Chapter 33
ထန်ချောင်းချောင်း ဝေ့ပေါ်က တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်လိုက်ချင်းပင် ဖန်တစ်သိန်းကျော်က ချက်ချင်းပင် အပြေးအလွှားရောက်လာကြတော့သည်။ သူတို့ထဲတွင် သူမ၏ဖန်များနှင့် စိတ်လှုပ်ရှားစရာများ ကြည့်ရန်လာသူများ နှစ်မျိုးစလုံး ပါနေသည်။ အဆုံးတွင်တော့ ၎င်းက မုန်တိုင်းကြီးတွင် ပါဝင်ပတ်သက်ခဲ့သူတစ်ဦး၏ ပထမဆုံး လူရှေ့ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
[ချောင်းပေါင်က ဟင်းချက်ပြဖို့ ထပ်ပြီး တိုက်ရိုက်လွှင့်လာပြီဟေ့... ဒီနေ့ဘာချက်မှာလဲ... ငါကြိုသိချင်လာပြီ]
[ချောင်းပေါင်မှာ ဖော်လိုဝါ တစ်သန်းရှိနေပြီ... ထောက်ပံ့ပေးဖို့ မျှော်လင့်ပါတယ်]
[ထန်ချောင်းချောင်း... ထန်ရို့နဲ့ ရှန်းလျန့်က ဘာဖြစ်ကြတာလဲ... ရှင်းရှင်းလင်းလင်း ပြောပြပေးပါ]
[သူက ဝေ့ပေါ်မှာ နားမလည်နိုင်တဲ့ ပိုစ့်ကို တင်လာပြီး အခြားသူတွေ စိတ်သောကာရောက်အောင် လုပ်ထားပြီးမှ ဘာမှမဖြစ်သလို ခေါင်းရှောင်သွားတာနော်]
[ အရင်က လူတွေ ချောင်းပေါင်ရဲ့ live ကနေ ထွက်သွားကြစမ်းပါ... မင်းတို့ နားမလည်တာက မင်းတို့မှာ ဦးနှောက် မရှိလို့လေ... သူက သောက်တုံးတွေကို ရှင်းပြနေရအုံးမှာလား]
ထန်ချောင်းချောင်းက တိုက်ရိုက်ထုတ်လွှင့်မှုမှ စိတ်မချမ်းမြေ့ဖွယ် မှတ်ချက်အချို့ကို ကျော်ကာ အပြုံးလေးတစ်ခုဖြင့် ပြောလာခဲ့သည်၊
"ဒီနေ့ ကျွန်မဖန်တွေက တစ်သန်းကျော်သွားပြီ... ကျွန်မရဲ့ ချစ်စရာ သကြားယုန်လေးတွေကို ကျေးဇူးတင်ဖို့အတွက် ဒီနေ့ မင်းတို့အတွက် သရေစာနှစ်မျိုး လုပ်ပြပါမယ်"
သကြားယုန်က သူမ၏ဖန်ဂရုနာမည် ဖြစ်သည်။
"သကြား"က သူမ၏ မျိုးရိုးနာမည်နှင့် ဆင်တူပြီး "ချောင်းချောင်း"က "ယုန်ကလေး ဂျိုဂျို"မှ "ဂျိုဂျို"နှင့် ဆင်တူသည်။ ဖန်များသည်လည်း သူမက ယုန်ကလေးတစ်ကောင်ကဲ့သို့ ချစ်ဖို့ကောင်းသည်ဟု ပြောနိုင်ပေသည်။
[T/N MCရဲ့ မျိုးရိုးနာမည်ထန်က တိုက်ခိုက်ခြင်း ဖြစ်ပြီး သကြားလို့ အဓိပ္ပါယ်ရတဲ့ ထန် နောက်တစ်မျိုးလည်း ရှိပါသေးတယ်]
ထန်ချောင်းချောင်းက ထိုနာမည်လှလှလေးကို ချက်ချင်း သုံးခဲ့သည်။
ဖန်များက ယုန်သည် ချစ်စရာ ကောင်းပြီး ထန်ချောင်းချောင်းကဲ့သို့လည်း အင်အားကြီးသည်ဟု မပြောနိုင်ခဲ့ကြပေ။
သို့သော်လည်း မပြောသည်က ပိုကောင်းပေမည်။ မဟုတ်လျှင် သူမက ထပ်ပြီး မကျေမနပ် ဖြစ်လာမည်ဖြစ်သည်။
" ရှင်တို့ကို လက်ဆောင်ရွေးခွင့်ပေးမယ်... အချိုအရသာ ကြိုက်လား... အငန်အရသာမုန့် ကြိုက်လား"
ဖန်များက ထန်ချောင်းချောင်းတစ်ယောက် ကိုယ်တိုင် မုန့်များ လုပ်ပြီး ပို့ပေးမည်ဟု ကြားလိုက်ကြသောအခါ လူအုပ်ကြီးက ရူးသွပ်တော့မလို ဖြစ်သွားကြသည်။
[အချိုလေး လိုချင်တယ်... အချိုမုန့်တွေက အမှန်ဆုံး နည်းလမ်းပဲ]
[အငန်လေး စားချင်ပါတယ်.... အရမ်းချိုလွန်းတာကို မထောက်ခံပါ]
[ချောင်းပေါင်းရေ ... ငါကတော့ အကုန်စားတယ်... မရွေးတော့ဘူးနော်]
ရွေးရန် ခက်ခဲနေသောအခါ ထန်ချောင်းချောင်းက တစ်ခဏမျှ တွေးတောကာ တစ်ခုက ချိုပြီး တစ်ခုက ငန်သည့် မတူညီသော အရသာ နှစ်မျိုးလုပ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
အချိုအရသာ ရှိသော သရေစာက ကြာပွင့်အကြွပ်ဖြစ်ပြီး အချိုပွဲ အဖြစ်လည်း အသုံးပြုနိုင်ပေသည်။
ယခုခေတ်လူများက များသောအားဖြင့်အလုပ်ရှုပ်မခံတော့ဘဲ အစားအစာဆိုးဆေးများကို တိုက်ရိုက်သုံးလိုက်ကြသည်က များလေသည်။ သို့သော်လည်း ထန်ချောင်းချောင်းအတွက်အမူ အရမ်း မခက်ခဲပါချေ။ သူမက အသီးအရွက်စိုက်ခင်းထဲမှ သကြားမုန်လာနှင့် ဟင်းနုနွယ်တို့ကို အရည်ညှစ်ကာ ပန်းရောင်နှင့် အစိမ်းရောင် အရောင်နှစ်မျိုးရရှိရန် သုံးလိုက်သည်။
အသီးအရွက်အရည်များကို မုန့်သားများထဲသို့ ခွဲထည့်ကာ ရေဓါတ်ပြည့်ပြီး ဆီဝင်းနေသော မုန့်သားများရရန်အတွက် ဝက်ဆီနှင့် ရေကိုလည်း အတူတကွ ထည့်လိုက်သည်။
ပန်းရောင်မုန့်သားက ချစ်စရာကောင်းပြီး အစိမ်းရောင်မုန့်သားက လန်းဆန်းသွားစေသည်။ သူမက ၎င်းတို့ကို ဘေးတွင် ထားလိုက်ကာ အချိန်အနည်းငယ် နှပ်ထားလိုက်သည်။
အစာသွပ်မုန့်အကာက ထိုမုန့်အတွက် မရှိမဖြစ် ဖြစ်ပြီး အဖြူရောင်အဆီခဲဖြင့် ပြုလုပ်လျှင် ပိုကောင်းသည်။ သူမက မုန့်မှုန့်များထဲသို့ အဆီခဲကို ထည့်လိုက်ပြီး ခြောက်သွေ့နေသော နေရာ မရှိတော့သည်အထိ နှံ့နှံ့စပ်စပ် နယ်ကာ အပိုင်းသေးသေးလေးများ ခွဲထားလိုက်သည်။
မုန့်သားအားလုံးနပ်သွားသောအခါ သူမက အရွယ်တူဆိုဒ်လေးများ ခွဲကာ လှိမ့်လိုက်သည်။
ထို့နောက် အစာသွပ် မုန့်အကာ၏ မုန့်သားကို အရောင်စုံ မုန့်သား ဖြစ်လာသည်အထိ ရောနှောလိုက်ပြီး အကြိမ်များစွာ ပြားလိုက်ခေါက်လိုက် လုပ်နေခဲ့ပြီးနောက်တွင် ပြားသည်အထိ လှိမ့်လိုက်ကာ အဆာပလာများကို ထည့်ရမည်ပင်။
ဒီတစ်ကြိမ်တွင် ထန်ချောင်းချောင်းက အုန်းနို့အနှစ်နှင့် ကြက်ဥအနှစ်တို့ကို အစာသွပ်ရန် ရွေးချယ်လိုက်သည်။ ထောပတ် နူးညံ့လာသောအခါ သူမက ကြက်ဥအနှစ်၊ သကြား၊ အုန်းသီး နှင့် နွားနို့တို့ကို ထည်လိုက်သည်။ ထို့နောက် သေချာရောနှောကာ အဝါရောင် ဘောလုံးလေးဖြစ်လာသည်အထိ နယ်ပေးလိုက်သည်။
ထို့နောက် သူမက အဝါရောင်ဘောလုံးလေးကို အစာသွပ် မုန့်အကာထဲသို့ ဌာပနာလိုက်ပြီး ခပ်ဝိုင်းဝိုင်း အလုံးလေးဖြစ်လာသည်အထိ လှိမ့်လိုက်သည်။
နောက်တစ်ဆင့်တွင် သူမက ဓါးတစ်လက်ကို သုံးကာ အလုံးလေး၏ ထိပ်တွင် ပန်းပွင့်ချပ်များ ပုံဖော်ခဲ့ပြီး နောက်ဆုံးမှာ အရေးကြီးဆုံး အဆင့်ဖြစ်သည့် အတွင်းထဲထိ ကျက်အောင် ကြော်ခြင်း ဖြစ်လေသည်။
ထန်ချောင်းချောင်းက ဆီအပူချိန်ကို စမ်းလိုက်ပြီးနောက် ဘောလုံးဝိုင်းလေးများကို ဆီဒယ်အိုးထဲသို့ ထည့်ကာ ကြော်လိုက်သည်။ အပူချိန်က အလွန်မမြင့်သင့်ပေ။ ကြော်နေသည့်အချိန်တွင် ဘောလုံးဝိုင်းလေးများက ကြာပန်းပုံစံအဖြစ် တဖြည်းဖြည်းပွင့်အာသွားမည် ဖြစ်သည်။ မုန့်သားအကာကို အချိန်အကြာကြီး ခေါက်ထားခဲ့သောကြောင့် ပွင့်ဖတ်များက အထပ်လေးများဖြစ်ကာ ပါးလျပြီး ကြွပ်ဆတ်နေမည် ဖြစ်သည်။
ကြာပန်းက အပြည့်အစုံ ပွင့်သွားပြီးသောအခါ အကြော်အိုးထဲမှ ဆယ်ယူနိုင်ပေသည်။
ဖန်များ ကြာပန်းမုန့် ပွင့်အာလာသည့် ဖြစ်စဥ်တစ်ခုလုံး ရှင်းရှင်းလင်းလင်း မြင်စေရန်အတွက် ထန်ချောင်းချောင်းက ဖုန်းကို မြှောက်ကာ အကြော်အိုးကို ပြသထားခဲ့သည်။
[အားးးးးးး]
[လှချက်ပဲ... တကယ့်ကြာပွင့်ဖတ်တွေလိုပဲ... စားချင်လိုက်တာ]
အငန်မုန့်အတွက်ကိုကား သူမက ဟင်းအနှစ်အစာသွပ်မုန့်ကို ရွေးချယ်ထားခဲ့သည်။
ဟင်းအနှစ်အစာသွပ်မုန့်က ကြာပွင့်အကြွပ်ကြော်နှင့် တူညီသော မုန့်သားကို အသုံးပြုရသည်။ သူတို့သည်လည်း အစာသွပ် မုန့်အကာကို အသုံးပြုရန် လိုအပ်ပြီး အမဲသားကို ဟင်းအနှစ်နှင့် ကြက်သွန်နီတို့ဖြင့် ချက်ထားသော အဆာပလာကို ဖြည့်သည်သာ ကွဲပြားလေသည်။ အစာသွပ်မုန့်၏ မုန့်အကာ ထဲသို့ ချက်ထားသော အဆာပလာများကို ထည့်ရပြီး ဖက်ထုပ်များကဲ့သို့ အစွန်းတွင် အတွန့်အခေါက်ပုံစံ လုပ်ရသည်။
ဟင်းအနှစ်အစာသွပ်မုန့်ကို မကြော်ဘဲ ဖုတ်ရသည်။
နောက်ဆုံးထွက်လာသည့် ပစ္စည်းကို ပိုကြည့်ကောင်းစေရန်အတွက် မုန့်ဖုတ်စက်ထဲ မထည့်ခင်တွင် ထန်ချောင်းချောင်းက ဟင်းအနှစ် အစာသွပ်မုန့်တစ်ခုစီကို ကြက်ဥအနှစ်များ သုတ်လိုက်သည့်အတွက် မုန့်ချိုက ပို၍ ရွှေရောင်သန်းကာ ကြွပ်ဆတ်လာမည် ဖြစ်သည်။
[အိုး... အိုး... အိုး... ဒီဟင်းအနှစ်မုန့်က ကြည့်ရတာ နှိုက်စားချင်စရာလေး... ငါ ငန်တဲ့ မုန့်တွေကို ကြိုက်တယ်... ဟင်းအနှစ် အစာသွပ်မုန့်ကို ကြိုက်တယ်... ငါ့ကို မှတ်ထားပေးပါ... နတ်ဘုရားမလေးရေ]
[အနံ့တောင် ရလာသလိုပဲ... တစ်ခုခုတော့ မှားနေပြီ... မုန့်ချိုက ဘယ်မှာလဲ]
[ဒီကောင်မလေးက တစ်လလုံး အသီးအရွက်ပဲ စားပါ့မယ်... ဘုရားသခင်... ကျွန်မ မဲကျပါစေ]
[အား အား အား.... ချောင်းပေါင်ရေ... ငါ့ကို မဲကျမှ ဖြစ်မယ်နော်]
[ငါတော့ ကြာပွင့်အကြွပ်ကြော်ကို အကြိုက်ဆုံးပဲ... ကြည့်လို့ အရမ်းကောင်းတာပဲ]
[ချောင်းချောင်းမှာ စားလို့ကောင်းတဲ့ ဟင်းလျာတွေ ဘယ်လောက်တောင် ရှိနေသေးတာလဲ... သူမက ဒီလို အချိုမုန့်တွေတောင် လုပ်နိုင်တယ်... သူက အရမ်း ကျွမ်းကျင်တာပဲ]
ထန်ချောင်းချောင်းက အားလုံးပြီးသွားသောအခါ လက်သုတ်လိုက်ပြီး ကင်မရာကို ပြုံးပြလိုက်သည်၊
"ဒီနေ့ရဲ့ ပွဲအရေအတွက်က ကန့်သတ်ချက်ရှိပါတယ်... လူငါးဆယ်ကိုပဲ ရွေးချယ်သွားမှာပါ... လူတစ်ယောက်စီက ကြာပွင့်အကြွပ် နဲ့ ဟင်းအနှစ်အစာသွပ်မုန့် အပါအဝင် ကျွန်မ လက်မှတ်ထိုးထားတဲ့ ဓါတ်ပုံတစ်ပုံ ရရှိပါမယ်... ကံစမ်းမဲကတော့ နာရီဝက်အတွင်း နှိုက်ပေးမှာပါ... လူတိုင်း... ရှင်တို့ရဲ့ သီးသန့်မက်ဆေ့ချ်တွေကို သေချာ ကြည့်ထားကြပါ... အကယ်၍ ရှင်တို့ မဲကျခဲ့ရင် ကျေးဇူးပြု၍ အိမ်လိပ်စာကို ချက်ချင်းပေးကြပါ... သူတို့တွေကို ချက်ချင်း ပို့ပေးဖို့ လိုပါတယ်... ဒီမုန့်တွေကို တစ်နေ့အတွင်း စားမှ ဖြစ်မှာပါ"
ထို့ကြောင့်ပင် ဖန်များက ထန်ချောင်းချောင်း၏ နောက်ဆုံးပိုစ့်တွင် အပြုံလိုက်ဖြစ်နေကြပြီး ဝေ့ပေါ်တွင် ဝေမျှလာကြသည်။ မှတ်ချက်များနှင့် likeများက နဂါးတစ်ကောင်ကဲ့သို့ပင် ရှည်လျားလေသည်။ အစားအစာအတွက်နှင့်ပင် ဆုတောင်းပုံ နည်းလမ်း အမျိုးမျိုးပါ အသုံးပြုခဲ့ကြသေးသည်။ မကြာခင်ပင် ထိုဝေ့ပေါ်ပိုစ့်က ပြန်လည်မျှဝေမှုများ သောင်းပေါင်းများစွာ ဖြစ်လာသည်။
ပို၍ ထင်မှတ်မထားသည်မှာ မောက်လီသည်လည်း သူမ၏ တရားဝင်အကောင့်မှနေ အွန်လိုင်းပေါ် ရောက်လာခဲ့ပြီး "ငါ့ကိုရွေး"ဟု အလွန်အေးစက်စွာဖြင့် ပြောခဲ့သေးသည်။
ဖန်များက တစ်စုတစည်းတည်း ဖြစ်သွားကြတော့သည်။
ထို့နောက် ဝေ့ရီချီနှင့် ဟူမြောင်ပါ ဘေးထွက်မနေတော့ဘဲ အလျင်အမြန် ပါဝင်လာကြတော့လေသည်။ သူတို့က နာမည်ကျော်များ ဖြစ်သည့်အလျောက် သူတို့၏ မှတ်ချက်များက အင်အားပိုကြီးလေသည်။ သူတို့၏ ပြန်လည်မျှဝေမှုများက ရေပန်းစားသည့် မှတ်ချက်များ ဖြစ်လာတော့သည်။
ဖန်များက တစ်ယောက်ပြီးတစ်ယောက် စာပြန်လာကြသည်။
[???]
[မင်းတို့အားလုံး ချောင်းချောင်းရဲ့ ဟင်းတွေကို စားဖူးကြပြီးပြီပဲ... ဘာလို့များ ငါတို့နဲ့အတူ အချိုမုန့်တွေ လိုက်လုချင်နေရသေးတာလဲ]
[ငါကတော့ မောက်လီ၊ ဟူမြောင်နဲ့ ဝေ့ရီချီတို့လို စတားတွေနဲ့ ပြိုင်ရတော့မယ်... နောက်မှ တွေ့ကြတာပေါ့]
[တကယ်ကြီးလား... လူတွေပိုများလာပြီ... အခွင့်အရေးက ထီလက်မှတ်ဝယ်ရသလိုပါပဲလား]
ရှန်းယွဲ့သည်လည်း ထန်ချောင်းချောင်း၏ ကံစမ်းမဲ အစီအစဥ်တွင် ပါဝင်ခဲ့သည်။ သူမက သူ့ကို ကြာပွင့်အကြွပ်နှင့် ဟင်းအနှစ်အစာသွပ်မုန့်ဝေစု တစ်စု ပေးခဲ့သော်လည်း ဝေ့ရီချီနှင့် ဟူမြောင်တို့ ယောကျ်ားသားနှစ်ယောက် ကံစမ်းမဲတွင် ပါဝင်လာကြသည်ကို တွေးမိသွားသောအခါ အလွန် စိတ်ပျက်သွားရတော့သည်။
ထို့ကြောင့်ပင် သူသည်လည်း ပြန်လည်မျှဝေခဲ့သည်။ သူကံစမ်းမဲ မပေါက်ခဲ့ရင်တောင် ကိစ္စမရှိပေ။ သူက ထိုယောကျ်ားနှစ်ယောက်၏ ကံထူးနိုင်မည့် အခွင့်အရေးကို နည်းသွားရန်သာ လုပ်ခဲ့ခြင်း ဖြစ်ပေသည်။
ထန်ချောင်းချောင်းတစ်ယောက် သူမ၏ သန်းချီသော ဖန်များအတွက် လုပ်ပေးသော ကံစမ်းမဲက ထိုကဲ့သို့ ကိစ္စကြီးတစ်ရပ် ဖြစ်သွားမည်ဟု မထင်ထားခဲ့ပေ။ သူမသာ ကြိုသိခဲ့ပါက မုန့်များကို ပိုပိုလိုလို လုပ်ထားခဲ့မည် ဖြစ်သည်။ သေချာပေါက် မောက်လီ၊ ဟူမြောင်နှင့် ဝေ့ရီချီတို့က သူမအတွက် လူသိများလာအောင် လုပ်ပေးခဲ့ကြသည်။
အမှန်တကယ်ဆိုလျှင် ထိုသူများက အဘယ်ကြောင့် ကံစမ်းမဲနှိုက်သင့်ပါမည်နည်း။ ထိုသူများသာ သူမကို ပြောလာပါက သူမသည်လည်း သူတို့ကို မုန့်များပို့ပေးမည်သာ ဖြစ်သည်။
သို့သော်လည်း မောက်လီက သူမကို သီးသန့်မက်ဆေ့ ပို့လာခဲ့သည်၊ "ငါ ကံစမ်းမဲ ပေါက်မှပဲ ပို့လိုက်"
၎င်းက အစားကြိုက်သူတစ်ဦး၏ ကြိုးပမ်းမှုသာ ဖြစ်လေသည်။
ကံစမ်းမဲတွင် လူများစွာ ပါဝင်လာသောကြောင့် ကံစမ်းမဲနှိုက်သည့်စနစ်ပင် ပျက်လုနီးနီး ဖြစ်သွားခဲ့သည်။ ရလဒ် ထွက်လာရန်အတွက် အချိန်အတော်ကြာခဲ့လေသည်။
[ဂုဏ်ပြုပါတယ်... သရေစာပုံးနဲ့ ချောင်းချောင်းရဲ့ လက်မှတ်ထိုးထားတဲ့ ဓါတ်ပုံ ကံထူးသွားခဲ့တဲ့ မောက်လီ၊ အစားကြိုက်တဲ့ ကြောင်ကလေး၊ ချောင်းချောင်းအပိုင်၊ ဆောင်းရာသီရဲ့ လမင်းကြီး နှင့် အခြားအသုံးပြုသူ ငါးဆယ်တို့ရေ... ဝေ့ပေါ်ရဲ့ တရားဝင် ကံစမ်းမဲစနစ်က မဲကို ကြီးကြပ်ထားပါတယ်... ရလဒ်တွေက တရားမျှတပြီး အကျိုးသက်ရောက်မှု ရှိပါတယ်]
[အား အား အာ... ငါတကယ်ကြီး မဲပေါက်တယ်... ငါတစ်လလုံး အသီးအရွက်ပဲ စားမယ်ဆိုတဲ့ကတိကို တည်ပါ့မယ်]
[မောက်လီက တကယ် ရသွားတာဟ... အခွင့်အရေးက အပုံငါးသိန်းမှ တစ်ပုံထဲကိုလေ... အား ဒီ Koi ငါးကြင်းလေး... အထီးကျန်လွန်းလို့ သက်ပြင်းချတဲ့.ပုံ]
[ရင်ခုန်ရတဲ့ဟာလေးက သူတို့အပိုင် ဖြစ်သွားပြီ... ငါကတော့ ဘာမှ မရလိုက်ပါ... ဝူး]
သူမ မဲပေါက်သည်ကို သိသွားသောအခါ မောက်လီက ပန်းကန်အလွတ်တစ်ခု၏ ပုံကို တင်လိုက်ပြီး ထန်ချောင်းချောင်းဆီသို့ ပြန်ပို့လိုက်သည်၊ "လိပ်စာ ပို့ပေးပြီးပြီနော်... ငါစောင့်နေတယ်"
ထန်ချောင်းချောင်းက ပြန်တုံ့ပြန်ခဲ့သည်၊ "ရှင့်ကို သေချာပေါက် အရင်ဆုံး ပို့ပေးလိုက်မယ်နော်"
Xxxxxx