Chapter 38
စကားတစ်ခွန်းမှ မပြောဘဲ သူမက ထိုသူဆီသို့ သွားကာ ပုခုံးကို ဆုပ်ကိုင်လိုက်ပြီး ရုတ်တရက်ပင် သူမခြေထောက်ကို မလိုက်သည်။ သူမဒူးက ထိုလူ၏ ထိလွယ်ရှလွယ် အပိုင်းကို ပြင်းပြင်းထန်ထန် တိုက်လိုက်ပြီးနောက် ညာဘက်လက်ကို ဝိုက်ကာ ထိုသူ၏ မေးစေ့ကို ပစ်ထိုးလိုက်သည်။
ထိုယောကျ်ားက သူ့ရှေ့မှ လှပပြီး "အားနည်းသော" မိန်းကလေးကို ဘာတစ်ခုမှ ပြန်မခုခံနိုင်ခဲ့ဘဲ မြေပေါ်သို့ ပြန်လဲကျသွားတော့သည်။
သူ့မေးစေ့နှင့် ထိလွယ်ရှလွယ် နေရာများမှ အသဲခိုက်အောင် နာကျင်မှုက သူ့ကို ဘောလုံးတစ်လုံးကို ကွေးနေရစေသည်။ သူ့လက်တစ်ဖက်က အပေါ်ပိုင်းကို ကာထားပြီး တစ်ဖက်က အောက်ပိုင်းကို ကိုင်ထားရသည်။ သူ နာရလွန်းသဖြင့် အော်ဟစ်နေရပေသည်။
ထန်ချောင်းချောင်းက သူမ၏ အရိုးအဆစ်များကို ချိုးလိုက်ပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ထိုကဲ့သို့ လူဆိုးကောင်များက မြို့ထဲရှိ ပိုးဟပ်များ ကြွက်များကဲ့သို့ပင် အမှောင်ရိပ်ကျသော ထောင့်များတွင် ခြုံခိုနေကြကာ တစ်ယောက်ထဲ ဖြစ်နေသော မိန်းကလေးများကို ခေါ်သွားတတ်ကြသည်။
ယနေ့တွင် သူမက ထိုသူကို သင်ခန်းစာပေးကာ မှန်ကန်သည့်လမ်းကြောင်း၏ အလင်းရောင်ကို ပြပေးရမည်။
ထိုသူက အရက်အနည်းငယ်သာ သောက်ထားခဲ့သော်လည်း အရိုက်ခံရပြီးနောက် လုံးလုံး အမူးပြေသွားပြီ ဖြစ်သည်။
"နံစော်နေတဲ့ စုန်းမ... မင်းသေချင်နေတာလား"
ထိုလူက ခဏမျှ နားနေပြီးနောက် နာကျင်မှုသက်သာစေရန် ဗိုက်ကို ကိုင်ထားရင်း ဒေါသတကြီး ထရပ်ကာ တရစပ် ဆဲဆိုလာခဲ့သည်။
ထိုလူ၏ အရပ်က အနည်းဆုံး 1.8 မီတာ ရှည်လေသည်။သူက မြေပေါ်တွင် အန်ချလိုက်ပြီးနောက် အင်္ကျီလက်ကို ခေါက်တင်ကာ ထန်ချောင်းချောင်းထံ လျှောက်လာခဲ့သည်။
သူက ဂရုမထားရုံတင်။ သို့သော်လည်း ထိုကဲ့သို့သော ပိန်ပိန်ပါးပါး မိန်းမမျိုးနှင့် ရင်ဆိုင်ရန်အတွက်ကား သူ့အတွက် လွယ်ကူနေသေးသည်။
"အစ်မ... ဂရုစိုက်" ကျောင်းသူမိန်းကလေးက ကြောက်လန့်လာသောကြောင့် ထပ်၍ ထပ်၍ အော်လာပြန်သည်။ ထိုလူ၏ အရိပ်က သူမကို နံရံဆီသို့ ပြန်ဆုတ်သွားစေခဲ့သည်။
ထန်ချောင်းချောင်းက တစ်လှမ်းမှ မရွေ့ဘဲ ရှေ့တိုးလာသော လူကိုသာ အေးတိအေးစက် ကြည့်နေခဲ့သည်။
သူမက မျက်လုံးများကို မှေးကျဥ်းကာ အကွာအဝေးကို ရေတွက်နေခဲ့သည်။ ထိုလူ သူမ ခန့်မှန်းထားသော နေရာသို့ ရောက်လာသောအခါ သူမက ဘေးတိုက်ကန်လိုက်သည်။ "ဘန်း"ဟူသော အသံဖြင့် ထိုလူက တစ်ဖက်နံရံသို့ တိုက်ရိုက် ကန်ချခံလိုက်ရသည်။
ထိုလူမျိုးနှင့် ရင်ဆိုင်ရသောအခါ သူမက ကြမ်းနိုင်သမျှ ကြမ်းကာ ပေါ့ပေါ့ဆဆ လုပ်နေမည် မဟုတ်ပေ။
နံရံနှင့် တိုက်မိပြီးနောက် ထိုလူက မြေပြင်ပေါ်တွင် နှစ်ကြိမ်မျှ လိမ့်သွားကာ နောက်ထပ် လှုပ်ရှားမှု မရှိတော့ပေ။ သူ လုံးဝ ထမရပ်နိုင်တော့ခြင်း ဖြစ်သည်။
ကန်ချက်တစ်လျှောက်တွင် ထန်ချောင်းချောင်း၏ အနက်ရောင် ဒေါက်မြင့်ဖိနပ်သည်လည်း သူမခြေထောက်မှ လွင့်ထွက်သွားကာ လှပသည့် မျဥ်းကွေးလေးဖြင့် လေထဲတွင် လမ်းကြားလေးကို ဖြတ်သွားခဲ့သည်။
ကျောင်းသူမိန်းကလေးက သူမရှေ့မှ အစ်မကြီးကို ကြည့်နေခဲ့ပြီး ကြောင်အနေခဲ့သည်။ ယောကျ်ားကြီးကို ကန်ပြီးနောက် ထိုအစ်မကြီးက ရွှေကြက်ဖကဲ့သို့ ဂုဏ်ယူနေသည့်ဟန်ဖြင့် စက္ကန့်အနည်းငယ်မျှ ရပ်နေသေးသည်။ ထို့နောက် သူမက ဖိနပ်ကို ယူရန် ခုန်လိုက်ပြီး ကန်ချက်ထက် ဖိနပ်က ပိုအရေးကြီးနေသကဲ့သို့ စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် ရှိနေခဲ့သည်။
ကျောင်းသူလေးက ယခုအချိန်ထိ အော်ဟစ်နေဆဲ ဖြစ်သော်လည်း ထိုအချိန်တွင် အနည်းငယ် ကြက်သေသေသွားရသည်။
ထန်ချောင်းချောင်း နောင်တရနေပါ၏။ သူမက ယနေ့ အပြင်ထွက်လာသည့်အချိန်တွင် လှုပ်ရှားရ မလွယ်ကူသည့် ဝတ်စုံရှည်နှင့် ဒေါက်မြင့် ဖိနပ်ကို စီးလာခဲ့မိသည်။ မဟုတ်လျှင် သူမက ထို လူယုတ်မာ၏ ခွေးခေါင်းကိုပါ တည့်တည့်ကန်နိုင်မည် ဖြစ်သည်။
ထိုသူအတွက် ကံကောင်းသွားသည်က ဤကမ္ဘာတွင် သူမက အရင်ဘဝကလို နစ်နာသူများဘက်မှ ရပ်တည်ကာ မကောင်းသည့် လူများကို မဖယ်ထုတ်နိုင်ပေ။ ယခုဘဝတွင် လူဆိုးဖမ်းရန်က ရဲဦးကြီးများ၏ တာဝန်သာ ဖြစ်ပြီး ဥပဒေက တရားမျှတမှုကို ရှာဖွေပေးမည် ဖြစ်သည်။
ထန်ချောင်းချောင်း ဖိနပ်စီးပြီးနောက် သူ့စကပ်ကို ဖြန့်ကာ ကျောင်းသူမိန်းကလေးကို စစ်ဆေးရန် လှည့်ကြည့်လိုက်သည်။
ထန်ချောင်းချောင်းက သူမ၏ မယုံနိုင်ဖွယ် ဖြစ်နေသည့် အမူအရာကို ကြည့်လိုက်ပြီး နောက် သူမနားလည်လိုက်သည်က သူမပုံရိပ်ကို မထိန်းနိုင်ဘဲ ခွန်အားများကို ထပ်ပြီး ထုတ်ပြလိုက်မိပြန်ပြီဟုသာ။
သူမက နောင်တအပြည့်ဖြင့် ခေါင်းကိုသာ ခေါက်လိုက်သည်။ 'ဘုရားရေ..
ကျောင်းသူလေး ကြောက်သွားမလားပဲ"
သူမက နှုတ်ခမ်းထောင့်များကို မဲ့လျက် ကျောင်းသူလေးကို ထူလိုက်ပြီး ခန္ဓါကိုယ်ပေါ်မှ ဖုန်မှုန့်များကို ခါပေးကာ သူမကိုယ်တိုင် သေသေချာချာ ရပ်နိုင်သည်အထိ ကိုင်ပေးထားလိုက်သည်။
"ညီမလေး... အဆင်ပြေရဲ့လား" သူမက မျက်ရည်များကို သုတ်ဟန် ဟန်ဆောင်ကာပြောလိုက်သည်။
"အစ်မ အခု သေလောက်အောင် ကြောက်သွားတာ... အဲ့လူက အစ်မကို မကောင်းတာတွေ လုပ်ချင်နေသေးတယ်... အစ်မတော့ ကြောက်လွန်းလို့ နှလုံးပါ ခုန်ထွက်သွားတော့မလို့"
ကျောင်းသူလေး ကြက်သေသေသွားတော့၏။
'အစ်မကြီးရေ... ခုလေးတင် အစ်မမျက်နှာက အရမ်း သတ္တိရှိတဲ့ ပုံနဲ့ပါ.... ကြောက်နေတဲ့ပုံလည်း လုံးဝမပေါ်ဘဲနဲ့'
ထန်ချောင်းချောင်းက ဆက်ပြီး စကားဖုံးနေဆဲပင်။
"လူတွေက အန္တရာယ်နဲ့ ကြုံရင် ခါတိုင်းထက် ပိုပြီး ခွန်အားတွေ ပွင့်ထွက်ကြရောတဲ့... အခုလေးတင် ဖြစ်သွားတာလည်း အဲ့ဒါကြောင့်ပဲနေမယ်... ဒါကြောင့် အစ်မ သူ့ကို ကန်မိသွားတာ... မဟုတ်ရင် သူ့ကို ဘယ်ရိုက်နိုင်ပါ့မလဲ"
ကျောင်းသူလေးက သံသယရှိနေဆဲပင်။ "တကယ်လား... အဲ့လို ဖြစ်သွားတာလား"
"ဒါပေါ့... အဲ့လို ဖြစ်သွားတာ" ထန်ချောင်းချောင်းက သဘောတူညီဟန် ခေါင်းငြိမ့်ပြလိုက်သည်။
ထိုအချိန်တွင် အဝေးမှ လာသည့် ရဲကားအချက်ပေးသံကို ကြားလိုက်ရသည်။
ထန်ချောင်းချောင်းက သူမပုခုံးကို ပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်၊
"ညီမလေး... ရဲတွေရောက်လာပြီ... မကြောက်နဲ့နော်... လူယုတ်မာကောင်က မထနိုင်တော့ဘူး... ရဲတွေ ရောက်လာတဲ့အထိလစောင့်လိုက်အုံး... အစ်မ အရင်သွားနှင့်မယ်"
ကျောင်းသူလေးက စိတ်လှုပ်ရှားသွားရသည်။ "အစ်မ... သွားတော့မှာလား"
"အစ်မ အလျင်လိုနေလို့ အကြာကြီးနေလို့ မရဘူး"
သူမသာ ရဲများ ရောက်လာသည်အထိ စောင့်လိုက်ပါက ထွက်ဆိုချက် ယူရန် ခေါ်သွားခံရမည် ဖြစ်ပြီး သူမလည်း ဖော်ထုတ်ခံရမည်ပင်။
ထန်ချောင်းချောင်း 1.8 မီတာ ရှည်သော လူကြီးကို ကန်နိုင်သည့် အမျိုးသမီးစတား တစ်ယောက်အဖြစ် ဖော်ထုတ်ခံရမည်ကို ကြောက်ပါ၏။
နောက်ဆုံးတစ်ခေါက် ရှိုးတွင် သူမဝက်ဖမ်းသည့်အချိန်ကို တွေးကြည့်ပါ။ အင်တာနက်ပေါ်က လူအများက သူမကို "ကင်းကောင်ဘာဘီ"ဟု ရယ်စားခဲ့ကြသည်။ နောက်ပိုင်းတွင် ကင်းကောင်ဘာဘီက မည်သည် ဖြစ်ကြောင်း သူမ သိခဲ့ရသည်။ ထိုပုံကို မြင်သောအခါ အနည်းငယ် ကြောင်အသွားသေးသည်။
မဖြစ်ဘူး... သူမ ကင်းကောင်ဘာဘီလို့ အခေါ်မခံချင်ဘူး...
ထန်ချောင်းချောင်းက မိန်းကလေးကို နှုတ်ဆက်ပြီး ဦးထုပ်လျှာကို ဆွဲချလျက် မြန်မြန် ပြန်လာခဲ့သည်။
အချိန်ခဏမျှ လမ်းလျှောက်လာပြီးသည့်နောက်တွင် ရင်းနှီးသော ပုံရိပ်လေးက မှိန်ဖျဖျ လမ်းကြားလေးတွင် ပေါ်လာခဲ့သည်။ ဒရိုင်ဘာက ရှန်းယွဲ့ကို သူမဆီသို့ တွန်းလာပေးခဲ့သည်။
ထိုလူက တစ်ဖက်မှ သူမကို တွေ့သောအခါ ရပ်လိုက်လေသည်။
ထန်ချောင်းချောင်းက သူ့ဆီ ခပ်မြန်မြန် ပြေးလာခဲ့သည်။ "ဘာလို့ ဒီမှာ ရှိနေတာလဲ"
သူမပြောလိုက်လိုက်ချင်းပင် ရှန်းယွဲ့၏ မျက်လုံးများထဲတွင် ဒေါသများရှိနေသည်ကို နားလည်သွားသည်။ သူ့မေးရိုးများက ခပ်တင်းတင်း ဖိချထားသည်။ သိသိသာသာပင် သူက စိတ်ခံစားချက်များကို ဖိနှိပ်နေခဲ့သည်။
သူက မေးလိုက်သည်။ "ဘာလို့ သန့်စင်ခန်းကို အကြာကြီး သွားနေတာလဲ... ဘာလို့ အဲ့ဘက်က ပြန်လာရတာလဲ"
"ကျွန်မ သန့်စင်ခန်းကို သွားခဲ့ပါတယ်... ဒါပေမယ့် ပြန်ထွက်လာတော့ တစ်ယောက်ယောက် အကူအညီတောင်းနေတာ ကြားလိုက်လို့ အဲ့ဘက်ကို ရဲရဲရင့်ရင့်နဲ့ ကူဖို့ သွားလိုက်တာ"
ထန်ချောင်းချောင်းက ဖြစ်စဥ်တစ်ခုလုံးကို စကားလုံး အနည်းငယ်ဖြင့် ရှင်းပြလိုက်သည်။
"မင်းက အရူးလား" ရှန်းယွဲ့က အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်သည်၊
"လမ်းပေါ်မှာ လူတွေအများကြီး ရှိနေတာပဲ... မအော်မခေါ်တတ်ဘူးလား... ဘာလို့ ကိုယ့်ဘာသာကိုယ် အပြေးအလွှား သွားကူရတာလဲ"
ထန်ချောင်းချောင်းက သန့်စင်ခန်းကို နာရီဝက်ကြာနီးပါး သွားခဲ့သည်။ သူမ ပြန်မလာသောကြောင့် သူသည်လည်း စိုးရိမ်လာခဲ့ရသည်။ သူမက ဖုန်းလည်း ယူမသွားသဖြင့် သူမကို ရှာရန်အတွက် ဒရိုင်ဘာကိုသာ တွန်းလာခိုင်းခဲ့ရသည်။
သို့သော်လည်း အိမ်သာထဲတွင် မည်သူမျှ ရှိမနေပါချေ။ ထိုအချိန်တွင် သူ ရဲကားအချက်ပေးသံကို ခပ်ယဲ့ယဲ့ ကြားလိုက်ရသည်။ ရှန်းယွဲ့က သူမများ မတော်တဆ ဖြစ်လေသလားဟု တွေးမိသောကြောင့် လမ်းကြားထဲအထိ အမြန်လာခဲ့ရသည်။ မထင်မှတ်ထားစွာပင် သူမပေါ်လာခဲ့ပြီး မျက်နှာပေါ်တွင် ရူးကြောင်ကြောင် အပြုံးတစ်ခုလည်း ရှိနေခဲ့သေးသည်။
ဒရိုင်ဘာက ပြောလိုက်သည်၊
"မဒမ်... ဆရာက မဒမ့်ကို တော်တော်လေး စိတ်ပူနေခဲ့တာ"
ထန်ချောင်းချောင်းက ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရသည်။
"တောင်းပန်ပါတယ်... အဲ့အချိန်တုန်းက အများကြီး မတွေးမိခဲ့ဘူး... အလျင်လိုနေခဲ့တာ... ကျွန်မသာ နောက်ကျသွားရင် အဲ့လူယုတ်မာက ကောင်မလေးကို သတ်ပါသတ်သွားနိုင်တယ်... ဒါပေမယ့် ကံကောင်းလို့ သူ ကျွန်မနဲ့ တွေ့တာ"
"အဲ့အပြင်" ထန်ချောင်းချောင်းက ရုတ်တရက် သူ့အနား တိုးလာကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"သူများတွေ မသိပေမယ့် ရှင်သိနေတာပဲ... ကျွန်မက အရမ်း အားသန်တယ်လေ... သာမန်လူတွေ ကျွန်မကို ထိခိုက်အောင် မလုပ်နိုင်ဘူး... မစိုးရိမ်နဲ့နော်"
ရှန်းယွဲ့က သူ့နှလုံးသားက ကြောက်ရွံ့စိတ် အချို့ဖြင့် သူမကို မည်းမှောင်စွာ ကြည့်လိုက်သည်။ သူမ မတော်တဆ ဖြစ်နေပြီ ဟု တွေးမိသည်နှင့် သူ့နောက်ကျောတွင် ချွေးအေးများ ထွက်လာခဲ့ရသည်။
ထိုအချိန်တွင် သူ့နှလုံးသားထဲတွင် ထိုမိန်းမ၏ နေရာက သူထင်ထားသည်ထက် အများကြီး ပိုအရေးကြီးနေကြောင်း နားလည်သွားရတော့သည်။
သူတို့ စကားပြောနေချိန်မှာပင် ရဲကားများ၏ အသံက နားထဲတွင် ပိုပြီး နီးကပ်လာသည်။
ထန်ချောင်းချောင်းက ဝှီးချဲကို ဒရိုင်ဘာဆီမှ လွှဲယူကာ ရှန်းယွဲ့ကို တွန်းပေးလိုက်ပြီး လှည့်ထွက်သွားသည်။
"အိမ်ပြန်ကြမယ်"
ရှန်းယွဲ့က အေးစက်စွာ ပြောလိုက်သည်။
"နောက်တစ်ခါ ဒီနေရာကို စားဖို့ မလာနဲ့တော့... ဘယ်လောက်တောင် ဖရိုဖရဲ ဖြစ်လိုက်တဲ့ နေရာလဲ..."
ထန်ချောင်းချောင်းက ငြင်းပယ်လိုက်သည်၊ "တစ်ကြိမ် အစာနင်သွားရုံနဲ့ အစားအသောက် မစားဘဲ နေလို့မှမရတာ... ဒါက မတော်တဆလေးပါပဲ... ကမ္ဘာပေါ်က နေရာတိုင်းမှာ မှုခင်းတွေ ဖြစ်နိုင်တယ်"
ရှန်းယွဲ့: "ပါးစပ်ပိတ်ထား... ငါမပါဘဲ လာခွင့်မပြုဘူး"
ထန်ချောင်းချောင်းက ပြန်မဖြေဘဲ တွေးနေလိုက်သည်။ 'ကျွန်မသာ တိတ်တ်တိတ်လေး လာရင် ရှင် ဘာတတ်နိုင်မှာလဲ'
အပြန်လမ်းတွင် ရှန်းယွဲ့ မျက်နှာက တစ်လမ်းလုံး တင်းမာနေခဲ့သည်။ သူက စကားတစ်ခွန်းမှ ပြောမလာပေ။ ၎င်းက သူတို့ ဗီလာ၏ အိမ်တံခါးဝကို ရောက်ပြီး သူ စိတ်ငြိမ်သွားသည်အထိ ဖြစ်သည်။
အမျိုးသားတစ်ယောက်၏ နှလုံးသားက ပင်လယ်ရေအောက်ကြမ်းပြင်မှ အပ်တစ်ချောင်းနှင့် တူပေသည်။
ထန်ချောင်းချောင်း ဝင်လာသောအခါ ထမင်းစားခန်း စားပွဲပေါ်မှ ပုံးတစ်လုံးကို တွေ့လိုက်သည်။ သူမက အန်တီဝမ်ကို မေးမြန်းလိုက်သည်၊
"ဒါဘာလဲ"
အန်တီဝမ်: "လီကျိ ပို့ပေးလာတာ... သူပြောတာ ဆရာ့ပစ္စည်းလို့ ပြောတာပဲ... ဆရာ အပြင်ထွက်သွားလို့ ချပြီး ပြန်သွားတာ"
"လီကျိက ဘယ်သူလဲ"
"ဆရာ့ လက်အောက်က လူပါ"
ထန်ချောင်းချောင်းက ထိုအရာကို ကြည့်ရန်အတွက် ခါးကိုင်းလိုက်သော်လည်း ရှန်းယွဲ့က လက်ဦးမှုယူကာ ပုံးကို လက်မောင်းကြားထဲတွင် ကိုင်ထားလိုက်သည်။
"ဒါစာရွက်စာတမ်းတွေ... သူတို့က ဘာကြည့်ကောင်းမှာမို့လဲ"
'မကြည့်ခိုင်းရင် မကြည့်ရုံပေါ့' ထန်ချောင်းချောင်းက သူ အဖြစ်သည်းနေပုံကြောင့် နှုတ်ခမ်း တွန့်လိုက်သည်။
ရှန်းယွဲ့က တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ကံကောင်းစွာဖြင့် လီကျိက ယုံကြည်စိတ်ချရပြီး ပုံးအသစ်ဖြင့် ထည့်လာခဲ့သဖြင့် ထိုအရာက သူမပို့ထားသော သရေစာများ ဖြစ်သည်ကို သတိမပြုမိပေ။
သို့သော်လည်း လီကျိက သူ့နှလုံးသားထဲတွင် သူ့သူဌေးအား စတားတစ်ယောက်ကို လိုက်နေသည့်သူ ဟုသာ မှတ်ယူထားသည်။ မဟုတ်လျှင် အဘယ်ကြောင့်များ သူက အမျိုးသမီးကြယ်ပွင့်လေး လုပ်ထားသော သရေစာကို မဲပေါက်ပြီး အိမ်ကို မပို့မီ ကုမ္ပဏီကို အရင်ပို့ခိုင်းရပါသနည်း။ သူ့သူဌေးက သူ့ကို ပုံးတစ်ခုမှာ ထည့်ခိုင်းပြီး အိမ်ကို ပြန်ပို့ခိုင်းလာသေးသည်။ သူဌေးများ အိမ်မှာ အကြာကြီး နေခဲ့လို့ အထီးကျန်လွန်းသွားတာလား။
(ထူးထူးဆန်းဆန်းပြုမူလို့)
အထီးကျန်တကိုယ်တော် မစ္စတာ ရှန်းယွဲ့သည်ကား ပုံးတစ်ခုဖြင့် အခန်းကို ပြန်လာခဲ့သည်။ သူက စိတ်ပင်ပန်းမှုများကို လွင့်ပါးသွားစေမည့် အရသာရှိသော သရေစာများကို ထပ်ပြီး အရသာခံလိုက်သည်။
Xxxxxx