အပိုင်း ၄၁ ဒီတောင်မှာ
ဝိညာဉ်စွမ်းအား မရှိဘူး
ပိုက်ကွန်မှ လွတ်ကာ
လေထဲသို့ ကျလာသည်နှင့် တပြိုင်နက် စူးချင်းက သူမကို ဆေးရှုခိုင်းရန် ကြိုးပမ်းနေသည့်လူ၏
မျက်နှာကို ကန်ချက်တစ်ချက် ပစ်လွှတ်လိုက်သည်။ ထိုလူက ညည်းညူနိုင်ခြင်းပင် မရှိဘဲ
ပစ်လဲသွားတော့သည်။
သူမ
မြေပြင်ပေါ်သို့ ရောက်လာချိန်တွင် စူးချင်းက လေထဲမှ ကျလာသော ဓားမြှောင်လေးကို လှမ်းဖမ်းမိလိုက်ပြီး
သူမ၏ခန္ဓာကိုယ်က ကျားသစ်တစ်ကောင်ကဲ့သို့ ခုန်တက်သွားကာ မျောက်ပိန်ကောင်၏လည်ပင်းရှိ
ပင်မသွေးလွှတ်ကြောကို သူမလက်ထဲမှ ဓားမြှောင်ဖြင့် လှီးဖြတ်လိုက်သည်။ မျောက်ပိန်ကောင်က
သူ့လည်ပင်းကို ပြန်ဆုပ်ကိုင်လိုက်ပြီး စူးချင်းကို မယုံကြည်နိုင်စွာ ကြည့်နေရင်း
မြေပြင်ပေါ်သို့ လဲကျသွားသည်။
စူးချင်းက
ထိုနေရာတွင် ရပ်မနေဘဲ ဓားမြှောင်ကို ကိုင်ကာ အခြားလူနှစ်ဦးဆီသို့ ပြေးဝင်သွားခဲ့သည်။
သူမလက်ထဲတွင် ရှိနေသည့် ဓားမြှောင်တိုလေးဆီမှ အေးစက်သည့်အလင်းရောင်များ
ထွက်ပေါ်လာချိန်တွင် ထိုဓားမြှောင်တိုလေး၏ ထိုလူနှစ်ယောက်၏ရင်ဘတ်များထဲကို
ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ သူမ ဓားမြှောင်ကို ပြန်ဆွဲထုတ်လိုက်ချိန်တွင်
နောက်ဆုံးတစ်ယောက်၏ပါးစပ်ထဲမှ ပုပ်သိုးနေသော သွေးများ ထွက်ကျလာသည်။
ဖမ်းဆီးခံထားရသော
မိန်းကလေးအားလုံးက သူမတို့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကြောက်လန့်တကြား ဖြစ်သွားပြီး
တချို့က ကြောက်ရွံ့မှုကြောင့် မူးလဲသွားကြသည်။ စူးချင်းက သူမတို့ကို ချည်နှောင်ထားသည့်
ကြိုးများကို ဖြတ်ပေးနေချိန်တွင်ပင် သူမတို့က သွေးစွန်းနေသည့် ဓားမြှောင်လေးကိုသာ
ငေးကြည့်နေကြသည်။
စူးချင်းက ဓားမြှောင်လေးကို
လှည့်ပတ်ကစားနေရင်း အေးစက်စက် အမိန့်ပေးလိုက်သည်။
"ပြန်သွားကြတော့၊ ဒါပေမယ့် မင်းတို့ဆီကနေ စကားတစ်ခွန်းမှ ထွက်မလာစေနဲ့။
မင်းတို့ တစ်ခွန်းပြောလိုက်တာနဲ့ မင်းတို့အသက်ကို ငါ လာယူမယ်"
သူမ၏အေးစက်သော အသံတိုးလျလျက
အေးစက်သောလေပြင်းများ တိုက်ခတ်နေသလို ခံစားရစေပြီး မိန်းခလေးများက အလွန်ကြောက်လန့်သွားကာ
သူမတို့၏ခေါင်းများကို တဆတ်ဆတ်ညိတ်နေပြီး အမိန့်နာခံကြောင်း ပြသနေသည်။ စူးချင်းက
သူမတို့ကို ထပ်မကြည့်တော့ပေ။
သူမက နောက်သို့
ပြန်လှည့်ကြည့်လိုက်ပြီး ဓားမြှောင်တိုလေးကို ကျိရွှေရှန့်ထံ ပြန်ပေးလိုက်သည်။
ဒီဓားက တကယ့်ကို
ရတနာတစ်ခုပဲ။ ခြေရာလက်ရာ မချန်ဘဲ လူသတ်နိုင်တယ်။ အေးစက်တဲ့အငွေ့အသက်ကို
ပေးနေပေမယ့် တောက်ပြောင်နေတာကြောင့် သွေးအစအနတောင် မတင်ကျန်ခဲ့ဘူး။
ကျိရွှေရှန့်က
သူမကို နောက်တစ်ကြိမ် ကယ်တင်ခဲ့သောကြောင့် စူးချင်းက သူ့မျက်လုံးများကို တည့်တည့် ကြည့်ကာ
"ကျေးဇူးတင်ပါတယ်"
ကျိရွှေရှန့်က
သူ့ဓားကို ပြန်သ်မ်းလိုက်ပြီး ဘာမှ မထူးခြားသည့်အမူအရာဖြင့်သာ တုံ့ပြန်လိုက်သည်။
"ပြန်သွားကြရအောင်"
တကယ်တော့ သူလည်း
တုန်လှုပ်နေတာပါပဲ။ စူးချင်းလူသတ်တာက အရမ်းမြန်ဆန်လွန်းတယ်။ သူမက တခဏအတွင်း လူလေးယောက်ကို
သတ်ပစ်လိုက်တယ်။ နောက်တစ်ကြိမ် ပြန်လည်ကြည့်ပြီး ဒုတိယဓားချက်ကို သုံးစရာတောင် မလိုခဲ့ဘူး။
ပြီးတော့ သူမက ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေကို
ကြည့်ဖို့တောင်မလိုဘဲ ဓားနဲ့ အတိအကျ ထိုးနိုင်တယ်။ သူမရဲ့ဓားကိုင် ကျွမ်းကျင်မှုက
ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီ။
သူ့၏အတွေးများက
ရုပ်ယှက်ခတ်နေသော်လည်း ကျိရွှေရှန့်က စူးချင်းကို ဘာမှ မမေးသလို စူးချင်းကလည်း ဘာမှ
မရှင်းပြပေ။
သူမက ကျိရွှေရှန့်မှ
နောက်လိုက်လာနေရင်း ရုတ်တရက် ပြောလိုက်သည်။
"ဒီနေရာကနေ တောင်ဘက်ငါးလီအကွာလောက်မှာ
ရေအရင်းအမြစ်တစ်ခု ရှိတယ်"
"မင်း ဘယ်လိုသိတာလဲ?"
ကျိရွှေရှန့်က
သူမကို အံ့သြတကြီး ပြန်လှည့်ကြည့်လိုက်သည်။
စူးချင်းက အရင်က ဒီနေရာကို
ရောက်ဖူးတာ ဖြစ်နိုင်လား? ဒါမှမဟုတ် သူမက ဒီအနီးနားမှာ နေခဲ့တာလား? အဲ့လိုတွေ
မဟုတ်ရင် ဒီအနီးနားမှာ ရေအရင်းအမြစ်ရှိတာကို သူမ ဘယ်လို သိနေတာလဲ?
ကျိရွှေရှန့်၏
ပဟေဠိဆန်သောအကြည့်များကို ရင်ဆိုင်လိုက်ရသော်လည်း စူးချင်း၏အမူအရာက
မပြောင်းလဲသွားဘဲ သူမက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"အဲဒီလူတွေဆီက ကြားခဲ့တာ"
ကျိရွှေရှန့်က
မြေပြင်ပေါ်ရှိ လူသေအလောင်းလေးလောင်းကို လှည့်ကြည့်လိုက်ပြန်သည်။
ဘယ်လူသေက ထပြီး
သူ့ကို အာမခံပေးမှာတဲ့လဲ?
သူတို့နှစ်ယောက်
စခန်းချရာနေရာသို့ ပြန်ရောက်သွားချိန်တွင် ကျိရှောင်ယင်က စူးချင်းကို မြင်သွားပြီး
ဝမ်းသာအားရ ပြုံးကာ ပြေးကြိုလာခဲ့သည်။
"အစ်မ ပြန်လာပြီလား?"
"အင်း" စူးချင်းက ကျိရှောင်ယင် စိတ်ပူနေပြီး သူမကို
စောင့်ရှောက်ပေးရန် သူမ၏အစ်ကိုကို တောင်းဆိုလိုက်မှန်း စူးချင်းက ရိပ်မိနေခဲ့သည်။
“မနက်စာ
မစားတော့ဘူး၊ သွားကြစို့” ကျိရွှေရှန့်က အဖွဲ့အား အော်ပြောလိုက်သည်။ သူတို့ရွာမှမိသားစုတိုင်းလိုလိုတွင်
မိန်းကလေးများ ရှိနေကြပြီး မနေ့ညနှင့် ယနေ့ တောထဲတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့်
သူတို့အားလုံး ထိတ်လန့်နေကြပြီး သူတို့လည်း ပစ္စည်းများကို အမြန်ထုပ်ပိုးကာ ဤအန္တရာယ်ရှိသောနေရာမှ
အလျင်အမြန် ထွက်သွားချင်နေကြသည်။
မိန်းကလေးများကို
ဆုံးရှုံးခဲ့ရသော မိသားစုများက သူတို့၏ အဆုတ်များ ကွဲကြေမတက်
ငိုကြွေးနေကြဆဲဖြစ်ပြီး ၎င်းတို့ထဲတွင် အဆင့်မြင်ပညာရှင်တင်း၏ မိသားစုဝင်များလည်း
ပါဝင်သည်။ မနေ့ညက ပညာရှင်တင်း၏သမီးနှင့် နူးညံ့သိမ်မွေ့သော မောင်းမမိဿံနှစ်ယောက်လုံး
ရထားလုံးပေါ်ရှိ ပစ္စည်းများနှင့်အတူ
ပျောက်ဆုံးသွားပုံရသည်။ ပညာရှင်တင်းလည်း ဒဏ်ရာရခဲ့ပြီး သူက မြေပြင်ပေါ်တွင် လဲကျနေကာ
သူ့ဦးခေါင်းတွင် သွေးများ ဖုံးလွှမ်းနေခဲ့သည်။ သူ အသက်ရှင်နေသည်လားကိုပင် သေသေချာချာ
မသိနိုင်သေးပေ။
ဒီလိုလူမျိုးကိုတော့
ဘယ်သူကမှ စာနာစိတ် မရှိကြပါဘူး၊ ဒါက သူနဲ့ ထိုက်တန်တယ်လို့ပဲ ခံစားကြရတယ်။
အခြားသော ချမ်းသာသည့်
မိသားစုများက လုံခြုံရေးအတွက် တင်းတင်းကျပ်ကျပ် စီမံထားကြပြီး လက်နက်များလည်း ရှိနေသောကြောင့် ဆုံးရှုံးမှုများစွာ
မရှိခဲ့ကြပေ။ သူတို့လည်း အလွန်ကြောက်လန့်နေပြီး နေထွက်သည်နှင့် အမြန်ထွက်ခွာရန်
ပြင်ဆင်နေကြသည်။
ချမ်းသာသူသည့်သူများ
မရှိတော့သည့်အချိန်တွင် ထောင်ဟွားဝူတွင်ရှိနေသော မြင်းများနှင့် အရာရာတိုင်းက
လူတိုင်း၏မျက်လုံးထဲတွင် အဆီများသော အသားဝဝများ ဖြစ်လာပေလိမ့်မည်။ ကျိရွှေရှန့်နှင့်
လီတာ့နျိုတို့ကို ကြောက်သောကြောင့်သာ သူတို့ထံသို့ ချက်ချင်း လာမလုယူသေးသော်လည်း
အချိန်ကြာလာသည်နှင့် လူများလေလေ၊ ရဲရင့်လေလေ ဖြစ်လာကြပေလိမ့်မည်။ ခေါင်းဆောင်ရှိလာလျှင်
အလျင်အမြန် ပေါင်းစည်းနိုင်ကြသောကြောင့် ယာယီဘေးကင်းမှုက အမြဲတမ်းဘေးကင်းမည်ဟု
မဆိုလိုပေ။
လက်ရှိတွင်ပင် လူစုလူဝေးများ
ဖြစ်နေသည်ကို မြင်နေရသောအခါ ကျိရွှေရှန့်က မြန်မြန် ထွက်ခွာရန် အော်ပြောလိုက်ခြင်းပင်။
သူတို့က
ပုံမှန်အတိုင်း အမျိုးသားများက လက်နက်များကိုင်ဆောင်ထားပြီး သက်ကြီးရွယ်အိုများ၊
အမျိုးသမီးများ၊ ကလေးများနှင့် သူတို့၏ပိုင်ဆိုင်မှုများကို အကာအကွယ် ပေးနေကြသည်။
သူတို့
ထွက်ခွာသွားပြီးနောက်တွင် ဒုက္ခပေးနိုင်သော ဒုက္ခသည်အချို့က သူတို့နောက်မှ လိုက်ပါလာကြသည်။
အစပိုင်းတွင် လူအနည်းငယ်သာ ရှိခဲ့သော်လည်း အချိန်ကြာသည်နှင့်အမျှ သူတို့နောက်သို့ လိုက်လာသူများ
ပိုများလာသည်။ လှည်းပေါ်ရှိ အစားအသောက်များနှင့် ပစ္စည်းများအပြင်
ဆူဖြိုးသောမြင်းများက မျက်စိကျစရာ ဖြစ်နေပြီး လူတိုင်းက သူတို့ကို
စိုက်ကြည့်နေကြသည်။
“ချဉ်းကပ်လာတဲ့သူကို
ချက်ချင်း သတ်လိုက်”
ကျိရွှေရှန့်က ချိုးယုံခန်းကို
ရှေ့မှ ဦးဆောင်ခိုင်းပြီး သူက ကောက်ဆွခက်ရင်းခွကို ကိုင်ကာ အနောက်ဘက်သို့
လျှောက်သွားနေရင်း အခြားဒုက္ခသည်များကို စိုက်ကြည့်ကာ အော်ဟစ်အမိန့်ပေးလိုက်သည်။
ရဲတိုက်ကြီးကဲ့သို့
မြင့်မားသော သူ၏ခန္ဓာကိုယ်၊ ထူထဲသောမုတ်ဆိတ်မွှေးများနှင့် လူသတ်ရောင်ဝါများက
မငြိမ်မသက်ဖြစ်နေသော ဒုက္ခသည်များကို အလွန်ကြောက်လန့်စေပြီး သူတို့အားလုံး ရှေ့ဆက်
မတိုးဝံ့ကြပေ။ သူတို့နားသို့ ကပ်သွားလျှင် သူက တကယ် လူသတ်တော့မည်ကို သူတို့အားလုံး
ခံစားမိကြသည်။
ကျိရွှေရှန့်က စူးချင်း၏
စကားများကို မှတ်မိနေသေးသောကြောင့် ထောင်ဟွားဝူမှ လူများကို တောင်ဘက်သို့ ဆောင်ခေါ်သွားခဲ့သည်။
ကျင်းချန်သို့ သွားရန်အတွက် အနောက်ဘက်သို့ သွားရမည်ဖြစ်သော်လည်း သူတို့ သွားနေသည့်ဦးတည်ရာက
လွဲနေသောကြောင့် သူတို့နော်ကမှ လိုက်ပါလာသော ဒုက္ခသည်များ တဖြည်းဖြည်း နည်းပါးလာသည်။
ငါးလီခန့်
လမ်းလျှောက်ပြီးနောက် ရေစီးသံကို ကြားလိုက်ရသည်။ တောင်ပေါ်မှစီးဆင်းလာသောရေက
လှိုင်းထန်နေခြင်း မရှိသော်လည်း ထောင်ဟွားဝူမှ လူများကို ပျော်ရွှင်စေလောက်အောင်
စမ်းချောင်းငယ်တစ်ခုထဲသို့ စုပုံနေခဲ့သည်။
လူတိုင်းက ရေထည့်နိုင်သည့်
ရှိသမျှကို ထည့်စရာများကို ထုတ်ယူလိုက်ပြီး စမ်းချောင်းထဲမှ ရေကို အလျင်အမြန် ခပ်ယူလိုက်ကြသည်။
ရေငတ်နေသော ရွာသူရွာသားတစ်ချို့ကလည်း စမ်းချောင်းထဲမှ ရေကို တိုက်ရိုက် ငုံသောက်နေကြသည်။
တခဏချင်းမှာပင်
လူတိုင်းက ညှိုးနွမ်းနေသည့် အနေအထားမှ ပြန်လည်ကောင်းမွန်လာကြပြီး တက်ကြွမှုအပြည့်
ဖြစ်လာကြပြန်သည်။ ကျိရွှေရှန့်က မြင်းများကို ကြိုးဖြေပေးပြီး ရေတိုက်ရန်
စမ်းချောင်းဆီသို့ ဆွဲခေါ်သွားသည်။ ထို့နောက် သူက မြင်းများကို သစ်ပင်အောက်တွင် ပြန်ချည်ကာ
သူတို့ဘာသာ မြက်စားစေခဲ့သည်။
"ရေရှိတုန်း ဒီမှာ ထမင်းချက်ရအောင်" ရွာလူကြီးချိုးက သူ့ချွေးမကို
အမိန့်ပေးလိုက်သည်။ သူတို့ မည်မျှကြာအောင် လမ်းလျှောက်ရမည်ကို မသိနိုင်သောကြောင့်
အစာခြောက်များကို ရေနွေးငွေ့ဖြင့် ပြန်ပေါင်းကာ ယူဆောင်ရဦးမည် ဖြစ်သည်။
“တောရိုင်းဟင်းရွက်တွေ
သွားခူးပြီး အတူတူ ရောချက်ရအောင်” အဒေါ်ချိုးက ချက်ပြုတ်ရန် သဘောတူလိုက်ပြီး
တောရိုင်းဟင်းသီးဟင်းရွက်များ ခူးရန် အမျိုးသမီးတချို့ကို လှမ်းခေါ်လိုက်သည်။
စားစရာများက သိပ်မကျန်တော့သောကြောင့် ချွေတာနိုင်သလောက် ချွေတာကာ သိမ်းဆည်းထားရမည်ပင်။
ဤနေရာတွင်
လူအနည်းငယ်သာရှိပြီး စမ်းချောင်း၏ ဘေးဘယ်ညာတွင် တောရိုင်းဟင်းသီးဟင်းရွက်များ
အများအပြား ရှိနေသောကြောင့် တောတောင်ထဲသို့ နက်နက်နဲနဲ သွားရှာစရာ မလိုတော့ပေ။
ဤတကြိမ်တွင် စူးချင်းက
ထမင်းချက်ရန် နေခဲ့တော့ဘဲ သူမ ရေချိုးနိုင်မည့်
နေရာရှိ မရှိ ရှာရန် ပြင်ဆင်လိုက်သည်။
ဤစမ်းချောင်းငယ်လေးက
သူမအတွက် အလုပ်မဖြစ်သောကြောင့် နေရာရှာရန် တောင်ပေါ်သို့တက်မည်ဟု သူမ
တွေးနေခဲ့သည်။ စူးချင်းက တောင်ပေါ်သို့ မော့ကြည့်နေပြီး ကျိရွှေရှန့်က သူမ
တောင်ပေါ် လှမ်းမျှော်ကြည့်နေသည်ကို သတိပြုမိသွားပြီး သူမဆီသို့ လျှောက်လာကာ
မေးမြန်းလိုက်သည်။
"လင်ဇီး
သွားရှာဖို့ စိတ်ကူးနေတာလား?"
"ဒီတောင်ပေါ်မှာ လင်ဇီး မရှိဘူး"
စူးချင်း၏
ပြတ်သားသော အဖြေက ကျိရွှေရှန့်ကို အံ့အားသင့်စေပြန်သည်။
ဒီတောင်ပေါ်မှာ
လင်ဇီးမှိုတွေ မရှိဘူးဆိုတာ သူမက ဘယ်လိုသိနေတာလဲ?
“သက်တမ်းတစ်ထောင်လောက်ရှိတဲ့
လင်ဇီးကို ဝိညာဉ်စွမ်းအင်များတဲ့ တောင်တွေပေါ်မှာပဲ တွေ့နိုင်လိမ့်မယ်။ ဒီတောင်က
ဝိညာဉ်စွမ်းအင် မရှိဘူး”
စူးချင်းက ခပ်အေးအေး
ရှင်းပြလိုက်သည်။
ကျိရွှေရှန့်က တောင်ကြီးကို
လှမ်းကြည့်နေပြန်သည်။
ဒီတောင်မှာ ဝိညာဉ်စွမ်းအင်
ရှိ မရှိကို သူက ဘာလို့ မမြင်နိုင်ရတာလဲ?
ဒီလို စိမ်းလန်းစိုပြေနေတဲ့တောင်တန်းတွေမှာတောင်
ဝိညာဉ်စွမ်းအင်တွေ မရှိဘူးလား? စူးချင်းက ဖုန်းရွှေကြည့်နည်းကို သင်ခဲ့ဖူးတာလား?
သူမက ဘာလို့ ဒါကိုတောင် သိနေရတာလဲ?
စူးချင်းက သူနှင့် စကားဆက်မပြောချင်တော့သောကြောင့်
တောင်ရှိရာ ဘက်သို့ လျှောက်သွားလိုက်သည်။ စူးချင်းကို သဘောကျနေသော
ညီအစ်မနှစ်ယောက်ဖြစ်သည့် ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့ကလည်း သူမ တောင်ပေါ်သို့
ခြေလှမ်းနေသည်ကို တွေ့သွားကြသည်။
"အစ်မ၊ ကျွန်မတို့လည်း လိုက်ခဲ့မယ်"
စူးချင်းက
သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ကျိရှောင်ယင်က မည်မျှ
စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်သောကြောင့် သူမကို နေခဲ့ရန် မပြောနိုင်တော့ပေ။
ထိုအစား သူမက “အ၀တ်အစား အပိုယူလာခဲ့”
ကျိရှောင်ယင်က ချက်ချင်း
သဘောပေါက်သွားပြီး စူးချင်းကို ဝမ်းသာအားရ ကြည့်နေကာ စူးချင်းက သူမကို မစောင့်မှာ
စိုးသောကြောင့် အမြန်ပြန်ပြေးသွားတော့သည်။
"ကျွန်မ မြန်မြန် ပြန်လာခဲ့မယ်"
ကျိရှောင်ယင်က လှည်းဆီသို့
ပြန်ပြေးသွားပြီး သူမ အဝတ်အစား ရှာနေစဥ်တွင်
စူးချင်းက အဆင်မပြေစွာ ချုပ်ထားတဲ့ အဝတ်အစားများကို ကြည့်လိုက်ပြီး လောလောဆယ် လဲနိုင်ရန်
ယူသွားဖို့ ဆုံးဖြတ်လိုက်သည်။ သူမ ချွတ်ထားသော အဝတ်အစားများ လျှော်ဖွပ်ပြီးမှ
ပြန်လဲလျှင် အဆင်ပြေနိုင်သေးသည်။
ကျိရှောင်ယင်က သူမ၏
လွယ်အိတ်ထဲမှ သပွတ်အူကို ထုတ်ယူလိုက်သည်။ ရွာသားများက ရေချိုးရန် ထိုသပွတ်အူကို သုံးလေ့ရှိကြပြီး
သူမက ထိုသပွတ်အူကို မမော့မလျှော့ ယူလာခဲ့သည်။
လီရွှမ်းအာကလည်း သူမ၏အဝတ်အစားများကို
ယူရန် ပြန်ပြေးသွားခဲ့ပြီး သူမတို့၏ အပြုအမူများက ချိုးယွဲ့၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
သူမက လီရွှမ်းအာထံသို့ လျှောက်သွားလိုက်ပြီး "နင်တို့ ဘာတွေလုပ်နေကြတာလဲ?"
"ရေသွား ချိုးမလို့"
လီရွှမ်းအာက
ရိုးသားသူဖြစ်သောကြောင့် သူမကို ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး သူမ၏လက်ထဲမှ
အဝတ်အစားများနှင့်အတူ စူးချင်းဆီသို့ ပြန်ပြေးသွားခဲ့သည်။
ချိုးယွဲ့လည်း
ရေချိုးချင်နေခဲ့သည်။
အရွယ်ရောက်နေတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့
သူမရဲ့အနံ့ကို သူမတောင် သည်းမခံနိုင်တော့ဘူးလေ။
✍️✍️✍️