အပိုင်း ၃၄
Viewers 23k

Chapter 34

 မုတ်ဆိတ်ရိတ်​ပေးခြင်း


သူမ မဲ​ပေါက်သည်ကို သိသွား​သောအခါ ​မောက်လီက ပန်းကန်အလွတ်တစ်ခု၏ ပုံကို တင်လိုက်ပြီး ထန်​​ချောင်း​ချောင်းဆီသို့ ပြန်ပို့လိုက်သည်၊ "လိပ်စာ ပို့​ပေးပြီးပြီ​နော်... ငါ​စောင့်​နေတယ်"


ထန်​​​ချောင်း​ချောင်းက ပြန်တုံ့ပြန်ခဲ့သည်၊ "ရှင့်ကို ​သေချာ​ပေါက် အရင်ဆုံး ပို့​ပေးလိုက်မယ်​နော်"


[ဖာခ့် မုန်းလာပြီ​နော်]


[ငါ့နတ်ဘုရားမ​လေးနှစ်​ယောက်က ခင်မင်​နေကြတာ... ငါငိုချင်လာပြီ]


[သူတို့​နှစ်​ယောက်လုံးက မြို့​တော်မှာ​လေ... တစ်မြို့ထဲက အိမ်အ​ရောက်ပို့ စနစ်နဲ့ ဆိုရင် မကြာခင်ပဲ ​ရောက်သင့်တယ်... ကြည့်ရတာ ​မောက်လီကပဲ အရင်ဆုံး စားရမဲ့သူ ဖြစ်မယ်ထင်တယ်​နော်]


​ဝေ့ရီချီကလည်း မနာလိုမှုအပြည့်နဲ့ ပိုစ့်တင်လိုက်သည်၊ " အစ်မ​ရေ ကျွန်​တော့်ကိုလည်း တစ်ကိုက်​လောက်"


ဟူ​မြောင်သည်ပင် အမုန်းတရားအပြည့်ဖြင့် ပို့လာခဲ့သည်၊ 


" လုယက်ဖို့ အိမ်အ​ရောက်ပို့ ကုမ္ပဏီကို သွား​နေပါပြီ"


[ဟူ​မြောင်နဲ့ ​ဝေ့ရီချီလည်း လွဲသွားတယ်​ဟေ့... ငါ​တော့ ချက်ချင်း စိတ်သက်သာရာ ရသွားတယ်]


[ဟူ​မြောင်တစ်​ယောက် ခုန်​ပေါက်​နေမှာကို မြင်​ယောင်ပါ​သေးတယ်... ငါလည်း ထန်​ချောင်း​ချောင်းရဲ့ မီးဖို​ချောင်ကို သွားလုချင်တယ်လို့]


[သူမရဲ့ အစားအ​​သောက်​​တွေက ဘယ်​လောင်​တောင် စား​ကောင်းလို့များလဲ... သူတို့​တွေက ရှိုးပြီးသွား​တာ​တောင် အခုထိ သတိရ​နေတုန်းပဲ]


[ငါက ​ချောင်း​ပေါင် လုပ်တဲ့ ဘန်းမုန့်​ကြော်​​တွေကို စားခဲ့ရတဲ့ ကံ​ကောင်းသူ​လေးပါ... အဲ့အချိန်ကတည်းက ငါလည်း သကြားယုန်​လေး ဖြစ်လာတာ... ထန်​​ချောင်း​ချောင်း​နောက်ကို လိုက်လို့ အရှုံးမရှိပါဘူး... ရဲ​ဘော်တို့]


ထိုသ​ရေစာများကို ဖြစ်နိုင်သမျှ မြန်မြန် ပို့​ပေးရန်အတွက် ထန်​​​ချောင်း​ချောင်းက ဗီလာအတွင်းရှိ အ​စေခံများအားလုံးကို စုစည်းကာ ထုပ်ပိုးသည့်​နေရာတွင် ကူညီ​ပေး​စေခဲ့သည်။


အန်တီဝမ်က ဖုန်းကို ကိုင်ကာ မဲ​ပေါက်သူများ၏ လိပ်စာများကို ဖတ်​နေချိန်တွင် ထန်​ချောင်း​ချောင်းက ပို့ရမည့်စာရင်းကို ဖြည့်​ပေး​နေသည်။


အန်တီဝမ်က လိပ်စာတစ်ခုကို ကြည့်လိုက်ပြီး​နောက် ​ပြောလိုက်သည်၊"ဒီ "ဆောင်းရာသီရဲ့ ​ငွေလမင်းကြီး" ဆိုတဲ့သူရဲ့ လိပ်စာက ​အောင်းရှင်း ရင်းနှီးမြုပ်နှုံ​ရေး၊ xx ချန်အန်းလမ်း၊ ​ပေကျင်းတဲ့လား... ကုမ္ပဏီနာမည်က ​တော်​တော်​လေး ရင်းနှီး​နေတယ်"


ထန်​ချောင်း​ချောင်းက ​မော့မကြည့်လာဘဲ စာရင်းကိုသာ ဖြည့်​​နေခဲ့သည်၊ "အဲ့မှာ အလုပ်လုပ်​နေတဲ့ အသိရှိလို့လား"


အန်တီဝမ်က တခဏမျှ စဥ်းစားလိုက်သည်၊ "ကြည့်ရတာ ကျွန်မ အရင်က အဲ့လိပ်စာကို တစ်ခုခု ပို့ဖူးသလိုပဲ... ဒါ​ပေမယ့် အသက်ကြီးလာ​တော့ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမှတ်မိ​တော့ဘူးကွယ်"


"အဟမ်း" ရှန်းယွဲ့က သူ့ဝှီးချဲကို တွန်းလာခဲ့သည်။ သူက လက်​ချောင်းများကို အချင်းချင်းဆုပ်ကိုင်ကာ လက်​မောင်းများကို ဝှီးချဲလက်ရန်းများအ​ပေါ် တင်ထားလိုက်ပြီး သူမတို့ကို ​အေး​အေးစက်စက် ​ပြောလိုက်သည်၊ "စကားမ​ပြောကြနဲ့​တော့... အဲ့တာ​တွေကို မြန်မြန်​လေး အပြင်ထုတ်လိုက်ကြ... ဒီ​နေရာမှာ ပုံး​တွေ ပွထ​နေတာပဲ... အမြင်ရှုပ်လိုက်တာ"


'အန္တရာယ်များလိုက်တာ... မိ​တော့မလို့'


အန်တီဝမ်​ပြောတာ မှန်​ပေသည်။ သူမ ထိုလိပ်စာကို တစ်ခါ ပို့​ပေးဖူးသည်။ ၎င်းက ရှန်းယွဲ့၏ ကိုယ်ပိုင် ကုမ္ပဏီ ဖြစ်​​သော​ကြောင့် သူ တစ်ခါက အန်တီဝမ်ကို ကုမ္ပဏီဆီသို့ တစ်ခုခု ပို့​ပေးရန် ခိုင်းခဲ့ဖူးသည်။


မူလတွင် ရှန်းယွဲ့က ထို ဟူ​မြောင်နှင့် ​ဝေ့ရီချီတို့ နှစ်​ယောက်၏ မဲ​ပေါက်နိုင်မည့် အခွင့်အလမ်းကို နိမ့်သွားရန်သာ ကံစမ်းမဲတွင် ပါဝင်ခဲ့​ခြင်း ဖြစ်ပြီး သူမဲ​ပေါက်လိမ့်မည်ဟု မထင်ထားခဲ့​ပေ။ သူ ကြုံရာကျပန်း ​ရွေးလိုက်သည့် ​ဝေ့ပေါ်အ​ကောင့်နာမည်က "ဆောင်းရာသီရဲ့ လမင်းကြီး" ဖြစ်သည်။


သို့​​သော်လည်း သူ ထန်​ချောင်း​ချောင်းကို သူ့အိမ်မှာ သ​​ရေစာခွဲတမ်း ရှိ​နေ​သော်လည်း ကံစမ်းမဲ သွားနှိုက်ခဲ့သည်ကို သိခွင့်ပြုမှာ မဟုတ်​ပေ။ မဟုတ်လျှင် သူမအမြီးက ​ဆောင့်ကြွားကြွားဖြင့် မိုး​ပေါ်အထိ ​​မြောက်​နေလိမ့်မည် ဖြစ်သည်။


ထို့အပြင် ရှန်းယွဲ့သည်လည်း ၎င်းကို ကုမ္ပဏီသို့ အရင်ပို့ကာ လီကျိကို လက်ခံခိုင်းလိုက်မည်။ ​နောက်တွင် သူက လီကျိကိုပဲ ဗီလာသို့ လာပို့ခိုင်းမည် ဖြစ်သည်။


ထိုနည်းလမ်းဖြင့် ထန်​ချောင်း​ချောင်းက သူ ကံစမ်းမဲတွင် ပါဝင်ခဲ့သည်ကို သိနိုင်မည် မဟုတ်ဘဲ သ​ရေစာ​နောက်တစ်ပွဲကိုပါ စားနိုင်မည် ဖြစ်သည်။


အ​ကောင်းဆုံးပဲ..


ထန်​​ချောင်း​ချောင်းက မြို့​တော်က မဟုတ်သော ဖန်များပင် နှစ်ဆယ့်​လေးနာရီအတွင်း လက်ခံရရှိနိုင်ရန်အတွက် သင့်​တော်သည့် အမြန်​ချောပို့စနစ်ကို အသုံးပြုခဲ့သည်။


ထန်​ချောင်း​ချောင်းက ပစ္စည်းများ ပို့ရန် အလုပ်ရှုပ်​နေချိန်တွင် ထန်မိသားစုရှိ ​လေထုက ​လေးလံ​နေခဲ့သည်။


ဆိုဖာ​ပေါ်တွင် ထိုင်​နေရင်းပင် ထန်ရို့က လူတိုင်း သနားစိတ် ​ပေါ်လာသည်အထိ ငို​နေခဲ့သည်၊


 "သမီး တကယ် လက်​ချော်ပြီး သွားနှိပ်မိတာပါ... တမင် ရည်ရွယ်တာ မဟုတ်ပါဘးး... အစ်မ​ချောင်းချောင်းသာ ​ဝေ့​ပေါ်က ကျွန်မပိုစ့်ကို အထင်လွဲသွားမယ်လို့ မထင်ထားခဲ့ဘူး"


မဒမ်ထန်၏ နာမည်က လီယွီလန် ဖြစ်သည်။ သူမက ငါးဆယ်​ကျော်​နေပြီ ဖြစ်​​သော်လည်း ပိန်ပါးကာ မျက်လုံးများက စူးရှ​နေ​ပေသည်။


သူမက ထန်ရို့ကို ဆက်တိုက် ​ချော့​​မော့​​နေခဲ့သည်၊ "ရို့ရို့... မငိုပါနဲ့... သမီး အပြစ်ကင်းတာ အ​မေသိပါတယ်... ​ချောင်း​ချောင်းက မသိတတ်ဘူး... အ​မေတို့ သူ့ကို သူ့ဖြစ်တည်မှုအ​​ကြောင်း မ​ဖော်ထုတ်ဖို့ ​ပြောခဲ့​ပေမယ့် အရာရာတိုင်း အရုပ်ဆိုး​အောင် လုပ်သွားတယ်... အခု​တော့ ကမ္ဘာ​​ပေါ်က လူတိုင်း အဲ့အ​ကြောင်းကို ​ပြော​နေကြပြီ"


မ​တော်တဆမှု ပြီး​နောက် သူမ၏ အထက်တန်းလွှာအသိုင်းအဝိုင်းရှိ ညီအစ်မ​ကောင်းတစ်ချို့က ထိုအ​ကြောင်းကို ​မေးလာခဲ့ကြသည်။ အများစုက ​ဟာသလုပ်ရန်သာ ဖြစ်ပြီး သူတို့က သူမကို မျက်နှာ ပျက်​စေခဲ့သည်။


ထန်ရို့က အားနည်း​သော ​လေသံ​လေးဖြင့် ငို​ကြွေးလိုက်သည်၊ " အစ်မက သမီး သူ့​​နေရာကို ယူထားမိလို့ အပြစ်တင်​နေတာကို သမီး နားလည်​ပေးနိုင်ပါတယ်... သမီး ထွက်သွားသင့်တာပါ"


"အဓိပ္ပါယ် မရှိတာ... ဒါ သမီးရဲ့အိမ်ပဲ... ဘယ်​နေရာကို ထွက်သွားမလို့လဲ"


ထန်ရို့က လီယွီလန်၏ ပုခုံး​ပေါ်တွင် မှီလိုက်ကာ အချိန်အ​တော်ကြာ ငို​ကြွေး​နေခဲ့သည်။


လီယွီလန်က ထန်​ချောင်း​ချောင်းအ​ကြောင်း ​တွေးမိသည့်အချိန်တိုင်း ​အေးစက်လာရသလိုပင်။


 "​သေသင့်တဲ့​ကောင်မ​လေးက ​တောဘက်မှာ ကြီးလာ​​တော့ ပညာမတတ်ဘူး... ဘယ်လို အမြင်ကျယ်ကျယ်ထားရမယ်မှန်းလည်း မသိဘူး"


"​ကောင်းပြီ... တရစပ် ​ပြောမ​နေနဲ့​​တော့... စိတ်ရှုပ်ဖို့​ကောင်းတယ်"


ထန်တနှင့် လီယွီလန်တို့က ပုံသဏ္ဍာန်ချင်း လုံးဝကွဲပြားသည်။ သူ့မှာ ဗိုက်ပူပူကြီး ရှိ​နေပြီး မျက်နှာကလည်း အဆီများ ပြည့်​နေ​သေးသည်။ သူ့မျက်လုံး​သေး​သေး​လေးကို ဖုံးထားသည့် အမည်း​ရောင်ကိုင်းများပါ​သော မျက်မှန်တစ်လက်လည်း တပ်ထားခဲ့သည်။


"ငါ မင်းကို အခုထိ အပြစ်တင်​နေတုန်းပဲ... ငါတို့က ဘာလို့ သူ့ကို အသိအမှတ်ပြုဖို့ လိုမှာလဲ... ငါတို့ကိုယ်တိုင် ​ခေါ်ထားတာမှ မဟုတ်တာ... သူ ဘယ်လိုလုပ် ငါတို့ကို ဂရုစိုက်ပါ့မလဲ"


ထန်တ၏ အမြင်တွင် က​လေးမှားယူသွားမိလျှင်​တောင် အမှားတစ်ခုသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ သားနှစ်​ယောက် ရှိ​နေ​​သေးပြီး တစ်​ယောက်က နိုင်ငံခြားတွင် ပညာသင်ကြား​နေကာ အခြားတစ်​ယောက်က သူ့ကို ကုမ္ပဏီတွင် ကူညီ​ပေး​နေသည်။ သမီးတစ်​ယောက်က အမြဲတမ်း လက်ထပ်သွားမည်သာ ဖြစ်သာ​ကြောင့် အ​ရေးကြီး ကိစ္စမဟုတ်​ပေ။ အ​ရေးအကြီးဆုံး အချက်သည်ကား သူ့သမီးက ​နောင်တစ်ချိန်တွင်မိသားစုနှင့် ကုမ္ပဏီဆီကို အကျိုးအမြတ်များ ရယူ​ပေးနိုင်သည့် ​ကောင်းမွန်စွာ လက်ထပ်သွားနိုင်ရန် သာ ဖြစ်​လေသည်။


လီယွီလန်က ငြီးငြူလိုက်​လေသည်။ "ဘာပဲဖြစ်ဖြစ် သူက ကျွန်မ ဗိုက်ထဲမှာ ကိုးလလွယ်ပြီးမှ ​မွေးလာတာ​လေ... ကျွန်မ သူ့ကို ​တွေ့မှ​တော့ ဘယ်လိုလုပ် အသိအမှတ်မပြုဘဲ ​နေနိုင်ရမှာလဲ... ရှင်က သူ့ကို ​မွေးခဲ့တာမှ မဟုတ်တာ ​နေနိုင်မှာ​ပေါ့"


"မင်းက အမှိုက်မကို ​မွေးခဲ့တာ​လေ... သူက မင်းကို အ​မေတစ်​ယောက်လို့ အသိအမှတ် ပြု​နေလို့လား... အခုထိ ဖုန်းမ​ဖြေလာဘူး" ထန်တက ​ဒေါသထွက်ရလွန်းလို့ ​ခေါင်းထဲက မီးခိုးများ တလူလူ ထွက်လာမတတ်ပင်။


"​​မေ​မေနဲ့ ​ဖေ​ဖေ... စကားမများကြပါနဲ့​တော့... မဟုတ်ရင်လဲ သမီး သူ့ကို ဖုန်း​ခေါ်ပြီး ရှင်းပြလိုက်ပါ့မယ်... သူက သမီးကို စိတ်ဆိုး​​နေရုံပါ... သူ့ကို အပြစ်မတင်ပါနဲ့​တော့"


ထန်ရို့က ကျိုး​ကြောင်းဆီ​လျော်သည့် ပုံနှင့်ပင်။


"အခု သမီး လုပ်ရမှာ ခံစားချက်​တွေ ထိန်းပြီး ရှန်းလျန့်နဲ့ သူ့မိဘ​တွေကို နှစ်သိမ့်​ပေးဖို့ပဲ" 


လီယွီလန်က အမှန်တကယ်မှာ ထိုကိစ္စကို အ​လေးအထားဆုံးပင် ဖြစ်သည်။ 


"အခု ရှန်းလျန့်မိဘ​တွေရဲ့ သ​ဘောထားက​ရော ဘယ်လိုလဲ"


ထန်ရို့က သူ့မျက်လုံးများကို ငိုက်စိုက်ချလိုက်သည်။ "ရှန်းလျန့်​ပြောတာ အန်ကယ်နဲ့ အန်တီက နည်းနည်း စိတ်ဆိုး​နေကြတယ်တဲ့... ​မေ​မေတို့ သူတို့ကို သွားရှင်းပြရမယ်ထင်တယ်"


"ဘာ... ဒါ​တော်​တော်ဆိုးတယ်... အခုပဲ ဖုန်း​ခေါ်လိုက်မယ်" ထန်တနှင့် လီယွီလန်တို့၏ အကြီးမားဆုံး ဆန္ဒသည်ကား ရှန်းလျန့်နှင့် နီးစပ်ရန်ပင်။


ရှန်းလျန့်သာ ကုမ္ပဏီကို ပိုင်ခဲ့ပါက သူက ရှန်းအုပ်စု၏ မင်းသား​လေး ဖြစ်လာမည် မဟုတ်​လော။ ထို့​နောက် သူတို့၏ ထန်တအုပ်စုသည်လည်း အ​ကောင်ကြီးကြီး ရှန်းအုပ်စု၏ ​နောက်တွင် ထိုင်ကာ ​အေး​အေးသက်သာ ​နေနိုင်သွားမည် ဖြစ်သည်။


ထန်တ သူ့ဇနီးကို ကြည့်လိုက်သည်၊ 


"ဖုန်းထဲက ​ပြောရင် အ​လေးမထားသလို ဖြစ်​နေမလား... မ​နက်ဖြန် ငါတို့ ကိုယ်တိုင်သွားရ​အောင်"


"ဟုတ်ပြီ" လီယွီလန်က သ​ဘောတူညီစွာ ​ခေါင်းငြိမ့်ပြလိုက်သည်။


 "ကျွန်မ လက်​ဆောင်​တွေ ဝယ်ရမယ်... ဟူဟုန်က ​ကျောက်စိမ်း​တွေကို အကြိုက်ဆုံးပဲ... ​အရည်အ​သွေး ​ကောင်းတာ​လေး​တွေ သွားကြည့်ရမယ်"


ထန်တ: "မနက်ဖြန်ကျရင် ရှန်းလျန့်မိဘ​တွေနဲ့ စကား​ပြောမယ်... ဒါ​ပေမယ့် အခု ထန်​ချောင်း​ချောင်းနဲ့ ​တွေ့မှဖြစ်မယ်... အဓိပ္ပါယ် မရှိ​တာ​တွေ ​ပြောဖို့ သတိ​ပေးရမယ်... မဟုတ်ရင် ငါတို့မှာ ပြဿနာ ရှိလာလိမ့်မယ်"


လီယွီလန်: "ဒါ​ပေမယ့် ​သေသင့်တဲ့ ​ကောင်မ​​လေးက ဖုန်းမကိုင်ဘူး... ဝီချက်မှာလည်း ပြန်မ​ဖြေလာဘူး"


ထန်တက စီးကရက်ကို ဖိ​ချေကာ ဖုန်းကို ​ကောက်ကိုင်လိုက်သည်။ "ငါ​ခေါ်မယ်... ငါရှန်းယွဲ့ကို ​ခေါ်လိုက်မယ်"


ထန်ရို့က တစ်သျူးကို ဆွဲထုတ်ကာ သူ့ပါးစပ်ကို ဖုံးကွယ်ရင်း မျက်ရည်များကို သုတ်လိုက်သည်။


အံ့သြဖွယ် မ​ရှိပါဘဲ ထန်​ချောင်း​ချောင်းက ထန်တဆီမှ ဖုန်းလက်ခံရရှိခဲ့သည်။ သူတို့ကို အချိန်အ​​တော်ကြာ ငြင်း​နေပြီး​နောက် သူဆက်ပြီး ငြိမ်မ​နေ​နိုင်​တော့​ပေ။ သူမက ထန်မိသားစုကို မြို့​တော်၏ အထက်တန်းလွှာများအကြား အကြီးအကျယ် မျက်နှာပျက်​စေခဲ့သည်။


သူမက သူ ရှန်းယွဲ့ကို ဖုန်း​​ခေါ်လာမည်ဟု ထင်မထားခဲ့​ပေ။


ရှန်းယွဲ့က တိုက်ရိုက်ပင် ဖုန်းကိုင်လိုက်ချင်​သော်လည်း ထန်​​ချောင်း​ချောင်းက ကိုင်လိုက်ကာ အခြားတစ်ဖက်ကို ပြန်​ပြောလိုက်သည်၊ "ကျွန်မ လာခဲ့မယ်"


ရှန်းယွဲ့ မျက်​​မှောင်ကြုပ်လိုက်သည်။ "မင်း ထန်မိသားစုအိမ်ကို ပြန်သွားချင်​နေတာလား"


"ဒါ​ပေါ့.. သူတို့ ကျွန်မကို အခါငါးဆယ်​လောက် ​ခေါ်ထားတာ... အခု ဥက္ကကြီး ထန်တ ကပါ ကိုယ့်ကိုကိုယ် နှိမ့်ချပြီး ဖုန်း​ခေါ်လာတယ်​လေ... ကျွန်မ သွားမှ ဖြစ်မှာ​ပေါ့" ထန်​ချောင်း​ချောင်းက အခြားသူများ၏ ကိစ္စများကို ​ပြော​နေသကဲ့သို့ စိတ်​အေးလက်​အေး ဖြစ်​နေပုံ​ပေါ်သည်။


ရှန်းယွဲ့ ပ​ဟေဠိ ဖြစ်သွား​တော့သည်။


 "မင်းလည်း သူတို့ရဲ့ ရည်ရွယ်ချက်ကို သိ​နေတာပဲ... ဘာလို့ သွားချင်​နေရတာလဲ"


"ဒါ​ကို သိ​နေလို့ သွားရမှာပဲ​လေ... ကိစ္စ​တွေကို ရှင်းရှင်းလင်းလင်း ဖြစ်​အောင် လုပ်မထားရင် ​နောက်ဆိုလည်း သူတို့ အတိုက်အခံ လုပ်လာတာနဲ့ပဲ စိတ်ရှုပ်​နေရလိမ့်မယ်" 


ထန်​​ချောင်း​ချောင်းက ထန်မိသားစု၏ သ​ဘောထားကို နားလည်​ပေသည်။ သူတို့က အကျိုးအမြတ်အတွက် ဘာမဆို လုပ်ကြလိမ့်မည်။


ထိုအ​ကြောင်းကို ကြား​သောအခါ ရှန်ယွဲ့ သူမကို ​ဖျောင်းဖျ မ​နေ​တော့။


ထန်​​ချောင်း​ချောင်းက အခန်းထဲမှ အဝတ်ဗီရိုကို ဖွင့်ကာ အဝတ်​ရွေး​နေခဲ့သည်။ ဒီတစ်ခါက သူမ ကြံ့ခိုင်​နေမှ ဖြစ်မည်။ ဘာဝတ်သွားသင့်လဲ...


သူမက ​မွှေ​နှောက်ရှာ​​ဖွေ လိုက်ပြီး ချုပ်ပုံက ရိုးရှင်း​သော်လည်း အလွန်အမင်း ​ကျော့ရှင်းလှပ​နေ​သော vပုံစံ လည်ပင်း​​ပေါက်ပါသည့် အနက်​​ရောင်ဝတ်စုံကို ​ကောက်ယူလိုက်သည်။ "ဒါ​လေး ကြည့်​ကောင်းရဲ့လား..." ထန်​ချောင်း​ချောင်းက ထိုဝတ်စုံကို သူမကိုယ်​ပေါ်တွင် ဖိကပ်လိုက်​လေသည်။


ရှန်းယွဲ့က ထို​မေးခွန်းကို ပြန်မ​ဖြေခဲ့ဘဲ စကားတစ်ခွန်းသာ ပြန်​ပြောလာခဲ့သည်၊ "ငါလည်း မင်းနဲ့ လိုက်မယ်"


ဟမ်..." ထန်​ချောင်း​ချောင်းက မယုံကြည်နိုင်မှုဖြင့် ပါးစပ်​လေးဟသွား​တော့သည်၊


"ရှင် ကျွန်မနဲ့အတူ လိုက်ချင်တာလား"


ရှန်းယွဲ့က သူမ၏ တုံ့ပြန်မှုကို မ​ကျေမနပ်ဖြစ်သွားပြီး ကိုယ့်ကိုကိုယ် ရယ်​မောလိုက်သည်၊ "ဘာလို့လဲ... ငါက မသန်မစွမ်း ဆို​​တော့ ရှက်​နေတာလား"


"​သေချာ​ပေါက် ဘယ်ဟုတ်မလဲ.. ဒါ​​ပေမယ့်..."


 ထန်​ချောင်း​ချောင်းက ​ပြောရန် တွန့်ဆုတ်​နေခဲ့သည်။ 


"ရှင်က အပြင်ထွက်ဖို့ ဆန္ဒရှိလို့လား" 


အဆုံးတွင်​တော့ ရှန်းယွဲ့က ​လေးလ​ကျော်သည်အထိ ဗီလာမှ ​ခြေတစ်လှမ်းပင် မထွက်ခဲ့​ပေ။ သူက သူမအတွက် ခြွင်းချက်ထားဖို့ ဆန္ဒရှိ​နေတာကို ဘယ်လိုလုပ် သူမက မအံ့သြဘဲ ​နေပါ့မလဲ...


"မင်းငါ့ကို အထင်​သေး​နေတာပဲ... အပြင်ထွက်ရတာ ဘာ​ကြောက်စရာ ​ကောင်းမှာလဲ"


ထန်​​ချောင်း​ချောင်းက ​လှောင်ရယ်လိုက်​တော့သည်၊.'အိုး... ဟုတ်သားပဲ... ဘယ်သူကများ အရင်တစ်​ခေါက်က ဧည့်သည်​တွေကို ပိတ်ထားတဲ့တံခါး အပြင်ကို နှင်ထုတ်တာလဲ မသိဘူး​နော်'


ရှန်းယွဲ့က မျက်ခုံးကိုပင့်လိုက်သည်။


 "ငါသာ မင်းနဲ့ မလိုက်ခဲ့ရင် နိမ့်ကျတဲ့ ထန်မိသားစုက မင်းကို မျိုချလိုက်မှာ စိုးရတယ်"


"ဒါဆို ရှင်က ကျွန်မကို သတ္တိ​​တွေ​ပေးချင်​နေတာလား" 


ထန်​ချောင်း​ချောင်းက ​သူ့​ရှေ့တွင် ထိုင်ချရင်း သူ့ကို ကြည့်လာရန် ​မော့လိုက်သည်။


ထိုလူက သူမ၏ လုံခြုံ​ရေးကို စိတ်ပူ​နေပြီး ထိုခံစားချက်က ရုတ်တရက် သူမကို အလွန် ထူးဆန်း​သော ခံစားချက်များ ဖြစ်လာရ​​စေသည်။


Xxxxxx