အခန်း ၂၆ အဝတ်တွေပေါ်မှာ
သွေးတွေ ရှိနေတယ်
"အစ်ကိုကြီး"
ကျိရှောင်ယင်က သူမ၏အစ်ကိုကို
တွေ့သွားပြီး ဝမ်းသာအားရ အော်ခေါ်လိုက်သည်။
သို့သော် သူမ
ချက်ချင်းပင် မပျော်မရွှင်ဖြစ်သွားပြီး နှုတ်ခမ်းစူလိုက်ကာ “မနေ့ညက ဘာတွေ လုပ်နေတာလဲ?
ညီမလေး အစ်ကိုကြီး ပြန်လာတာကို စောင့်နေပေမယ့် ညီမလေး အိပ်ပျော်သွားတဲ့အထိ အစ်ကိုကြီးက
ပြန်မလာသေးဘူး"
စူးချင်းက
သူမ၏မျက်လုံးများထဲမှ အပြုံးကို ဖုံးကွယ်ရန် မျက်လွှာချထားလိုက်သည်။
ညက ရှောင်ယင်က
ခေါင်းအုံးနဲ့ ခေါင်းထိလိုက်တာနဲ့ အိပ်ပျော်သွားတာကို အခု သူမရဲ့အစ်ကိုကြီးကို
စောင့်နေတယ်လို့ ပြောနေတယ်ပေါ့။
"ငါက မင်း စားဖို့ တစ်ခုခု သွားရှာပေးနေတာလေ၊ မင်းက ငါ့ကို ဘယ်လိုတွေ ပြန်ပြောနေတာလဲ?
ကြည့်စမ်းပါဦး"
သူ့ညီမလေး၏စူးစူးရှရှ
အသံကို ကြားလိုက်ချိန်တွင် ကျိရွှေရှန့်က သူ့မျက်လုံးများထဲမှ ရှုပ်ထွေးနေသည့်
အတွေးရိပ်များကို ဖယ်ထုတ်လိုက်ပြီး သူ့ညီမလေး မြင်နိုင်ရန် သူ့လက်ထဲမှ ယုန်ရိုင်းတစ်ကောင်ကို
ပင့်ပြလိုက်သည်။
"အိုး! တောယုန်ကြီး! အကြီးကြီးပဲ!"
ကျိရှောင်ယင်က ဝမ်းသာအားရ
ထရပ်လိုက်သည်။
အသားစားရတာကို
ဘယ်သူက မပျော်ဘဲနေပါ့မလဲ?
စူးချင်းက ကျိရွှေရှန့်ကို
တစ်ချက်ကြည့်လိုက်ပြီး သူကလည်း သူမကို ပြန်ကြည့်လိုက်သည်။ စူးချင်းက သူမ၏အကြည့်ကို
အေးအေးဆေးဆေး ပြန်ရုတ်သိမ်းလိုက်ပြီး အိပ်ယာပေါ်မှ ထထိုင်လိုက်သည်။ ထိုနောက် သူမက သူမ၏အိပ်ယာလိပ်ကို
ကောက်သိမ်းကာ အခြောက်လှန်းရန် လှည်းပေါ်တွင် ဖြန့်ထားလိုက်သည်။
ထောင်ဟွားဝူမှ ရွာသားများလည်း
နိုးလာကြပြီး တစ်ညတာ အနားယူပြီးနောက် ကလေးများက အားအင်များ ပြည့်နေပုံရသည်။
သူတို့က မနက်အိပ်ရာမှ နိုးသည်နှင့်
လိပ်ပြာလေးများကို လိုက်ဖမ်းနေကြပြီး နှံကောင်များ ဖမ်းရန် မြက်ခင်းပြင်တွင်
ပြေး လွှားနေကြသည်။ သူတို့က အပြစ်ကင်းသောကလေးများသာ ဖြစ်နေသေးသောကြောင့် ဒုက္ခနှင့် ပင်ပန်းဆင်းရဲခြင်းများကို
နားမလည်နိုင်ကြပေ။
စူးချင်း၏အကြည့်များက
ကလေးများပေါ်သို့ ခဏအကြာ ရောက်နေခဲ့ပြီး သူမ၏မျက်လုံးများထဲမှ ရေခဲများက
အရည်ပျော်သွားပုံရသည်။ ကလေးများ၏ ရယ်မောသံများက ကြည်နူးစရာ ကောင်းလွန်းနေပြီး
ကမ္ဘာကြီးက လှပနေသေးကြောင်း လူတိုင်းကို ပြောပြနေသည်ဟု ထင်ရစေသည်။
မနေ့ညက ဝါးကျဥ်တောက်ဖြင့်
ချက်ထားသော အသားများ ရှိနေသောကြောင့် အဒေါ်ချိုးနှင့် အဒေါ်လီတို့က မနေ့ညက
ကျန်ရှိနေသော မီးအပူဖြင့် အသားကို အပူပြန်ပေးကာ လူတိုင်းအတွက် ဝေမျှပေးလိုက်သည်။
စုစုပေါင်း ဝါးကျဥ်တောက်
၆၀ကျော်သာရှိသောကြောင့် ထုံးစံအတိုင်း အမျိုးသားများက ဝါးကျဥ်တောက်တစ်ခုစီ စားကြရပြီး
အမျိုးသမီးများနှင့် ကလေးများက ကျဥ်တောက်တစ်ခုကို အတူစားကြရသည်။
သက်ကြီးရွယ်အိုများအတွက်လည်း တန်းတူအခွင့်အရေးပေးသော်လည်း ရွာလူကြီးချိုးကဲ့သို့သော လူကြီးများက အသားတစ်တုံးတစ်လေမျှသာ
စားကြပြီး သန်မာသော လူငယ်များအတွက် အသားရှိသမျှကို ချန်ထားပေးကြသည်။
ထိုလူငယ်များက
သူတို့ဒုက္ခသည်အဖွဲ့၏ အဓိက အင်အားစုဖြစ်ပြီး သူတို့က နေ့ဘက်တွင် လူတိုင်းကို
ဂရုစိုက်ပေးရပြီး ညဘက်တွင်လည်း အလှည့်ကျ ကင်းစောင့်ကာ လူများကို ကာကွယ်ပေးရပြန်သည်။
အကယ်၍ ဓားပြများရောက်လာလျှင် ထိုလူငယ်များက ရန်သူများကို ဖြိုခွင်းပြီး အနိုင်ယူနိုင်ရန်
သူတို့အတွက် အင်အားလိုအပ်သည်။
စူးချင်း ထောင်ဟွားဝူမှရွာသားများ၏စိတ်ထားများကို
အလွန်နှစ်သက်သည်။ အသားမရသောကြောင့် မည်သူမျှ ဝုန်းဒိုင်းမကြဲဘဲ စည်းလုံးညီညွှတ်ကြသည်။
ဝါးကျဥ်တောက်ဖြင့်
ချက်ထားသော မြင်းသားက အလွန်အရသာရှိပြီး မြင်းသား၏ရနံက
ဝါး၏သင်းရနံနှင့် ရောနှောနေသည်။ ငါးငရုတ်ပင်၏ရနံ့က အသား၏ညှီနံ့ကို ဖယ်ရှားပေးပြီး
အသားကိုပိုမို နူးညံ့စေသည်။ ပုံမှန်အားဖြင့် စူးချင်းက သူမ ဗိုက်ပြည့်နေသရွေ့ အစားအစာအတွက်
လိုအပ်ချက် မရှိသော်လည်း ဤဝါးကျဥ်တောက်မြင်းသားက သူမကို စားချင်စိတ်များကို
ပွင့်ွက်လာစေပြီး သူမ၏ဟင်းချက်စွမ်းရည်ကို အလွန်ကျေနပ်စေခဲ့သည်။
"အဒေါ်ချိုး၊ ဆေးပင်တွေ ခူးပြီး မြို့ထဲမှာ ရောင်းနိုင်ဖို့ တောင်ပေါ်ကို
သွားကြမလား?"
မနေ့ညက ဆားမရှိတော့သည့်အကြောင်းကို
စူးချင်းက မှတ်မိနေဆဲဖြစ်ပြီး သူမက ရှောင်ချီ၏အကူအညီဖြင့်
အဖိုးတန်သောဆေးဖက်ဝင်အပင်များကို အလွယ်တကူရှာနိုင်သည်။ ထိုဆေးပင်များကို
ရောင်းချနိုင်လျှင် ဆားဝယ်ရန်
ငွေလုံလောက်နိုင်မည် ဖြစ်သည်။
"ငါ ရွှေရှန့်နဲ့ စကားသွားပြောပြီး သူ ဘာတွေ စီစဥ်ထားလဲ မေးကြည့်ဦးမယ်”
အဒေါ်ချိုးက
သူမကိုယ်တိုင် ဆုံးဖြတ်ချက်မချဘဲ သူမက ကျိရွှေရှန့်၏ထင်မြင်ချက်ကို ဦးစွာတောင်းခံရန်
တွေးတောနေခဲ့သည်။ စူးချင်းကလည်း တခြားဘာမှ ထပ်မပြောတော့ပေ။ ထောင်ဟွားဝူရှိလူများက ကျိရွှေရှန့်အား
အလွန်အမင်း အားကိုးပုံရပြီး ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ဆုံးဖြတ်ချက်အားလုံးကို သူကို
ဆုံးဖြတ်စေကြောင်း သူမ နားလည်နေခဲ့သည်။
ကျိရွှေရှန့်က
ယုန်ရိုင်းကို လှည်းတွင် ချည်နှောင်ထားပြီး မနက်စားစားပြီးဖြစ်သောကြောင့် ညနေစာမှ
ထိုယုန်ကို ချက်ပြုတ်စေမည် ဖြစ်သည်။
"ရွှေရှန့်"
အဒေါ်ချိုးက
ပြုံးရွှင်နေသော မျက်နှာဖြင့် ကျိရွှေရှန့်ထံ လျှောက်လှမ်းနေပြီး သူမ၏အမေက ကျိရွှေရှန့်ကို
ရှာရန် သွားနေသည်ကို မြင်လိုက်သော ချိုးယွဲ့က သူမအမေနောက်သို့ ကမန်းကတန်းလိုက်သွားပြီး
ချစ်ခြင်းမေတ္တာများပြည့်နေသော မျက်လုံးများဖြင့် ကျိရွှေရှန့်ကို လှမ်းကြည့်နေလေသည်။
သူမက ပန်းလေးတစ်ပွင့်လို
ပြုံးလိုက်ပြီး သူ့ကို လှမ်းခေါ်လိုက်သည်။
“အစ်ကို ရွှေရှန့်”
"ဘာကိစ္စရှိလို့လဲ? အဒေါ်ချိုး"
ကျိရွှေရှန့်က ချိုးယွဲ့ကို
မကြည့်ဘဲ အဒေါ်ချိုးကိုသာ လှမ်းမေးလိုက်သည်။
“ငါတို့
ဆားတွေ အကုန်သုံးပြီးပြီ။ စူးချင်းက တောထဲက ဆေးပင်တွေကို ရှာဖွေပြီး မြို့ထဲမှာသွား
ရောင်းဖို့ တောင်ပေါ်တက်ကြမယ်လို့ အကြံပေးတယ်။ ရလာတဲ့ငွေကို ဆားဝယ်ဖို့ သုံးမယ်ဆိုရင်
အဆင်ပြေနိုင်မယ်လို့ မင်း ထင်လား?”
အဒေါ်ချိုး၏စကားကို
ကြားချိန်တွင် ကျိရွှေရှန့်က စူးချင်းရှိနေသည့်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။
ထိုနောက်တွင်မူ သူက
ခေါင်းခါကာ ငြင်းဆန်လိုက်သည်။ “မရဘူး၊ ကျွန်တော်တို့ ဒီနေရာကနေ
ချက်ချင်းထွက်သွားရမယ်၊ ဆားဝယ်ဖို့ကိုတော့ နောက်ထပ်မြို့တစ်မြို့ကို ရောက်အောင်
သွားမှ ဖြစ်မယ်”
"ကောင်းပြီ၊ ငါ စူးချင်းကို ပြန်သွားပြောလိုက်မယ်"
မနေ့က ဓားပြများထံမှ
လိုက်ဖမ်းခဲရသည့် မြင်ကွင်းကို ပြန်တွေူမိသောကြောင့် အဒေါ်ချိုးက ကြောက်စိတ်တသီကြီးကို ခံစားလိုက်ရသည်။
ဆားမပါတဲ့ အစားအစာတွေကို
စားရရင်တောင် ပြဿနာမရှိပါဘူး။ ဒီနေရာကနေ မြန်မြန်ထွက်သွားတာက ပိုကောင်းပါတယ်။
အဒေါ်ချိုး ပြန်ရောက်လာပြီး
ကျိရွှေရှန့်၏စကားများကို စူးချင်းအား ပြန်ပြောပြလိုက်သည်။ စူးချင်း၏ပင်ကိုယ်အသိစိတ်အရ
ကျိရွှေရှန့်က ဓားပြများကြောင့် ဤနေရာမှ ထွက်ခွာရန် အလျင်လိုနေခြင်းမဟုတ်ကြောင့်
သူမ ခံစားနေရသည်။
မနေ့ညက သူမ ရခဲ့သော
သွေးညှီနံကို ပြန်တွေးမိသွားသောကြောင့် စူးချင်းက ကျိရွှေရှန့်၏အဝတ်အစားများကို လှမ်းကြည့်လိုက်သည်။
သူ့အင်္ကျီ၏အရှေ့ဘက်တွင် သွေးစွန်းရာများ ရှိနေပြီး သူ့အဝတ်များပေါ်သို့
သွေးအများအပြား လွင့်စင်ခဲ့ပုံရသည်။
စူးချင်းက သူမကိုယ်တိုင်
လူပေါင်းများစွာကို သတ်ဖြတ်ဖူးခဲ့သဖြင့် သွေးစွန်းရာများ၏ ပတ်သတ်သည့်အချင်းအရာများကို
သူမ ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ သူမ၏မျက်လုံးများက အနည်းငယ် လင်းလက်သွားသော်လည်း
သူမက စကားအများကြီးမပြောတော့ဘဲ သူမ၏ပစ္စည်းများကို ပြန်လည်သိမ်းဆည်းထုပ်ပိုးရန် တိတ်တဆိတ်
ပြန်လာခဲ့သည်။
သူမက မြင်းသားရေဖြင့်
လုပ်ထားသော ဖိနပ်တစ်ရံ လိုချင်နေသောကြောင့် မနေ့ကတည်းက မြင်းသားရေပြားကို
စိုက်ကြည့်နေခဲ့သည်။ မြက်ဖိနပ်များက နှစ်ရက်ကြာလျှင် ဟောင်းနွမ်းသွားတက်ပြီး ရက်လုပ်ပြီးခါစ
မြက်ဖိနပ်များကလည်း ကြမ်းတမ်းပြီး ဝတ်ဆင်ရန် အနည်းငယ် ခက်ခဲနေတက်သည်။ သို့သော်လည်း
မြင်းသားရေဖိနပ်က နူးညံ့သည့်အပြင် တာရှည်လည်း အသုံးခံနိုင်သည်။
သူမက ထိုမြင်းသားပြား
မြန်မြန်ခြောက်စေရန် လှည်း၏လက်ကိုင်နှစ်ခုပေါ် ဖြန့်ခင်းလိုက်သည်။ နေပူထဲတွင်
နှစ်ရက်ခန့်ထားလိုက်လျှင် မြင်းသားရေခွံပေါ်ရှိ သွေးများ ခြောက်သွေ့သွားမည်
ဖြစ်ပြီး ဖိနပ်လုပ်ရန် အသုံးပြုနိုင်လောက်သည်အထိ ပျော့ပျောင်းလာရန် ထိုသားရေခွံကို
ပြန်ပြုတ်ရမည်ဖြစ်သည်။
သူမက မြင်းကို သတ်သူဖြစ်သောကြောင့်
ထိုသားရေကို သူမ ပိုင်ဆိုင်သင့်သည်။ ထိုကဲ့သို့သော မြင်းသားရေပြားကြီးဖြင့်
ဖိနပ်အချို့ကို ပြုလုပ်ခြင်းက သူမအတွက် ပြဿနာမဟုတ်ဘဲ သူမက ရှောင်ယင်အတွက်
သားရေဖိနပ်တစ်ရံ ပြုလုပ်ပေးရန် စိတ်ကူးထားပြီး သူမအတွက် နှစ်စုံပြုလုပ်မည်ဖြစ်ကာ
ကျန်ရှိနေသည့် သားရေအပိုင်းအစများကို ကလေးများအတွက် သားရေဖိနပ်အသေးလေးများ ပြုလုပ်ပေးရန်
စီစဉ်ထားခဲ့သည်။ ထိုမှသာ ကလေးများလည်း ခြေထောက်နာ သက်သာပြီး ဒုက္ခနည်းစေမည် ဖြစ်သည်။
ကျိရွှေရှန့်က စူးချင်း၏လုပ်ရပ်များကို
မြင်နေသော်လည်း ကန့်ကွက်ခြင်း မရှိပေ။ သူက စူးချင်း၏အိပ်ယာကို ခေါက်ပြီး
လှည်းပေါ်တင်ပေးလိုက်သည်။ မိုးရွာလျှင် အိပ်ယာများ မစိုစေရန် ကောက်ရိုးအကာနှင့်
ကောက်ရိုးမိုးကာအင်္ကျီများကို အပေါ်မှ ဖုံးအုပ်ပေးထားသေးသည်။
“ဒီကနေ
မြန်မြန် ထွက်သွားပြီး ကောင်းချန်ကနေ အမြန်ဆုံး ထွက်ကြရအောင်” ကျိရွှေရှန့်က ထုတ်ပိုးသိမ်းဆည်းနေသော
ရွာသားများ အော်ဟစ်လောဆော်လိုက်သည်။
တိတ်ဆိတ်နေသော
နံနက်ခင်းက ပရမ်းပတာအခြေအနေသို့ ပြောင်းလဲသွားပြီး အမျိုးသမီးများအားလုံးက သူတို့၏
ပစ္စည်းများကို ထုပ်ပိုးရန် အချိန်အနည်းငယ်သာ ယူခဲ့ကြသည်။ သူမတို့၏ ကလေးများ လမ်းပျောက်ပြီး
ကျန်ရစ်ခဲ့မည်ကို စိုးရိမ်သောကြောင့် သူမတို့သားသမီးများကိုလည်း ပြန်လည်ခေါ်နေကြပြီး
အရာအားလုံးက ဖရိုဖရဲ ဖြစ်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်
သူတို့ အငတ်ဘေးမှ ထွက်ပြေးလာသည်မှာ ပထမဆုံးနေ့ မဟုတ်သောကြောင့် မည်မျှပင် ဖရိုဖရဲဖြစ်နေစေကာမှု
သူတို့၏အပြုအမူများက နှေးကွေးခြင်း မရှိဘဲ သိပ်မကြာခင်မှာပင် အားလုံးက ထွက်ခွာရန်
အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
စူးချင်းက
အခြားသူများထက် နှစ်ဆခန့် အရှိန်ပိုမြန်ပြီး သူမက ကျိရွှေရှန့်၏အနားသို့ ရောက်လာကာ
သူမတို့နှစ်ဦးတည်းသာ ကြားနိုင်လောက်သည့်အသံဖြင့်
“ရှင့်ရဲ့အဝတ်မှာ သွေးတွေ စွန်းနေတယ်”
ကျိရွှေရှန့်က
ခေါင်းငုံ့ကာ သူ့ရင်ဘတ်ပေါ်ရှိ သွေးကွက်များကို ကြည့်လိုက်ပြီး အနည်းငယ်
မျက်မှောင်ကြုတ်လိုက်သည်။ သူ ဓားပြများကို သတ်ခဲ့သည့်အချိန်က သူ့အဝတ်အစားများတွင်
သွေးများ စွန်းထင်းသွားပြီး ရေလျှော်စရာမရှိသောကြောင့် စွန့်ပစ်ခဲ့ရသည်။
အခု သူ့မှာ
ဒီတစ်တည်ပဲ ကျန်တော့တာလေ... ဒါကိုပါ လွှင့်ပစ်လိုက်ရမှာလား?
“ရှင့်အင်္ကျီက
သွေးတွေကို သန့်ရှင်းဖို့ ကျွန်မ ကူညီပေးမယ်” စူးချင်းက တိုးတိုးလေး ထပ်ပြောလိုက်သည်။
ကျိရွှေရှန့်က စူးချင်းကို
တစ်ချက်ကြည့်လိုက်ပြီး သူမ၏လေးနက်သောအမူအရာကို မြင်လိုက်ရသည့်အတွက် ခေါင်းညိတ်ပြလိုက်ပြီး
သူ့၏အပေါ်ဝတ်ကို ချွတ်ကာ စူးချင်းကို ပေးလိုက်သည်။ သူက အတွင်းအင်္ကျီလက်တိုကိုသာ
ဝတ်ဆင်ထားသောကြောင့် ခိုင်မာသော တောင်တန်းများကဲ့သို့ သန်မာသော ကြွက်သားများ
ပေါ်လွင်လာသည်။
ချိုးယွဲ့က ထိုမြင်ကွင်းကို
မြင်တွေ့သွားပြီး သူမ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ သူမ၏အဝတ်အစားများကို သူမလက်ဖြင့်
တင်းတင်းပြန်ဆုပ်ကိုင်လိုက်မိသည်။ သူတို့ကို ကြည့်နေရင်း သူမ၏မျက်လုံးများတွင်
ထိတ်လန့်ခြင်းများ ပြည့်နှက်လာခဲ့သည်။
အစ်ကိုရွှေရှန့်က
ဘာလို့ ကွာရှင်းပြတ်စဲထားတဲ့ အဲ့မိန်းမကို သူ့ရဲ့အပေါ်ဝတ်ကို ပေးလိုက်ရတာလဲ?
စူးချင်းက
အဝတ်အစားများကို ယူကာ ဝါးတောဆီသို့ လျှောက်သွားသည်။ မနေ့က သူမတို့ တောင်ပေါ်သို့
ရောက်ချိန်တွင် စူးချင်းက ဆပ်ပြာစေ့ အများအပြား ကောက်ယူခဲ့ပြီး ရှောင်ချီကို ဆပ်ပြာ
လုပ်ခိုင်းခဲ့သောကြောင့် ယခုအချိန်တွင် အခန့်သင့်သုံးနိုင်ကာ အဆင်ပြေသွားပြီ ဖြစ်သည်။
ကျိရှောင်ယင်ကလည်း
သူမ၏အစ်ကိုဖြစ်သူက စူးချင်းထံသို့ အဝတ်အစားများ ပေးလိုက်သည်ကို လှမ်းမြင်လိုက်သည်။
သူမက
အမြန်ရောက်လာပြီး "အစ်မ ကျွန်မ လျှော်ပေးမယ်လေ!"
"မလိုပါဘူး" စူးချင်းက ကျိရှောင်ယင်တစ်ယောက် သွေးများကို မမြင်နိုင်စေရန်
သူမလက်ထဲမှ အဝတ်များကို ပိုပြီးတင်းကျပ်အောင် ဆုပ်ကိုင်လိုက်သည်။
ဒါက ရှောင်ယင်ကို
ကာကွယ်ဖို့ပါပဲ။ ရှောင်ယင်လို အပြစ်ကင်းတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ရက်စက်တဲ့
လောကကြီးရဲ့အန္တရာယ်တွေကို မသိတာက အကောင်းဆုံးပါပဲ။
ကျိရှောင်ယင်က သူမ၏မျက်လုံးလေးများကို
ပေကလပ် ပေကလပ် လုပ်နေပြီး သူမ၏အစ်ကိုကို တစ်ချက်လှမ်းကြည့်ကာ သံသယဖြစ်နေသော
အမူအရာဖြင့် စူးချင်းကို ကြည့်လိုက်ပြန်သည်။
အစ်မချိုးယွဲ့က သူမအစ်ကိုကြီးရဲ့အဝတ်တွေကို
လျှော်ပေးချင်ပေမယ့် သူမရဲ့အစ်ကိုကြီးက ဘယ်တုန်းကမှ ခွင့်မပြုခဲ့ဘူး၊ ဒါပေမယ့် အစ်မစူးချင်းကိုတော့
ဘာလို့ သူ့အတွက် အဝတ်တွေ လျှော်ပေးခိုင်းရတာလဲ?
စူးချင်းက ဝါးတောဆီသို့
လျှောက်သွားနေပြီး ထိုနေရာရှိ ဝါးလုံးကြီးများထဲတွင် ရေရှိသည်ကို သူမ သိနေခဲ့သည်။
သူမက ထိုရေများကို ထုတ်ယူကာ ကျိရွှေရှန့်၏အဝတ်အစားများကို စိုစွတ်စေပြီးမှ
၎င်းတို့ကို လျှော်ဖွတ်ရန် ဆပ်ပြာကို အသုံးပြုခဲ့သည်။
ကံကောင်းထောက်မစွာ
သွေးအများကြီး ထွက်မလာဘဲ သူမ အပြင်းအထန် ပွတ်သတ်ပြီးနောက်တွင် သွေးများကို မမြင်နိုင်တော့ပေ။
စူးချင်းက ရေ အနည်းငယ် ထပ်လောင်းပြီး ထပ်သန့်စင်လိုက်သည်။ သူမက အင်္ကျီကို ခါယမ်းလိုက်ပြီးမှ
အပေါ်သို့ မြှောက်ကာ နေရောင်တွင် စစ်ဆေးလိုက်သေးသည်။ သွေးများ မရှိတော့ကြောင်း သေချာသွားပြီးနောက်တွင်
သူမက ထိုအင်္ကျီကို ပြန်ယူလာပြီး ဒုက္ခသည်အဖွဲ့ဆီသို့ ပြန်လာခဲ့သည်။
သူမ ရေစိုနေသော
အင်္ကျီကို ကိုင်ပြီး ပြန်လာချိန်တွင် ကျိရွှေရှန့်က မြင်သွားပြီး သူ့လက်ကို ချက်ချင်းဆန့်တန်းကာ
လှမ်းပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ အင်္ကျီကို ငါ့ကို ပေးပါ၊ နေအောက်မှာ ဆိုရင်
မြန်မြန်ခြောက်သွားလိုက်မယ်"
တကယ်တော့ စိုနေတဲ့အဝတ်အစားကို
ဝတ်ရတာလည်း အရမ်းကောင်းပါတယ်။ သူရဲ့နှလုံးသားက မီးတောက်နေပြီး သူရဲ့အတွင်းကလီစာတွေက
လောင်ကျွမ်းလူမတက် ဖြစ်နေတာကြောင့် အပူချိန်ကို လျှော့ချနိုင်တာက သူ့အတွက်တော့
ဝမ်းသာစရာပါပဲ။
သို့သေည်လည်း
ကျိရွှေရှန့်က သူ့၏အဝတ်အစားရှိ ဆပ်ပြာနံ့ကို ရသွားပြီး စူးချင်းကို အံ့သြစွာ ကြည့်လိုက်မိသည်။
သူ့အဝတ်တွေကို
လျှော်ဖို့ သူမ ဘာကို သုံးခဲ့တာလဲ?
✍️✍️✍️