Chapter 25
Viewers 17k

အခန်း ၂၅ သူ့မှာ အတွေးတွေ အများကြီး ရှိနေသလိုပဲ

ကျိရွှေရှန့်တစ်ယောက် မနေနိုင်တော့ဘဲ မတ်တပ်ထရပ်ကာ ထိုနေရာသို့ လျှောက်သွားလိုက်ပြီး ဝါးကျဥ်တောက်များထဲမှ မြင်းသားများကို မြင်လိုက်ရချိန်တွင် သူ့၏မျက်လုံးများက တဖျပ်ဖျပ် တောက်ပလာသည်။

သူလည်း ဒီလို ဟင်းချက်နည်းကို ပထမဆုံးမြင်ဖူးခဲ့တာပါ။ ဒါက တော်ဝင်စားဖိုမှူးဖြစ်တဲ့ စူးချင်းရဲ့အဖိုးက သူမကို သင်ပေးခဲ့တာဖြစ်နိုင်လား?

သူက စူးချင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမ၏မျက်လုံးထဲတွင် ကခုန်နေပုံရသော မီးတောက်များကို တွေ့နေရသည်။ သူမ၏အေးစက်သော မျက်လုံးများက မီးတောက်များကြောင့် အနည်းငယ် ပျော့ပျောင်းနေပုံရပြီး ၎င်းတို့ထဲတွင် အပြုံးရိပ်လေးများပင် ရှိနေပုံရသည်။

စူးချင်းဘက်တွင်လည်း သူမက ဤအခိုက်အတန့်တွင် အမှန်တကယ် ပျော်ရွှင်နေခဲ့သည်။ စနစ်က သူမကို သတင်းကောင်းတစ်ခု ပေးခဲ့ပြီး သူမက မြင်းသားကို ချက်ပြုတ်ရန် နည်းလမ်းအသစ်ကို ဖန်တီးနိုင်ခဲ့သဖြင့် စနစ်က သူမ၏ဟင်းချက်ကျွမ်းကျင်မှုကို အဆင့်မြှင့်ပေးခဲ့သည်။ ယခုအခါ သူမ၏ ဟင်းချက်ကျွမ်းကျင်မှုက အဆင့် ၃ သို့ ရောက်ရှိသွားခဲ့ပြီး သူမ၏ စစ်နတ်ဘုရားစွမ်းရည်က အဆင့် ၁၁ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းက သူမ မမျှော်လင့်ထားသည့်အရာဖြစ်ပြီး အံ့သြဖွယ်ကောင်းလှသည်။

သူတို့က အသားကင်များကို စားပြီးသွားပြီ ဖြစ်သောကြောင့် ဝါးကျဥ်တောက်ထဲမှ အသားများကို မနက်ဖြန်မနက်တွက် သိမ်းထားရမည် ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက သူတို့၏ဗိုက်ထဲမှ တောင့်တမှုကို သည်းခံကာ အိပ်ရာဝင်ရန် ပြင်ဆင်လိုက်ကြသည်။

သို့သောလည်း နေ့ခင်းဘက်တွင် ဓားပြများနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ညဘက်တွင် ကင်းစောင့်ရန် ပိုအရေးကြီးနေသေးသည်။ ကျိရွှေရှန့်က ထောင်ဟွားဝူမှ လူငယ်များကို သုံးဆိုင်းခွဲလိုက်ပြီး တစ်ဆိုင်းစီတွင် ခါတိုင်းထက် လူနှစ်ဦးခန့် ပိုတာဝန်ချထားပေးကာ သူတို့အားလုံး လက်နက်ကိုင်ဆောင်ထားရန် တပ်လှန့်ထားလိုက်သည်။

ညအချိန်ဖြစ်နေသောကြောင့် တောင်ပေါ်ရှိ ဘုရားကျောင်းက အလွန်ကြောက်စရာကောင်းနေပုံပေါ်နေပြီး နေ့ဘက်တွင် လူအများ ကိုးကွယ်အရိုအသေပေးသော ဘုရားရုပ်ပွားတော်များကပင် ညဘက်တွင် အလွန်အေးစက်ပုံပေါက်နေသည်။ တောင်ပေါ်ဘုရားကျောင်းတွင် ရောက်ရှိနေကြသော ဒုက္ခသည်များအဖို့ ထိုရုပ်ပွားတော်များက သူတို့ကို မျက်လုံးပြူးဖြင့် စိုက်ကြည့်နေသည်ဟု ထင်ရစေသည်။

ကလေးအချို့က မျက်ရည်များကျလာသည်အထိ ကြောက်ရွံ့နေကြပြီး အမျိုးသမီးများကလည်း ဘုရားတော်ဆောင်ထဲတွင် မအိပ်ဝံ့ကြသောကြောင့် အပြင်ဘက်တွင် အနားယူရန် နေရာရှာနေကြသည်။

စူးချင်းနှင့် ကျိရှောင်ယင်က တွန်းလှည်းပေါ်မှ အိပ်ယာကို အောက်ချလိုက်ပြီး သူမတို့လည်း အိပ်ရန် ပြင်ဆင်နေကြသည်။ စူးချင်းက လမ်းတစ်လျှောက်တွင် သွားလာနေရင်း ကောက်ရိုးဖျာနှစ်ချပ်ကို ရက်လုပ်ခဲ့သည်။ သူမက အိပ်ယာကို အစိုဓာတ်စိမ့်မဝင်စေရန် အေးစက်နေသောမြေပြင်ပေါ်တွင် ထိုကောက်ရိုးဖျာများကို ခင်းလိုက်ပြီးမှ ကောက်ရိုးဖျာပေါ်တွင် အိပ်ယာခင်းလိုက်သည်။

သူမတို့ ‌ရောက်နေသောနေရာက တောင်တန်းပေါ်တွင် ရှိနေသည့်အပြင် ညအချိန်လည်း ဖြစ်သောကြောင့် ပတ်ဝန်းကျင်က အနည်းငယ် အေးစက်နေသည်။ လူတိုင်းက အဝတ်ပါးပါးလေးများကိုသာ ဝတ်ဆင်ထားရသောကြောင့် မီးပုံများကို အဆက်မပြတ် မီးထည့်ပေးနေရသည်။ မီးကြောင့် နွေးထွေးစေနိုင်သည့်အပြင် တိရိစ္ဆာန်ကြီးများက လူများကို လာရောက်တိုက်ခိုက်ခြင်း မရှိစေရန် တားဆီးပေးနိုင်သည်။ တတိယအချက်အနေဖြင့် မီးရောင်ရနေသောကြောင့် အမျိုးသမီးများနှင့် ကလေးများကို အနည်းငယ်အကြောက်ပြေသွားစေသည်။

သို့ရာတွင် ရေက အကန့်အသတ်ရှိနေပြီး ရေအရင်းအမြစ်အသစ်ကို ရှာမတွေ့သေးသောကြောင့် ကိုယ်လက်ဆေးကြောရန် နည်းလမ်း မရှိပေ။ ထို့အပြင် ထိုသို့လုပ်ဆောင်နိုင်ရန်လည်း မည်သူ့တွင်မျှ ခွန်အားမရှိတော့ပေ။ သူတို့က သူတို့၏ဘဝများအတွက် ပြေးလွှားနေကြရပြီး ယခုအချိန်တွင် မောပန်းကာ အိပ်ချင်နေပြီ ဖြစ်သည်။ အိပ်ယာရှိသူများက သူတို့၏အိပ်ယာမျာကို မြေကြီးပေါ်တွင် ဖြန့်ခင်းထားကြပြီး အိပ်ယာမရှိသူများက သူတို့၏ကောက်ရိုးအင်္ကျီများကို ဖြန့်ခင်းကာ အိပ်စက်နေကြသည်။ ပင်ပန်းလွန်းသောကြောင့် အနားယူနိုင်သော နေရာတစ်ခုဖြစ်နေသရွေ့ မည်သည့်နေရာတွင်မဆို သူတို့ အိပ်ပျော်နိုင်ကြမည်ပင်။

စူးချင်းနှင့် ကျိရှောင်ယင်တို့က အကြောက်အလန့် မရှိသောကြောင့် ဘုရားကျောင်းထဲတွင် အိပ်စက်ခဲ့ကြသည်။ အတွင်းပိုင်းက အပြင်ထက် အမိုးအကာများ ပိုရှိသောကြောင့် ပို၍သက်တောင့်သက်သာ ရှိစေသည်။ ကျိရှောင်ယင်က ရုပ်တုများကို ကြောက်နေလိမ့်မည်ဟု စူးချင်း တွေးမိခဲ့သော်လည်း ကျိရှောင်ယင်က လုံးဝ မကြောက်နေခဲ့ပေ။

နှစ်ယောက်သား ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြပြီး အစပိုင်းတွင် ကျိရှောင်ယင်က စူးချင်းနှင့် စကားအနည်းငယ် ပြောနေသေးသည်။ သို့သော်လည်း သိပ်မကြာခင်မှာပင် သူမက ခေါင်းအုံးပေါ် ခေါင်းတင်လိုက်သည်နှင့် အိပ်ပျော်သွားနိုင်သည့် ကြောင်လေးတစ်ကောင်ကဲ့သို့ အိပ်ပျော်သွားတော့သည်။

စူးချင်းလည်း အိပ်ပျော်ခါနီးဖြစ်သွားပြီးမှ တစ်ခုခုမှားနေကြောင်း သူမ သတိထားလိုက်မိသည်။ ကျိရွှေရှန့် ပျောက်နေပြီး သူက ကင်းလှည့်နေခြင်း မဟုတ်သလို အိပ်စက်အနားယူရန် ဘုရားကျောင်းထဲသို့လည်း ပြန်မလာခဲ့ပေ။

သို့သော်လည်း သူမက ဤကိစ္စကို ဂရုမစိုက်ပေ။ ကျိရွှေရှန့်က ထောင်ဟွားဝူမှ လူများကို ချန်ထားခဲ့ကာ သူ့ဘာသာသူ တစ်ယောက်တည်း ထွက်သွားမည် မဟုတ်သလို ကျိရှောင်ယင်ကိုလည်း ပစ်ထားခဲ့မည် မဟုတ်ပေ။

နောက်ဆုံးတွင် စူးချင်းက တစ်ရေးတစ်မောအိပ်ပျော်သွားခဲ့ပြီး ခဏအကြာတွင် သွေးနံ့ကြောင့် ရုတ်တရက် ပြန်နိုးလာရသည်။ သူမက သတိရှိရှိဖြင့် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူမဘေးတွင် အိပ်ပျော်နေသော ကျိရှောင်ယင်ကို အရင်ကြည့်လိုက်သည်။ ထို့နောက်မှ  ငြိမ်သက်စွာ ထထိုင်ကာ သူမ အိပ်ယာမဝင်မီတွင် သူမ ဘေးတွင် ချထားခဲ့သော သုံးချောင်းခရင်းခွကောက်ဆွကို ကိုင်ထားလိုက်ပြီး သတိအပြည့်ဖြင့် စောင့်ကြည့်နေလိုက်သည်။

လရောင်က တောင်ပေါ်ဘုရားကျောင်းထဲသို့ လင်းလက်တောက်ပစွာ ဝင်ရောက်နေပြီး ဘုရားကျောင်း၏အဝင်ဝတွင် အရပ်ရှည်ရှည် လူတစ်ယောက် ရပ်နေသည်ကို စူးချင်းတွေ့လိုက်ရသည်။ ထိုလူက လရောင်ဘက်သို့ ကျောခိုင်းကာ ရပ်နေသောကြောင့် စူးချင်းက သူမ၏ ခက်ရင်းခွကို တင်းတင်းဆုပ်ကိုင်ထားပြီး သူမ၏စူးရှသော မျက်လုံးများဖြင့် ထိုယောက်ျား၏လှုပ်ရှားမှုတိုင်းကို စိုက်ကြည့်နေသည်။

ကင်းလှည့်နေသော လီတာ့နျိုကလည်း ထိုအနက်ရောင်အရိပ်ကို သတိပြုမိသွားပုံဖြင့် သူ့၏ဓားရှည်ကြီးကို မြှောက်ကာ ခပ်တင်းတင်း လှမ်းမေးလိုက်သည်။

“ဘယ်သူလဲ?”

ကျိရွှေရှန့်၏ အသံက ခပ်အုပ်အုပ် ထွက်လာပြီး တုန့်ပြန်လိုက်သည်။

“ငါပါ”

ကျိရွှေရှန့်ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် လီတာ့နျိုက သူ့ဓားကို ပြန်ချကာ အပြေးရောက်လာပြီး “အစ်ကိုရွှေရှန့်၊ ဘာလို့ မအိပ်သေးတာလဲ? မင်း အိပ်တော့လေ ငါ စောင့်ကြည့်ပေးထားမယ်"

ကျိရွှေရှန့်က ပြန်မဖြေဘဲ ထိုအစား လီတာ့နျို၏လက်ထဲမှ ဓားကြီးကို လှမ်းယူလိုက်ပြီး သူ့ရင်ဘတ်ထဲတွင် ပွေ့ဖက်ထားလိုက်သည်။ တံခါးဝတွင် ဓားကိုပိုက်ကာ ရပ်နေသောသူက ခန့်ညားထည်ဝါလှပြီး နတ်ဘုရားတစ်ပါးဟုပင် ထင်နေရသည်။

စူးချင်းက သူမ၏ခက်ရင်းခွကို ပြန်ချကာ ပြန်အိပ်လိုက်သည်။ ကျိရွှေရှန့်က သူမဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။ လွန်ခဲ့သောအခိုက်အတန့်တွင် ပြင်းပြသော သတ်ဖြတ်ချင်စိတ်ကို သူ ခံစားခဲ့ရပြီး ယခုအချိန်တွင် စူးချင်းသာလျှင် ဘုရားကျောင်းထဲတွင် ထိုင်နေသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ သူမက အလွန် နိုးနိုးကြားကြား ရှိနေသည့်အပြင် ထိုမျှပြင်းထန်သော လူသတ်ရောင်ဝါပင် ရှိနေသေးသည်။

ညနှောင်းပိုင်း၌ စူးချင်းက ချိုးယုံခန်းနှင့် ကျိရွှေရှန့်၏ တီးတိုးသံများကို ထပ်ကြားလိုက်ရသည်။

"ရွှေရှန့် သွားအိပ်တော့... ငါ ကင်းစောင့်ပေးမယ်"

ကောင်းပြီ” ကျိရွှေ့ရှန့်က ပြန်ပြောလိုက်သည်။

အတိုချုံး အမေးအဖြေပြီးဆုံးသွားချိန်တွင် ဘုရားကျောင်းထဲ၌ ပြင်းထန်သောခြေသံများ ထွက်ပေါ်လာသည်။ ကျိရွှေရှန့်က စူးချင်းနှင့် ကျိရှောင်ယင်၏ အိပ်ယာရှေ့သို့ ရောက်လာပြီး သူမတို့ အိပ်ပျော် မပျော် စစ်ဆေးရန် တစ်စက္ကန့်မျှ ရပ်တန့်လိုက်သည်။ စူးချင်းက အမှောင်ထဲတွင် သူမ၏မျက်လုံးများကို ဖွင့်ထားပြီး သူမ၏မျက်လုံးများက လင်းလက်နေကာ သူမ၏လက်များက တိုက်ခိုက်ရန် အဆင်သင့်အနေအထားတွင် ရောက်ရှိနေပြီ ဖြစ်သည်။

ကျိရွှေရှန့်က ဆက်ရပ်မနေဘဲ ဘုရားဆင်းတုဆီသို့ လျှောက်သွားတော့သည်။ စူးချင်းက သူမ၏ခေါင်းကို အနည်းငယ် မော့ပြီး ဘုရားဆင်းတုရှေ့တွင် ရပ်နေသော ကျိရွှေရှန့်ကို တွေ့လိုက်ရသည်။ သူက ရုပ်တုတစ်ခုကဲ့သို့ ဖြစ်နေပြီး စကားတစ်ခွန်းမှ မပြောဘဲ ထိုနေရာတွင် အကြာကြီး ရပ်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူက ပူဇော်ပလ္လင်ပေါ်မှ နံ့သာပေါင်းနှင့် လှူဖွယ်ပစ္စည်းများကို တွန်းချကာ ထိုပူဇော်ပလ္လင်ပေါ်သို့ ခုန်ဆင်းတက်ကာ မူလအဝတ်အစားများဖြင့် လဲလျောင်းနေလေသည်။

စူးချင်း၏ မျက်လုံးများ တစ်ဖျပ်ဖျပ် တောက်ပလာပြန်သည်။

ရှေးခေတ်က လူတွေက သရဲနဲ့ နတ်တွေကို ယုံကြည်ကြတာ မဟုတ်ဘူးလား? သူက ဘာကြောင့် ပူဇော်သက္ကာတွေတင်တဲ့ စားပွဲပေါ်မှာတောင် အိပ်ရဲနေရတာလဲ?

သို့သော်လည်း သူမက ဤအရာကို ဂရုမစိုက်တော့ပေ။ ကျိရွှေရှန့်က လူကြီးလူကောင်းတစ်ယောက် ဖြစ်သောကြောင့် သူမလည်း အချိန်တိုင်း သတိထားနေရန် မလိုအပ်တော့ပေ။

စူးချင်း ပြန်နိုးလာသည့်အချိန်တွင် မနက်ခင်းသို့ ရောက်နေပြီဖြစ်ပြီး သူမက ပူဇော်သက္ကာတင်သည့် စားပွဲဆီသို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သော်လည်း ကျိရွှေရှန့်က မရှိတော့ပေ။

ကျိရှောင်ယင်က ချစ်စရာကြောင်လေးလို ပျင်းရိစွာ အကြောဆန့်နေပြီးမှ သူမ၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီး စူးချင်းကို လှမ်းမေးလိုက်သည်။

 "အစ်မ၊ နိုးနေပြီလား?"

အင်း၊ အချိန်စောသေးတော့ မင်း နည်းနည်းကြာအောင် ပိုအိပ်လို့ရသေးတယ်”

ကျိရှောင်ယင်၏ ငိုက်မျဉ်းနေသော မျက်လုံးများကို ကြည့်နေရင်း စူးချင်း၏ မျက်လုံးများက သဘာဝအတိုင်း ထုတ်ဖော်ပြသလာသည့် ကြည်နူးမှုတစ်ခုကဲ့သို့ လင်းလက်သွားသည်။ ထိုအရာက သူမ၏မျက်နှာတွင် သဘာဝကျကျ ပေါ်ပေါက်လာသည့် အမူအရာတစ်ခုကဲ့သို့ ဖြစ်နေပြီး သူမပင် သတိမထားမိခဲ့ပေ။

(T/N: အမကြီးတို့ရေ အသာအယာ လုပ်ကြပါဗျာ၊ ကျွန်တော်မျိုး GL ကိုများ မှားပြီး ဘာသာပြန်မိလားလို့ Tag ကို ပြေးပြေးကြည့်မိတာ ဘယ်နှခါမှန်းတောင် မသိတော့ဘူး)

ကျွန်မ မအိပ်တော့ဘူး။ အ‌ဒေါ်ချိုးကို မနက်စာ ကူပြင်ပေးဖို့ အိပ်ရာထရမယ်”

ကျိရှောင်ယင်က သမ်းဝေနေသော သူမ၏ပါးစပ်လေးကို သူမ၏လက်များဖြင့် အုပ်ထားပြီး သူမ၏ လှပသော ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးများက မျက်ရည်ကြည်လေးများကြောင့် တဖျပ်ဖျပ်တောက်ပနေကာ ချစ်စရာကောင်းလွန်းနေသည်။

"ကောင်းပြီလေ၊ အဲ့ဒါဆို ငါလည်း လိုက်ခဲ့မယ်"

စူးချင်းက သူမ၏ဆံပင်ကို သူမ၏လက်ချောင်းများဖြင့် ဖြီးသင်လိုက်သည်။ သူမက သက်တောင့်သက်သာ ရှိစေရန်အတွက် သူမ၏ဆံပင်ကို အခြားအမျိုးသမီးများကဲ့သို့ ကျစ်ဆံမြီး မချည်ထားဘဲ ယင်းအစား သူမ၏ဆံပင်ကို ရိုးရှင်းသောပုံစံဖြင့် ထုံးဖွဲ့ကာ ဆံထိုးအဖြစ် ဝါးချောင်းကို အသုံးပြုထားခဲ့သည်။ ၎င်းက အလွန်သပ်ရပ်ပြီး မူလကိုယ်ခန္ဓာပိုင်ရှင်၏ နူးညံ့သိမ်မွေ့သောအသွင်အပြင်က ရုတ်တရက် အနည်းငယ် ပို၍ ရဲရင့်ပုံပေါက်လာစေသည်။

ကျိရှောင်ယင်က စူးချင်းဆံပင် ဖြီးနေသည်ကို ကြည့်နေပြီး သူမ၏ရွှမ်းစိုနေသော မျက်လုံးကြီးများက ပိုတောက်ပလာသည်။ စူးချင်းက သူမ၏ဆံပင်ကို ထုံးဖွဲ့လိုက်သောအခါ မည်မျှချောမောပြီး ရင့်ကျက်နေသည်ကို မြင်လိုက်ရသဖြင့် သူမလည်း လိုက်လုပ်ချင်လညသည်။

"အစ်မ၊ ကျွန်မကိုလည်း အစ်မလို ဆံထုံးထုံးပေးပါလား?"

ကျိရှောင်ယင်က အပြုံးတစ်ခုဖြင့် ချဥ်းကပ်လာသောကြောင့်  ထိုပျားရည်ကဲ့သို့ ချိုမြိန်သော အပြုံးက စူးချင်းအတွက် ငြင်းဆန်ရန် မဖြစ်နိုင်ပေ။

စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး ကျိရှောင်ယင်၏ဆံပင်များကို ဖြီးသင်ပေးရန် သစ်သားဘီးအဖြစ် သူမ၏လက်ချောင်းများကို အသုံးပြုလိုက်သည်။ ကျိရွှေရှန့် ဘုရားကျောင်းအတွင်းသို့ ပြန်ဝင်လာချိန်တွင် ထိုမြင်ကွင်းကို မြင်လိုက်ရပြီး စူးချင်းက သူ့ညီမငယ်လေး၏ ဆံပင်များကို ညင်သာစွာ ဖြီးပေးနေသည်ကို တွေ့လိုက်ရသည်။ သူ့ညီမငယ်က ခေါင်းငုံထားပြီး သူမ၏နှုတ်ခမ်းထောင့်လေးများက ပင့်တက်နေသည်။ သူမ၏ မျက်လုံးလေးများ လခြမ်းပုံသဏ္ဍာန်ဖြစ်သည်အထိ ကွေးညွှတ်နေကာ သူမ အလွန်ပျော်ရွှင်နေမှန်း သိသာအောင် ပြုံးရယ်နေလေသည်။

ကျိရွှေရှန့်၏ မျက်လုံးများတွင် နွေးထွေးသည့် အလင်းရောင်တစ်ခု လင်းလက်လာသည်။ မနေ့က စူးချင်းကို သူ့ခန္ဓာကိုယ်အောက်၌ ဖိမိပြီးကတည်းက သူ့စိတ်မှ ဆုံးဖြတ်ထားခဲ့သည်။ သူနှင့် စူးချင်း၏ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို မည်သူမျှ မမြင်လိုက်သော်လည်း သူက ယောက်ျားတစ်ယောက်အနေဖြင့် သူ လုပ်ခဲ့သမျှအတွက် တာဝန်ယူရပေလိမ့်မည်။ စူးချင်း ဆန္ဒရှိလျှင် သူက သူမကို တာဝန်ယူကာ လက်ထပ်မည်ဖြစ်သည်။

သို့သော်လည်း အခြေအနေတစ်ခုရှိနေသေးသည်။ သူ့ထံတွင် လက်စားချေရန် ကြိုတင်အစီအစဥ်တစ်ခုရှိနေခဲ့ပြီး ထိုလူက အသက်ရှင်နေသေးသည်။  သေဆုံးသွားသောသူက လက်ထပ်နိုင်မည် မဟုတ်သောကြောင့် ထိုကိစ္စမတိုင်ခင်က သူ စူးချင်းကို ကတိမပေးနိုင်သေးပေ။

စူးချင်းက သူမကို တစ်စုံတစ်ယောက် စောင့်ကြည့်နေသည်ကို ခံစားမိသွားပြီး သူမ၏အကြည့်များက ရေခဲကဲ့သို့ အေးခဲသွားပြန်သည်။ သူမက တံခါးဆီသို့ ခပ်တည်တည် လှမ်းကြည့်လိုက်သည်။

နေရောင်ခြည်က ထိုလူ၏ကျောပေါ်သို့ ဖြာကျနေပြီး ရွှေရောင်ချပ်ဝတ်တန်ဆာကဲ့သို့ ထွန်းလင်းတော်ပနေသည်။ ထိုလူ၏မျက်လုံးများက အတွေးများဖြင့် ပြည့်နှက်နေပုံရပြီး တွင်းနက်ကြီးကဲ့သို့ ရှုပ်ထွေးနက်နဲလွန်းသဖြင့် လူများက တစ်ချက်ကြည့်ရုံဖြင့် အတွင်းထဲကို မြင်နိုင်မည် မဟုတ်ပေ။

✍️✍️✍️