အခန်း ၂၄-
ဒီအပ်ချုပ်ရာက အရမ်းရုပ်ဆိုးတယ်
“ဝါးကျဥ်တောက်တွေကို
တွင်းထဲကို ထည့်လိုက်၊ ပြီးရင် အပေါ်ကနေ မြေကြီး ပါးပါးလေး ပြန်အုပ်ပြီး
မြေကြီးပေါ်မှာ မီးဖိုလိုက်” စူးချင်းက အသားများကို မွှေနေရင်း အမိန့်ပေးလိုက်သသည်။
ထိုစကားကို ကြားသောအခါ
ကျိရှောင်ယင်က သူမ၏လက်ကို မြှောက်လိုက်ပြီး "အစ်မ၊ ညီမကို လုပ်ခွင့်ပေးပါ"
စူးချင်းက
ခေါင်းညိတ်ပြလိုက်သောကြောင့် ကျိရှောင်ယင်က တွင်းထဲသို့ ဝါးကျဥ်တောက်များ ထည့်ရန်
ပျော်ရွှင်စွာ ပြေးသွားတော့သည်။ ကလေးများကလည်း ကူညီရန် ပြေးသွားကြသည်။
ထိုပျော်ရွှင်ဖွယ်မြင်ကွင်းက
စူးချင်း၏မျက်လုံးများကို နွေးထွေးစေခဲ့သည်။
အဒေါ်ချိုးက ကြော်ပြီးသွားသော
မြင်းသားများကို ဝေငှနေချိန်တွင် စူးချင်းက ဝါးကျဥ်တောက်များ၏ အခြေအနေကို
စစ်ဆေးရန် သွားလိုက်ပြီး ရှောင်ယင်က သူမ၏အလုပ်ကို အလွန်အလေးအနက်ထားပြီး
သပ်သပ်ရပ်ရပ် စီထားသည်ကို တွေ့လိုက်ရသည်။ စူးချင်း ရောက်လာသည်ကို မြင်သောအခါ သူမက
သူမ၏မျက်နှာကို မော့လိုက်ပြီး "အစ်မ၊ ကျွန်မ စီထားတာ မှန်လား?"
“အင်း”
စူးချင်းက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး ဝါးကျဥ်တောက်များကို တွင်းဘေးမှ မြေကြီးများနှင့်
ဖုံးအုပ်လိုက်သည်။ သူမက ခေတ်သစ်ကမ္ဘာတွင် ဝါးထမင်းကို စားဖူးသောကြောင့်
ဝါးအသားပြုလုပ်ရန် ဤသဘောတရားကို အသုံးချခဲ့ခြင်းပင်။
ဤသည်မှာ
သူတောင်းစားကြက်ကင်ပြုလုပ်နည်းလည်း တူညီနေပြီး သူမက ၎င်းကို အကိုးအကားအဖြစ် အသုံးချထားသောကြောင့်
အောင်မြင်မည်ဟု မျှော်လင့်ထားခဲ့သည်။
အမျိုးသားများက
ကြော်ထားသော မြင်းသားတစ်ဇွန်းစာစီရရှိကြပြီး အမျိုးသမီးများ၊ ကလေးများနှင့်
သက်ကြီးရွယ်အိုများက ဇွန်းတစ်ဝက်စီ ရရှိကြသည်။ စူးချင်းအတွက် အသားဝေပေးချိန်တွင် အဒေါ်ချိုးက
ထုံးစံအတိုင်း သူမ၏ဝေစုကို ယောက်ျားများနှင့်တန်းတူ ဝေငှပေးခဲ့သည်။
“မင်းက
ပိုပင်ပန်းတယ်၊ အဲ့တာကြောင့် ပို စားသင့်တယ်”
တခြားသူများကလည်း
ထိုအရာကို မြင်နေကြပြီး ကန့်ကွက်ခြင်း မရှိပေ။ အတိအကျပြောရလျှင် စူးချင်းက
သူတို့အတွက် မြင်းသားကို ရှာဖွေပေးသူဖြစ်သည်။ သူမက လူတိုင်းကို ကယ်တင်ရန်
မြင်းနှင့် ဓားပြများကို သတ်ခဲ့သူဖြစ်ပြီး စားရန် မြင်းသားကိုပင် ရှာဖွေပေးခဲ့သေးသည်။
စူးချင်းက သူတို့အတွက်
အစာအပို ရှာဖွေပေးခဲ့ပြီး အသားစားရခြင်းက ဆာလောင်မှုကို ပိုထိန်းသိမ်းနိုင်စေပြီး ယာဂုစားရသည်ထက်
ပိုကောင်းမွန်လှသည်။ ထို့အပြင် စူးချင်း ချက်ပြုတ်သော အစားအသောက်များက အလွန်အရသာရှိပြီး
လူတိုင်း၏ပါးစပ်တွင် အဆီများပြည့်နေကာ အလွန်ကျေနပ်နေကြသည်။
သို့သော် သူတို့က
ဝါးကျဥ်တောက်ဖြင့် ပြုလုပ်ထားသော အသားကို ပို၍ အရသာခံချင်နေကြသည်။ ထိုအရာက အရသာရှိပုံရသော်လည်း
အရေးကြီးဆုံးမှာ သူတို့က အရင်က မစားဖူးသောကြောင့် ထိုအရာကို စူးစမ်းချင်နေကြခြင်း ဖြစ်သည်။
ဤအသားကင်နည်းက
အချိန်ကြာမြင့်သင့်သောလည်း စူးချင်းက မီးကို မဖြုန်းတီးခဲ့ပေ။ သူမက
လူတိုင်းသောက်ရန် အိုးကြီးတစ်လုံးနှင့် ရေနွေးကျိုထားလိုက်သည်။ လမ်းပေါ်တွင် လူတိုင်းက
ရေအေးကိုသာ သောက်ကြရပြီး ယခုအချိန်တွင် မီးရှိနေသောကြောင့် ရေနွေးသောက်ရန်
ပြင်ဆင်သင့်သည်။ သူမက ရေထဲမှ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ရန် ရေထဲသို့ သနပ်အခေါက်
အနည်းငယ် ထည့်လိုက်သည်။ သူတို့က တနေ့တာလုံး လမ်းလျှောက်လာရသောကြောင့် အပူရှပ်ရန်
လွယ်ကူနေသည်။ ရေနွေးသောက်ခြင်းက အပူရှပ်ခြင်းကို သက်သာစေနိုင်သည်။
"ဒင်....ဒင်....
ဂုဏ်ယူပါတယ် Host….
သင်ရဲ့ ဟင်းချက်ကျွမ်းကျင်မှုက အဆင့် ၂ ကို ရောက်ရှိသွားပါပြီ။
သင်ရဲ့ [စိတ်စွမ်းအား]၊ [တိုက်ခိုက်ရေးစွမ်းအား] နဲ့ [ရုပ်ပိုင်းဆိုင်ရာခွန်အား]
အားလုံးက အဆင့် ၉ ကို ရောက်ရှိသွားပါပြီ”
စနစ်မှ
ထွက်ပေါ်လာသောအသံက စူးချင်း၏ပင်ပန်းနွမ်းနယ်မှုကို လျော့နည်းစေပြီး
ခွန်အားပိုဖြစ်စေသည်။ ရေနွေးကျိုခြင်းကပင် သူမ၏ စွမ်းရည်ကို တိုးတက်စေသောကြောင့် သူမ
အဆင့်တက်ရန် ပိုယုံကြည်လာသည်။
အသားကင်ကို
စောင့်နေချိန်တွင် စူးချင်းက အဝတ်ချုပ်ရန် အပ်တစ်ချောင်းနှင့် ချည်မျှင်များ
ရှာဖွေပေးရန် ကျိရှောင်ယင်ကို တောင်းဆိုလိုက်သည်။
"အစ်မ၊ အစ်မရဲ့အဝတ်တွေကို ပြင်ချုပ်မလို့လား?!"
စူးချင်းက
သူမ၏အဝတ်အစားများကို ဖာထေးမည်ကို တွေ့လိုက်ရသည်နှင့် ကျိရှောင်ယင်က သူမ
စူးချင်းကို ကူညီရန် မေ့သွားသည်ကို ပြန်တွေးမိလိုက်သည်။
သူမက ကူညီပေးရန် အလျင်အမြန်
ကမ်းလှမ်းလိုက်သည်။ “ကျွန်မရဲ့အပ်ချုပ်လက်ရာက အရမ်းကောင်းတယ်။ အစ်မအတွက်
ကောင်းကောင်းချုပ်ပေးမယ်ဆိုလို့ အာမခံနိုင်ပါတယ်"
"မဟုတ်ဘူး၊ ငါ ကိုယ်တိုင်လုပ်မယ်" စူးချင်းက ခေါင်းခါလိုက်သည်။
အဝတ်တစ်ထည် ပြန်ချုပ်ပြီး ဖာထေးလျှင်ပင် သူမ အဆင့်တက်နိုင်သေးသည်။ ထို့အပြင် သူမ၏အဝတ်အစားများက
အပေါက်များ ပြည့်နေပြီး ပြန်ဖာထေးရန် အချိန်အတော်ယူရမည် ဖြစ်သည်။
"အင်း အဲ့လိုလည်း ရပါတယ်!"
စူးချင်းက သူမကို
ငြင်းဆိုလိုက်သောကြောင့် ကျိရှောင်ယင်က သူမကို ထပ်မပူဆာတော့ဘဲ စူးချင်း၏စုတ်ပြဲနေသောအဝတ်အစားများ၊
အပ်နှင့် အပ်ချည်မျှင်များကို ယူရန် လှည်းဆီသို့ ပြန်သွားလိုက်ပြီး ၎င်းတို့ကို
ယူကာ သူမထံ ပေးအပ်လိုက်သည်။
"အစ်မ၊ ဒီမှာ ရပြီ"
စူးချင်းက အပ်နှင့်
အပ်ချည်ကို ယူလိုက်ပြီး ကျိရှောင်ယင်က ထိုနေရာတွင် ရပ်နေသေးသည်ကို တွေ့လိုက်ရသောကြောင့်
သူမက "မင်း အနားယူသင့်ပြီ!"
“ကျွန်မ
ကောက်ရိုးခြေနင်းလုပ်မလို့”
ကျိရှောင်ယင်က စူးချင်းဘေးတွင်
ထိုင်ချင်နေသော်လည်း ဘာမှ မလုပ်ဘဲ မနေချင်သောကြောင့် မြက်ပင်များယူရန် လှည်းဆီသို့
ပြန်ပြေးသွားပြီးမှ မြက်ဖိနပ်ရက်ရန် စူးချင်းဘေးတွင် ထိုင်ချလိုက်သည်။
စူးချင်းက မြက်ပင်ရှည်များကို
တစ်ချက်လှမ်းကြည့်လိုက်ပြီး မြက်ပင်များ အများကြီးမကျန်တော့သောကြောင့်
တတ်နိုင်သမျှ မြန်မြန်ပြန်ဖြည့်ရန် တွေးထားလိုက်သည်။ သို့သော် ကောင်းကင်က
မှောင်နေပြီဖြစ်သောကြောင့် မနက်ဖြန် မနက်အထိ
စောင့်ရမည် ဖြစ်သည်။
အပ်ချုပ်ရန် စတင်ချိန်တွင်
စူးချင်း၏လက်ချောင်းများက တောင့်တင်းလာတော့သည်။ သူမက
မည်သည့်အားစိုက်ထုတ်မှုမှမပါဘဲ သေနတ်မောင်းများကို ဆွဲချနိုင်သော်လည်း ဤအပ်သေးသေးလေးက
သူမကို အနည်းငယ် ခက်ခဲနေစေသည်။
သူမက သူမ၏ယခင်ဘဝတွင်
အပ်ချုပ်ရန် သင်ယူဖို့ မလိုအပ်ခဲ့ပေ။ သူမ၏အဝတ်အစားများ စုတ်ပြဲသွားရင်လျှင်ပင်
အသစ်လဲဝတ်လိမ့်မည် ဖြစ်သည်။ သူမက လူသတ်နည်းကို သင်ယူရင်း အချိန်အားလုံးကို
ကုန်ဆုံးခဲ့သူ ဖြစ်သည်။
သို့သော် စူးချင်းက
အလွန်လျင်မြန်စွာ ကျင့်သားရလာခဲ့သည်။ အမှန်တကယ်တွင် ကောင်းကောင်းမွန်မွန် လှလှပပ ချုပ်ရန်
မလိုအပ်ပဲ စုတ်ပြဲနေသော အပေါက်များ ပြန်ပိတ်အောင် ချုပ်နိုင်လျှင် အဆင်ပြေသည်ဟုသာ
သူမ တွေးထားခဲ့သည်။ သူမက ဧရာမကင်းခြေများပုံသဏ္ဍာန် ချုပ်နေလျှင်တောင် သူမအတွက် အရေးမကြီးပေ။
မည်သို့ပင်ဖြစ်စေ တိုးတက်မှုဘားက ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။
စူးချင်းက အဝတ်များ
ချုပ်နေသည်ကို မြင်လိုက်သောကြောင့် ဝါးကျဥ်တောက်အတွင်းရှိ အသားများ
အဆင်သင့်မဖြစ်သေးကြောင်း ရွာသားများက နားလည်သွားကြသည်။ အမျိုးသမီးများက အလုပ်ပြန်လုပ်နေကြပြီး
စုတ်ပြဲနေသောအဝတ်အစားကို ဖာထေးကာ စုတ်ပြဲသွားသော ဖိနပ်များကို ပြန်ပြင်နေကြသည်။ တချို့ကလည်း
ကလေးများကို ဂရုတစိုက် စောင့်ရှောက်ပေးနေကြပြီး အတိုချုံးပြောရလျှင် လူတိုင်းနီးပါးက
အလုပ်ကိုယ်စီ ရှိနေကြသည်။
ချိုးယွဲ့က စူးချင်း
အပ်ချုပ်နေသည်ကို မြင်လိုက်ရပြီး သူမ၏တောင့်တင်းသော အသွင်အပြင်က သူမ ယခင်က တစ်ခါမှ
အပ်မချုပ်ဖူးကြောင်း နားလည်လိုက်သည်။ သူမက စူးချင်းထံသို့ လျှောက်လာပြီး အပြုံးဖြင့်
"ကျွန်မ၊ ရှင့်ကို ကူညီပေးမယ်!"
ချိုးယွဲ့က ထောင်ဟွားဝူတွင်
အကောင်းဆုံးသော ပန်းထိုးလက်ရာရှင်ဖြစ်ပြီး၊ ၎င်းက သူမအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်သည်။
သူမက စူးချင်းကို ကူညီပေးရန် စပြောသည့်အတွက် စူးချင်းက သူမကို ကျေးဇူးတင်သင့်သည်ဟု
သူမ တွေးနေခဲ့သည်။
“မလိုပါဘူး”
စူးချင်းက အေးစက်စွာ ငြင်းဆိုလိုက်သည်။
သူမ အဆင့်တက်ဖို့
ဘယ်သူကြောင့်မှ နှောင့်နှေးမခံနိုင်ဘူး။
ချိုးယွဲ့က စူးချင်းကို
မှင်တက်စွာ ကြည့်နေသည်။ သူမက စူးချင်းကို ကူညီချင်ပေမယ့် ဒီမိန်းမက ဘာလို့ ဒီလိုလုပ်ရတာလဲ?
သူမက အရမ်းအေးစက်နေလို့ လူတွေကို မိုင်ထောင်ချီအဝေးမှာ နေစေချင်တာလား?
စူးချင်းက သူမ ရှက်သွားသည်ဖြစ်စေ
မရှက်သည်ဖြစ်စေ လုံးဝ ဂရုမစိုက်ပေ။ သူမက သူမ မနှစ်သက်သောသူများကို အာရုံစိုက်စရာမလိုသောသူများဟုသာ သတ်မှတ်ထားပြီး လေးနက်သောအမူအရာဖြင့် အဝတ် ချုပ်နေခဲ့သည်။
ချိုးယွဲ့က ကျိရှောင်ယင်ကို
ကြည့်လိုက်ပြန်သည်။ သူမက ကောက်ရိုးခြေနင်းရက်ရန် အလွန်အာရုံစိုက်နေပြီး စူးချင်းနှင့်
သူမ စကားစမြည်ပြောသည်ကိုပင် သတိမထားမိသောကြောင့် ချိုးယွဲ့တစ်ယောက်
အလွန်စိတ်မသက်မသာဖြစ်သွားရသည်။ စူးချင်းရောက်လာကတည်းက ကျိရှောင်ယင်က သူမနှင့်
အရင်လို မရင်းနှီးတော့ကြောင်း သူမ ခံစားနေရသည်။
ချိုးယွဲ့က ကျိရှောင်ယင်ဆီသို့
လျှောက်လာပြီး သူမဘေးတွင် ဝင်ထိုင်လိုက်သည်။ သူမက ညင်သာစွာဖြင့် "ရှောင်ယင်၊ နင်
ကောက်ရိုးခြေနင်း ရက်နေတာလား? ငါ့ကိုလည်း သင်ပေးပါဦး!"
“အင်း”
ကျိရှောင်ယင်က အပြုံးလေးဖြင့် သဘောတူလိုက်သည်။ “ဒါပေမယ့် ကျွန်မက အဲဒါကို
ကောင်းကောင်းမလုပ်နိုင်သေးဘူး”
“စိတ်မပူပါနဲ့”
ချိုးယွဲ့က သူမကို
ပြုံးပြလိုက်သည်။ ရှောင်ယင်က သူမနှင့် အလွန်နီးကပ်နေသေးသည်ကို မြင်လိုက်ရသဖြင့် ချိုးယွဲ့၏နှလုံးသားထဲမှ
စိတ်မသက်မသာမှုများက လျော့နည်းသွားပြန်သည်။
စူးချင်း
အဝတ်အစားများကို ချုပ်ပြီးနောက် ဘေးနားတွင် ရှိနေသော ချိုးယွဲ့က သူမကို
တစ်ချက်လှမ်းကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ချုပ်ထားတာက အရမ်းရုပ်ဆိုးတာပဲ။
ဒီလိုမျိုး ချုပ်ထားတဲ့အဝတ်အစားတွေကို သူမ ဘယ်လိုဝတ်မှာလဲ?
စူးချင်းက ချိုးယွဲ့၏
မထီမဲ့မြင်ပြုနေသောအကြည့်ကို သတိမထားမိပေ။ သူမက စနစ်ထံမှ သတင်းကောင်းအတွက် သူမဘာသာသူမ
ကျေနပ်နေခဲ့သည်။
[ဂုဏ်ယူပါတယ်
Host.... အပ်ချုပ်စွမ်းရည်က အဆင့် ၁ အထိ အဆင့်တက်သွားပါပြီ။
ကာယဗလ၊ ဝိညာဉ်စွမ်းအားနှင့် တိုက်ခိုက်ရေးစွမ်းအားများအားလုံး အဆင့် ၁၀ အထိ
တက်လာပြီး စစ်နတ်ဘုရားစွမ်းရည်က အဆင့် ၁၀ ကို ရောက်သွားပါပြီ]
မျှော်လင့်ထားသည့်အတိုင်း
ပထမအဆင့်က အဆင့်တက်ရန် အလွယ်ကူဆုံးဖြစ်သည်။ စူးချင်းက နာကျင်နေသော လက်များကို
ဆန့်တန်းလိုက်သည်။
အဝတ်ချုပ်ရတာက
ကျောက်တုံးတွေရွှေ့ရတာထက်တောင် ပိုပင်ပန်းသေးတယ်။
စူးချင်းက အနံခံလိုက်ပြီး
လေထဲတွင် အသားနံ့များ ပျံ့နေသောကြောင့် မြင်းသားများ ကျက်လုပြီဟု ယူဆလိုက်သသည်။
လက်ရှိတွင် မီးက
တောက်လောင်နေဆဲဖြစ်ပြီး လီတာ့နျိုက စူးချင်းဆီမှ အမိန့်မရသေးသောကြောင့် စူးချင်းက
သူ့အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူးဟု ထင်သွားမည်ကို စိုးရိမ်ကာ မီးထဲသို့
သစ်ကိုင်းများထည့်နေခဲ့ခြင်းဖြစ်သည်။
"ရပြီ မီးငြိမ်းလိုက်တော့"
စူးချင်းက ထရပ်ပြီး
လီတာ့နျိုကို အမိန့်ပေးလိုက်သည်။ လီတာ့နျိုက ပေါက်ပြားကို အလျင်စလို ယူကာ မီးစများကို
ဘေးဘက်သို့ တွန်းချလိုက်သည်။ ထောင်ဟွားဝူမှ အမျိုးသမီးများကလည်း စူးချင်း ဝါးကျဥ်တောက်များ
ပြန်ထုတ်တော့မည်ကို မြလိုက်င်ပြီး ကြည့်ရှုရန် အမြန်ရောက်လာကြသည်။
ယခင်မီးပုံနေရာက
အနက်ရောင်ဖြစ်သည်အထိ လောင်ကျွမ်းသွားခဲ့ပြီး စူးချင်းက မြေကြီးများကို ဖယ်ရှားကာ
အတွင်းမှ ဝါးကျဥ်တောက်များကို ပြန်ဖော်လိုက်သည်။ ကံကောင်းစွာဖြင့် ဝါးများက မကွဲအက်သွားဘဲ
မြေကြီးများကို ဖယ်ရှားပြီးသည်နှင့် အသား၏အနံ့က ပို၍ ပြင်းထန်လာသည်။ ဝါး၏ရနံ့နှင့်
ရောစပ်နေသော အသားနံ့က ယခင်က မည်သူမျှ မရဖူးသော အနံ့တစ်မျိုး ဖြစ်နေခဲ့သည်။
ဝါးကျဥ်တောက်များက
ပူနေဆဲဖြစ်သောကြောင့် စူးချင်းက သစ်သားချောင်းများကို အသုံးပြုကာ ဝါးကျဥ်တောက်များကို
ဆွဲထုတ်လိုက်သည်။ စူးချင်းက သူမချုပ်ထားသော အဝတ်ကို ခေါက်ကာ အလွှာအနည်းငယ်
ထပ်လိုက်ပြီး ဝါးကျဥ်တောက်ကို ကိုင်ကာ အဆို့ကို ဖြုတ်လိုက်သောကြောင့် အသား၏ရနံ့က
လူတိုင်း၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။
“အရမ်းမွှေးတယ်။
အစားအသောက်တွေကို ဒီလိုမျိုးတောင် လုပ်လို့ရတယ်လား? စူးချင်းက အံ့သြစရာပဲ!”
“မှန်တယ်။
ဒါက ငါ့ဘဝမှာ ပထမဆုံးမြင်ဖူးတာပဲ။ အသားက အရသာရှိမှာ သေချာတယ်"
ချီးမွှမ်းခြင်းများ
တစ်ခုပြီး တစ်ခု ထွက်ပေါ်လာပြီး လူတိုင်းက စူးချင်း၏ အရည်အချင်းကို ချီးကျူးနေကြသည်။
ချိုးယွဲ့က စူးချင်းကို ကြည့်နေရင်း စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကို မှိတ်ချလိုက်သည်။
သူမက ထောင်ဟွားဝူတွင် လူတိုင်းချီးမွမ်းခံရသော အမျိုးသမီးလေး ဖြစ်ခဲ့ဖူးသော်လည်း
ယခု စူးချင်းက သူမကို လွှမ်းမိုးသွားပြီး စူးချင်းက ကြယ်များဝန်းရံထားသောလမင်းကဲ့သို့
ဖြစ်နေသည်။
ကောင်းကင်ကို
တိတ်တဆိတ် မော့ကြည့်နေခဲ့သော ကျိရွှေရှန့်ကလည်း လူတိုင်း၏ချီးမွှမ်းသံကို ကြားလိုက်ရသည်။
ဒီမိန်းခလေးက ဘာတွေ
လုပ်နေပြန်ပြီလဲ?
✍️✍️✍️