အခန်း ၂၉ တစ်ခုခုမှားနေပြီ
"စူးချင်း ငါ တကယ်တောင်းပန်ပါတယ်။ ငါ နင့်ကို မတော်တဆ နာကျင်စေခဲ့တယ်"
ချိုးယွဲ့က စူးချင်းကို
သနားစဖွယ်ကောင်းသော မျက်လုံးကြီးများဖြင့် ကြည့်ကာ ရိုးရိုးသားသား
တောင်းပန်လိုက်သည်။
"နင်က ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာပဲ"
စူးချင်းက သူမကို
အေးစက်စွာ ပြန်ကြည့်နေပြီး စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူမက ဘာမှမပြောဘဲ ထွက်သွားခဲ့ပြီး
ချိုးယွဲ့ကို ထိုနေရာတွင် ချန်ထားရစ်ခဲ့သည်။
ချိုးယွဲ့က စူးချင်း၏နောက်ကျောကို
မင်သက်စွာ စိုက်ကြည့်နေသည်။ ဒီမိန်းမက ဘယ်လိုတောင် မာနကြီးပြီး
ကျိုးကြောင်းဆီလျော်မှုမရှိရတာလဲ? အဲ့လောက်တောင် အကြင်နာ ကင်းမဲ့တာလား?
ကျိရှောင်ယင်က ချိုးယွဲ့ကို
တစ်ချက်ကြည့်လိုက်ပြီးနောက် စူးချင်း၏ အေးအေးစက်ကျောပြင်ကို ကြည့်လိုက်ပြန်သည်။
အဆုံးတွင် သူမက စူးချင်း၏နောက်သို့ လိုက်သွားရန် ရွေးချယ်ခဲ့သည်။
ချိုးယွဲ့က
မနာလိုစိတ်ဖြင့် စူးချင်းကို စိုက်ကြည့်နေပြန်သည်။ သူမက သုံးရက်အတွင်းမှာ
ရှောင်ယင့်ကို ဆွဲဆောင်နိုင်ခဲ့တာလား? သူမက ပြုစားနိုင်တဲ့ မှော်ပညာကို သိနေတဲ့ ကဝေမလား?
စူးချင်းကတော့ သူမကို
အာရုံစိုက်ရန် အချိန်မရှိပေ။ သူမက စနစ်ထံမှ သတင်းကောင်းကို နားထောင်နေခဲ့သည်။
[Host က ရွာသားတွေရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပြီး သူတို့ ရောဂါမဖြစ်အောင် ကာကွယ်ကုသပေးခဲ့တယ်။
ကုသိုလ်ရမှတ်က အဆင့်သုံးကနေ အဆင့်ငါးအထိ အဆင့်နှစ်ဆင့် တိုးမြှင့်သွားပါပြီ။
တစ်ချိန်တည်းမှာပဲ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ စိတ်စွမ်းအားလည်း မြင့်တက်သွားပါတယ်။
Host ရဲ့ စစ်နတ်ဘုရားစွမ်းရည်က အဆင့် ၁၃ အထိ မြင့်တက်သွားပါပြီ]
စူးချင်း၏ နှုတ်ခမ်းထောင့်များက
အနည်းငယ် ကွေးသွားတော့သည်။ ရွာသားများကို ကယ်တင်ခြင်းအတွက် စနစ်က သူမကို
သေချာပေါက် ဆုချလိမ့်မည်ဖြစ်ပြီး အဆင့်တစ်ဆင့် တိုးနိုင်လိမ့်မည်ဟု သူမ
မျှော်လင့်ထားပြီးသားဖြစ်သည်။ သို့သော်လည်း ၎င်းက အဆင့်နှစ်ဆင့်ဖြစ်လာမည်ဟု သူမ မထင်ထားခဲ့ပေ။
“သခင်က
အရမ်းသန်မာတယ်။ ဂုဏ်ယူပါတယ် သခင်!”
ရှောင်ချီ၏
မြှောက်ပင့်ပေးသံက အချိန်ကိုက် ထွက်ပေါ်လာပြီး သူမ၏ချစ်စဖွယ် အသံလေးက စူးချင်းကို
ပို၍ပင် ပျော်ရွှင်စေလာသည်။
သူမက ဘာကောင်းလဲမသိတဲ့
ချိုးယွဲ့အကြောင်းကို မေ့သွားခဲ့တာ ကြာလှပေါ့။
ထိုနည်းအားဖြင့် ကုသိုလ်ရမှတ်များ
အမြန်ဆုံးအဆင့်တက်လာမည်ကို သူမလည်း မမျှော်လင့်ထားခဲ့ပေ။ လမ်းတလျှောက်တွင် သဘာဝဘေးကို
ရှောင်တိမ်းလာကြသော ဒုက္ခသည်များ အများအပြား ရှိနေပြီး ကယ်တင်ပေးရန် လိုအပ်နေသူများလည်း
ရှိနေသေးသည်။ ၎င်းတို့ကို ကယ်တင်ခြင်းက သူမကို အဆင့်မြန်မြန်တက်စေမည်ဖြစ်သည်။
ဒါက
မမျှော်လင့်ထားတဲ့ အံ့သြစရာကြည်နှူးမှုကို ဖြစ်စေတာပါပဲ။
"ရွှေရှန့်၊ လူတွေအားလုံး ဒီမှာ ရှိနေကြတယ်။ ငါတို့ သွားလို့ ရပြီ"
လီတာ့နျိုက ကျိရွှေရှန့်ကို
သတင်းပို့ရန် ပြေးလာချိန်တွင် ကျိရွှေရှန့်က မြင်းများ၏ခန္ဓာကိုယ်ပေါ်ရှိ
ဒဏ်ရာများကို စစ်ဆေးနေသည်။
ထူးဆန်းလိုက်တာ....
ဒဏ်ရာတွေက အမာရွတ်တောင် မကျန်အောင် သဲလွန်စမရှိ ပျောက်ကင်းသွားခဲ့ပြီ။ ဒီအမျိုးသမီးရဲ့ဆေးတွေက
မှော်ဆေးလုံးတွေပဲ ဖြစ်ရမယ်။
လီတာ့နျို၏စကားကို ကြားချိန်တွင်
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်ပြီး “သွားကြရအောင် ငါတို့ နောက်တကြိမ်အနားမယူခင် ကောင်းချန်ကနေ
ထွက်နိုင်မှ အသက်ဝဝရှူနိုင်လိမ်မယ်”
ရွာသားများအတွက်လည်း
သူတို့ အလွန်ပင်ပန်းနေကြပြီ ဖြစ်သော်လည်း ဓားပြများနှင့် စစ်သည်များ၏
ခြိမ်းခြောက်မှုကို ခံရပြီးနောက် သူတို့ကိုယ်တိုင်လည်း ကောင်းချန်မှ အမြန်ဆုံး ထွက်ခွာလိုကြသည်။
ထို့ကြောင့် လူတိုင်းက အစွမ်းကုန်ကြိုးစားကာ လျှောက်လှမ်းနေကြသည်။
ကံကောင်းထောက်မစွာဖြင့်
သူတို့က ဤနောက်ဆုံးနှစ်ရက်အတွင်း အသားကို နှစ်ကြိမ်ဆက်တိုက်စားခဲ့ရသည်။ ထို့သို့မဟုတ်လျှင်
သူတို့ လမ်းပင်လျှောက်နိုင်မည် မဟုတ်ပေ။
လူတိုင်းအတွက်
ထူးဆန်းနေသည်မှာ ကျိရွှေရှန့်က သူတို့ကို လမ်းလျှောက်ရန် လွယ်ကူသော လမ်းမကြီးမှ
မခေါ်သွားဘဲ တောအုပ်များထဲ ဖြတ်သွားစေခြင်း ဖြစ်သည်။ သို့သော် သူတို့အားလုံးက ကျိရွှေရှန့်၏ ဦးဆောင်မှုကို ကျင့်သားရနေပြီဖြစ်သောကြောင့်
မည်သူမျှ ကျိရွှေရှန့်ကို သွားမမေးကြပေ။
ဘာပဲဖြစ်ဖြစ်
ရွှေ့ရှန့်က သူတို့ကို သေလမ်းကို ပို့မှတော့ မဟုတ်ပါဘူး။
တောထဲမှ ဖြတ်သန်းသွားရခြင်းတွင်လည်း
အကျိုးအမြတ်များ ရှိနေသေးသည်။ နေရောင်ကို ပိတ်ဆို့ကာကွယ်ပေးနိုင်သော သစ်ရိပ်များ
ရှိနေသောကြောင့် ပူလောင်မှုကို သက်သာစေပြီး
ရေလိုအပ်ချက်လည်း ကြီးကြီးမားမား မရှိတော့ပေ။
သို့သောာ် တောထဲမှ
ထွက်ခါနီးမှာ ပြဿနာတစ်ခု ဖြစ်လာခဲ့ပြီး ရွာသားတချို့က ဗိုက်နာလာကြခြင်းပင်။ သူတို့က
တယောက်ပြီး တယောက် အော်ဟစ်ညည်းညူလာကြပြီး ထိုအထဲတွင် ချိုးယွဲ့လည်း ပါဝင်နေသည်။
သူမ၏ဗိုက်ထဲတွင်
ဓားတစ်ချောင်းဖြင့်အမွှေခံနေရသလို ခံစားနေရပြီး နာကျင်မှုကြောင့် သူမ၏မျက်နှာပင်
ဖြူဖျော့လာသည်။ သူမ၏ခြေထောက်နှစ်ဖက်က ခွေကျလုမတက်ဖြစ်နေပြီး သူမ၏လက်ဖြင့် ဗိုက်ကို
အုပ်ထားရသည်။ နောက်ဆုံးတွင် သူမ မနေနိုင်ဘဲ တောထဲသို့ ပြေးဝင်သွားတော့သည်။
အဒေါ်ချိုးက သူမ၏သမီးအတွက်
စိတ်ပူသောကြောင့် နောက်မှ အမြန်လိုက်သွားခဲ့သည်။ ချိုးယွဲ့၏ပေါက်ထွက်မှုက မြေကြီးများ
ကွဲအက်သကဲ့သို့ မြည်ဟီးနေသောကြောင့် သူမ အလွန်အရှက်ရကာ ပုန်းအောင်းရန် တွင်းတစ်တွင်း
ရှာဖွေပြီး မြေပြင်ပေါ်တွင် တွားသွားကာ သူမ၏မျက်နှာကို မြှုပ်ပစ်ချင်နေမိသည်။
ဗိုက်နာသည်ဟု အော်ဟစ်ညည်းညူနေသော
ရွာသူရွာသားတချို့လည်း သူမကဲ့သို့ ခံစားနေရပြီး သူတို့ ထပင်မနိုင်တော့ဘဲ သူတို့၏အူများ
ပြတ်ထွက်သွားတော့မလို ခံစားနေကြရသည်။
သူတို့ ခရီးဆက်ရန် အလျင်လိုနေသော်လည်း
ထိုလူများက နာမကျန်းဖြစ်နေသောကြောင့် အဖွဲ့ကြီးတစ်ခုလုံး ရှေ့မဆက်နိုင်တော့ဘဲ
သူတို့ကို စောင့်ဆိုင်းရန် ထိုနေရာတွင်သာ ရပ်တန့်လိုက်ရသည်။
"ရွှေရှန့် ဘာတွေ ဖြစ်သွားတာလဲ? ကပ်ဘေးပြီးတဲ့နောက်မှာ ကူးစက်တက်တဲ့ ရောဂါတွေ
ဖြစ်လာတက်တယ်။ သူတို့ ငှက်ဖျားဖြစ်နေကြပြီလား?” ရွာလူကြီးချိုးက ကျိရွှေရှန့်ကို
ခေါ်ကာ စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
ငှက်ဖျားရောဂါက
လူများကို သေစေနိုင်သည်။ ရွာလူကြီးချိုးက ဟိုးယခင်က သူတို့
ငတ်မွတ်ခေါင်းပါးခြင်းဘေးမှ ထွက်ပြေးခဲ့ကြစဉ် ကွင်းပြင်အနှံ့ အလောင်းကောင်များ
ရှိနေခဲ့သော ကြေကွဲဖွယ်မြင်ကွင်းကို မှတ်မိနေသေးသည်။ ထို့ကြောင့် ယခုအချိန်တွင် ထောင်ဟွားဝူမှ
လူများ တယောက်ပြီး တယောက် သေကုန်ကြမည်ကို သူ အလွန်စိုးရိမ်နေမိသည်။ ထိုလူများထဲတွင်
သူ့၏မြေးမလေးလည်း ပါဝင်နေသောကြောင့် သူ ပို၍ပင် စိတ်ပူနေမိသည်။
“သူတို့ရဲ့
သွေးခုန်နှုန်းကို စစ်ဆေးကြည့်လိုက်မယ်”
ကျိရွှေရှန့်လည်း
ဘာဖြစ်နေမှန်း မသိသေးပေ။ ဗိုက်နာတယ်ဆိုရင်တောင် လူတိုင်းက တူညီတဲ့ အစာကိုစားပြီး
တူညီတဲ့ ရေကိုသောက်ခဲ့တာကြောင့် အားလုံး အတူတူ ဖြစ်သင့်တာ မဟုတ်ဘူးလား? ဘာလို့ သူတို့ထဲက
တချို့ပဲ နေမကောင်းဖြစ်ရတာလဲ? ဘယ်လို့လုပ် အဲ့လို ဖြစ်နိုင်မှာလဲ။
သူက ရုတ်တရက်
တစ်ခုခုကို တွေးမိသွားပြီး သစ်ပင်အောက်မှာ အေးအေးဆေးဆေး ထိုင်ကာ မြက်ဖိနပ် ရက်နေသော
စူးချင်းဆီသို့ လျှောက်သွားလိုက်သည်။
"စူးချင်း... မင်းမှာ ဆေးတွေ ရှိသေးလား?" ကျိရွှေရှန့်က စူးချင်း၏မျက်လုံးများကို
စိုက်ကြည့်နေရင်း လှမ်းမေးလိုက်သည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူများက
စူးချင်းပေးသောဆေးလုံးကို မစားခဲ့ကြကြောင်း သူ သတိပြုမိလိုက်သည်။
“မရှိတော့ဘူး”
စူးချင်းက သူမလက်ထဲမှ
မြက်ဖိနပ်ကို ချလိုက်ပြီး သူ့ကို မော့ကြည့်ကာ ပြန်ဖြေလိုက်သော်လည်း သူမ၏ အသံက ရေခဲတမျှ
အေးစက်နေသည်။
“စူးချင်း၊
သူတို့က သူတို့အတွက် ဘာက ကောင်းတယ်ဆိုတာ မသိကြဘူး၊ ပြီးတော့ မင်းက ထူးချွန်တဲ့ဆေးဆရာဆိုတာကိုလည်း
သူတို့ မသိကြဘူး။ အခု ငါတို့ ဒီကနေ ထွက်သွားနိုင်ဖို့ အလျင်လိုနေတယ်၊ မင်းမှာ ဆေးရှိသေးရင်
ထုတ်ပေးလို့ရနိုင်လား?"
သူမ အလွန်အေးစက်နေသည်ကို
မြင်နေရသော်လည်း ကျိရွှေရှန့်အတွက် သူမနှင့်အေးအေးဆေးဆေး ဆွေးနွေးရန်မှ လွဲတပါး
ရွေးချယ်စရာမရှိတော့ပေ။
“မရှိတော့ဘူး”
စူးချင်း၏ တုံ့ပြန်မှုက
အေးစက်သော စကားတစ်ခွန်းသာ ဖြစ်နေပြန်ပြီး သူမက ခေါင်းပြန်ငုံ့ကာ မြက်ဖိနပ်ကို ဆက်ရက်နေသည်။
"စူးချင်း?"
ကျိရွှေရှန့်က စူးချင်းကို
ထပ်ခေါ်လိုက်သောလည်း စူးချင်းက သူမ၏ခေါင်းကို လုံးဝ ပြန်မမော့တော့ဘဲ မြက်ဖိနပ်ကိုသာ
ဆက်ရက်နေပြီး သူ့အသံကို လုံးဝ မကြားသလို ပြုမူနေသည်။
နောက်ဆုံးတော့
သူလည်း ဘာမှ မတက်နိုင်တော့ဘူး။ အဲဒီလူတွေကို
ဘယ်သူက ဒီလိုမျိုး ကျေးဇူးကန်းခိုင်းခဲ့လို့လဲ?
နောက်ဆုံးတွင် ကျိရွှေ့ရှန့်လည်း ဆေးပင်များ ခူးယူရန်
လီတာ့နျိုနှင့် ကျန်းလောင်ချီကို တောင်ပေါ်သို့ ခေါ်သွားရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
ဝမ်းလျှောခြင်းကို ကုသပေးနိုင်မည့် ဆေးညွှန်းကို သူ သိသော်လည်း လိုအပ်သောဆေးပင်များကို
စုဆောင်းရန် မလွယ်ကူပေ။ တကယ်၍ အဆင်မပြေလျှင် ဆေးဝယ်ရန် မြို့ထဲသို့ သွားရမည်ဖြစ်ပြီး
ရွာသားများ သေဆုံးသွားမည်ကို သူ ထိုင်မကြည့်နိုင်ပေ။
ကျိရှောင်ယင်က စူးချင်းကို
ဂရုတစိုက် ချော့မော့နေသည်။
"အစ်မ၊
စိတ်မဆိုးပါနဲ့နော်"
"ငါ စိတ်မဆိုးပါဘူး"
ကျိရှောင်ယင် မည်မျှ
သတိထားနေသည်ကို မြင်လိုက်ရသောကြောင့် စူးချင်း၏လေသံက
ပျော့ပျောင်းသွားသည်။
"အဲ့ဒါဆို အမမှာ ဆေးရှိသေးလား?" ကျိရှောင်ယင်က ထပ်မေးလိုက်သည်။
စူးချင်းက ခေါင်းခါလိုက်ပြီး
“ငါ လွှင့်ပစ်လိုက်ပြီ။ ငါက ငါ့ကို သံသယရှိတဲ့သူတွေကို ကူညီမှာ မဟုတ်ဘူး။ ဒါက ငါ့ရဲ့စည်းမျဥ်းပဲ။
ထပ်မပြောနဲ့တော့"
ကျိရှောင်ယင်လည်း စူးချင်း၏အေးစက်သော
အငွေ့အသက်ကြောင့် ထိတ်လန့်သွားပြီး သူမကို မစည်းရုံးဝံ့တော့ပေ။ သူမက ဝမ်းလျှောနေသော
ကျန်းမိသားစု၏အကြီးဆုံးချွေးမနှင့် အစ်မချိုးယွဲ့ကို ပြုစုပေးရန် ပြန်ပြေးသွားတော့သည်။
ခဏအကြာတွင် ဤလူများက
ဝမ်းသွားရသောကြောင့် မောပန်းနွမ်းနယ်လာကြပြီး လမ်းလျှောက်ရန်ပင် တစ်စုံတစ်ယောက်၏အကူအညီကို
တောင်းခံနေရပြီ ဖြစ်သည်။ သို့သော်လည်း အဓိကပြသနာမှာ မတ်တပ်ထရပ်ပြီးသည်နှင့် တစ်ဖန်
တောထဲသို့ ပြန်ပြေးဝင်နေရခြင်း ဖြစ်သည်။
တောထဲမှ ကြောက်မက်ဖွယ်ကောင်းသော
မနှစ်မြို့ဖွယ် အနံ့အသက်ဆိုးများ ထွက်ပေါ်လာသောကြောင့် စူးချင်းက ရွံရှာနေပုံဖြင့်
သူမ၏နှာခေါင်းကို ဖုံးအုပ်လိုက်ပြီး မြက်ဖိနပ် ဆက်ရက်ရန်ပင် စိတ်မ၀င်စားနိုင်တော့ပေ။
ကံကောင်းထောက်မစွာဖြင့်
ဗိုက်နာနေသူများက အလျင်အမြန် အသိတရားရလာကြပြီး စူးချင်းပေးခဲ့သော ဆေးများကို ပြန်ရှာကာ
သောက်လိုက်ကြသည်။ ဆေးသောက်ပြီးသည်နှင့် ဗိုက်မနာကြတော့ဘဲ ယခုတစ်ကြိမ်တွင် စူးချင်း၏
ဆေးပညာကျွမ်းကျင်မှုကို မည်သူမျှ မေးခွန်းထုတ်ဝံ့ခြင်း မရှိတော့ပေ။
နောက်ဆုံးတွင်
ချိုးယွဲ့တစ်ဦးတည်းသာလျှင် ဝမ်းသွားခြင်းကို မရပ်တန့်နိုင်သေးသူ ဖြစ်လာခဲ့သည်။ သူမ၏ဗိုက်ထဲတွင်
ဘာမှ မကျန်တော့သော်လည်း သူမ၏ဗိုက်ကို ဓားနှင့်ထိုးသကဲ့သို့ နာကျင်နေဆဲပင်။ သူမက
သူမ၏ကျိုးနွံမှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နာကျင်စွာ အော်ဟစ်နေပြီး မိခင်ဖြစ်သူ
စိတ်ဆင်းရဲပြီး မျက်ရည်ကျလောက်အောင် အော်ဟစ်ညည်းညူနေခဲ့သည်။
“အဒေါ်ချိုး၊ စူးချင်းပေးခဲ့တဲ့
ဆေးလုံးတွေက အလုပ်ဖြစ်တယ်။ ဆေးသောက်ပြီးရင် ပိုကောင်းလာလိမ့်မယ်”
ကျန်းမိသားစု၏
အကြီးဆုံးချွေးမက ပြန်လည်ကောင်းမွန်လာပြီး ချိုးယွဲ့က ဗိုက်နာနေသေးသည်ကို
တွေ့လိုက်ရသောကြောင့် အဒေါ်ချိုးထံ လာရောက်ပြောပြခြင်း ဖြစ်သည်။
စူးချင်း၏ ဆေးက လူများကို
ကုသပေးနိုင်ကြောင်း ကြားလိုက်ရသော်လည်း ချိုးယွဲ့က လုံးဝ မယုံနိုင်ဖြစ်နေသေးသည်။
အဲဒါက ဘယ်လို
ဖြစ်နိုင်မှာလဲ? တကယ်လို့ ဒီမိန်းမရဲ့ ဆေးပညာက အဲ့လောက်ကောင်းနေရင် သူမက အရင်ထဲက
မြင့်မြတ်တဲ့သမားတော် ဖြစ်နေမှာပေါ့။ ဘာလို့ အငတ်ဘေးကနေ လွတ်မြောက်ဖို့ သူမတို့နောက်ကို
လိုက်နေမှာတဲ့လဲ?
ချိုးယွဲ့က မယုံသလို
ယုံလည်း မယုံချင်ပေ။ သူမက စူးချင်းဆီမှ ဆေးတောင်းမည့်အစား
သေသွားတာက ပိုကောင်းမည်ဟုသာ တွေးနေခဲ့သည်။
အဒေါ်ချိုးကတော့ သူမ၏သမီး
ဤကဲ့သို့ ဝေဒနာ ခံစားနေရသည်ကို မကြည့်ရက်ပေ။ သူမက ကျန်းမိသားစု၏အကြီးဆုံးချွေးမ ပြောသည့်စကားကို
ယုံကြည်သည်။ သူမကိုယ်တိုင်လည်း စူးချင်း၏ဆေးကြောင့် ဝမ်းပျက်ဝမ်းလျှော မဖြစ်ခဲ့ပေ။
သူမ၏သမီးနှင့် အခြားဝမ်းလျှောနေသောသူများမှာ ထိုဆေးကို မသောက်ခဲ့သူများ ဖြစ်ပြီး ထိုဆေးလုံးက
ချိုးယွဲ့ကို ကယ်တင်နိုင်မည်ဟု ယုံကြည်နေသည်။
အဒေါ်ချိုးက သူ့သမီးအတွက် စူးချင်းဆီကို သွားပြီး တောင်းပန်လိုက်သည်။
"စူးချင်း၊ ချိုးယွဲ့က သူ့အတွက် ဘာက ကောင်းလဲဆိုတာ မသိတက်ခဲ့ဘူး။
ကျေးဇူးပြုပြီး သူမကို ခွင့်လွှတ်ပေးပါ။ ဒီအတွက် ငါ မင်းကို ဘယ်လို တောင်းပန်ရမလဲ?"
✍️✍️✍️