အခန်း ၂၃
မြင်းသားချက်နည်းအသစ် (၂)
"အစ်မ၊ ကျွန်မလည်း ကူဖြတ်ပေးမယ်"
ကျိရှောင်ယင်က
သူမ၏အင်္ကျီလက်စများကို လှိမ့်တင်ကာ ကူညီပေးရန် ရောက်လာခဲ့သည်။ သူမက စူးချင်း ဘာလုပ်မည်ကိုပင်
မမေးခဲ့ပေ။
ဘာပဲဖြစ်ဖြစ် အစ်မလုပ်သမျှက
အရသာရှိတာမို့ အခုလည်း အရသာရှိမှာ သေချာတယ်လေ။
"မလိုပါဘူး။ ငါ့ကို ကူပြီး ကြက်သွန်မြိတ်နဲ့ ဂျင်းရိုင်းတချို့ကို သွားရှာပေး။ ငါးငရုတ်ပင်တွေ့ရင်လည်း ခူးလာပေးဦး”
စူးချင်းက
ဓားကြောင့် ကျိရှောင်ယင်၏လက်များတွင် အရည်ကြည်ဖုများပေါက်လာမည်ကို စိုးရိမ်သောကြောင့်
သူမကို ကြက်သွန်မြိတ်ခူးပေးရန် အကူအညီတောင်းလိုက်သည်။
“ဟုတ်ကဲ့”
ကျိရှောင်ယင်က ထိုအလုပ်တာဝန်ကို
ထမ်းဆောင်ရသည့်အတွက် ဝမ်းသာပီတိဖြစ်နေပြီး စူးချင်း ရက်လုပ်ထားသော တောင်းလေးကို ယူကာ
တောင်ပေါ်သို့ ပျော်ပျော်ရွှင်ရွှင် တက်သွားတော့သည်။
"ရှောင်ယင်၊ ငါ့ကို စောင့်ပါဦး!"
ကျိရှောင်ယင်
တောင်ပေါ်သို့ တက်နေသည်ကို လီရွှမ်းအာက မြင်သွားပြီး သူမနှင့်အတူ လိုက်သွားရန် ပြေးသွားခဲ့သည်။
ချိုးယွဲ့က မဝေးသောနေရာမှ ကျိရွှေရှန့်ကို ကြည့်လိုက်ရာ သူက ဘာတွေးနေမှန်း မသိဘဲ
ခေါင်းကို ငုံ့ကာ သစ်ပင်အောက်တွင် ထိုင်နေသည်ကို သူမ မြင်လိုက်ရသည်။
သူမ နှုတ်ခမ်းကို
ကိုက်လိုက်ပြီး ကျိရှောင်ယင်နှင့် တောင်ပေါ်သို့ မလိုက်သွားဘဲ ထိုအစား သူမက ကျိရွှေရှန့်ဆီသို့
လျှောက်သွားလိုက်သည်။
“အစ်ကိုရွှေရှန့်၊
စူးချင်းက ရှောင်ယင်ကို ကြက်သွန်စိမ်းတွေခူးဖို့ တောင်ပေါ်ကို လွှတ်လိုက်တယ်။ သူ(မ)
အန္တရာယ်ဖြစ်မှာကို ကျွန်မ ကြောက်တယ်။ အစ်ကို သွားကြည့်ပေးလို့ ရမလား?"
ချိုးယွဲ့၏အသံက
ကျယ်လောင်ခြင်းမရှိဘဲ သူမနှင့် ကျိရွှေရှန့်သာ ကြားနိုင်သည်။ ကျိရွှေရှန့်က ရုတ်တရက်
အသိဝင်လာသလိုမျိုးပုံစံဖြင့် သူ့ခေါင်းကို မော့လိုက်သည်။ သတ်ဖြတ်ရန်
ရည်ရွယ်ချက်များ ပြည့်နှက်နေသည့် နီရဲနေသော မျက်လုံးများကြောင့် ချိုးယွဲ့က အလွန်ထိတ်လန့်သွားပြီး
နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ တုန်တုန်ယင်ယင် အသံဖြင့် "အစ်ကိုရွှေရှန့် ဘာဖြစ်နေတာလဲ?"
ကျိရွှေရှန့်က
သူမကို ပြန်မဖြေဘဲ ထရပ်ကာ တောင်ပေါ်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ သူ့ညီမက လီရွှမ်းအာနှင့်အတူ
တောင်ပေါ်သို့ အမှန်တကယ် တက်သွားသည်ကို မြင်လိုက်သောကြောင့် သူက သူမတို့ဆီသို့
လှမ်းသွားလိုက်သည်။
ချိုးယွဲ့က
သူ့နောက်မှ ကမန်းကတန်း လိုက်ပါသွားခဲ့သော်လည်း ကျိရွှေရှန့်၏အကြည့်များက တင်းမာလွန်းသောကြောင့်
သူမ သူ့ကို စကားမပြောရဲတော့ပေ။
မြင်းသားများက ကျင်ပေါင်းဒါဇင်နှင့်ချီရှိနေပြီး
စူးချင်း တစ်ယောက်တည်း လှီးဖြတ်ခြင်းက နှေးကွေးလွန်းသည့်အတွက် အဒေါ်ချိုးက
ကူညီပေးရန် နောက်တစ်ကြိမ် ကမ်းလှမ်းသည့်အခါ စူးချင်းက မငြင်းတော့ပေ။
အသားလှီးဖြတ်ခြင်းဖြင့် သူမ၏ချက်ပြုတ်မှုစွမ်းရည်ကို တိုးတက်စေသော်လည်း လူတိုင်းက
ဗိုက်ဆာနေပြီ ဖြစ်သည်။ သူမက သူမ တိုးတက်ကောင်းမွန်လာစေရန် လူတိုင်းကို ဗိုက်ဗလာဖြင့်
မစောင့်ခိုင်းရက်ပေ။
အဒေါ်လီကလည်း
အသားလှီးဖြတ်ရန် ဓားတစ်ချောင်းကို ရှာဖွေကာ ရောက်လာခဲ့သော်လည်း သူမနှင့် အဒေါ်ချိုးတို့က
စူးချင်းကဲ့သို့ အမြန်မလှီးနိုင်ကြပေ။ စူးချင်းက အသားများကို အထူအပါး ညီညီဖြင့် မြန်မြန်ဆန်ဆန်
လှီးဖြတ်နိုင်သည်။
"စူးချင်း၊ မင်း ဒါတွေကို ကြော်မှာလား?"
အသားများကို ပါးပါးလှီးနေရင်း
အဒေါ်ချိုးက ရေမပါပဲ လုပ်ဆောင်နိုင်မည့် နည်းလမ်းတစ်ခုကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
“တစ်ဝက်ကို
ကြော်မယ်” စူးချင်းက မော့မကြည့်ဘဲ ပြန်ဖြေလိုက်သည်။ အသားများက များလွန်းသောကြောင့်
နည်းလမ်းနှစ်ခုစလုံးဖြင့် တပြိုင်တည်း ချက်ပြုတ်ခြင်းက ပိုမြန်ပေလိမ့်သည်။
ထို့အပြင် ထိုချက်ပြုတ်နည်းနှစ်ခုက
သူမ၏ ချက်ပြုတ်မှုစွမ်းရည်ကို ပိုမိုမြန်ဆန်စွာ တိုးတက်စေနိုင်သည်။ အဒေါ်ချိုးက
တိကျသောအဖြေကို ရသွားပြီး အလွန်ပျော်ရွှင်နေကာ အသားလှီးရသည်ကပင် မပင်ပန်းတော့ဘူးဟု
ခံစားနေရသည်။
မကြာခင်မှာပင် ကျန်းလောင်ချီက
ဝါးလုံးဆယ်လုံးကျော်နှင့်အတူ ပြန်ရောက်လာခဲ့ပြီး သူက စူးချင်း၏အမိန့်ကို တသွေမတိမ်း
လိုက်နာခဲ့ပုံရသည်။ သူ ခုတ်ခဲ့သော ဝါးများက စူးချင်း၏လက်ကောက်ဝတ်ခန့်သာ ထူထဲနေခဲ့သည်။
"အဲ့ဒါတွေကို တစ်ဆစ်ချင်း ဖြတ်လိုက်"
စူးချင်းက ကျန်းလောင်ချီ
ပြန်ယူလာသော ဝါးများကို ကြည့်ကာ အလွန်ကျေနပ်နေပြီး နောင်တွင် အသုံးပြုရန်အတွက် ဝါးများကို
အပိုင်းပိုင်းဖြတ်ရန် အမိန့်ပေးခဲ့သည်။
ကျန်းလောင်ချီက
အဘယ်ကြောင့် ထိုသို့ ဖြတ်ချင်သည်ကို မမေးဘဲ ဓားရှည်ကို ကိုင်ကာ နာခံစွာဖြင့် ပိုင်းဖြတ်နေပြန်သည်။
အဒေါ်ချိုးက မနေနိုင်တော့ဘဲ
စူးချင်းကို လှမ်းမေးလိုက်သည်။ “စူးချင်း၊ ဒီနေရာမှာ ရေ မရှိဘူးလေ၊ မင်း ဘာလို့ ဝါးခုတ်ခိုင်းတာလဲ?
ပြီးတော့ အဲ့ဝါးလုံးတွေက ရေအများကြီး မဆံ့နိုင်လောက်ဘူး!”
"ရေထည့်ဖို့ မဟုတ်ဘူး၊ အသားထည့်မှာ"
စူးချင်းက မြင်းသားကို
လှီးဖြတ်နေသော ဓားကို အောက်ချလိုက်ပြီး ကျန်းလောင်ချီ ခုတ်ထားသော ဝါးတစ်ပိုင်းကို
ကောက်ကိုင်ကာ သေသေချာချာ ကြည့်လိုက်သည်။
ကောင်းတယ်၊
မဆိုးဘူး သပ်သပ်ရပ်ရပ် လှီးဖြတ်ပြီး တစ်ဖက်မှာလည်း အပိတ်ရှိနေတယ်၊ အသားထည့်ထားရင်တောင်
အသားက ထွက်မကျသွားနိုင်လောက်ဘူး။
"အသားလား?"
အဒေါ်ချိုးနှင့် အဒေါ်လီက
စူးချင်းကို အံ့သြတကြီး ပြန်မေးလိုက်ကြသည်။
အသားတွေကို
သိုလှောင်ဖို့ ဝါးကျဥ်တောက်တွေ သုံးမှာလား? ဒါက ဘယ်လို ချက်ပြုတ်နည်မျိုးလဲ?
“အရင်က
ကျွန်မ ဝါးထမင်း စားဖူးတယ်၊ ဒါကြောင့် မြင်းသားချက်ဖို့အတွက် ဝါးကို သုံးတာက အဆင်ပြေပါတယ်”
စူးချင်းက အတိုချုံးရှင်းပြလိုက်ပြီး အဒေါ်ချိုးထံမှ ဆားတောင်းလိုက်သည်။ သူမက
တစ်နေ့လုံး ချွေးထွက်နေပြီး ဆားဓာတ်ကို ဖြည့်တင်းရန် လိုအပ်နေသည်။
“ဆားက
ဒီလောက်ပဲကျန်တော့တယ်။ နောက်ထပ်ဝယ်ဖို့ ဘယ်လောက်ကြာဦးမလဲ မသိဘူး!”
အဒေါ်ချိုးက
အထည်အိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီး ဆားကြမ်းက လက်တစ်ဆုပ်စာသာ ကျန်တော့ကြောင်း
ပြောပြနေသည်။ သူမက မျက်မှောင်ကြုတ်နေကာ ညှိုးငယ်သောမျက်နှာဖြင့် စူးချင်းကို
ပြောပြနေပြီး လျှော့သုံးရန် ဆိုလိုနေခြင်း ဖြစ်သည်။
“ညနေစာ
စားပြီးရင် တောင်ပေါ်ကို သွားကြရအောင်။ မနက်ဖြန် ကောင်းချန်ကဆေးဆိုင်မှာ ဆေးပင်တွေ
ရောင်းပြီး ဆားနဲ့ ဆန် ဝယ်ဖို့ ပိုက်ဆံရှာရမယ်”
ဆားက လက်တစ်ဆုပ်စာမျှသာ
ရှိတော့ကြောင်းကို စူးချင်းလည်း မြင်နေရသည်။ အသားများက အများကြီးရှိနေပြီး ထိုဆားများ
အကုန်ထည့်လျှင်တောင် အရသာကောင်းမည် မဟုတ်ပေ။ မည်မျှပင် မဖြုန်းတီးဘဲနေစေကာမူ
အသုံးမဝင်သော အချိန်များလည်း ရှိတက်သေးသည်။ ဝင်ငွေရှာခြင်းနှင့်
အသုံးစရိတ်လျှော့ချခြင်းတွင် ငွေရှာခြင်းက ပထမဦးစားပေးဖြစ်ပြီး ထို့နောက်တွင်မှ
အသုံးစရိတ်ကို လျှော့ချသင့်သည်။
လက်ရှိအချိန်တွင်လည်း
ငွေရှာခြင်းက အရေးကြီးဆုံးဖြစ်သည်။ သူတို့အဖွဲ့တွင် လူများလွန်းသဖြင့် ကျန်နေသည့်စားနပ်ရိက္ခာမှာ
နှစ်ရက်စာအတွက်ပင် မလုံလောက်တော့ပေ။ ယခု ဦးစားပေးက ဝင်ငွေရှာရန်ဖြစ်ပြီး ပြီးမှသာလျှင်
အသုံးစရိတ်ကို လျှော့ချရန် ကြိုးစားရတော့မည်ပင်။
“အိုး”
စူးချင်း၏အကြံပြုချက်ကို
ကြားချိန်တွင် အဒေါ်ချိုးက ထိုအရာက အကြံကောင်းတစ်ခုဟု တွေးလိုက်မိသည်။ သူတို့ ထောင်ဟွားဝူတွင်
နေထိုင်စဉ်ကလည်း ဤကဲ့သို့ ပြုလုပ်ခဲ့ဖူးကြသည်။ ဆားနှင့် အခြားအရေးကြီးသောပစ္စည်းများကို
ဝယ်ယူလိုသောအခါတွင် တောထဲသို့ သွားပြီး ထင်းခုတ်ကာ မြို့ထဲတွင် ရောင်းချကြသည်။
ထိုငွေဖြင့် သူတို့အတွက် နေ့စဥ်သုံးပစ္စည်းများကို ပြန်ဝယ်နိုင်ကြသည်။
သို့သော် ဤသည်မှာ
သူမတို့အတွက် ပထမဦးဆုံးအကြိမ်အဖြစ် ဆေးပင်များရောင်းကာ ငွေရှာခြင်း ဖြစ်သည်။ သူမတို့က
ဒုစလီ နှင့် ယဲ့မူမြက်ကဲ့သို့ အပင်အများအကြောင်းကိုသာ သိကြပြီး ၎င်းတို့က တန်ဖိုးရှိ
မရှိကိုတော့ မသိကြပေ။
"အစ်မ၊ ညီမတို့ ပြန်လာပြီ"
ကျိရှောင်ယင်က
ခြင်းတောင်းသေးသေးလေးနှင့်အတူ ပြန်ရောက်လာသည်။ သူမ မရောက်ခင်မှာပင် သူမက စူးချင်းကို
လှမ်းအော်နေပြီဖြစ်ကာ ပေးလိုက်သော တာဝန်ကို ပြီးမြောက်အောင်
ထမ်းဆောင်နိုင်ခဲ့သဖြင့် အလွန်ဂုဏ်ယူနေပုံရသည်။
“တော်တယ်”
ကျိရှောင်ယင်ကို
ကြည့်နေချိန်တွင် စူးချင်း၏မျက်လုံးများထဲတွင် ရှိနေတက်သည့် အေးစက်မှုများက ဘယ်တုန်းကမှ
မရှိခဲ့သလို ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူမက ကျိရှောင်ယင် ပေးနေသော တောင်းကို လှမ်းယူနေရင်း
ကျိရှောင်ယင်၏နောက်မှ ကျိရွှေရှန့်ကို တွေ့လိုက်ရသည်။ သူက တစ်ခုခုကို စိုးရိမ်နေပုံရပြီး
သူ့ခန္ဓာကိုယ်ပေါ်က အငွေ့အသက်က မှုန်မှိုင်းနေကာ စိတ်ပျက်စရာကောင်းနေခဲ့သည်။
စူးချင်းက
သူမအကြည့်ကို ပြန်ရုတ်လိုက်သည်။ သူမက ကြက်သွန်မြိတ်နှင့် ဂျင်းရိုင်းများကို
လှီးဖြတ်ပြီး ဆားနှင့်ရောကာ မြင်းသားနှင့်အတူ ရောမွှေလိုက်သည်။ ကောင်းစွာ
ရောမွှေပြီးနောက် သူမက အသားများကို ဝါးကျဥ်ထောက်ထဲသို့ ထည့်လိုက်ပြီး လေးပုံသုံးပုံခန့်အထိ ဖြည့်ကာ ကျန်လေးပုံတစ်ပုံကို
လွှတ်ထားလိုက်သည်။
"လီတာ့နျို၊ အဆို့တစ်ခုလောက် ရှာပြီး ပိတ်ပေးဦး"
စူးချင်းက လီတာ့နျိုကို
စေခိုင်းရာတွင် မယဉ်ကျေးသော်လည်း လီတာ့နျိုက သူမ၏အမိန့်ကို နားထောင်ရန် ဆန္ဒရှိနေခဲ့သည်။
သူ လေးစားရသောသူတစ်ယောက်က ထိုကဲ့သို့ အရေးကြီးသောတာဝန်ကို ပေးအပ်သည့်အတွက် သူက ဂုဏ်ရှိသည်ဟုပင် ထင်နေသေးသည်။
စူးချင်းက နောက်ထပ်ဝါးကျဥ်တောက်တစ်ချောင်းကို
ကောက်ယူလိုက်ပြီး အသားဖြည့်ရန် ပြင်ဆင်နေသည်။ ကျိရှောင်ယင်က စိတ်ဝင်တစားရှိနေပြီး ကူညီပေးနေသည်။ လီရွှမ်းအာကလည်း ကူညီရန်
စိတ်ပါလာသောကြောင့် သူမနှင့်အတူ ရောက်လာပြီး သုံးယောက်သား အတူတူ အသားများကို ဖြည့်နေသောကြောင့်
ပိုမြန်လာသည်။
ကျိရွှေရှန့်က ထွက်သွားပြီး
တစ်ယောက်တည်း သစ်ပင်အောက်တွင် ထိုင်နေသည်ကို စူးချင်းက လှမ်းမြင်လိုက်သည်။ သူက
သစ်ပင်၏ပင်စည်ကို မှီကာ ကောင်းကင်ကို မော့ကြည့်နေသည်။ သူ့၏မျက်လုံးများက
ပင်လယ်ကဲ့သို့ နက်ရှိုင်းနေပြီး ကြောက်မက်ဖွယ် မုန်တိုင်းများ တိုက်ခတ်နေသလို
ခံစားရစေသည်။
စူးချင်းက
သူမအကြည့်ကို ပြန်လွှဲလိုက်ပြီး အလုပ်ကိုသာ ဆက်လုပ်နေပြန်သည်။ အသားအင်တုံကြီးတစ်ခုလုံးအတွက်
ဝါးကျဥ်တောက် ၆၀ ကျော်ဖြင့် ဖြည့်လိုက်ရပြီး ကျဥ်တောက်တစ်ခုစီတွင် ငါးငရုတ်ပင်အနည်းငယ်
ထည့်ကာ အဆို့ဖြင့် ပြန်ပိတ်ထားလိုက်သည်။
“ကျန်းလောင်ချီ၊
ဒီဝါးပြွန်လောက်မြင့်တဲ့ တွင်းတစ်တွင်းလောက် တူးပေးပါ” စူးချင်းက အလုပ်မရှိအလုပ်ရှာနေသော
ကျန်းလောင်ချီကို အမိန့်ပေးလိုက်သည်။
“အင်း”
ကျန်းလောင်ချီက ပျော်ရွှင်စွာဖြင့် တွင်းတူးရန် ထွက်သွားခဲ့သည်။
အားလုံးက စူးချင်းက
ဘာလုပ်မည်ကို သိချင်နေကြပြီး သူတို့က ပင်ပန်းသည်ဟု လုံးဝမခံစားရဘဲ အပျော်ကြည့်ရန်
ဝိုင်းဖွဲ့နေကြသည်။
စူးချင်းက လီတာ့နျိုကို
မီးမွှေးခိုင်းလိုက်ပြီး ကျောက်ကြီးလေးလုံးကို နေရာချကာ သံအိုးကြီးတစ်လုံးကို မီးဖိုပေါ်တင်လိုက်သည်။
စူးချင်းက အဒေါ်ချိုးနှင့်
တခြားသူများ လှီးဖြတ်ထားသော အသားအိုးထဲမှ အဆီတုံးကြီးသုံးတုံးကို ယူလိုက်ပြီး
အတုံးသေးသေးလေးများ ဖြစ်အောင် လှီးဖြတ်ပြီးမှ အိုးထဲသို့ ထည့်လိုက်သည်။ ထွက်လာသော
မွှေးရနံ့က ကလေးများကို စွဲဆောင်နိုင်ခဲ့သည်။
ကလေးများက အလွန်မောပန်းနေကြသော်လည်း
မြန်မြန်ဆန်ဆန် အားပြန်ပြည့်လာကြသည်။ သူတို့က ခဏလောက် အနားယူပြီးသည့်နှင့် အားအင်များ
ပြန်ပြည့်လာကာ အသားစားရန် စောင့်ဆိုင်းရင်း အိုးဘေးတွင် ဝိုင်းရံကာ အော်ဟစ်နေကြသည်။
စူးချင်းက
ကြက်သွန်မြိတ်နှင့် ဂျင်းကို အိုးကြီးထဲသို့ ပစ်ချပြီး မွှေကြော်လိုက်သည်။
ထို့နောက် မြင်းသားများအားလုံးကို အိုးကြီးထဲသို့လောင်းထည့်ကာ ထပ်မွှေလိုက်သည်။ ထိုအရာက
ခဲယဉ်းသောအလုပ်ဖြစ်ပြီး အသားကို အညီအမျှ အပူပေးနိုင်အတွက် ရံဖန်ရံခါ မွှေပေးရသည်။
ပင်ပန်းလွန်းသောကြောင့် စူးချင်း၏မျက်နှာပင် နီရဲနေပြီး သူမ၏လက်များက ထုံကျင်နေပြီ
ဖြစ်သည်။ သို့သော်လည်း သူမ အသားများကို ကြော်နေချိန်တွင် သူမ၏
ဟင်းချက်ကျွမ်းကျင်မှုစွမ်းရည်က အရှိန်အဟုန်ဖြင့် တိုးတက်လာသည်ကို သူမ တွေ့လိုက်ရသည်။
ထို့ကြောင့် သူမက အဒေါ်ချိုး၏အကူအညီကို ငြင်းပယ်လိုက်ပြီး ဆက်ကြော်ရန်အတွက် ဆားအနည်းငယ်
ထပ်ထည့်လိုက်သည်။
"တွင်းတူးပြီးပြီ!" တွင်းတူးပြီးသည်နှင့်တပြိုင်နက် ကျန်းလောင်ချီက စူးချင်းကို
လှမ်းအော်လိုက်သည်။
“ဘာဆက်လုပ်ရမလဲ?”
✍️✍️✍️