Chapter 36
ကြယ်ငါးပွင့် ဘာဘီကျူး
လီယွီလန်က အဘယ်ကြောင့် တောင်းပန်ရမည့်သူက ထန်ရို့ဖြစ်သွားမှန်း မတွေးတတ်တော့ပေ။ သို့သော်လည်း သူမသမီးက မျက်ရည်အပြည့် ဖြစ်နေပြီး သိသိသာသာပင် လျှို့ဝှက်ချက်အနည်းငယ်လည်း ရှိနေသေးပုံပင်။
သို့သော်လည်း သူမက လက်မခံနိုင်သေးပေ။
"ဒါက မတူတဲ့ ကိစ္စပဲ... ရို့ရို့က လက်ချော်သွားလို့ တောင်းပန်မယ်.... နင်ကလည်း တောင်းပန်ရမယ်... ဒါဆို မျှတသွားပြီ"
လီယွီလန်၏ ညှိနှိုင်းမှုက ထန်ချောင်းချောင်းကို စိတ်အနှောင့်အယှက် ဖြစ်စေရသည်။
"ကျွန်မက ရှင်တို့ရဲ့ အမှိုက်အရှုပ်ထုတ်တွေကြားထဲ ပါချင်နေမယ်လို့ ထင်နေတာလား.. ဒီနေ့ကျွန်မလာတာ အနာဂါတ်မှာ ကျွန်မတို့က မတူတဲ့ ဘက်ကို လျှောက်ကြရတော့မှာလို့ ပြောချင်လို့... ကျွန်မ နောက်ကွယ်မှာ ဘယ်လို လှည့်စားမှုမှ လုပ်မလာနဲ့... မဟုတ်ရင် ကျွန်မ ထင်တာ မီဒီယာကြီးတွေက ထန်တအုပ်စုက ဥက္ကဌနဲ့ သူ့မိန်းမတို့က ဂုဏ်ရဖို့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုရောင်းစားလိုက်တဲ့အကြောင်းကို နားထောင်ဖို့ အရမ်း လိုလားကြမယ် ထင်တာပဲနော်"
သူမစကားကို ကြားပြီးနောက် လီယွီလန် မူးဝေလာပြီး သွေးတိုးလာခြင်းကြောင့် အသက်ရှုရပ်တော့မလိုပင်။
ထန်ချောင်းချောင်းက သူတို့နှင့် ရေစက်ဖြတ်တော့မည်။
ထိုအချိန်တွင် ထန်တမျက်နှာသည်လည်း တိမ်ဖုံးနေလေသည်။
"နင်ပြောတာ များနေပြီ... ဒီနေရာက နင့်အိမ် ဖြစ်နေတုန်းပဲ"
"ကျွန်မမှာ ဒီလို အိမ်မျိုး မရှိဘူး"
ထန်ချောင်းချောင်းက တုန့်ဆိုင်းမနေဘဲ ပြောလေ၏။
ထန်ကျန်းက ခါးသီးစွာ ပြောလိုက်သည်။
"နင် လက်မခံချင်လည်း ထွက်သွားလိုက်"
"ကျွန်မကသာ လာချင်ခဲ့တဲ့သူဆိုတော့လေ..." (ရွဲ့ပြော)
ထန်ချောင်းချောင်းက အေးစက်စွာ နှာမှုတ်လိုက်လေသည်၊
"ထွက်မသွားခင် ကျွန်မပစ္စည်းတွေ ယူဖို့ လိုသေးတယ်"
ထန်ကျန်း: "မင်းက ဒီနေရာမှာ ဘာပစ္စည်းတွေ ရှိမှာမို့လို့လဲ"
ထန်ချောင်းချောင်းက ပြန်မဖြေဘဲ ဒုတိယထပ်ကိုသာ ဖြောင့်ဖြောင့်တန်းတန်း တက်သွားလိုက်သည်။
"မင်းကို အပေါ်သွားဖို့ ဘယ်သူ ခွင့်ပြုလို့လဲ"
ထန်ကျန်းက ထိုအချင်းအရာကို မြင်သောအခါ သူမကို တားချင်ခဲ့သည်။ သို့သော် ထန်ချောင်းချောင်းက သူ့လက်ကောက်ဝတ်ကို ဆွဲကာ အနည်းငယ် လိမ်လိုက်သည်။
ထန်ကျန်းက ရုတ်တရက်ပင် ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်လာတော့သည်။
ထန်တနှင့် လီယွီလန်က သူတို့သားကို အမြန်လာထူပြီး အော်ဟစ်လိုက်သည်။
"နင်သူ့ကို ရိုက်ရဲတယ်"
"ကျွန်မက ပစ္စည်းတွေ ယူပြီး ထွက်သွားရုံပဲ"
ထန်ချောင်းချောင်းက ပြောပြီးနောက် ဒုတိယထပ်မှ တံခါးကို ကန်ဖွင့်လိုက်သည်။
မူလကိုယ် ထန်မိသားစုတွင် နေခဲ့စဥ်က သူမ ငယ်စဥ်က ပစ္စည်းများကို ဒီနေရာသို့ ယူလာခဲ့ပြီး လွှင့်မပစ်ရက်ခဲ့ပေ။ ယခုတွင်မူ မူလကိုယ်၏ အမွေပစ္စည်းဟု ယူဆရမည်ပင်။ သူမက ထန်မိသားစုတွင် မည်သည့်အရာကိုမှ ချန်မထားခဲ့ချင်သောကြောင့် ထိုပစ္စည်းများကို ယူသွားရမည် ဖြစ်သည်။
ထန်ချောင်းချောင်းက အခန်းကို မြန်မြန် ရှာတွေ့ခဲ့သည်။ ၎င်းက ခပ်မှိန်မှိန် အခန်းလေးသာ ဖြစ်ပြီး ထန်ရို့ အခန်း၏ တစ်ဝက်မျှပင် မကျယ်ပေ။ သူမထွက်သွားသောအခါ ထိုနေရာက ထန်ရို့၏ အင်္ကျီများ ထားသည့်အခန်း ဖြစ်လာခဲ့သည်။ သူမပစ္စည်းများကို ကတ်ထူပုံးထဲတွင်ထည့်ကာ အခန်းထောင့်တွင် ကပ်ထားခဲ့သည်။
ထန်ချောင်းချောင်းက ၎င်းကို ဆွဲယူကာ ကတ်ထူပုံးကို မလျက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
သူမက ရှန်းယွဲ့ကို နှိုးဆော်ကာ ပြောလိုက်သည်။ "သွားရအောင်"
"ငါ့သားကို နာအောင် လုပ်ရဲတယ်လား... နင့်ကို သွားခွင့်မပြုဘူး"
လီယွီလန်၏ နှလုံးသားထဲတွင် သူမသားသည်သာ အလေးထားသည့် အသားပိုင်းလေး ဖြစ်ပြီး သူ့အတွက် အလွန်ပင် စိတ်မကောင်း ဖြစ်နေရသည်။
ရှန်းယွဲ့က အမူအယာမပျက် ပြောလိုက်သည်။
"ခင်ဗျားကို ရပ်ဖို့ အကြံပေးချင်တယ်... တော်လောက်ပြီ... မဟုတ်ရင် လှည့်စားပြီး လက်ထပ်စေခဲ့တဲ့အတွက် ခင်ဗျားကို တရားစွဲမယ်... အမှုတစ်ခုလောက်က ခင်ဗျားကို ဖျက်ဆီးပစ်ဖို့ လုံလောက်မှာပဲ"
လှည့်စားပြီး လက်ထပ်ပေးတာလား...
လီယွီလန် ထိတ်လန့်သွားလေသည်။ သူတို့က ထိုသူ ထန်ချောင်းချောင်းကို လက်ထပ်စေရန်အတွက် အကြောင်းအရင်းအတု လုပ်ခဲ့ကြသည်။ ထန်တသည်လည်း အလွန်ဒေါသထွက်နေသောကြောင့် သူ့လက်သီးကို တိတ်တဆိတ် ဆုပ်လိုက်ရသည်။ ၎င်းက အကျိုးအမြတ် မရသည့်အပြင် နှစ်ထပ်ကွမ်း ဆုံးရှုံးမှုလည်း ဖြစ်စေနိုင်သည်။ သူက ထိုသူ့ကို ဘယ်လိုလုပ် နောက်တစ်ကြိမ် တားနိုင်ပါ့မလဲ...
ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့က မကြာမီပင် ကားဆီ ပြန်လာခဲ့ကြသည်။
သူမက အလွန် စိတ်လှုပ်ရှားနေခဲ့သည်။
"သူတို့မျက်နှာတွေ တွေ့လိုက်လား... သူတို့ အစိမ်းရောင်တောင် ပြောင်းလုနီးပါးပဲ"
ရှန်းယွဲ့က ပြုံးနေသော သူမမျက်နှာကို ကြည့်ပြီး မေးလိုက်သည်။
"အနာဂါတ်မှာ သူတို့နဲ့ အဆက်အသွယ် မလုပ်ဘဲ နေဖို့ တကယ် အဆင်ပြေရဲ့လား"
"သူတို့ရဲ့ သဘောထားတွေကို မတွေ့ဘူးလား... သူတို့က ကျွန်မကို သမီးရင်းလို မဆက်ဆံကြဘူးလေ... ဘာလို့ ကျွန်မက သူတို့ကို ကပ်တွယ်နေရမှာလဲ... ပျင်းစရာမကောင်းဘူးလား"
ထန်ချောင်းချောင်းက အလေးအနက်ထားကာ ပြောလိုက်သည်။
"ကျွန်မက ကျွန်မမိသားစု မရှိဘဲ လောကကြီးမှာ မနေနိုင်တဲ့သူ မဟုတ်ပါဘူး"
သူမအသံက အလွန် သက်တောင့်သက်သာ ဖြစ်နေပုံပေါ်သော်လည်း ရှန်းယွဲ့၏ နားတွင်မူ အနည်းငယ် နာကျင်သွားရသည်။
သူမက ငယ်ကတည်းက မိဘရင်းများနှင့် ခွဲခွာခဲ့ရသည်။ သူမ၏ ချမ်းသာသောဘဝကိုလည်း ယူဆောင်သွားခံရသေးသည်။ သူမက နောက်ဆုံးတွင် ကိုယ်ပိုင်အိမ်ကို ပြန်လာခဲ့သော်လည်း သူမမိသားစုကတော့ သူမနှင့် ရင်းရင်းနှီးနှီး မနေခဲ့။ သူတို့က သူမကို အသုံးချပစ္စည်း အဖြစ်သာ အသုံးပြုခဲ့ကြသေးသည်။
သို့သော်လည်း အနိမ့်အမြင့် အတက်အကျများကို ခံခဲ့ရပြီးတာတောင် သူမက ဘယ်လိုများ ဒီလို အပြုံးတောက်တောက်လေးကို ဆက်ပြုံးထားနိုင်ပါလိမ့်။
ရှန်းယွဲ့က အကြောင်းအရင်းကို ရှာဖွေရန် ကြိုးစားနေခဲ့သည်။
အဖြေက ရိုးရှင်းပေသည်။ အကြောင်းမှာ သူ့ရှေ့က ထန်ချောင်းချောင်း ဝိဥာဏ် ပြောင်းသွားသောကြောင့်ပင် ဖြစ်လေသည်။
သို့သော်လည်း ထိုအကြောင်းကို သူမသိနိုင်သလို သိဖို့လည်း မလိုအပ်ပေ။
ထန်ချောင်းချောင်းက သူ့ကို ကြည့်လိုက်သည်။
"ရှင် ဒီနေ့ ကျွန်မကို ကူညီပေးတာကို ကျေးဇူးပြန်ဆပ်ဖို့ ရှင့်ကို အစားကောင်းကောင်းလေးတွေ ဝယ်ကျွေးဖို့ ခေါ်သွားပေးမယ်... ဘာပဲဖြစ်ဖြစ် ရှင်အပြင်မထွက်တာ တော်တော်ကြာနေပြီလေ"
ရှန်းယွဲ့က မယုတ်မလွန်သာ ပြန်ဖြေလိုက်သည်။ "ဘာစားချင်လို့လဲ"
ကျွန်မဖန်တွေက စားကောင်းတဲ့ ကြယ်ငါးပွင့်အဆင့် ဘာဘီကျူး စားသောက်ဆိုင်တစ်ခုကို အထူးစပယ်ရှယ် ထောက်ခံချက်ပေးထားတယ်... ကျွန်မ တကယ် စားကြည့်ချင်လို့... နွေရာသီဆို ဘာဘီကျူးစားချင်တယ်"
သူမက အလွန်စိတ်ဝင်စားပုံ ပေါ်နေသဖြင့် ရှန်းယွဲ့လည်း သဘောတူလိုက်ရတော့သည်။
သူတို့ ဦးတည်ရာနေရာသို့ ရောက်သောအခါ ရှန်းယွဲ့က ထူးမခြားနားစွာ ပြောလိုက်သည်။ "ဒါ မင်းပြောတဲ့ ကြယ်ငါးပွင့် အဆင့် ဘာဘီကျူးဆိုင် ဆိုတာလား"
....
မြို့တော်၏ နွေရာသီညက ညပိုင်း သရေစာဆိုင်များအတွက် နိဗ္ဗာန်ဘုံသာ ဖြစ်ပေသည်။ ညပိုင်း အပူချိန်က နိမ့်ကျနေသည်။ ညအလင်းရောင်များ ပြန့်ကျဲလာသည့်အခါ ညနေခင်းလေအေးလေးက တဖြည်းဖြည်း တိုက်ခတ်လာလေသည်။ ထိုအချိန်လေးက သူငယ်ချင်း သုံးလေးယောက်ဖြင့် တွေ့ဆုံကာ ဘီယာအေးအေးလေးတစ်တွဲ ဖောက်ရင်း မြေပဲတစ်ပန်းကန် ချထားပြီး ရိုးရိုးမီးဖို တစ်ခုနှင့် ဝါးချောင်း အနည်းငယ် ဆွဲထုတ်လာရန်အတွက် အချိန်ကောင်းတစ်ခု ဖြစ်ပေသည်။ ဘာဘီကျူး အပူချိန်က လမ်းတစ်လျှောက်လုံး ပြည့်နှက်နေပြီး အနံ့လေးက ကမ္ဘာပေါ်က သာမန်ဘဝ၏ ရနံ့လေးကိုပါ ကိုယ်စားပြုပေသည်။
ထိုအချိန်တွင် ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့က သူတို့ရှေ့ မနီးမဝေး နေရာမှ ဘာဘီကျူဆိုင်ခန်းအကြီးကြီးကို ကြည့်ကာ လမ်းဘေးဆိုင်တန်း စျေးကွက်၏ အဝင်ပေါက်တွင် ရပ်နေခဲ့ကြသည်။
ရှန်းယွဲ့က နောက်ဆုံးတွင် ထန်ချောင်းချောင်းတစ်ယောက် ဦးထုပ်နှင့် မျက်နှာဖုံး တစ်ခုကို အစောကြီးကတည်းက ပြင်ဆင်လာသည့် အကြောင်းအရင်းကို နားလည်သွားသည်။
သူ ကြယ်ငါးပွင့် ဘာဘီကျူးဆိုင်ကို စိတ်ကူးမိစဥ်က ၎င်းက အနည်းဆုံး သီးသန့်အခန်းပါကာ တံတားသေးသေးလေးနှင့် လူအများက မှန်ဘေးတွင် ထိုင်ကာ ရံဖန်ရံခါ ပေါ်လာခဲသော ငါးလေးများ ကြည့်နိုင်ပြီး စီးဆင်းနေသော ရေတို့ကို ခံစားနိုင်မည့် ကျော့ရှင်းပြီး ဆွဲဆောင်မှု ရှိသော နေရာ ဖြစ်ရမည်ပင်။
ရှန်းယွဲ့က အမူအရာမဲ့စွာပင် ပြောလိုက်သည်။
"ရှင်းပြစမ်းပါ... ဒါက ဘယ်လိုလုပ် ကြယ်ငါးပွင့် ဘာဘီကျူးဆိုင် ဖြစ်သွားရတာလဲ"
ထန်ချောင်းချောင်းက ရှေ့ကို ထိုးပြလိုက်သည်။ "ဟုတ်တယ်လေ... ဆိုင်နာမည်ကို ကြည့်လိုက်"
ရှန်းယွဲ့က မျက်လုံးကို ပင့်ကြည့်လိုက်ပြီး ဆိုင်တွင် ချိတ်ဆွဲထားသည့် အထင်ကြီးဖွယ်ရာ ဆိုင်းဘုတ်ကို တွေ့လိုက်ရသည်။
"အစ်ကိုကြီး ဝူရှင်း ရဲ့ ဘာဘီကျူး"
ထို "ဝူရှင်း"က "ကြယ်ငါးပွင့်"ဟု အဓိပ္ပါယ်ရသော်လည်း ရှန်းယွဲ့ မကြာခဏ စားခဲ့ဖူးသည့် အခြား ကြယ်ငါးပွင့်များနှင့် လုံးလုံး မတူညီပါချေ။ ရှန်းယွဲ့ မျက်နှာတွင် အမဲရောင်မျဥ်းများ အပြည့်ပင်။
ထိုဘာဘီကျူးဆိုင်များက အလွန်ဆူညံလှသည်။ အင်္ကျီဝတ်မထားဘဲ ဘီယာသောက်ရင်း တစ်ယောက်နှင့်တစ်ယောက် စနောက်နေကြသည့် သန်သန်မာမာ လူကြီးများလည်း ရှိနေသေးသည်။ အချို့သော လခစားဝန်ထမ်းများက သိုးကင်သီတံများကို ပါးစပ်အပြည့် သွပ်ရင်း သူတို့၏ ဘောစ့်များကို ကြိမ်းမောင်း ပြောဆိုနေကြသည်။
ရှန်းယွဲ့၏ စိတ်အခြေအနေက အလွန် ရှုပ်ထွေးနေသည်။ သူအရင်က လမ်းဘေးဆိုင်များကို တစ်ခါမှ မစားဖူးပေ။ ထိုနေရာနှင့် သူ့တစ်ဘဝလုံးက လုံးဝခြားနားနေသည့် ကမ္ဘာနှစ်ခုလို ဖြစ်နေသည်။
သို့သော်လည်း ထန်ချောင်းချောင်း၏ မျက်လုံးများက အထဲသို့ ချက်ချင်း ပြေးဝင်သွားရန် မစောင့်နိုင်သကဲ့သို့ တလက်လက် တောက်ပနေခဲ့သည်။
ရှန်းယွဲ့က သူတွေးနေသည့် အတွေးများကို ပြောင်းလဲလိုက်သည်။ 'ဒါက အိုင်ဒေါလ် ဒရာမာတွေထဲ ပါလေ့ရှိတဲ့ စံ ဇာတ်ကြောင်း မဟုတ်ဘူးလား'
ယေဘုယျအားဖြင့် အမျိုးသမီးဇာတ်လိုက်က ချမ်းသာသော အမျိုးသားဇာတ်လိုက်ကို ထိုနေရာလေးများဆီ စားဖို့ ခေါ်သွားကြသည့်အခါ သူတို့၏ ဆက်ဆံရေးက အရေးပါသည့် တိုးတက်မှု တစ်ခု ဖြစ်လာသည့် လက္ခဏာတစ်ခု ဖြစ်လေ့ရှိပေသည်။
သူမဆီတွင် သူနှင့် ပတ်သက်သည့် အတွေးများ ရှိနေဆဲဖြစ်သည်ကို သူသိပေသည်။
ရှန်းယွဲ့ ထိုအကြောင်းကို တွေးမိသည့်အခါ သူ့နှုတ်ခမ်းထောင့်များက မသိလိုက်မသိဘာသာ ကော့တက်သွားလေသည်။ ထန်ချောင်းချောင်းက အစပြုလာမှတော့ သူ စမ်းကြည့်ရပေအုံးမည်။
ထန်ချောင်းချောင်းက ဆံပင်များကို ဦးထုပ်ထဲတွင် ထည့်ကာ mask ကိုလည်း တပ်ထားလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ သူမက ဖန်ပေါင်းသန်းချီနေသည့် စတားတစ်ယောက် ဖြစ်နေသဖြင့် သူမသည်လည်း သိုသိုသိပ်သိပ် နေသင့်ပေသည်။
သူမနှင့် ရှန်းယွဲ့က လူအုပ်ကြီးကို ရှောင်ရှားကာ တမင်သက်သက်ပင် ထောင့်ကျသည့် စားပွဲလေးကို ရွေးချယ်လိုက်သည်။
ရှန်းယွဲ့က ထောင့်တွင် ထိုင်နေရသည့် အချိန်ပင် မသက်မသာ ဖြစ်နေဆဲ ဖြစ်ပြီး အထူးသဖြင့် သူ့ရှေ့က အဖြူရောင် ပလတ်စတစ်စားပွဲပေါ်က သံသယဖြစ်ဖွယ် ချောကျိကျိအလွှာတစ်လွှာကို မြင်တွေ့ပြီးချိန် ဖြစ်ပေသည်။ သူ မတတ်နိုင်ဘဲ ဝှီးချဲကို နောက်ပြန်ဆုတ်လိုက်သည်။ သူတို့ ဒီလိုနေရာမျိုးကို လာခဲ့ကြမည်ဟုသာ သူကြိုသိထားခဲ့ပါက ဝတ်စုံပြည့် ဝတ်ခဲ့မည် မဟုတ်ပေ။
ထိုအချင်းအရာကို တွေ့သောအခါ ထန်ချောင်းချောင်းက တစ်သျူးအနည်းငယ်ကို စိတ်မပါလက်မပါ ဆွဲယူကာ သူ့အတွက် ခုံသုတ်ပေးလိုက်သည်။
"ဒီလိုမျိုး အသေးစိတ်အချက်တွေကို လိုက်ကြည့်မနေနဲ့... အရသာရှိတာတွေ အများကြီးက ဒီလိုမျိုး စားသောက်ဆိုင်လေးတွေမှာ ပုန်းကွယ်နေတာ... ဒီလိုမျိုးတွေကို စားသောက်ဆိုင်ကြီးတွေမှာ မရနိုင်ဘူးနော်"
ရှန်းယွဲ့က သူမကို လှည့်ကြည့်လာသော်လည်း ပြန်မဖြေခဲ့ပေ။
ထန်ချောင်းချောင်းက ပိန်ပိန်ပါးပါး သက်လတ်ပိုင်း အရွယ် ဆိုင်ရှင်ကို လှမ်းခေါ်လိုက်သည်။
"ဘာစားချင်ပါသလဲ... ကျွန်တော်တို့ ဆိုင်က အထူးတလှယ် ရနိုင်တဲ့ မီးသွေးနဲ့ ကင်ထားတဲ့ အမဲလျှာနဲ့ ဝက်အရွတ်ကင်က အကန့်အသတ်နဲ့ပဲ ရနိုင်တာ... အများကြီး မကျန်တော့ဘူးနော်... မင်းတို့စားချင်ရင် မြန်မြန်မှာကြ"
ရှန်းယွဲ့က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "ခင်ဗျား နာမည်က ဝူရှင်းလား"
"ဟုတ်ပါတယ်.. ကျွန်တော်ပါ... ဒီလမ်းထဲမှာ ကျွန်တော့်နာမည်ကို ဘယ်သူက မသိဘဲ နေမှာလဲ" ဆိုင်ရှင်က အတော်လေး ဂုဏ်ယူနေဟန်ပင်။
ရှန်းယွဲ့က မနေနိုင်ဘဲ သူအကြာကြီး တေးထားရသည့် စကားများကို ပြောမိသွားသည်။
"ဆိုင်ကို ခင်ဗျား ပေးထားတဲ့ နာမည်က လှည့်စားပြီး စီးပွားရေး လုပ်ပါတယ်ဆိုပြီး စွပ်စွဲခံရနိုင်တယ်... စားသုံးသူတွေလည်း ခင်ဗျားကို တိုင်ကြား နိုင်တယ်"
ထန်ချောင်းချောင်းက ရှန်းယွဲ့၏ အပြုအမူကြောင့် ကြောင်အသွားသည်။ သူမက ကူကယ်ရာမဲ့စွာပင် နဖူးပွတ်လိုက်ပြီး ဆိုင်ရှင်ကို နှစ်သိမ့်ရန်အတွက် မြန်မြန် ပြုံးပြလိုက်သည်
"သူက နောက်နေတာလေ... နောက်နေတာ... ကျွန်မတို့ကို မီနူးအရင်ပေးမလား... ပြီးမှ ရှင့်ကို ခေါ်လိုက်မယ်လေ... အဆင်ပြေလား"
Xxxxxx