Chapter 39
ပုံမှန် မဟုတ်သော တံခွန်အလံ
အထီးကျန် မစ္စတာ ရှန်းယွဲ့သည်ကား ပုံးတစ်ခုဖြင့် အခန်းကို ပြန်လာခဲ့သည်။ သူက စိတ်ပင်ပန်းမှုများကို လွင့်ပါးသွားစေမည့် အရသာရှိသော သရေစာများကို ထပ်ပြီး အရသာခံလိုက်သည်။
ဒီနေ့ ကိစ္စအများကြီး ဖြစ်သွားခဲ့သည်။ ထန်ချောင်းချောင်းက ဆေးကြောကာ အိပ်ရာထဲတွင် လဲလျောင်းလိုက်သည်အထိ ဝေ့ပေါ်ကို မဖွင့်ခဲ့ပေ။ သူမက သီးသန့်မက်ဆေချ့်များ ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
အများစုက ကံစမ်းမဲကို မည်သည့်အချိန်တွင် ထပ်လုပ်မည်နည်းဟု မေးထားကြသူများဖြစ်သည်။ အချို့သူများကပင် သူမ၏ သရေစာများကို ငွေဖြင့် ဝယ်ယူလိုကြသည်။
ကြည့်ရသည်မှာ အချို့သူများက သူမပို့လိုက်သော ကြာပွင့် အကြွပ်နှင့် ဟင်းအနှစ် အဆာသွပ်မုန့်များကို အောင်အောင်မြင်မြင် ရရှိပြီးနောက် ဝေ့ပေါ်တွင် ပြန်လည်မျှဝေကာ ဆွေးနွေးပွဲ လိုင်းလုံးကြီး ဖြစ်သွားစေခဲ့သည်။
မထင်မှတ်ထားဆုံးအရာမှာ မောက်လီသည်လည်း ဆယ်လ်ဖီ ဗီဒီယိုအတိုလေး တင်လာခဲ့ခြင်း ဖြစ်သည်။ မောက်လီက သိုသိုသိပ်သိပ်နေတတ်ပြီး ဝေ့ပေါ်တွင် ကိုယ်ရေးကိုယ်တာ ကိစ္စများ တင်လာသည်က ရှားပါးသောကြောင့် ထိုကိစ္စသည်လည်း တွေ့ရခဲ့သည့် ကိစ္စဖြစ်လေသည်။ ဒီတစ်ကြိမ်တွင် သူမက သူမ၏ ကိုယ်ပိုင်အိမ်အတွင်းမှာ ပေါ်လာခဲ့ပြီး တထူးတဆန်းပင် ဗီဒီယိုတစ်ခု ရိုက်ကူးခဲ့သေးသည်။
မောက်လီ ဗီဒီယိုထဲတွင် ပြောခဲ့သည်မှာ "တကယ်တော့ သရေစာတွေ ရောက်လာတော့ ညပိုင်းမှာ ကျွန်မအစာစားသင့်တဲ့အချိန်ကို ကျော်နေခဲ့ပြီးပြီ။ ဒါပေမယ့်လည်း ဒီနေ့တော့ ချောင်းလေးအတွက် ခြွင်းချက်ပေးထားတယ်"
မောက်လီက ကြာပွင့်မုန့်ကို ကင်မရာမှတဆင့် လူတိုင်းကို ပြသခဲ့သည်။ ပန်းရောင် ပွင့်ဖတ်များက ထိပ်ပိုင်းတွင် တစ်ခုနှင့် တစ်ခု ထပ်နေတာ အဝါရောင် အဆာပလာနှင့် ဖြည့်ထားသည်။ နွေရာသီတွင် ပွင့်သော ကြာကန်ထဲမှ ကြာပန်းလေးအတိုင်းပင် အလွန် လှပလေသည်။
အစိမ်းရောင်က တစ်ဝက်သာ ပွင့်နေသည့် ပန်းပုံပေါ်နေသည်။ ၎င်းက လတ်ဆတ်သော ခံစားချက်ကို ပေးသည်။
မောက်လီက အချိန်အတော်ကြာသည်အထိ ချီးကျူးနေခဲ့သည်၊ "တစ်ကိုက်လောက် ကိုက်ဖို့ တောင့်မခံနိုင်တော့ဘူး"
သို့သော်လည်း ကြာပန်းမုန့်က မည်မျှပင်လှပနေစေကာမူ သူမကတော့ စားရမည် ဖြစ်သည်။ သူမက အဆုံးတွင် ပါးစပ်ထဲသို့ ထည့်လိုက်ပြီး အပြင်ဘက်က ကြွပ်ရွကာ အဆာပလာက ချိုမြသဖြင့် သူမခံတွင်းတစ်ခုလုံး အနံ့လေးများ မွှေးပျံ့သွားလေသည်။
ဟင်းအနှစ် အဆာသွပ်မုန့်က လုံးဝ ခြားနားသော အရသာရှိသည်။ ကြွယ်ဝပြီး တစ်မူထူးသော အမဲသား အရသာက ငန်၍ အရသာရှိကာ ကြွပ်ရွနေသော မုန့်သားနှင့် ပေါင်းစပ်သွားသည်။
မောက်လီက သရေစာများကို တစ်ခါတည်း စားလိုက်ပြီးနောက် မဝသေးသလို ခံစားလိုက်ရသည်။
ဗီဒီယို အဆုံးတွင် သူမက ထန်ချောင်းချောင်းကို အော်ပြောလိုက်သေးသည်၊
"ချောင်းလေး... နောက်တစ်ခါ ကံစမ်းမဲ လုပ်ရင် စောစောလာပို့ပေးနော်... အခုတော့ ငါစားလိုက်တဲ့ ကယ်လိုရီတွေ ချေဖျက်ဖို့ သွားပြေးရတော့မယ်"
[@ထန်ချောင်းချောင်း vရေ နားလည်လား... အဓိကအချက်က မြန်မြန်လေး အစားအသောက် ကံစမ်းမဲလှိုင်းတစ်ခု လုပ်ပေးရမယ်နော်]
[ဟားဟားဟား ဆရာမမောက်က အရမ်း ချစ်ဖို့ကောင်းတာပဲ... ဝိတ်ချဖို့ လိုနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ခေါင်းမာမှုအပြည့်နဲ့]
[ငါလည်း စားချင်ပါတယ်... ငါကတော့ ကယ်လိုရီများမှာကိုလည်း မစိုးရိမ်ဘူးနော်.. ဝူးးးး]
[တွေ့ကြလား... နတ်ဘုရားမမောက်က ထန်ချောင်းချောင်းနဲ့ တွေ့ပြီးတော့မှ မြေပြင်ပေါ် ကြွလာတာကိုလေ]
[ချောင်းပေါင်က နေမင်းလေးလိုပဲ... လုံးဝချစ်ဖို့ကောင်း]
ထန်ချောင်းချောင်းသည်လည်း မောက်လီကြောင့် ရွှင်မြူးလာရသည်။ သူမက အချစ်အများကြီးကို ပြသရန်အတွက် မက်ဆေချ့်တစ်ခု ချန်ထားပေးခဲ့သည်။
ထန်ချောင်းချောင်းက ဖုန်းကို မချခင်အထိ ဖန်အချို့နှင့် ဆက်သွယ်နေခဲ့သေးသည်။
သို့သော်လည်း မနက်စောစောတွင် "လူယုတ်မာ နှာဘူးတစ်ယောက်ကို ပြင်းပြင်းထန်ထန်ကန်လိုက်သည့် အနက်ရောင်ဝတ် အမျိုးသမီး" ဟူသော ဗီဒီယိုက အင်တာနက်ပေါ်တွင် တိတ်တဆိတ် ပျံ့နှံ့လာခဲ့သည်။
မနက် ရှစ်နာရီအချိန်သည် ရုံးဝန်ထမ်းများ က သူတို့၏ အလုပ်တွင် အလုပ်များသည့် တစ်နေ့တာကို စတင်ရန် အဆင်သင့် ဖြစ်နေချိန် ဖြစ်သည်။ ထိုအချိန်တွင် လူအများက အလေ့အကျင့်အရ ဝေ့ပေါ်ကို အရင်ဖွင့်ကာ အသစ်အဆန်း တစ်ခုခု ရှိလေမလားဟု ရှာဖွေတတ်ကြသည်။
အမလေး... တကယ်ကြီး အသစ်တစ်ခု ရှိနေတယ်ဟ...
#အနက်ရောင်ဝတ်အမျိုးသမီးတစ်ယောက်က နှာဘူးတစ်ကောင်ကို ရိုက်နှက်ခဲ့တယ်# သည် သတင်းကြီးတစ်ပုဒ် ဖြစ်နေခဲ့ပြီး ၎င်းက ဘလော့ဂါ တစ်ယောက် ညဥ့်နက်သန်းခေါင်အချိန်တွင် ရိုက်ကူးထားခဲ့သည့် ဗီဒီယို တစ်ပုဒ်မှ အစပြုလာခဲ့သည်။
[ငါက ပေကျင်းက XX ဟူထုန်မှာ နေတာလေ... ငါ့အိမ်က စီးပွားရေး အချက်အချာ ကျတဲ့လမ်းနဲ့ နီးပြီးတော့ လူတွေလည်း အရမ်းရှုပ်တာမို့လို့ မကြာသေးခင်က ငါ့အိမ်က တစ်ခုခု ပျောက်သွားခဲ့တယ်လေ... ဒါကြောင့်မို့ ငါ့အိမ်ရဲ့ အနောက်ဘက်က သစ်ပင်တစ်ပင်ရဲ့ ကွယ်နေတဲ့နေရာမှာ စောင့်ကြည့်ကင်မရာတစ်ခု တပ်ထားခဲ့တာ... မနေ့ညက ငါ့သူငယ်ချင်းနဲ့ငါ အပြင်ထွက်ပြီး နောက်ကျမှပြန်ရောက်ခဲ့တယ်... ငါကတော့ သူခိုးများ ကပ်သေးလားလို့ စောင့်ကြည့်ကင်မရာကို စစ်ကြည့်မလို့ပါပဲ... ဒါပေမယ့် ငါအောက်က ဗီဒီယိုကို တွေ့လိုက်ရတော့တာပဲဟေ့... လူတိုင်းကို သတိပေးပါတယ်... စပယ်ရှယ် စွမ်းအားမြင့် ခွန်အားတွေ ပါနေတယ်နော်... ကြည့်ပြီးတာနဲ့ ဒူးတွေ ပျော့ခွေသွားနိုင်တယ်]
ထိုဘလော်ဂါက ဗီဒီယိုတစ်ခု တင်ထားပြီးလူသိများသည့် ဘလော်ဂါအချို့ကလည်း ဝေ့ပေါ်တွင် social topicsများကို ဆွေးနွေးလာပြီး ပြန့်သွားတောင် ကူညီပေးခဲ့သည်။ တစ်ညပြီးနောက် ထိုဝေ့ပေါ် ပိုစ့်က မရေတွက်နိုင်အောင်ပင် ပြန်လည်ပြီး မျှဝေလာကြသည်။
အင်တာနက် သုံးစွဲသူများက အလွန် စိတ်လှုပ်ရှားနေကြပြီး မှတ်ချက်များ ချန်ထားခဲ့ကြသည်:
[ဒီဘလော်ဂါက ဒူးထောက်လွယ်တာပဲလို့ ငါပြောချင်တယ်... ဒါပေမယ့် ကြည့်ပြီးသွားတော့ ငါလည်း ဒူးတွေ ပျော့သွားသလိုပဲ... ဖာခ့်]
[ဗီဒီယို တစ်ဝက်မှာ မိန်းကလေးကို အဲ့နှာဘူး ပစ်ချလိုက်တာ တွေ့တော့ အရမ်းကြောက်သွားတာ... ငါထင်တာ သူသေတော့မယ်လို့ပေါ့... ဒုတိယတစ်ဝက်လည်း ရောက်ရော အနက်ရောင်ဝတ် မိန်းကလေး ပေါ်လာပြီးတော့ ပြောင်းပြန်ဖြစ်သွားတာပဲ... သူလေးက ကမ္ဘာပေါ်ကို ဆင်းသက်လာတဲ့ နတ်သမီးလေးများလား]
[ငါက ဆန်တကို ခုနစ်နှစ် ရှစ်နှစ်လောက် ကျင့်ဖူးတဲ့သူပါ... ဒါပေမယ့် ငါ ယောကျ်ားတစ်ယောက်ကို အရမ်း ရှင်းရှင်းလင်းလင်း ကန်နိုင်မှာ မဟုတ်ဘူး]
T/N ဆန်တ-တရုတ်ရိုးရာလက်ဝှေ့
[ဘုရားရေ... ငါ့မှာမရှိတဲ့ တတိယခြေထောက်တောင် နာလာသလိုပဲ... ငါကတော့ ဒူးထောက်နေပြီ အစ်မလေးရေ]
[အရပ်ရှည်တဲ့လူကြီးက မိန်းမတစ်ယောက် ကန်တာကို အလွယ်တကူ ခံလိုက်ရတယ်ပေါ့... မဟုတ်သေးပါဘူး... ငါကတော့ မယုံနိုင်ဘူးနော်... အထူးပြုလုပ်ချက်တွေပဲ နေမယ်]
[အပေါ်ထပ်ကလူရေ... မင်းမလုပ်နိုင်ပေမယ့် အခြားသူတွေ မလုပ်နိုင်ဘူးလို့ မဆိုလိုဘူးလေ]
[ဒီအစ်မလေးရဲ့ ကန်ချက်က တော်တော်လေး ဒဏ်ရာရသွားနိုင်တယ်... ဒီလို နှာဘူးမုဒိန်းကောင်တွေနဲ့ တွေ့ရင် ညှာမနေကြနဲ့... ငါတော့ သူ့ခေါင်းကို ပုဆိန်နဲ့ ခုတ်ပြီး ဦးနှောက်ကိုသာ ထုတ်ကြည့်ချင်တော့တယ်]
[သေလိုက်စမ်း မုဒိန်းကောင်... မင်း သူ့ဥတွေကို ကန်ခဲ့လိုက်သင့်တာ... အစ်မလေးက အရမ်းမိုက်တာပဲ]
[ကံကောင်းလို့ ကောင်မလေးက လူကောင်းနဲ့ တွေ့လို့သာပေါ့... ငါတွေးမိပြီး ကြောက်လိုက်တာ... ငါ့မိသားစုလည်း အဲ့ဘက်မှာနေတာ... အမယ်လေး... ငါလည်း ညဘက်လျှောက်မသွားရဲတော့ဘူး... ဘလော့ဂါရေ နောက်ပိုင်း ဘာဖြစ်သွားလဲ]
[ဟုတ်ပါတယ်... ဘာဖြစ်သွားလဲ ဆိုတော့... အစ်မလေးက ကောင်းတာ လုပ်ထားတာတောင် နာမည်ချန်မထားဘဲ ဒီလို ထွက်သွားခဲ့တာ]
ဘလော်ဂါက ထပ်ပြီး တင်လာသည်။ "ရဲတွေမှာ ဗီဒီယို ရှိတယ်... ဒါပေမယ့် ရလဒ်ထွက်မလာသေးဘူး... အစ်မလေးက သွားပြီဖြစ်မယ်... ငါလူတိုင်းကို ဒီလို တရားမျှတပြီး ရဲရင့်တဲ့ နှလုံးလှ မိန်းကလေးကို ကူရှာပေးစေချင်ပါတယ်"
ရှောင်ရှောင်တစ်ယောက် ထန်ချောင်းချောင်း ဘန်းကိတ်နှင့် စွပ်ပြုတ်ပူလေး စားပြီးသွားကတည်းက သူမ၏ တရားဝင်ဖန်တစ်ယောက် ဖြစ်လာခဲ့သည်။ ထန်ချောင်းချောင်းက အစောပိုင်းတွင် ဖန်များစွာ မရှိခဲ့ဘဲ အထောက်အပံ့ အဖွဲ့လည်း မရှိခဲ့ပေ။ ရှောင်ရှောင်က မနေနိုင်တော့သောကြောင့် တက်ကြွသည့် ဖန်အနည်းငယ်ကို ဆက်သွယ်ကာ ထန်ချောင်းချောင်းကို ထောက်ပံ့မည့် အဖွဲ့တစ်ခု တည်ထောင်ခဲ့သည်။ ယခုတွင် ထို ဖန်အုပ်စု၌ လူထောင်ဂဏန်းမျှ ရှိလာပြီ ဖြစ်သည်။
မနက်စောစောအချိန်တွင် ရှောင်ရှောင်သည်လည်း နှာဘူးကောင်ကို ကန်လိုက်သည့် အနက်ရောင်ဝတ်အမျိုးသမီး၏ ဗီဒီယိုကို ကြည့်လိုက်ရသည်။ မိန်းကလေး တစ်ယောက်အနေဖြင့် သူမလည်း စိတ်ပါဝင်စားလာကာ တက်တက်ကြွကြွဖြင့် ထိုအကြောင်းကို ဝင်ဆွေးနွေးခဲ့သည်။
သို့သော်လည်း ထိုဗီဒီယိုကို အကြိမ်အနည်းငယ် ကြည့်ပြီးနောက် ဗီဒီယိုထဲမှ မိန်းကလေး၏ ပုံရိပ်က အနည်းငယ် ရင်းနှီးနေသကဲ့သို့ပင် ရုတ်တရက် ခံစားလိုက်ရသည်။ သူမက ဘယ်လိုလုပ် သူမရဲ့ ချောင်းပေါင်နဲ့ တူနေရတာလဲ...
ရှောင်ရှောင်က ရုတ်တရက်ပင် အင်အားပြည့်လာခဲ့သည်။ သူမ၏ ထင်မြင်ချက်ကို အတည်ပြုရန်အတွက် ဗီဒီယိုကို ထောင့်ပေါင်းစုံမှ ထပ်ကာထပ်ကာ ကြည့်လိုက်သည်။ နောက်ဆုံးတွင် ထိုမိန်းကလေး ခေါင်းမော့လာသည့်အချိန်ကို ဖမ်းမိသွားသည်။
မိန်းကလေးက လျှာထိုးဦးထုပ်ဆောင်းထားသော်လည်း ခေါင်းမော့လိုက်သည့်အချိန်တွင် မျက်နှာလေး ပေါ်လာခဲ့သည်။
ရှောင်ရှောင်က အခြားသူများကိုသာ မှားယွင်းပြီး မှတ်မိသည်သာ ရှိမည်။ ထန်ချောင်းချောင်းကိုတော့ ဘယ်သောအခါမှ အမြင်မှားမည် မဟုတ်ပေ။ သူမ၏ ခန္ဓါကိုယ် အရွယ်အစားပဲ ဖြစ်ဖြစ်၊ မျက်နှာပုံစံသာ ဖြစ်ဖြစ် ထိုမိန်းကလေးက သိသိသာသာပင် ထန်ချောင်းချောင်း ဖြစ်နေခဲ့သည်။
ရှောင်ရှောင်က စိတ်လှုပ်ရှားစွာဖြင့် အော်ချင်လာသည်။ သူမ လူမှားပုံမရပေ။
မူလတွင် သူမက ဘလော်ဂါဆီ သွားကာ ချက်ချင်း အတည်ပြုချင်သော်လည်း လှည့်ပတ် စဥ်းစားကြည့်ပြီးနောက် အကယ်၍ သူမ အမှားလုပ်ခဲ့လျှင်...
ထိုကဲ့သို့သော social topic မျိုးက အမှားယွင်းခံ၍ မရသဖြင့် သူမလည်း ပေါ့ပေါ့တန်တန် မလုပ်ရဲပေ။ သူမသာ အမှားလုပ်မိပါက ထန်ချောင်းချောင်းလည်း ကြိမ်းမောင်းခံရမည် ဖြစ်သည်။
ထို့ကြောင့် ရှောင်ရှောင်က ဖွင့်မပြောရဲတော့ဘဲ ဖန်အုပ်စုရှိ အခြား သကြားယုန်လေးများနှင့် ဆွေးနွေးနေခဲ့သည်။ လူတိုင်းက ထိုသူမှာ ထန်ချောင်းချောင်း ဖြစ်ကြောင်းပိုပို၍ပင် သတိထားမိလာကြသည်။
ဖန်များက ဖော်ထုတ်ရန် တွန့်ဆုတ်နေချိန်တွင် လူသိများသည့် ဘလော်ဂါတစ်ယောက်က ဗီဒီယို တည်းဖြတ်သည့် နည်းပညာကို သုံးကာ ခပ်မှိန်မှိန်ဖြစ်ပြီး ဝိုးတဝါး ဖြစ်နေသည့် ဗီဒီယိုကို အလင်းမြှင့်ကာ ပိုကြည်လာရန် လုပ်ပေးခဲ့သည်။ အနက်ရောင်ဝတ်စုံအမျိုးသမီး၏ မျက်နှာကို လူတိုင်း တွေ့လိုက်ရသည်။
[ဖာခ့်... ငါမြင်တာ မှန်တယ်မလား... ဒါ ထန်ချောင်းချောင်းမို့လား]
[မင်းမြင်တာ မှန်တယ်... ငါအကြိမ်တော်တော်များများ အတည်ပြုပြီးပြီ... တကယ် သူမပဲ]
[ထန်ချောင်းချောင်းလို့ သိလိုက်ရတော့ ငါတော့ ချက်ချင်း လက်ခံနိုင်သွားတယ်နော်... သူ ရှိုးမှာ ဝက်ဝဝကြီးကို မ လိုက်တဲ့ မြင်ကွင်းကို တွေးကြည့်လိုက်တော့ ဒါ အံ့သြစရာ မဟုတ်တော့ဘူး... ဟားဟားဟား]
[မင်းမေကြီးတော်ပဲ ထန်ချောင်းချောင်းရေ... ဒါကြီးက ကင်းကောင်ဘာဘီ မဟုတ်တော့ဘူး... Popeye နဲ့ ဟွမ်ဖေးဟုန် တို့ ပေါင်းထားတာပဲ ဖြစ်ရမယ်... သူက တကယ် အရိပ်မဲ့ ခြေထောက်တွေရဲ့ အပြင်လောကပုံစံပဲ]
[T/N ဟွမ်ဖေးဟုန်က တရုတ်ရိုးရာ ကိုယ်ခံပညာရှင်၊ သမားတော်နဲ့ လူထု သူရဲကောင်း ဖြစ်ပါတယ်... သူ့အကြောင်းကို ဂျက်ကီချန်းရဲ့ Drunken Master၊ ဂျက်လီရဲ့ Once Upon Aa Time in China စသဖြင့် ရုပ်ရှင်နဲ့ တီဗီစီးရီးပေါင်း 100ကျော်လောက် ရိုက်ထားဖူးပါတယ်]
[ငါ့ ကမ္ဘာကြီးအပေါ်အမြင်က ယိမ်းယိုင်သွားပြီ... ထန်ချောင်းချောင်းက နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်မျိုး ဖန်တီးချင်နေတာ မဟုတ်ဘူးလား... သူက စင်ပေါ်မှာ ဆက်မနေနိုင်တော့ဘူးပဲ... သူနဲ့ တူတဲ့ တစ်ယောက်ယောက် မဟုတ်တာ သေချာရဲ့လား]
[ ငါကတော့ ထန်ချောင်းချောင်းလို့ မထင်ဘူးနော်... ငါကတော့ အရှက်မရချင်ဘူး... တကယ်လို့သာ တွေ့ကရာလူကို လျှောက်ထင်နေရင် အထင်မြင်သေးစရာ ဖြစ်သွားမှာပဲ]
...
ရှောင်ရှောင်က ထန်ချောင်းချောင်းကို မှတ်မိသွားကြပြီးနောက် ဖြစ်လာသော အငြင်းအခုံများကို တွေ့သောအခါ မှတ်ချက်များ ချန်ထားကြရန်အတွက် ဖန်များကို ခေါ်လိုက်သည်။ သူမက ထန်ချောင်းချောင်း၏ အခြေအနေကို ပြန်တုန့်ပြန်ရန် အေးဂျင့်နှင့် ကုမ္ပဏီကို ခပ်မြန်မြန် ဆက်သွယ်လိုက်သည်။
ထန်ချောင်းချောင်းတစ်ယောက် ရဲစခန်းမှလာရန် ဆင့်ခေါ်သည့် ဖုန်းကို လက်ခံရရှိသောအခါ သူမ လုံးဝ ချောင်ပိတ်မိသွားသလို ခံစားလိုက်ရသည်။
သူမ ခပ်မြန်မြန် လစ်ထွက်ခဲ့တာပဲ မဟုတ်ဘူးလား... ဘယ်လိုများ ရှာတွေ့သွားကြပါလိမ့်...
သူမက မတတ်နိုင်ဘဲ နောင်တရမိသွားတော့၏။ ထိုအချိန်က ဖြေရှင်းရန် နည်းလမ်းများစွာ ရှိသေးသည်။ ဥပမာအားဖြင့် သူထိုလူကို ကန်ချပြီးနောက် မိန်းကလေးကို ခေါ်သွားဖို့ အခွင့်အရေးရှာကာ ပြေးထွက်ပြီး အော်လိုက်မည်။ မဟုတ်လျှင် သူမ ထိုလူကို မေ့သွားရန် လက်ဝါးစောင်းဖြင့် ခုတ်ရင်လည်း အဆင်ပြေသေးသည်။ ဘာလို့ သူမက လက်မခံနိုင်ဆုံး ဖြစ်တဲ့ ကန်ပစ်ဖို့ကို ရွေးချယ်မိခဲ့ပါလိမ့်...
ဒီတစ်ကြိမ်တော့ မကောင်းတာတွေ ဖြစ်လာတော့မည်ပင်။ သူမ၏ "ကင်းကောင်ဘာဘီ" ဟူသော အမည်ကို နောက်ထပ် ဖယ်ရှားနိုင်တော့မည် မဟုတ်ပေ။
Xxxxxx