Chapter 35
ကျွန်မအိမ် မဟုတ်ဘူး
ထန်ချောင်းချောင်းက ခေါင်းကို ခါယမ်းလိုက်ကာ အလှအပတွင် မနစ်မြောသွားစေရန် ကိုယ့်ကိုကိုယ် သတိပေးလိုက်သည်။ သူတို့တွေက အမည်ခံစုံတွဲများသာ ဖြစ်ကြသည်။ သူ့ခြေထောက် ကုသပြီးသွားလျှင် သူတို့က ထို ပုံမှန်မဟုတ်သော ဆက်ဆံရေးမှ ရုန်းထွက်ကြရမည် ဖြစ်ပေသည်။
"ပြီးပြီ... ရှင့်ဘာသာရှင် သုတ်လိုက်တော့"
သူမက တဘက်ကို ရှန်းယွဲ့ထံ လှမ်းပေးကာ အဝတ်လဲရန်အတွက် သူမအခန်းကို ပြန်လာခဲ့သည်။
ရှန်းယွဲ့က တဘက်ကို ကိုင်ကာ သူ၏ ချောမွေ့လှသော မေးလေးကို ထိကိုင်လိုက်ပြီးနောက် သူမ ရုတ်တရက် ရှက်သွားရသည့် အကြောင်းအရင်းကို သိချင်နေခဲ့သည်။
ထန်ချောင်းချောင်းက အနက်ရောင် ဝတ်စုံကိုဝတ်ကာ သူမ၏ ရှည်လျားပြီး ကွေးကောက်နေသော နီညိုရောင် ဆံနွယ်များကို ဖြီးသင်ကာ ပုခုံးတစ်ဘက်တွင် ချထားလိုက်သည်။ သူမ၏ နှုတ်ခမ်းနီးက ပန်းဆီရောင် ပြေးသော ဝိုင်အရောင် ဖြစ်ပြီး အမြင်ရိုင်းပုံပေါ်နေသော်လည်း သူမဆိုးလိုက်သောအခါ ပနံသင့်နေပေသည်။
ထန်ချောင်းချောင်း ပြင်ဆင်ပြီး ထွက်လာသောအခါ ရှန်းယွဲ့သည်လည်း အဝတ်အစားလဲပြီး၍ ဧည့်ခန်းထဲတွင် စောင့်နေခဲ့သည်။
အိမ်တွင် အမြဲတမ်း ဝတ်သော ပုံမှန်အဝတ်အစားများနှင့် မတူဘဲ သူက မီးခိုးရောင်နက်နက် သမာရိုးကျ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ဆံပင်များကိုလည်း အဆီလိမ်းကာ ဆံမြိတ်များကို လှန်တင်ထားသည်။
သူက ဝှီးချဲပေါ်တွင် ထိုင်နေဆဲ ဖြစ်သော်လည်း သူ့ဝတ်စုံ၏ ကြီးကျယ်ခမ်းနားမှုက မျက်စိဖမ်းစားနေဆဲပင်။
ရှန်းယွဲ့က ထန်ချောင်းချောင်းကို မျက်ခုံးပင့်ကြည့်လိုက်သည်။
"ဘာလို့ တွေဝေနေတာလဲ... သွားကြမယ်"
"အိုး" ထန်ချောင်းချောင်းက ခပ်မြန်မြန်ပင် ခြေနှစ်လှမ်းလှမ်းလိုက်သည်။
"ကျွန်မတွန်းပေးမယ်"
ရှန်းယွဲ့ ခပ်ယဲ့ယဲ့ ပြုံးလိုက်လေသည်။
ထန်ချောင်းချောင်းက သေချာပေါက် ပြန်လာမည်ဟု ဖုန်းထဲတွင် ပြောထားသောကြောင့် ထန်တနှင့် သူ့ဇနီး၊ သူတို့ သားအကြီးဆုံး ထန်ကျန်းနှင့် ထန်ရို့သည်လည်း သူတို့၏ မိသားစုခန်းမထဲတွင် စုဝေးနေကြသည်။ သူတို့က ထန်ချောင်းချောင်း ရောက်လာမည်ကို စောင့်ဆိုင်းနေကြလေသည်။
မိနစ်လေးဆယ်ကြာသောအခါ အိမ်တော်ထိန်းက အလျင်အမြန် သတင်းပို့လာခဲ့သည်၊
"မမလေး ချောင်းချောင်းနဲ့ မစ္စတာရှန်းတို့ ရောက်လာပါပြီ"
လီယွီလန် အံ့သြသွားတော့သည်: "မစ္စတာရှန်း... ဘယ်မစ္စတာရှန်းလဲ"
အိမ်တော်ထိန်း: "မစ္စတာရှန်းယွဲ့ပါ"
"ရှန်းယွဲ့လည်း ရောက်နေတယ်... ကောင်းတာပေါ့"
ထန်တက ချက်ချင်း ထရပ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်၊
"သူရော ဘာလို့ ရောက်နေတာလဲ... သူတို့ပြောတာ သူ အပြင်မထွက်နိုင်တာ တော်တော်ကြာပြီဆို"
ထန်ရို့သည်လည်း အလွန်အမင်း အံ့အားသင့်သွားတော့သည်။ ရှန်းယွဲ့က ထန်ချောင်းချောင်းကို ထိုမျှလာက်ထိ ဂရုစိုက်သည်လား။ မဟုတ်သေးပေ။ သူမက ရှန်းယွဲ့ ထန်ချောင်းချောင်းကို ကွာရှင်းဖို့ ခေါ်လာသည် ဆိုသည့်အချက်ကို ပိုယုံကြည်သည်။
လီယွီလန်က တည်ငြိမ်နေပြီး အလိုမကျဖြစ်ပုံပေါ်နေသည်။
"လာပါ... မသန်မစွမ်းတစ်ယောက်ကို ဘာလို့ ကြောက်နေရတာလဲ... ရှင်သူ့ကို အရင်က ကြီးကျယ်မြင့်မြတ်တဲ့ ရှန်းယွဲ့လို့ ထင်နေတုန်းလား... ရယ်ချင်စရာပဲ"
ထန်ရို့က သူမစကားများကြောင့် တိတ်တိတ်လေး မျက်လုံးလှိမ့်မိသွားသည်။
ထန်တက အနည်းငယ် မလွယ်ကူသလို ခံစားနေရပြီး အိမ်တော်ထိန်းကို သူတို့အား အထဲသို့ ခေါ်လာခဲ့ရန် ပြောလိုက်သည်။
မကြာခင်မှာပင် ထန်ချောင်းချောင်းက ရှန်းယွဲ့ကို တွန်းကာ ထန်မိသားစု ဧည့်ခန်းတွင် ပေါ်လာခဲ့သည်။
ထန်ရို့သည်လည်း သူ့ကိုမြင်သောအခါ အံ့သြတကြီး ဖြစ်သွားရတော့သည်။
ကမ္ဘာပေါ်က ဘယ်သူကများ ရှန်းယွဲ့ ကားမတော်တဆ ဖြစ်သွားပြီးတော့ ဖွတ်ဖွတ်ညက်ညက်ကြေပြီး လူသေလို ဖြစ်သွားပြီ ဆိုတဲ့သတင်းများကို ဖြန့်ခဲ့ပါလိမ့်။
သူမရှေ့က ယောကျ်ားက အားအင် အပြည်နှင့် ရှိနေတုန်းပင်။ သူ၏ ပိန်ပါးပြီး သွယ်လျသော ခန္ဓါကိုယ်က သေချာချုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်လုံးများက အလင်းများ ဖြာထွက်နေသကဲ့သို့ပင်။
ထိုသူ့ထံတွင် ရှန်းလျန့်ပင် မရှိသော အရှိန်အဝါ ရှိနေသည်။ ရှန်းလျန့်က သူ့ရှေ့တွင်တော့ အားနည်းသည့် ကြက်ပေါက်လေးပင်။ သူမ သူ့ဦးလေးအကြောင်း ပြောလာသည့်အချိန်က သူထိတ်လန့်သွားရသည်မှာ အံ့သြစရာမရှိပေ။
ထိုကဲ့သို့သောလူက ဝှီးချဲပေါ်တွင် ရှိနေလျှင်တောင် မြို့တော်က မိန်းမများက သူ့ကို လိုက်ရန် တန်းစီနေကြမည်ပင် ဖြစ်သည်။
သို့သော်လည်း သူမအကြည့်များက ရှန်းယွဲ့ထံမှ သူ့ဘေးရှိ ထန်ချောင်းချောင်းဆီ မတင်လိုက်သောအခါ ရုတ်တရက် လေပြင်းများ တိုက်လာသကဲ့သို့ ခံစားလိုက်ရသည်။
သူမက သူ့ဘေးတွင် ထန်ချောင်းချောင်း ဟူသည့် မိန်းမတစ်ယောက် ရှိနေသည့်အကြောင်း မေ့သွားတော့မလိုပင်။ သူမကိုယ်တိုင် ထိုထန်ချောင်းချောင်းကို ထိုလူ့ထံ တွန်းပို့ပေးခဲ့မိသည်။
ဒီတစ်ခါတော့ သူမ တကယ် နောင်တရမိသည်။
ထန်တသည်လည်း ရှန်းယွဲ့၏ အသွင်အပြင်ကြောင့် ကြောင်အနေသည်။ ရှန်းမိသားစုနှင့် ပူးပေါင်းနိုင်ရန်အတွက် သူ ရှန်းမိသားစုအကြီးအကဲများကို မေးမြန်းထားပြီးသား ဖြစ်ပြီး ရရှိသော သတင်းများက အပြင်က ကောလဟာလများနှင့် ခပ်ဆင်ဆင်ပင်။ အခြားနည်းဖြင့် ပြောရလျှင် တစ်နေ့နေ့တွင် ရှန်းယွဲ့ ဆုံးပါးသွားခဲ့လျှင်တောင် မည်သူမှ အံ့သြကြမည်မဟုတ်ပေ။
သို့သော်လည်း ထိုလူ၏ လတ်တလော အသားအရောင်ကို ကြည့်ရသောအခါ အိပ်ရာထဲတွင် လဲလျောင်းနေရသည့် မသန်မစွမ်း လူနာနှင့် တူမနေပေ။
သူ မှော်ဆေးလုံးများ စားမိသွားသကဲ့သို့ပင်။
ထန်ချောင်းချောင်း၏ ပြောင်းလဲမှုသည်လည်း ထင်မှတ်မထားစွာပင် ဖြစ်နေသည်။ သူမ၏ မျက်နှာက ကြောက်ရွံ့မနေဘဲ မေးကိုလည်း အနည်းငယ် မော့ထားသေးသည်။
ထန်တ ရုတ်တရက် တွေးမိသွားသည်။ သူတို့က ထန်ချောင်းချောင်းကို မိသားစု အပြစ်စီရင်ရေး လုပ်ရန် ခေါ်ခဲ့သော်လည်း သူမက ကစားရန် လာသည့်နှယ်ပင်။
ထန်တက သူ့အမူအယာကို ထိန်းလိုက်သည်။ ရှန်းယွဲ့ ရောက်ရှိလာမှုက ထန်တ အနေဖြင့် ထန်ချောင်းချောင်းအပေါ် အနည်းငယ် ဖော်ရွေသွားစေခဲ့သည်။
"ယွဲ့လေး... လာမယ်ဆိုလည်း ကြိုပြောတာ မဟုတ်ဘူး... အိမ်တော်ထိန်းက လက်ဖက်ရည် လာချပေးလိမ့်မယ်" ထန်တက အကြီးတစ်ယောက် အနေဖြင့် သူတို့ကို ဝင်ထိုင်ရန် ပြောလိုက်သည်။
"ချောင်းချောင်းလည်း ထိုင်လေ... ဘာလို့ အဲ့မှာပဲ ရပ်နေရတာလဲ"
ထန်ချောင်းချောင်းက ပျင်းရိဟန် ပေါ်နေသည်။
"ကျွန်မ မထိုင်ဘူး... လက်ဖက်ရည်လည်း မသောက်ချင်ဘူး... ကျွန်မက အိမ်ကမှ မဟုတ်ရင် အပြင်မှာ လက်ဖက်ရည် မသောက်တတ်ဘူး"
ထန်မိသားစု၏ ပုံစံက ရုတ်တရက် ခက်ခဲသွားပုံ ပေါ်လေ၏။
ထန်ချောင်းချောင်း: "မြန်မြန်လေး ရှင်တို့ပြောချင်တာသာ ပြောလိုက်ကြ... အချိန်က မစောတော့ဘူး... လူတိုင်းရဲ့ အချိန်တွေ လိုက်ဖြုန်းမနေကြနဲ့"
လီယွီလန်က စိတ်ဆိုးမာန်ဆိုး ထရပ်လိုက်သည်၊ "ဘယ်လို အပြုအမူမျိုးလဲ...နင့်မိဘတွေကို ဒီလိုမျိုး စကားပြောနေတာလား"
"တံခါးကနေ ဝင်လာကတည်းက အခုထိမင်းမိဘတွေတောင် မဆူငေါက်ရသေးတာတောင် ထွက်သွားချင်နေပြီ... မင်းကလည်း ထန်မိသားစုက ဆိုတာကို မမေ့နဲ့"
ထန်ကျန်းသည်လည်း လှောင်ရယ်လိုက်လေသည်။ ကလေးဘဝကတည်းက လူမှားပြီး ခေါ်သွားခံခဲ့ရသော ထိုညီမအတွက် သူ့မှာ ခံစားချက်မရှိပေ။ အဆုံးတွင် သူတို့က အတူကြီးပြင်းလာကြခြင်း မဟုတ်ပေ။
"ထန်မိသားစုကတဲ့လား.." ထန်ချောင်းချောင်း လှောင်ရယ်လိုက်သည်။
"ကျွန်မကတော့ ရှင်တို့ ကျွန်မကို ရှန်းမိသားစုဆီ ချုံရှီအနေနဲ့ ပို့လိုက်ပြီးကတည်းက ထန်မိသားစုဝင်လို မဆက်ဆံကြတော့တာလားလို့"
"မင်း"
လီယွီလန်ကတော့ သူမ ထိုကောင်မလေးကို တစ်လနှစ်လလောက် မတွေ့ရရုံဖြင့် ထန်ချောင်းချောင်း လျှာစွမ်းထက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမက သူတို့မလိုချင်သော်လည်း ချယ်လှယ်ရလွယ်ကူသည့် ကျေးလက်ကောင်မလေး မဟုတ်တော့ပေ"
ထန်ရို့က လီယွီလန်၏ နောက်ကျောကို ဖေးမကာ သူမကို ဖျောင်းဖျလိုက်သည်၊
"ဒေါသမထွက်ပါနဲ့ မေမေရယ်... ပြောစရာရှိရင် အေးအေးဆေးဆေး ပြောပါ"
"မစ္စတာထန်က ကျွန်တော့ဇနီးကို တွေ့ဖို့ ဖုန်းတွေအများကြီး ခေါ်ထားတယ်... ဖုန်းထဲမှာက အရမ်းအရေးကြီးတဲ့ ကိစ္စလို ပြောနေခဲ့တာပဲ .. ဘာကြောင့်များလဲ... ကျွန်တော့ဇနီးက ဆူပူခံရဖို့ အထူးတလှယ် ခေါ်ခံရတာများလား"
ရှန်းယွဲ့၏ အေးစက်စက်လေသံက ခန်းမထဲသို့ ပျံ့နှံ့သွားခဲ့သည်။
သူက ထန်ချောင်းချောင်းကို "ဇနီး" ဟု ခေါ်ခဲ့သောကြောင့် ထန်တသည် ထိုသူက သူ၏ စျေးပေါသော သမီး ဖြစ်သူကို အမှန်တကယ် တန်ဖိုးထားနေကြောင်း နားလည်လိုက်သည်။
ထန်တက အခြေအနေများ ပိုမဆိုးသွားရန် ဝင်ထိန်းလိုက်သည်။
"နားလည်မှု လွဲတာပါ... ငါတို့ ချောင်းချောင်းကို ခေါ်တာ မိသားစုကိစ္စအကြောင်း ပြောမလို့ပါ... ပြီးတော့လည်း သူ လက်ထပ်သွားကတည်း အိမ်ပြန်မလာခဲ့ဘူးလေ"
"ဘယ်သူက မိသားစုကိစ္စ ပြောချင်နေလို့လဲ... ထန်ချောင်းချောင်း... နင် ငါ့ကို ဒီနေ့ သေသေချာချာ ရှင်းပြစမ်း... ဝေ့ပေါ်မှာ ဘာအရှုပ်တွေ လုပ်ထားတာလဲ... နင် တမင်သက်သက် ရို့ရို့ကို ဒုက္ခပေးချင်နေတာလား"
လီယွီလန်ကိုယ်တိုင်က သူဌေးသမီးတစ်ယောက်သာ ဖြစ်သည်။ သူမငယ်ရွယ်စဥ်အခါက သူမ၏ ကျော်ကြားမှုကြောင့် ဘယ်သူကမှ သူမကို ဒေါသမထွက်ရဲခဲ့ပေ။
ထန်ချောင်းချောင်း ပြုံးလိုက်လေသည်။
"ကန်းမနေတဲ့ လူတိုင်း ကျွန်မပိုစ့်ကို နားလည်နိုင်ကြမှာပဲ... ကျွန်မက "အနောက်အရပ်သို့ ခရီးသွားခြင်း"အကြောင်းကို ကျွန်မဖန်တွေနဲ့ ဆွေးနွေးရုံပဲ"
ထန်ရို့က သူမကိုယ်တိုင်ပင် အလေးအနက် မတွေးခဲ့သည့်အကြောင်း ခံစားမိသွားသည်။
"အမှိုက်မ" လီယွီလန်က အလွန်ဒေါသထွက်လာသောကြောင့် ကျိန်ဆဲသော စကားများပင် ထွက်လာတော့သည်။
"နင့်ကြောင့် ထန်မိသားစု အရှက်ရပြီး ရို့ရို့ကိုလည်း ဝေ့ပေါ်မှာ ကြိမ်းမောင်းနေကြပြီ... ဒီနေ့ နင် ရို့ရို့ကို မျက်နှာချင်းဆိုင် တောင်းပန်ပြီး နောက်ဆို အဓိပ္ပါယ် မရှိတာတွေ ထပ်မလုပ်ဖို့ ကတိပေးစမ်း"
ထန်ချောင်းချောင်းက အပြစ်ကင်းသည့် ပုံစံလေးဖြင့် ပြောလိုက်သည်၊
"ကျွန်မက ထန်မိသားစုနဲ့ ထန်ရို့ကို အန္တရာယ်ပေးတယ်လား... ကျွန်မ ဘာလုပ်လို့လဲ... သူလုပ်သလို ပြန်လုပ်လိုက်တာပဲလေ"
ထန်တက မျက်မှောင်ကြုပ်ကာ လီယွီလန်ကို ဆက်မပြောသင့်တော့သည့်အကြောင်း ပြောရန် ဆွဲလိုက်သော်လည်း ထန်ကျန်းက ခုန်ထွက်လာပြန်သည်၊
"မင်း အရမ်းများသွားပြီ... ငါတို့သာ မင်းကို ရှာမတွေ့ခဲ့ရင် မင်းတက္ကသိုလ်ကိုတောင် သွားနိုင်မှာ မဟုတ်ဘူး... ဒါတောင် ကျေးဇူးမသိတတ်တဲ့အပြင် နေရာတိုင်း ပြဿနာတွေ လုပ်ချင်နေသေးတယ်"
"ရှင့်ကိုရှင် မြင့်မြတ်တယ်လို့ ထင်မနေနဲ့"
ထန်ချောင်းချောင်း သူ့ကို လှောင်ရယ်လိုက်သည်၊
"မိဘတွေက သားသမီးတွေကို ပညာသင်ပေးရမှာ ကျင့်ဝတ်ပဲ... ဥပဒေမှာ သေချာရေးထားတာပဲ... နားမလည်ရင် ပြန်သွားဖတ်"
ထန်ကျန်း ဆွံ့အသွားတော့သည်။ ထိုမိန်းမ၏ ပါးစပ်က အလွန် အဆိပ်ပြင်းလွန်းသည်ပင်။
ထန်ရို့က နောက်ဆုံးတွင် စကားပြောလာခဲ့သည်။
"မေမေ ကိုကို သမီးအတွက် ပြောပေးစရာ မလိုပါဘူး... တကယ်က သမီးကသာ မမကို တောင်းပန်ရမှာပါ"
"အိုး နောက်ဆုံးတော့ တစ်ယောက်ယောက်က အသုံးကျတဲ့ တစ်ခုခု ပြောလာပြီပဲ"
ရှန်းယွဲ့က ပျက်ရယ်ပြုဟန်ဖြင့် ကြည့်လိုက်သည်။
"ဒါက တကယ်တမ်းတော့ ပြဿနာတွေ လုပ်ထားတဲ့ မင်းကြောင့်ပဲလေ"
"ရို့ရို့က ဘာအမှားမှ မလုပ်ခဲ့ဘူး... ဘာလို့ တောင်းပန်ရမှာလဲ"
လီယွီလန်က ထန်ရို့ကို ကာကွယ်ပေးနေသည်။
ရှန်းယွဲ့က အေးစက်စွာ ပြောလိုက်သည်။
"သူက ဆယ်ဖီပုံ အမှတ်မထင် ရိုက်မိသွားပြီး ပိုစ့်ကို မတော်တဆ like လုပ်မိသွားတယ်ပေါ့... ခင်ဗျားက တကယ်ကြီး ယုံနေတာလား"
ထန်ရို့ ဖျော့တော့သွားသည်။
"မင်း ရေတပ်ရဲ့ ခေါင်းဆောင်ကို ခေါ်ပြီး သူ့ကို ပြောခိုင်းကြမလား... ကြည့်ရတာ သူ့မျိုးရိုးက ဝမ် ဖြစ်ပုံပဲ"
ရှန်းယွဲ့က အမှန်တကယ်ပင် ဖုန်းခေါ်ချင်နေသကဲ့သို့ သူ့ညာလက်ဖြင့် ဖုန်းကို ယမ်းပြလိုက်သည်။
လီယွီလန်က သံသယဖြစ်စွာ မေးလိုက်သည်၊
"ဘယ်သူ့ကို ခေါ်မလို့လဲ... မင်းဘာပြောချင်တာလဲ"
ထန်ရို့က ရှော့ရနေခဲ့သည်။ သူမက ရှန်းယွဲ့ ဟာသလုပ်မနေသည်ကို ယုံကြည်ပေသည်။
သူမက မည်သည့်အရာ ဖြစ်နေသည်ကို သိချင်နေခဲ့သည့် လီယွီလန်ကို မြန်မြန်တားကာ အလျင်လိုစွာ ပြောလိုက်သည်။
"မေမေ... သမီးအမှားပါ... သမီးတောင်းပန်ပါ့မယ်"
"ဒီနေ့ ကျွန်မ အစ်မချောင်းချောင်းကို လာဖို့ ဖိတ်လိုက်တာပါ... ကျွန်မ သူ့ကို တောင်းပန်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ချင်လို့... လူတိုင်း ကျွန်မအတွက် ငြင်းခုံမနေကြပါနဲ့တော့... မိသားစု တည်ငြိမ်နေတာကို အနှောင့်အယှက် ဖြစ်သွားစေရပြီ... တောင်းပန်ပါတယ်"
ထန်ရို့က ပထမဆုံး စကားပြောသူ ဖြစ်သည်။ ထန်မိသားစုရှိ သူမပုံရိပ်ကို အပျက်အဆီး မခံနိုင်ပေ။
ထန်တက အမြဲတမ်း စံပြုဖွယ် မိန်းမကောင်းပုံစံလေး ဖြစ်ခဲ့သည့် သမီးဖြစ်သူကို သံသယတို့ဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း လီယွီလန်က နားမလည်ပေ။
ထန်ချောင်းချောင်းက ရှန်းယွဲ့ကို အထင်ကြီးမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ သူက ထန်ရို့ သုံးခဲ့သည့် ရေတပ်ကိုပင် အမှန်တကယ် ရှာတွေ့ခဲ့သည်။ သူက ပြင်ဆင်ပြီးမှ လာခဲ့ခြင်း ဖြစ်သည်။
ရှန်းယွဲ့က သူမကို ကြည့်လိုက်ပြီး ခေါင်းငုံ့လာစေရန် လက်ယပ်ခေါ်ကာ သူမနားထဲသို့ တီးတိုးပြောလိုက်သည်။
"ငါ မင်းနောက် လိုက်မှ ဖြစ်မယ်လို့ ပြောခဲ့သားပဲ"
ထန်ချောင်းချောင်းက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ရှင့်ကို လှေကားပါ ထောင်ပေးမယ်လေ... ရှင်က မိုးပေါ်ထိ တက်ချင်နေတော့တာပဲ"
သူတို့နှစ်ယောက်က ထန်မိသားစုကို ရှိသည်ဟုပင် သဘောမထားဘဲ အချင်းချင်း တီးတိုး ပြောနေခဲ့ကြသည်။
Xxxxxx