Chapter 37
လမ်းကြားထဲတွင် ကယ်ဆယ်ခြင်း
ထန်ချောင်းချောင်းက ရှန်းယွဲ့၏ အပြုအမူကြောင့် ကြောင်အသွားသည်။ သူမက ကူကယ်ရာမဲ့စွာပင် နဖူးပွတ်လိုက်ပြီး ဆိုင်ရှင်ကို နှစ်သိမ့်ရန်အတွက် မြန်မြန် ပြုံးပြလိုက်သည်
"သူက နောက်နေတာလေ... နောက်နေတာ... ကျွန်မတို့ကို မီနူးအရင်ပေးမလား... ပြီးမှ ရှင့်ကို ခေါ်လိုက်မယ်လေ... အဆင်ပြေလား"
ဆိုင်ရှင်က ဝတ်စုံပြည့်နှင့် ကြည့်ကောင်းနေသည့် ဝှီးချဲပေါ်မှ လူထူးလူဆန်းကို တထူးတဆန်း ကြည့်လိုက်သည်။
သူက သူတို့အတွက် မီနူးချပေးလိုက်ပြီးနောက် ထွက်မသွားမီပင် ခပ်ဖွဖွ ရေရွတ်လိုက်သေးသည်၊ "ထူးဆန်းတဲ့လူပဲ"
ထန်ချောင်းချောင်းက ရယ်မောချင်နေသည့် မျက်နှာနှင့်ပင်။
"သခင်လေးရှန်း... ဆရာကြီးရေ... ရှင်ဒီလို လုပ်နေရင် သူငယ်ချင်း ရှိမှာ မဟုတ်ဘူးနော်"
"ငါ့မှာ သူငယ်ချင်း အများကြီး မလိုဘူး" ရှန်းယွဲ့က ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။
"ဒါဆို ရှင့်ဘာဘီကျူးထဲ သူတံတွေးထွေးထားမှာ မစိုးရိမ်ဘူးလား" ထန်ချောင်းချောင်းက ပုံမှန်အတိုင်း စနောက်လိုက်သည်။
ရှန်းယွဲ့က ထိုဖြစ်နိုင်ချေကို အမှန်တကယ် တွေးနေခဲ့ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"သူသာ လုပ်ရဲရင် မိနစ်ပိုင်းအတွင်း ဒေဝါလီ ခံရအောင် လုပ်လိုက်မယ်"
'အိုး.. ကြောက်စရာကောင်းလိုက်တဲ့ ချိန်းခြောက်မှုကြီးပါလား... ဒါပေမယ့် ရှင် ဒီလို ဆိုင်သေးသေးလေးကို အဲ့လို လုပ်လို့ ရပါ့မလား... လူတွေက ရှင့်ကို ဖိနှိပ်တတ်တဲ့ ဥက္ကဌကြီးလို့ မသိမှာကျနေတာတာပဲ'
ထန်ချောင်းချောင်းက သူမနှလုံးသားထဲမှာပင် တိတ်တိတ်လေး ကြိမ်းမောင်းနေခဲ့သည်။ အမှန်တကယ်တွင် သူမက ရှန်းယွဲ့ တမင်သက်သက် မကောင်းလုပ်ခြင်း မဟုတ်ဘဲ သူ၏ အရွေးလွန် ပြဿနာ ပြန်ပေါ်လာ၍ ဖြစ်ကြောင်း သိလေသည်။
သူမက မီနူးကို ကောက်ယူကာ ကြည့်လိုက်ပြီးနောက် စတင်မှာယူတော့သည်။
"သိုးသားလတ်လတ်ဆတ်ဆတ်ကင်က အချောင်း 20၊ အမဲသားကင် အချောင်း20၊ အသည်းကင် 10ချောင်း၊ ဝက်ဗိုက်သားကင် 10ချောင်း၊ ကြက်တောင်ပံ အစပ်ကင် 5ချောင်း၊ ဘန်းမုန့်ပေါင်းကင် 5ချောင်း..."
ထန်ချောင်းချောင်းက အမှာစာကို မှတ်လိုက်ပြီး သူ့ကို မေးလိုက်သည်၊ "ရှင်ရော ဘာလိုသေးလဲ... အကင် ဘယ်နှချောင်း မှာချင်လဲ"
ရှန်းယွဲ့က သူမကို မယုံသင်္ကာဟန်ဖြင့် ကြည့်လိုက်သည်၊
"ဒါတွေအများကြီးက မင်းအတွက်ပဲပေါ့လေ"
"ဒါပေါ့... ဒါတွေက ဘာဘီကျူးရဲ့ အပိုင်းနည်းနည်းလေးပဲ ရှိသေးတယ်" ထန်ချောင်းချောင်း မျက်လုံးများက အပြစ်ကင်းစင်နေပြီး ဂရုတစိုက် ရှင်းပြလာခဲ့သည်။
ရှန်းယွဲ့က မနှစ်မြို့ဖြစ်လာပြီး ပြောလိုက်သည်၊
"ငါတော့ မင်းအေဂျင်စီရဲ့ အနာဂတ်ကိုပဲ စိုးရိမ်တယ်" ၎င်းတွင် အလွန်အမင်းစားတတ်သည့် ထိုကဲ့သို့သော အမျိုးသမီးစတားတစ်ယောက် ရှိနေသေးသည်။ သူတို့မှာ ဘယ်လိုတိုးတက်မှူတွေ ရှိနေမှာတဲ့လဲ...
ရှန်းယွဲ့က မီနူးကို လက်ညှိုးထိုးပြလိုက်သည်၊ "ငါကြည့်ဖို့ ကိုင်ပေးထား"
ထန်ချောင်းချောင်း: "ကိုယ့်ဘာသာ မကိုင်နိုင်ဘူးလား"
ရှန်းယွဲ့က ရွံရှာမှု အပြည့်ဖြင့် ပြောလိုက်သည်၊ "ဆီတွေပေနေတယ်"
ထန်ချောင်းချောင်းက ကောင်းကင်ပေါ်ကိုသာ မျက်လုံးလှိမ့်မိသွားတော့သည်။ သူမ အရင်က ရှန်းယွဲ့တစ်ယောက် အလွန်ပင် သူတော်ကောင်းယောင်ဆောင်တတ်သည့်အကြောင်းကို မသိခဲ့ရပေ။
သူမက ရှန်းယွဲ့၏ မျက်လုံးရှေ့တွင် မီနူးကို ကိုင်ပြလိုက်သည်။ သူက အကြိမ်အနည်းငယ်မျှသာ ကြည့်ကာ ကြုံရာကျပန်း ရွေးမှာလိုက်သည်။
ဘာဘီကျူးဆိုင်တွင် စားသုံးသူ အများကြီး ရှိသော်လည်း ဆိုင်က ဘာဘီကျူးများကို အမြန်ကင်ပေးလာခဲ့သည်။ မကြာမီပင် ထန်ချောင်းချောင်းက စားပွဲပေါ်တွင် တောင်ပုံရာပုံ ဖြစ်နေသော အကင်ဗန်းကြီးကို ရလိုက်သည်။
ထန်ချောင်းချောင်းက အသားကင်အနံ့ပြင်းပြင်းကို ရပြီးနောက် အကြာကြီး မစောင့်နိုင်တော့ပေ။ သူမက ချက်ချင်းပင် သိုးသားကင် အချောင်းများကို ပါးစပ်အပြည့် ကိုက်စားလိုက်သည်။
သိုးသားက အဆီများကာ နူးအိနေပြီး ညှီနံ့နံမနေပေ။ အပြင်ဘက်က ခပ်ထူထူ ကင်ထားကာ ကြွပ်ရွနေသော်လည်း အထဲက နူးညံ့ကာ အရသာရှိလှသည်။ ကင်ထားသည့် သိုးသားအဆီက ဇီရာမှုန့်နှင့် ငရုတ်သီးအလွှာများဖြင့် ရောနှောနေပြီး စိတ်ဝိဥာဏ်အတွင်းပါ ချက်ချင်း ဝင်သွားသလို ဖြစ်နေပြီး လူတိုင်း မရပ်မနား စားချင်လာစေမည့် ထူးထူးဆန်းဆန်း အနံ့လေးကို ယူဆောင်လာပေးသည်။
ဝက်ဗိုက်သားက 30% အဆီဖြစ်ပြီး 70%က အသားလွှာဖြစ်သည်။ အဆီများသော အပိုင်းက ဖောက်ထွင်းမြင်ရသည်အထိ ကင်ထားပြီး အစွန်းများက အနည်းငယ် မီးဟပ်ထားသည့်ပုံပင်။ သူမက ဆလတ်ရွက်တစ်ရွက်ကို ယူကာ ကြက်သွန်ဖြူ နှစ်ပြားသုံးပြား၊ ပန်းငရုတ်သီး တစ်ပိုင်းနှင့် ဝက်ဗိုက်သားကို ဆိုင်၏ အထူးစပယ်ရှယ် လျှို့ဝှက်နည်းဖြင့် လုပ်ထားသည့် ဆော့စ့်တွင်နှစ်၍ ထည့်လိုက်သည်။
ဆလတ်ရွက်ကို ဝက်သား ထည့်ကာ ထုပ်ပြီးနောက် ဆလတ်ရွက်၏ လတ်ဆတ်မှုက အရသာပြင်းကာ အဆီရွှမ်းသည့် ဝက်ဗိုက်သားဖြင့် ပေါင်းစပ်သွားသည်။ စကားတစ်ခွန်းတည်းဖြင့် ပြောရမည်ဆိုလျှင်- စိတ်ကျေနပ်ခြင်းသာ ဖြစ်ပေမည်။
ထန်ချောင်းခေါင်း၏ ပါးစပ်က ဆလတ်ရွက်နှင့်ထုပ်ထားသော အသားများဖြင့် ပြည့်နေပြီး သူမ၏ ပါးလေးနှစ်ဖက်က ဟမ်းစတားလေးကဲ့သို့ ဖောင်းကားနေခဲ့သည်။ သူမ၏ မျက်လုံးများကလည်း ပျော်ရွှင်စွာ မှေးကျဥ်းနေကြလေသည်။
ရှန်းယွဲ့၏ အမူအယာသည်ကား ရှင်းပြရန် ခက်ခဲပေသည်။ အကယ်၍ ထန်ချောင်းချောင်းသာ သူ့ကို မတူကွဲပြားစွာ သဘောထားနေပါက အဘယ်ကြောင့် သူ့ရှေ့မှာပင် လက်လွတ်စပယ် စားသောက်နေရပါသနည်း။
ထန်ချောင်းချောင်းက ပိုစားလေ ပိုစွဲလမ်းလေ ဖြစ်နေသည်။
"သူတို့ရဲ့ အထူးဟင်းပွဲတွေ စားကြည့်ရအောင်"
မီးသွေးနှင့် ကင်ထားသော အမဲလျှာက စားပွဲတစ်ခုတွင် သုံးပွဲသာ ကန့်သတ်ထားသည်။ တစ်ကိုက်စားပြီးသည်နှင့် ထန်ချောင်းချောင်း တစ်ယောက် ၎င်းက အလတ်ဆတ်ဆုံး အမဲလျှာဖြင့် ပြုလုပ်ထားကြောင်း သိလိုက်သည်။ ဆိုင်ရှင်က အမှန်ကယ် လူကောင်းတစ်ယောက် ဖြစ်ပေသည်။ အမဲလျှာက ပါးပါးလေး မလှီးထားသလို အခြားသော အထူး အရသာမှုန့်များလည်း သုံးမထားပေ။ ရိုးရိုး ဆားကြမ်းနှင့် ငရုတ်ကောင်းမှုန့်က အမဲလျှာ၏ umami အရသာကို လှုံ့ဆော်ပေးရန် လုံလောက်ပေသည်။ ၎င်းက အပြင်ဘက်တွင် ဝါးရလွယ်ပြီး အထဲတွင် နူးညံ့လှ၏။ အရသာရှိသော အရည်များက လျှာထဲတွင် ပိတ်လှောင်နေခဲ့ပြီး ပါးစပ်ထဲသို့ တစ်ကိုက် ကိုက်လိုက်သည်နှင့် စိမ့်ထွက်လာခဲ့သည်။ အရမ်း မိုက်တာပဲ....
ထန်ချောင်းချောင်းက အစားစားနေသည်ကို မရပ်တန့်နိုင်တော့ပေ။ ထို့ကြောင့်ပင် သူမက မှတ်ချက်ပြုလိုက်သည်။
"ဒီအမဲလျှာက တော်တော်လေး စားကောင်းတာ... ကြယ်ငါးပွင့် အဆင့် အရသာပဲ... နာမည်ပေးထားတာ အလဟဿ ဖြစ်မသွားဘူး"
ဝက်အရွတ်သားက အသားအများကြီး ပါပုံမပေါ်သော်လည်း ကြွတ်ဆတ်ကာ နူးညံ့သည့် အရသာလေးပင်။ အရသာမှုန့်များကလည်း အလွန်အမင်း ပြင်းထန်မနေခဲ့ပေ။ အရေအတွက် ကန့်သတ်ထားသည်သာ မဟုတ်လျှင် ထန်ချောင်းချောင်းတစ်ယောက် အကင်ချောင်းများ ဒါဇင်နှင့်ချီပြီး မှာမိမည်သာ။
ခရမ်းသီးကင်သည်လည်း အလွန်ကောင်းလှသည်။ ပါးပါးလှီးထားသော ကြက်သွန်ဖြူကို ပေါင်းထည့်ပြီး ခရမ်းသီး ကျက်ခါနီးအချိန်တွင် ကြက်ဥတစ်လုံးပါ ထည့်ပေးမည် ဖြစ်သည်။ ခရမ်းသီး အပူချိန်က ကြက်ဥကိုပါ ကျက်သွားစေသည်။ နူးညံ့လှသော ကြက်ဥအသားက ခရမ်းသီးအလွှာထဲတွင် တွဲလောင်းကျနေသည်။ အရသာ ရှိလွန်းသဖြင့် သူမအော်မိမတတ်ပင်။
အကယ်၍ သင်သာ ဘာဘီကျူးကို အများကြီးစားမိပါက အီဆိမ့်လာမည် ဖြစ်သည်။ ထန်ချောင်းချောင်းက ရွှေရောင်သန်းကာ ကြွပ်ရွပြီး အရသာရှိလှသည့် ဘန်းမုန့်ပေါင်းတစ်ချပ်ကို စားလိုက်ပြီး အီဆိမ့်နေမှုကို ချေဖျက်လိုက်သည်။
ထန်ချောင်းချောင်း ဘန်းမုန့်ပေါင်းကို ဝါးစားနေပြီး ရှန်းယွဲ့ကို ဇဝေဇဝါ မေးလိုက်သည်၊
"ဘာလို့ မစားတာလဲ... ရှင့် စားချင်စိတ်နဲ့ မကိုက်လို့လား"
ရှန်းယွဲ့က ခေါင်းခါပြလိုက်သည်။ သူနည်းနည်း မြည်းကြည့်ခဲ့သေးသည်။ အားလုံးက စျေးသင့်ပြီး ဒီစားသောက်ဆိုင်၏ အရသာ အထူးသဖြင့် မီးသွေးနှင့်ကင်ထားသော အကင်များ က အမှန်တကယ် ကောင်းပေသည်။ အမဲလျှာကလည်း Michelin စားသောက်ဆိုင်များတွင် သူစားဖူးသည့် အရာများနှင့်ပင် ယှဥ်နိုင်သည်။
[T/N Michelin guide bookဆိုတာ စားသောက်ဆိုင်တွေကို ratingပေးတဲ့ တစ်ခုပါ... starတွေနဲ့ သတ်မှတ်ထားပါတယ် အကောင်းဆုံး ဆိုင်တွေကပဲ Michelin စာရင်းဝင် ဖြစ်တာပါ]
သူ့ပါးစပ်က ထိုအချိန်ကာလလေးပြီးသည့်နောက်တွင် သူမလက်ရာများနှင့် ကျင့်သားရသွားရုံသာ။ အခြားသော အစားအစာများက အမြဲတမ်း တစ်ခုခု လိုအပ်နေသလို ခံစားနေရသည်။
ထန်ချောင်းချောင်း နောင်တရသွားတော့သည်။
"ဒါဆို ကျွန်မ ဒကာခံမဲ့ ကိစ္စက ကျရှုံးသွားပြီပေါ့... ရှင်က စားရတာမှ မကြိုက်တာ"
"အိမ်ပြန်ပြီး ငါ့အတွက်ကြက်ဥခေါက်ဆွဲသာ လုပ်ပေး" ရှန်းယွဲ့က တုန့်ဆိုင်းခြင်း မရှိဘဲ တောင်းဆိုလိုက်သည်။
ထန်ချောင်းချောင်းက "အိုကေ"ဟူသော လက်အမူအရာ လုပ်ပြလိုက်လေသည်။
ရှန်းယွဲ့က အများကြီး မစားသော်လည်း ထန်ချောင်းချောင်းက သူမခေါင်းကို အစားစားခြင်းတွင်သာ နစ်မြုပ်ထားသည်။ နောက်ဆုံးတွင် သူမက လန်းဆန်းသွားစေမည့် ဇီးဖျော်ရည်ချဥ်ချဥ်အေးအေးလေးကို ပါးစပ်အပြည့် လောင်းထည့်လိုက်သည်။
စားသောက်ပြီးနောက် သူမက ဝမ်းအောက်ပိုင်း တင်းကျပ်လာသလို ခံစားလိုက်ရသည်။
ယခု သူမ အလျင်လိုနေလေပြီ။ ဘေးပတ်လည်ကို လှည့်ကြည့်လိုက်သောအခါ ဆိုင်ဘေးတွင် အိမ်သာဆီသို့ သွားသည့်လမ်းကို ပြထားသည့် သင်္ကေတကို တွေ့လိုက်ရသည်။
အိမ်သာက လမ်းကြားလေးထဲတွင် ရှိပြီး နှစ်ကြိမ်မျှ လမ်းချိုးပြီးမှ ရောက်လာခဲ့သည်။ အထဲက အလွန် သန့်ရှင်းနေပြီး အပြင်ဘက်လမ်းမီးက ပြုပြင်ရန်လိုအပ်နေကာ မှိတ်တုတ်မှိတ်တုပ် ဖြစ်နေသည်က လွဲရင်သာ။
ထိုလမ်းကြားလေး၏ အခြားတစ်ဖက် အဆုံးက မည်သည့်နေရာတွင် ရှိနေသည်ကို ဘယ်သူမှ မသိနိုင်ပေ။ အထဲသို့ သွားလေလေ မီးရောင်က ပိုမှိန်လာလေလေ ဖြစ်သည်။
ထန်ချောင်းချောင်း အိမ်သာမှ ထွက်လာသောအခါ သူမလှည့်ကြည့်ပြီး ထွက်သွားတော့မည့် အချိန်တွင် စူးစူးရှရှ အော်ငိုလိုက်သံကို ရုတ်တရက် ကြားလိုက်ရသည်။
"ကယ်ကြပါ"
"ကယ်ကြပါ"ဟု အော်သံက အလွန်တိုတောင်းပြီး လုံးလုံးထွေးထွေး ငိုသံသာ လိုက်လာခဲ့သည်။ တစ်စုံတစ်ခုက လူတစ်ယောက်၏ ပါးစပ်ကို ပိတ်ဆို့နေသကဲ့သို့ပင်။
ထန်ချောင်းချောင်း၏ စူးရှသည့် အလိုလိုသိစိတ်က လမ်းကြားထဲတွင် မကောင်းတာ တစ်ခုခုဖြစ်မှန်း နားလည်သွားသောကြောင့် သူမက ပြန်လှည့်ကာ တုန့်ဆိုင်းမနေဘဲ လမ်းကြားထဲသို့ မြန်မြန် ပြေးသွားတော့သည်။
သုံးလေးကွေ့မျှ ချိုးပြီးနောက် အမဲရောင် အဝတ်အစားများနှင့် လူတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ဖိထားသည်အား တွေ့လိုက်ရသည်။ ထိုသူက အလင်းရောင်မှိန်သည့် ထောင့်လေးတွင် မိန်းကလေး အဓ္ဓမကျင့်ရန် ကြိုးပမ်းနေခဲ့သည်။
ထန်ချောင်းချောင်းက ထိုရှော့ရစရာ မြင်ကွင်းနှင့် တိုးမိသွားပြီးနောက် သူမရင်ထဲမှ ဒေါသမီးတောက်များ ဟုန်းဟုန်းတောက်လာခဲ့သည်။
"တိရစ္ဆာန်ကောင်"
သူမက ချက်ချင်း ပြေးသွားကာ ယောကျ်ားကြီးကို ပုခုံးမှ ကိုင်ဆွဲပြီး မလိုက်ကာ ဘေးသို့ ပစ်ချလိုက်သည်။
အနိုင်ကျင့်ခံရသည့် မိန်းကလေးက ကျောင်းသူတစ်ယောက် ဖြစ်ပုံပင်။ သူမလည်ပင်းတွင် လက်ချောင်းရာများ ထင်နေဆဲဖြစ်ပြီး ဂျာကင်ကလည်း စုတ်ပြဲနေသည်။ ထိုအချိန်မှသာ သူမက အဆုံးတွင် လက်မြောက်သွားပြီး နီရဲနေသော မျက်နှာဖြင့် ပြင်းပြင်းထန်ထန် ချောင်းဆိုးတော့သည်။
"အဆင်ပြေရဲ့လား" ထန်ချောင်းချောင်းက အဝတ်များကို ပြန်ပြင်ပေးလိုက်ပြီး "ရဲခေါ်လိုက်" ဟု မပြောခင်မှာပင် နံရံကို မှီ၍ ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။
သူမက ပြန်လှည့်ကာ မြေပြင်ပေါ်မှ ကတုန်ကယင် ထလာသည့် လူကို ကြည့်လိုက်သည်။ သူထရပ်လိုက်သောအခါ အနည်းငယ် သောက်ထားသည့်ပုံပင်။
သူက လုံးဝ ကြောက်ရွံ့မနေပါချေ။ ၎င်းက ဦးထုပ်ဆောင်းပြီး အနက်ရောင် ဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးတစ်ယောက်သာ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူက ကောက်ကျစ်သော အပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။
"နောက်ထပ် မိန်းကလေးတစ်ယောက် ရောက်လာပြီ... ဒါဆို ငါတို့သုံးယောက် အတူတူ ကစားကြမလား"
"အတူတူတဲ့လား သောက်မကောင်းဆိုးဝါးကောင်"
ထန်ချောင်းချောင်းက ထိုလူ အသိတရား မရဘဲ ညစ်ညစ်ညမ်းညမ်း စကားများ ထွက်ကျလာသေးသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများက မကောင်းစိတ်များ ပြည့်နေသည့်အတွက် ပို၍ပင် ဒေါသထွက်လာရသည်။
စကားတစ်ခွန်းမှ မပြောဘဲ သူမက ထိုသူဆီသို့ သွားကာ ပုခုံးကို ဆုပ်ကိုင်လိုက်ပြီး ရုတ်တရက်ပင် သူမခြေထောက်ကို မလိုက်သည်။ သူမဒူးက ထိုလူ၏ ထိလွယ်ရှလွယ် အပိုင်းကို ပြင်းပြင်းထန်ထန် တိုက်လိုက်ပြီးနောက် ညာဘက်လက်ကို ဝိုက်ကာ ထိုသူ၏ မေးစေ့ကို ပစ်ထိုးလိုက်သည်။
Xxxxxxxx