Chapter 28 ရေ ရှာဖွေခြင်း (၂)
Viewers 17k

အခန်း ၂၈ ရေ ရှာဖွေခြင်း (၂)

ချိုးယုံခန်းက ဓားများ ပျောက်ဆုံးသွားသည့်အတွက် ဝမ်းသာနေမိသည်။

အဲ့လိုမှ မဟုတ်ရင် ဒီအရာရှိတွေက သူတို့ကို လွယ်လွယ်နဲ့ လွှတ်ပေးတော့မှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံးကို ခရိုင်အစိုးရုံးတော်ကို ဖမ်းဆီးခေါ်ဆောင်ခံသွားခံရနိုင်ပြီး စစ်ဆေးမေးမြန်း ခံရမှာ အသေအချာပါပဲ။

နောက်ဆုံးတွင် ဒုက္ခသည်အုပ်စုက ဆက်လက်ခရီးဆက်ခဲ့ကြသည်။ ထိုအဖြစ်အပျက်က ပြီးဆုံးသွားသော်လည်း ရွာသားများ၏ကြောက်ရွံ့မှုများက ဆက်လက်ရှိနေဆဲဖြစ်ပြီး သူတို့က ကောင်းချန်မှ အမြန်ဆုံးထွက်ခွာချင်နေကြသည်။

သူတို့ တစ်လီခန့် လမ်းလျှောက်ပြီးချိန်တွင် ကျိရွှေရှန့်ပြန်ရောက်လာသည်။ သူက ရေအလုံအလောက်သောက်ခဲ့ရပုံရပြီး ပြန်လည်လန်းဆန်းနေကာ သူ့နှုတ်ခမ်းများက ခြောက်သွေ့နေခြင်းမရှိသလို သွေးလည်းတိတ်သွားပြီ ဖြစ်သည်။

သူက လူတိုင်းကို အော်ပြောလိုက်သည်။ “ငါ ရေရှိတဲ့နေရာကို ရှာတွေ့ခဲ့ပြီ။ တောင်ပေါ်မှာ စမ်းချောင်းတစ်ခု ရှိတယ်။ ရေသွားသောက်ပြီး ရေပြန်ဖြည့်ကြရအောင်"

"ရွှေရှန့်"

ချိုးယုံခန်းက လေးနက်သောအမူအရာဖြင့် သူ့ဆီသို့ လျှောက်လာသောကြောင့် ကျိရွှေရှန့်က အနည်းငယ်ထူးဆန်းနေကြောင်း ရိပ်မိသွားပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

 “ဘာဖြစ်ခဲ့လို့လဲ?” 

ခုနကတင် စစ်သည်အဖွဲ့တစ်ဖွဲ့ ရောက်လာပြီး ငါတို့ကို တားဆီး ရှာဖွေခဲ့တယ်။ သူတို့က အဲဒီနေရာမှာတင် ငါတို့ကို ရှာဖွေပြီး ပစ္စည်းတွေအများကြီးကို ပျက်ဆီးစေခဲ့တယ်။ သူတို့က တစ်စုံတစ်ယောက်ကို လိုက်ဖမ်းဖို့ ကြိုးပမ်းနေပုံရတယ်။ ဓားပြတွေအကြောင်း ပြောပြလိုက်မှ သူတို့ ပြန်ထွက်သွားကြတယ်”

ချိုးယုံခန်းက သူတို့ တွေ့ကြံခဲ့သော အဖြစ်အပျက်ကို ပြန်ပြောပြနေပြီး ကျိရွှေရှန့်၏မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။

သူတို့ အဲဒီဓားတွေကို မတွေ့သွားဘူးလား?”

အဲဒီဓားတွေကို တွေ့သွားရင် သူတို့ကိုယ်သူတို့ ခုခံကာကွယ်ဖို့ ဘယ်လိုမှ ရှင်းပြနိုင်မှာ မဟုတ်တော့ပါဘူး။ အနည်းဆုံးတော့ သူတို့ကို ဓားပြတွေလို့ စွဲချက်တင်ခံရနိုင်ပြီး အရာရှိတွေက သူတို့ဖမ်းမိလာတဲ့ ဓားပြတွေအားလုံးကို ခေါင်းဖြတ် သတ်ပစ်လေ့ရှိကြတယ်။

ငါလည်း မင်းကို ဒီအကြောင်းပြောချင်တာပဲ။ အဲ့ဓားတွေ အားလုံး ပျောက်ဆုံးသွားခဲ့ပြီး တစ်လက်တောင် မကျန်ခဲ့ဘူး။ စစ်သည်တွေက ဘာမှ မတွေ့လို့ ငါတို့ကို လွှတ်ပေးလိုက်တာ”

"ပျောက်သွားတာလား?"

ကျိရွှေရှန့်က ချိုးယုံခန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။

ဓားက တစ်ဒါဇင်ကျော်တော် ရှိနေတာလေ။ သူတို့မှာလည်း ကင်းလှည့်စောင့်ကြည့်နေတဲ့သူတွေ  အများကြီး ရှိနေခဲ့တာတောင် သူတို့ထဲက ဘယ်သူကမှ သတိမထားမိဘဲ ဘယ်သူက ဓားတွေကို ယူသွားနိုင်တာလဲ?

ဓားတွေကို ဘယ်လို ယူသွားမှန်းမသိအောင် ယူသွားနိုင်ရင် သူတို့ရဲ့ခေါင်းတွေကို ဖြတ်သွားဖို့ဆိုတာ ကိတ်မုန့်တစ်တုံးကို ဖဲ့ရသလို လွယ်နေမှာ မဟုတ်ဘူးလား?

ဘယ်သူလုပ်လဲတော့ မသိဘူး၊ ဒါပေမယ့် အဲ့ဒိလူမှာ ဆိုးရွားတဲ့ ရည်ရွယ်ချက်မရှိဘူးလို့တော့ ထင်တာပဲ။ တကယ်တော့ အဲ့ဒိလူက ငါတို့တစ်ရွာလုံးရဲ့အသက်တွေကို ကယ်တင်ပေးခဲ့တာပဲ”

ချိုးယုံခန်းက ခေါင်းခါလိုက်ပြီး သူ့အသံတွင် သေးဘေးမှ လွှတ်မြောက်လာသကဲ့သို့ ကြောက်ရွံ့မှုများ ပြည့်နေလေသည်။

ကျိရွှေရှန့်က စူးချင်းကို အမှတ်တမဲ့ လှမ်းကြည့်လိုက်သည်။

သူမ ဓားတွေကို ဝှက်ထားလိုက်တာဖြစ်နိုင်လား?

စူးချင်းက သူ့အကြည့်များကို ခံစားမိသွားပြီး သူ့ကို ဘာသိဘာသာ ပြန်ကြည့်လိုက်သည်။ ထို့နောက် သူမက ခေါင်းပြန်ငုံ့ကာ ကောက်ရိုးခြေနင်းကိုသာ ဆက်၍ရက်နေခဲ့သည်။

ထိုတည်ငြိမ်သောအကြည့်က အခြားအမျိုးသမီးများ၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။

သူမ ဘယ်သူလဲ?

ကျိရွှေရှန့်က ပို၍ပင် သံသယဖြစ်လာခဲ့သည်။

သူ သူမကို ပထမဆုံးမြင်ရတုန်းက သူမက ဒဏ်ရာတွေကြောင့် သတိလစ်သွားခဲ့တယ်။ ဒါပေမယ့် သူမနဲ့ ရက်အနည်းငယ်အကြာ ပြောဆိုဆက်ဆံပြီးတဲ့နောက်မှာ သူမက အရာရာတိုင်းနီးပါး အစွမ်းထက်တာကို သူ သိလိုက်ရတယ်။ သူမက တည်ငြိမ်လွန်းပြီး ငြိမ်ငြိမ်သက်သက် နေတက်တယ်။ တစ်စုံတစ်ယောက်ကို သတ်လိုက်တာတောင် သူမက မျက်တောင်တစ်ချက် မခတ်ဘူး။ ဒီလိုသန်မာတဲ့အမျိုးသမီးကို ဘယ်သူက ဒဏ်ရာရစေခဲ့တာလဲ?

ဒါပေမယ့် အခုက စူးချင်း ဘယ်သူလဲဆိုတာနဲ့ အဲဒီဓားတွေ ဘယ်ရောက်သွားတာလဲဆိုတာကို စုံစမ်းဖို့ အချိန်မတန်သေးဘူး။

ဘာပဲဖြစ်ဖြစ် ဒီစစ်သည်တွေက ပြန်ရောက်လာနိုင်တာကြောင့် ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာရတော့မယ်။

သွားကြစို့” ကျိရွှေရှန့်က ထောင်ဟွားဝူ ရွာသားများကို အော်ပြောလိုက်သည်။

ကံကောင်းထောက်မစွာပင် ရေရှိသည့်နေရာက တောင်တန်းများပေါ်တွင် ရှိနေခဲ့သည်။ ဤအဓိကလမ်းမပေါ်မှ ထွက်ခွာသွားပြီးနောက်တွင် စစ်သည်များက သူတို့ကို ရှာတွေ့နိုင်မည် မဟုတ်တော့ပေ။ ငတ်မွတ်ခေါင်းပါးခြင်းဘေးမှ ထွက်ပြေးနေသူများက များပြားလွန်းသောကြောင့် စစ်သည်များက သူတို့ကို မှတ်မိနိုင်မည် မဟုတ်ပေ။

ကျိရွှေရှန့်က လေးနက်သောအမူအရာဖြင်ြ ရှေ့မှဦးဆောင်နေပြီး လူတိုင်းကို တောင်ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။ မိုးခေါင်ရေရှားမှုကြောင့် တောင်ပေါ်ချောင်း၏အနက်က အလွန်တိမ်သော်လည်း ထိုတောင်ပေါ်စမ်းချောင်းလေး၏အောက်ခြေ၌ အလွန်နက်ရှိုင်း၌ပုံရေသော ရေကန်တစ်ကန် ရှိနေခဲ့သည်။ ထိုရေကန်က အလွန်နက်ပြီး မိုးခေါင်သည့်တိုင် ခန်းခြောက်သွားခြင်းမရှိပေ။

လူတိုင်းက ရေငတ်နေခဲ့ကြသောကြောင့် ရေကို မြင်သည်နှင့်တပြိုင်နက် ရေကန်ဆီသို့ အမြန်ပြေးသွားကာ ပါးစပ်အပြည့်သောက်လိုက်ကြသည်။ ရေကို အဝသောက်ပြီးသည့်နောက်မှသာ ဝါးပြွန်များကို ရေဖြည့်နိုင်ကြသည်။

ဒီအချိန်မှာ ရေက ညစ်ပတ်တယ်လို့ ဘယ်သူကမှ မစောဒကတက်နိုင်တော့ပါဘူး။ လူတွေက သူတို့ရဲ့အကြံဉာဏ်တွေ ကုန်ဆုံးသွားချိန်မှာ သူတို့ရဲ့ ပြဿနာတွေနဲ့ စံချိန်စံညွှန်းတွေ အားလုံးက ပျောက်ကွယ်သွားတော့တယ်။

စူးချင်းက စီးဆင်းနေခြင်းမရှိသော ရေကန်မှ ရေကို တိုက်ရိုက်မသောက်နိုင်ပေ။ ရေကန်၏ အစပ်တွင် တိရစ္ဆာန်ငယ်များ၏ခြေရာများနှင့် မစင်ပုံများ အများအပြား ရှိနေပြီး ၎င်းတို့က ရေသောက်ရန် ဤနေရာသို့ မကြာခဏ ရောက်ရှိလာပုံရသောကြောင့် ရောဂါ ကူးစက်ရန် လွယ်ကူလွန်းလှသည်။

စူးချင်းက ရေဖြည့်ရန် ရေအိတ်နှင့် ဝါးပြွန်များကို ထုတ်ယူလိုက်ပြီး ၎င်းကို ရေဖြည့်ပြီးနောက် စနစ်ထဲသို့ ပစ်ထည့်ကာ ရှောင်ချီကို သန့်စင်စေခဲ့သည်။ ရေကို သန့်စင်ပြီးနောက်မှသာ သူမက ဝါးပြွန်ကို ထုတ်ယူကာ ရေ သောက်လိုက်သည်။

သူမလည်း ရေအရမ်းဆာနေသောကြောင့် ဝါးပြွန်တစ်ခုလုံးကို သောက်သုံးပြီးနောက်တွင်ပင် မိုးခေါင်ရေရှားပြီးနောက် ပတ်ကြားအက်ကို ရေလောင်းလိုက်သလို စိုစွတ်ရုံမျှသာ ခံစားလိုက်ရသည်။ သူမက ရေငတ်မပြေခင် နောက်ထပ် ဝါးပြွန်တစ်ခုကို ထုတ်ပြီး အကုန်ထပ်သောက်လိုက်သည်။

သူမက ထိုဝါးပြွန်နှစ်ခုစလုံးကို ရေပြန်ဖြည့်ပြီး ရှောင်ချီ သန့်စင်နိုင်ရန်အတွက် စနစ်ထဲသို့ ပြန်ပစ်ထည့်လိုက်သည်။ ထိုအချိန်တွင် ရှောင်ယင်က ကန်ရေကို သောက်နေပြီးဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူမက ရှောင်ယင်အတွက် ဆေးတစ်လုံး လှမ်းပေးလိုက်သည်။

"ဗိုက်မနာအောင် ဒါကို စားလိုက်"

"ကျေးဇူးတင်ပါတယ် အစ်မ"

ရှောင်ယင်က ဆေးကို လှမ်းယူလိုက်ပြီး စူးချင်းကို ပြုံးပြကာ ကျေးဇူးတင်လိုက်သည်။ ထိုနောက် သူမက ဆေးလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်ကာ မျိုချလိုက်သည်။

စူးချင်းက သူမကို မော့ကြည့်လိုက်သည်။ သူမက ငါ့ကို သံသယဝင်သင့်တာ မဟုတ်ဘူးလား? ငါက သူမကို အဆိပ်ကို ပေးရင်တောင် သူမက မဆိုင်းမတွ စားပစ်လိုက်မှာလား?

စူးချင်းက ထိုခြွင်းချက်မရှိ ယုံကြည်မှုကို တန်ဖိုးထားခဲ့သည်။

ထို့နောက် သူမက ထောင်ဟွားဝူမှ ရွာသူရွာသားများအား ဆေးကို ဝေငှပေးခဲ့သည်။ အများစုက တုံ့ဆိုင်းမနေဘဲ ဆေးကို စားလိုက်ကြပြီး လူ အနည်းငယ်ကသာ မစားဝံ့ဘဲ ဆေးကို ဖယ်ထားလိုက်ကြသည်။

စူးချင်းက ထိုလူများကို ဂရုမစိုက်ပေ။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့အစာအိမ်က သန်မာနေရင်လည်း သူတို့ဘာသာသူတို့ ခုခံကာကွယ်နိုင်ပြီး ဘက်တီးရီးယားပိုး ကူးစက်တာကို တုံ့ပြန်နိုင်လိမ့်မယ်။

စားလိုက်”

စူးချင်းက ကျိရွှေရှန့်ရှေ့သို့ လျှောက်သွားပြီး ဆေးလုံးကို ပစ်ပေးကာ တိုတိုတုတ်တုတ် အမိန့်ပေးလိုက်ရင်း ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

ကျိရွှေရှန့်က သူမ၏သွယ်လျသော ကျောပြင်ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ အရင်က သူမ ဆေးသောက်တာကို သူ မြင်ဖူးခဲ့ပေမယ့် သူမ ဒီလောက်အများကြီးလုပ်ပေးတာကို မတွေ့ဖူးသေးဘူး။

သူမက ဆေးလုံး‌တွေကို အချိန်မရွေး နေရာမရွေး ထုတ်ယူနိုင်ပုံရတယ်...

ကျိရွှေရှန့်က ဆေးလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

၎င်းကို မြင်သောအခါ ချိုးယွဲ့က သူ့အနီးသို့ အလျင်အမြန် လျှောက်လာပြီး "အစ်ကိုရွှေ့ရှန့်၊ ဆေးလုံးတွေကို ကြုံရာကျပမ်း သောက်လို့ မဖြစ်ဘူး!"

ကျိရွှေရှန့်က သူမကို ဂရုမစိုက်သလို ပြန်ကြည့်လိုက်ပြီး "သူ(မ)ရဲ့ ဆေးပညာ ကျွမ်းကျင်မှုကို ငါ ယုံကြည်တယ်"

စူးချင်းက သူတို့ ပြောနေသည့်စကားကို ကြားသွားပြီး ကျိရွှေရှန့်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူ့၏ယုံကြည်ပေးမှုက သူမကို အံ့ဩသွားစေခဲ့သည်။ ထို့နောက်တွင်မူ စူးချင်း၏အေးစက်နေသော အကြည့်များက သူမကို သံသယဝင်နေသော ချိုးယွဲ့ဆီသို့ ရောက်သွားပြီး ချိုးယွဲ့တစ်ယောက် စိတ်မသက်မသာ ဖြစ်သွားရသည်။

စူးချင်းက မှုန်ကုပ်ကုပ်မျက်နှာအမူအရာဖြင့် ပြန်လျှောက်လာကာ သူမ၏လက်ကို ချိုးယွဲ့ရှေ့သို့ ဖြန့်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။

“ငါ့ကို ဆေးပြန်ပေး”

စူးချင်းက အစ်ကိုရွှေရှန့်၏ရှေ့မှာ သူမထံမှ ဆေးလုံးကို ခပ်တင်းတင်း ပြန်တောင်းသည့်အတွက် ချိုးယွဲ့က ဒေါသထွက်သွားခဲ့သည်။

သူမက ဆေးလုံးကို စူးချင်းထံသို့ ပြန်ပေးလိုက်ပြီး “ဒီမှာ... ပြန်ယူသွားလိုက်”

စူးချင်းက ဆေးလုံးကို ယူပြီး ရေကန်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။ ဆေးကို လွှင့်ပစ်ပြီးနောက် သူမက ရွံရှာနေသည့်အမူအရာဖြင့် သူမ၏နှစ်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ခါချပြီးမှ ပြန်ထွက်သွားသောကြောင့် ချိုးယွဲ့၏မျက်နှာက ဒေါသများနှင့်အတူ ဖြူဖျော့သွားရသည်။

ဒီအမျိုးသမီးက ဘယ်သူ့ကိုမှ မျက်နှာသာ မပေးဘူးလား? ဒါက သူမ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား?

ဒါပေမယ့် သူမ ဘာမှ ပြန်မပြောရဲတော့ပါဘူး။ ဆေးလုံးကို ဘယ်သူက သူမကို အရင် သံသယဝင်ခိုင်းလို့လဲ?

ချိုးယွဲ့က သူမ အနိုင်ကျင့်ခံရသည်ဟု ခံစားမိလိုက်ပြီး ကျိရွှေရှန့်ကို တိုင်တန်းလိုက်သည်။ "အစ်ကိုရွှေရှန့်၊ ကျွန်မမှာ တခြားရည်ရွယ်ချက် မရှိပါဘူး။ အစ်မစူးချင်းက ဘာလို့ စိတ်ဆိုးနေရတာလဲ?"

ကျိရွှေရှန့်က သူမကို ဂရုမစိုက်ဘဲ ဘာသိဘာသာကြည့်ကာ ခပ်အေးအေး ပြန်ပြောလိုက်သည်။ "မင်းက သူ့(မ)ရဲ့ ဆေးပညာကျွမ်းကျင်မှုကို မေးခွန်းထုတ်တယ်လေ။ သူ(မ)က ဆေးပြန်တောင်းတာ ဘာဖြစ်လို့လဲ?"

ချိုးယွဲ့တစ်ယောက် စကားပင် မပြောနိုင်တော့ပေ။ သူမက အစ်ကိုရွှေရှန့်ဆီကနေ နှစ်သိမ့်မှုကို လိုချင်တာလေ။ ဒါပေမယ့်  အစ်ကိုရွှေရှန့်က သူမကို နှစ်သိမ့်ပေးရမယ့်အစား ဘာလို့ သူမကို ဝေဖန်နေရတာလဲ?

ချိုးယွဲ့က ကျိရွှေရှန့်၏နှလုံးသားထဲမှ သူမ၏ပုံရိပ် ပျက်ဆီးသွားမည်ကို အကြောက်ဆုံးဖြစ်သည်။ သူမက မကျေနပ်မှုများကို မြိုသိပ်ကာ သည်းခံလိုက်ပြီး “ကျွန်မက အစ်မစူးချင်းကို အရမ်းနာကျင်စေခဲ့တာ ဖြစ်နိုင်တယ်။ ကျွန်မ သွားပြီး တောင်းပန်လိုက်မယ်"

ကျိရွှေရှန့်က သူ့နှလုံးသားထဲတွင် အရေးကြီးသောအရာတစ်ခုခုကို ဖုံးကွယ်ထားသောကြောင့် ဤအသေးအမွှားအရာများကို ဂရုစိုက်ရန် အချိန်မရှိပေ။ ရွာသူရွာသားများအားလုံး ရေ အလုံအလောက် သောက်ပြီးကာ ရေအိတ်များနှင့် ဝါးပြွန်များအားလုံး ရေပြည့်သွားသည်ကို မြင်လိုက်ရသဖြင့် သူက ခရီးဆက်ရန် လော်ဆော်လိုက်သည်။

"အားလုံး ဒီမှာ ရှိ မရှိ ပြန်စစ်ဆေးကြ၊ ပြီးရင် ဆက်သွားကြမယ်!" ကျိရွှေရှန့်က လီတာ့နျိုနှင့် ကျန်းလောင်ချီကို အော်ပြောပြီးနောက် သူကိုယ်တိုင်လည်း မြင်းများကို စစ်ဆေးရန် ထွက်သွားခဲ့သည်။ ရေကန်၏ ကမ်းစပ်နေရာတွင် နူးညံ့သော မြက်ပင်များ ပြည့်နေသောကြောင့် မြင်းများလည်း အစာဝအောင် စားလိုက်ရသည်။ သူတို့၏ မျက်လုံးများက တောက်ပနေပြီး အဆက်မပြတ် နှာမှုတ်နေကြသည်။

ကျိရွှေရှန့်က သူမကို လျစ်လျူရှုလိုက်သောကြောင့် ချိုးယွဲ့က ကျိရှောင်ယင်ကို ပြေးရှာနေပြန်သည်။

သူမ စကားမပြောရသေးခင်မှာ ကျိရှောင်ယင်က “အစ်မချိုးယွဲ့၊ အစ်မစူးချင်းက အစ်မကို စေတနာနဲ့ ဆေးလုံးကို ပေးခဲ့တာလေ။ အစ်မ မလိုချင်ရင်တောင် အဲဒီစကားတွေကို မပြောသင့်ဘူး။ အခုတော့ စိတ်မကောင်းစရာတွေ ဖြစ်ကုန်ပြီ”

ချိုးယွဲ့က သူမ၏ပါးစပ်မှ ထွက်လာတော့မည့် မကျေနပ်ချက်များကို ပြန်မျိုချလိုက်ပြီး စူးချင်းထံ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။

✍️✍️✍️