်... ဒီနေရာက မင်းတို့နဲ့ အချိန် နှစ်နာရီကွာတယ်"
ရှန်းယွဲ့က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်၊ "နေ့လည်စာ မဟုတ်ဘူး"
"ဘာစားနေကြတာလဲ... ပြစမ်းပါအုံး ငါ ကြည့်ချင်သေးတယ်" သခင်မကြီးရှန်းက အလွန်ပျော်နေပုံ ပေါ်နေသည်။
ရှန်းယွဲ့က လှုပ်ရှားရန်အတွက် အဆင်မပြေပေ။ ထို့ကြောင့် ထန်ချောင်းချောင်းကပဲ ခွက်ကိုကိုင်ကာ တီဗွီရှေ့တွင် ပြလိုက်ပြီး ချိုသာသော အပြုံးလေးဖြင့် ပြောလိုက်သည်၊ "ဒါ ဂျယ်လီအေးပါ"
"အိုး ဒါစီချွမ်သရေစာ ဂျယ်လီအေးပဲ" မဒမ်ရှန်က သူမမျက်လုံးကို ပြူးကာ ဆိုလာခဲ့သည်၊ "ငါလည်း ဂျယ်လီအေး ကြိုက်တယ်ကွယ် ဒါပေမယ့် နိုင်ငံခြားရောက်နေတော့ သရေစာစစ်စစ်တွေကို မရနိုင်ဘူး... ငါ့မှာ နေ့တိုင်း စတိတ်ခ်တွေပဲ စားနေရတာ"
သခင်မကြီးရှန်းက အလွန်လောဘကြီးလေသည်။ သူမမျက်လုံးများက ဖန်သားပြင်ထဲမှ ခုန်ထွက်ကာ သူတို့၏ အစားအသောက်များကို လာစားချင်နေသည့်ပုံပင်။
ရှန်းယွဲ့က သူ့အမေ၏ အာရုံကြောများပင် ပေါက်ထွက်တော့မည့် အမူအရာကို အချိန်အတော်ကြာ ကျင့်သားရနေခဲ့ပြီးသား ဖြစ်လေသည်။ သူက တမင်သက်သက်ပင် ဟန်လုပ်ကာ ဂျယ်လီအေးကို အားပါးတရ စားပြလိုက်သေးသည်။
မဒမ်ရှန်းက ခါးသီးစွာ ပြောလိုက်သည်၊
"မသိတတ်လိုက်တဲ့သား... စားချင်ရင်လည်း ဟိုဘက်လှည့်စားပါလား... ဘယ်သူက မင်းစားတာကို ကြည့်ချင်နေလို့လဲ... ငါက ငါ့ချွေးမလေးကိုပဲ ကြည့်ချင်တာ"
ထန်ချောင်းချောင်းက ရှက်ကိုးရှက်ကန်းဖြင့် သူမနှာခေါင်းလေးကို ပွတ်နေသည်။ မဒမ်ရှန်း၏ အသက်အရ သူမက ထိုအမျိုးသမီးကို အဘွားဟုပင် ခေါ်နိုင်သော်လည်း ထိုကိစ္စက ပို၍ပင် ဆိုးဝါးသေးသည်။
သူမက အမေဟုလည်း မခေါ်နိုင်ပေ။
မူလကိုယ်က သူမနှင့် တစ်ခါမှ စကားမပြောခဲ့ဖူးသောကြောင့် ထန်ချောင်းချောင်းက မူလကိုယ်အတိုင်း လိုက်ကာ ခေါ်လိုက်သည်၊ "ဟယ်လို... မဒမ်"
"အရမ်းကောင်းတယ်" သခင်မကြီးရှန်းက ထိုအခေါ်အဝေါ်ကို အာရုံမထားဘဲ သူမကို ချစ်ခင်နှစ်လိုမှုများဖြင့် ကြည့်နေခဲ့သည်။
"မင်း ဒါတွေကို လုပ်ထားတာ ဖြစ်ရမယ်... ဒီရက်တွေမှာ မင်း ရှန်းယွဲ့ရဲ့ အစားအသောက်ကို ဂရုစိုက်ပေးနေတယ်လို့ အန်တီဝမ်ပြောတာ ကြားခဲ့တယ်"
"ဒါ ဘာမှမဟုတ်ပါဘူး... မဒမ် ပြန်လာတဲ့အခါကျရင်လည်း ကျွန်မ ချက်ပေးပါ့မယ်"
"မင်းပြောလာမှတော့ အတည်ဖြစ်သွားပြီနော်... ငါ တရုတ်ကို ခဏပြန်လာရင် မင်းလက်ရာကို မြည်းကြည့်ရမယ်"
သခင်မကြီးရှန်းက ခပ်ပါးပါး သက်ပြင်းချလိုက်သည်၊ "ငါ့ကိုယ်ထဲက ထွက်လာတဲ့ သားကို ငါအသိဆုံးပဲ... သူကလေးဘဝကတည်းက နွားသိုးလို စိတ်မျိုးလေ... သူ့အာသီသနဲ့သာ မကိုက်ရင် သေသွားမယ်ဆိုရင်တောင် တစ်ကိုက်မှ ကိုက်မှာ မဟုတ်ဘူး... အခုတော့ အရင်ကထက်တောင် နည်းနည်း ပိုပြည့်လာသလိုပဲ... ဒါတွေအားလုံး မင်းကျေးဇူးကြောင့်ပါပဲကွယ်"
ရှန်းယွဲ့က သူ့အမေဆီမှ ဖော်ကောင် လုပ်ခံလိုက်ရသည်ကြောင့် မျက်မှောင်ကြုပ်သွားတော့သည်၊
"အမေ... ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ"
မဒမ်ရှန်းအသံက အလွန်ကျယ်လေသည်၊ "ဘာလဲ... မင်းက ငါ့သားပဲ... ငါပြောလို့မရဘူးလား"
သူက ထန်ချောင်းချောင်းကို အနည်းငယ် နေရခက်ဟန်ဖြင့် ကြည့်လိုက်သော်လည်း ထန်ချောင်းချောင်း၏ နှုတ်ခမ်းထောင့်များ မြင့်တက်နေသည်ကို တွေ့လိုက်ရလေသည်။ သူမ၏ အပြုံးက နှင်းဆီတစ်ပွင့်ကဲ့သို့ တောက်ပနေခဲ့သည်။
ထန်ချောင်းချောင်းက တီဗီမျက်နှာပြင်ကို ဖြတ်ပြီး အသေးအဖွဲ့လေးကို ငြင်းခုံနေကြသည့် အမေနှင့်သားကို ကြည့်ကာ မရေနိုင်ဘဲ ရယ်မိသွားတော့၏။ ရှန်းလျန့်မျက်နှာပေါ်က ကူကယ်ရာမဲ့နေသော အမူအရာက အလွန် မြင်ရခဲသည်လေ။
မဒမ်ရှန်း၏ မျက်လုံးများက သူမမျက်နှာပေါ်တွင် မရေရာသော အပြုံးတစ်ခုဖြင့် ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းအပေါ်တွင် ကူးချည်သန်းချည် လုပ်နေခဲ့သည်။ ထိုချွေးမလေးက သူ့သားအပေါ်တွင် တကယ်ကောင်းသည့်ပုံပင်။
ထိုမိန်းကလေးက သွက်သွက်လက်လက် ရှိပုံပေါ်ကာ သူမအပြုံးများက ချိုသာနေပြီး သူမကို ပိုကြည့်လေလေ ပိုချစ်စရာ ကောင်းလေလေပင်။
ထိုကဲ့သို့သော ချစ်စရာ ကောင်မလေးက သနားစရာ ဘဝကို ဖြတ်သန်းခဲ့ရသည်။ သူမက သူဌေးသမီးလေး ဖြစ်သည်မှာ သေချာသော်လည်း နှစ်ပေါင်းများစွာ ကံကြမ္မာ၏ ခြယ်လှယ်ခြင်းကို ခံခဲ့ရသည်။
မှန်ပေသည်။ မဒမ်ရှန်း ဖုန်းခေါ်လာသည်မှာ ဝေ့ပေါ်က ကိစ္စများကြောင့် ဖြစ်လေသည်။ သူမ ထိုသတင်းများကို ကြားသည့်အချိန်တွင် တစ်ခဏမျှ ရှော့ရသွားခဲ့သည်။ သူမက ကမ္ဘာပေါ်တွင် ထိုကဲ့သို့ မိဘများ ရှိသေးသည့်အတွက် ပို၍ပင် ရှော့ရသွားခဲ့ရသည်။
သူမက စိတ်မကောင်းစွာဖြင့် ပြောလိုက်စည်၊ "ငါအဲ့အကြောင်း သိပြီးသွားပြီ"
ထန်ချောင်းချောင်းက မဒမ်ရှန်း ဖုန်းခေါ်လာရသည့် အကြောင်းအရင်းကို ခန့်မှန်းမိခဲ့သောကြောင့် မေးလိုက်သည်၊ "မဒမ်က ကျွန်မကို အပြစ်မတင်ဘူးလား"
"ဘယ်လိုလုပ် မင်းကို အပြစ်တင်နိုင်မှာလဲ... မင်းရဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ထားရတာ မင်းအမှား မဟုတ်ပါဘူးကွယ်... မင်းမိဘတွေ ရက်စက်လွန်းတာကိုသာ အပြစ်တင်ရမှာ"
အဆုံးတွင်မူ ထိုထန်စုံတွဲ သူမကို လက်ထပ်ပေးပြီး နှင်ထုတ်ရန်အတွက် အစကတည်းက စဥ်းစားထားပြီးသား ဖြစ်ပေလိမ့်မည်။
မဒမ်ရှန်းက အလွန် စဥ်းစားတတ်သည်။ သူမက ထန်ချောင်းချောင်းအပေါ်တွင် ပိုကောင်းသော အမြင်များရှိလေသည်။
သူမက ဆက်ပြောလာသည်၊
"မင်းမိဘတွေ မင်းကို ပြဿနာရှာကြမှာကို စိတ်မပူနဲ့နော်... မင်းကို တစ်ယောက်ယောက်က အနိုင်ကျင့်ရင် ငါ့ကိုသာ လှမ်းပြောလိုက်... ငါပြန်တိုက်ပေးမယ်လေ"
" မင်းက ထန်မိသားစု၏ သမီးအရင်းပဲ ဖြစ်ဖြစ် သမီးအတုပဲ ဖြစ်ဖြစ်၊ ကျေးလက်မှာပဲ မွေးမွေး ကျောင်းကောင်းကောင်းကပဲ အောင်အောင် ကိစ္စမရှိပါဘူးကွယ်... အရေးအကြီးဆုံးက မင်းတို့ ဇနီးမောင်နှံ အချင်းချင်း ကြင်နာပြီး ချစ်မြတ်နိုးကြဖို့ပါပဲ... မကြာခင် ငါ မြေးလေးတစ်ယောက် ချီနိုင်ရင်တော့ အကောင်းဆုံးပေါ့"
ထိုအကြောင်းကို ထန်ချောင်းချောင်း ကြားလိုက်သောအခါ မတော်တဆ ဂျယ်လီနင်သွားပြီး ရုတ်တရက် ပြင်းပြင်းထန်ထန် ချောင်းထဆိုးတော့သည်။ ထို့နောက် သူမ တစ်ခဏမျှ အသက်မရှုန်ုင်တော့။
"တုံးလိုက်တာ... ဂျယ်လီအေး စားတာတောင် နင်နေသေးတယ်"
ရှန်းယွဲ့က ချက်ချင်းပင် သူ့ဘေးမှ ရေခွက်ကို ကောက်ကိုင်ကာ သူမကို လှမ်းပေးလိုက်သည်၊ "ရေသောက်လိုက်"
ထန်ချောင်းချောင်းက ရင်ဘတ်ကို ဖိကာ ပုံမှန်အခြေအနေ ဖြစ်မလာခင်မှာပင် ရေတစ်ငုံသောက်လိုက်သည်။ ထိုအချိန်တွင် သူမက လက်ထဲတွင် ရှန်းယွဲ့၏ ရေခွက်ကို ကိုင်ထားမိကြောင်း တွေ့လိုက်ရလေသည်။
ရှန်းယွဲ့က သန့်ရှင်းမှုကို အလွန် နှစ်သက်ပြီး သူ့ ပန်းကန်ခွက်ယောက်များကိုလည်း အခြားသူများနှင့် မဝေမျှတတ်ပေ။ ယခုအချိန်တွင်မူ ထိုသူက သူ့ကိုယ်ပိုင် ရေခွက်ကိုတောင် သူမအတွက် ပေးလာခဲ့သည်။ သူ့မျက်နှာမှ စိတ်ပူပန်နေသော အမူအရာကို တွေ့လိုက်ပြီးနောက် ထန်ချောင်းချောင်း ရင်ထဲ နွေးထွေးသွားရတော့၏။
ဖန်သားပြင် တစ်ဖက်မှ မဒမ်ရှန်သည်လည်း "ငါနားလည်တယ်"ဟူသော အမူအယာဖြင် သူမတို့နှစ်ယောက်ကို ကြည့်နေခဲ့သည်။
သူမက သူမ၏ မျှော်လင့်ချက်များ မကြာခင် အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ခံစားနေရသည်။
မဒမ်ရှန်းနှင့် ဗီဒီယိုကော ပြောပြီးနောက် ထန်ချောင်းချောင်းက ရှန်းယွဲ့ကို ထပ်ပြီး နှိပ်နယ်ပေးကာ အပ်စိုက်ပေးခဲ့သည်။ ဒီတစ်ကြိမ်တွင် သူမ၏ လုပ်ရည်ကိုင်ရည်က ပိုမို ကျွမ်းကျင်လာခဲ့ပြီး ရှန်းယွဲ့ကလည်း ဆက်လက် မခုခံတော့ပေ။
"အပ်စိုက်တာနဲ့ moxibustionကို အကြိမ်နည်းနည်းလောက် လုပ်ပြီးရင် ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတွေ လုပ်မယ်... နောက်ဆို ကျွန်မတို့ သေသေချာချာ စစ်ဆေးဖို့ ဆရာဝန်ဆီ သွားရမယ်"
[T/N moxibustion က တရုတ်တိုင်းရင်းဆေးနည်းပါ ဆေးရွက်တွေကို ခန္ဓါကိုယ်ပေါ်အုံပြီး မီးရှို့ပေးတဲ့ နည်းပါ]
ရှန်းယွဲ့က သေသေချာချာ နားမထောင်ဘဲ သူ့ခြေထောက်ပေါ်က သူမ၏ လက်သွယ်သွယ်လေးများကိုသာ ကြည့်နေခဲ့သည်။ သူက ရုတ်တရက်ပင် အခုလေးတင် သူ့အမေ ပြောသွားခဲ့သည့် "မြေးလေးတစ်ယောက် ချီမယ်" ဟူသောစကားကို သတိရမိသွားတော့သည်။
သူက ရှင်းမပြနိုင်သော မသက်မသာ ခံစားချက်ကို ခံစားနေရပြီး သူမကို ကြည့်နေခဲ့သည့် သူ့မျက်နှာကို အဝေးသို့ လှည့်လိုက်တော့သည်။ သို့သော်လည်း ထိုအချင်းအရာက သူ့အရေပြားကို ထိတွေ့နေသည့် သူမလက်ကလေး၏ အထိအတွေ့ကို ပို၍ပင် ရှင်းရှင်းလင်းလင်း ဖြစ်လာပြီး သူ့တစ်ကိုယ်လုံးက ဓါတ်လိုက်နေသကဲ့သို့ ဖြစ်လာခဲ့သည်။
ထန်ချောင်းချောင်းက သူ့ကို ထူးထူးဆန်းဆန်း ကြည့်လာခဲ့သည်၊
"ရှင့်မျက်နှာက ဘာလို့ နီနေတာလဲ"
ရှန်းယွဲ့၏ မူလအသားအရည်က ဖြူစွတ်စွတ် ဖြစ်သောကြောင့် အနီရောင်သန်းလာသည်က တဖြည်းဖြည်း သိသာလာခဲ့သည်။
ရှန်းယွဲ့က သူ့ပါးစပ်ကို လက်သီးဖြင့် အုပ်ကာ အနည်းငယ် ချောင်းဆိုးလိုက်သည်၊
"မင်းဖိထားတာ အရမ်းပြင်းလွန်းတယ်... ဖြည်းဖြည်းလေးပဲ ဖိ"
"ဟုတ်ကဲ့ပါ" ထန်ချောင်းချောင်းက ဒေါသမထွက်ဘဲ တမင်သက်သက်ပင် သူမအသံကို ဆွဲဆန့်လိုက်သည်၊ "သခင်ကြီးရှန်း"
ဖြတ်သွားသည့် အန်တီဝမ်က မနေနိုင်ဘဲ ရယ်မောမိသွားရသည်။ ရယ်လိုက်ပြီးနောက် သူမက ထိုဇနီးမောင်နှံ၏ ဆက်ဆံရေးက ကောင်းသထက် ကောင်းလာသည်ကို တွေးနေမိသည်။
လူနှစ်ယောက်က ကြမ်းပြင်မှ မျက်နှာကျက်အထိရှိသော ပြတင်းပေါက်ဘေးတွင် ထိုင်နေကြပြီး အချို့သော နေရောင်ခြည်လေးများက မှန်ကို ဖြတ်ပြီး သူတို့အပေါ်တွင် လွှမ်းခြုံပေးနေသည်။ လူချောလေးနှင့် မိန်းမလေးတို့၏ ပုံရိပ်က ပန်းချီကားတစ်ချပ်နှယ်။
အမျိုးသမီးက သူ့ခြေထောက်များကို အာရုံစူးစိုက်ကာ နှိပ်ပေးနေပြီး သူမ မမြင်နိုင်သော်လည်း အမျိုးသား၏ မျက်လုံးများက နူးညံ့နေခဲ့သည်။
အန်တီဝမ်က ဆရာက သူ့ဇနီးကို ကြည့်လိုက်သည့် အချိန်တွင် သူ့မျက်လုံးများ ပြောင်းလဲသွားတတ်သည်ကိုပင် မသိလောက်ဟု သေချာပေါက် ပြောနိုင်ပေသည်။
ရှန်းလျန့်နှင့် ထန်ရို့တို့၏ ခိုးကြောင်ခိုးဝှက် ဓါတ်ပုံများကြောင့် ဖြစ်လာသည့် ဂယက်က ရက်အတော်ကြာ ရှိနေခဲ့သည်။ သို့သော်လည်း ထန်တအုပ်စုနှင့် ရှန်းအုပ်စုတို့က လူထုအမြင်ကို စတင် ထိန်းချုပ်ခဲ့ပြီး အခြေအနေက ဆက်ပြီး ထိန်းမရပြုမရ ဖြစ်မသွားတော့ပေ။ အင်တာနက်ပေါ်က လူအများက ထင်ကြေးပေးကြရုံသာ တတ်နိုင်တော့သည်။
သို့သော်လည်း မမျှော်လင့်ထားသော အမြတ်အစွန်းသည်လည်း ရှိနေခဲ့သေးသည်။ ထန်ချောင်းချောင်း၏ ဝေ့ပေါ်ဖန်များက အဆုံးတွင် တစ်သန်းကျော်သွားပြီ ဖြစ်သည်။
၎င်းက သူမဘဝတွင် ပထမဆုံးအကြိမ် ဖန်တစ်သန်းကျော် ရလာခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ဖန်များစွာက သူမကို တည်ငြိမ်သော ဝိဥာဏ်စွမ်းအင်စီးကြောင်းကြီး ပေးလာကြပြီး ထောက်ပံ့လာကြတော့သည်။ ထန်ချောင်းချောင်းက အလွန် ကျေးဇူးတင်နေပြီး သူမ၏ ချစ်စရာဖန်လေးများ အတွက် အထူးလက်ဆောင်တစ်ခု ပြန်ပေးချင်ခဲ့သည်။ အစ်ကိုချမ်သည်လည်း သူမကို ဖန်တွေအတွက် ကံစမ်းမဲ လုပ်ပေးရန် အကြံပေးခဲ့သည်။
ထန်ချောင်းချောင်းက ကိုယ်တိုင်ပင် သရေစာနှစ်မျိုး ပြုလုပ်ပြီး ကံစမ်းမဲနှိုက်ရန်အတွက် သူမပိုစ့်ကို ပြန်လည်မျှဝေပေးကြရန် ပြောလိုက်သည်။
Xxxxxx