အခန်း ၄၂ ရေချိုးခြင်း
ချိုးယွဲ့က သူမတို့နှင့်
တကယ်လိုက်သွားချင်နေသော်လည်း စူးချင်းနှင့်လည်း နီးနီးကပ်ကပ် မနေရဲပေ။ နောက်ဆုံးအကြိမ်
စူးချင်းက သူမကို ခြိမ်းခြောက်ပြီးကတည်းက ချိုးယွဲ့က သူမကို အလွန်ကြောက်ရွံ့နေခဲ့သည်။
စူးချင်းက ပတ်ဝန်းကျင်တွင် မည်သူမျှမရှိသောအရပ်၌ သူမကို သတ်ပစ်မည်ဟု သူမ အမြဲတမ်းခံစားနေမိသည်။
တခြားမိန်းကလေးများပင်
စူးချင်းကို ကြောက်နေကြသော်လည်း စူးချင်းက သူမတို့ကို ထိခိုက်စေမည်မဟုတ်ကြောင်း
သူမတို့အားလုံး သိနေကြသည်။ သို့သော် စူးချင်း၏ အေးစက်စက်နှင့် သီးသန့်ဆန်သော
သဘောထားကြောင့် သူမ နောက်သို့ လိုက်ရန် မတောင်းဆိုဝံ့ကြပေ။
စူးချင်းက ကျိရှောင်ယင်အပေါ်
ကောင်းကောင်းမွန်မွန် ဆက်ဆံကြောင်း လူတိုင်း သိထားပြီး ဖြစ်နေသောကြောင့် အားလုံးက
သူမကိုသာ တောင်းဆိုကြတော့သည်။
ကျိရှောင်ယင်က သူမဘာသာသူမ
ဆုံးဖြတ်ချက် မချရဲဘဲ စူးချင်းထံသို့ ရောက်လာကာ “အစ်မ... သူတို့လည်း
ရေချိုးချင်ကြတယ်တဲ့။ ကျွန်မတို့ သူတို့ကို ခေါ်သွားလို့ရမလား?"
စူးချင်းက
မိန်းကလေးများကို ကြည့်လိုက်ရာ အားလုံးက သူမကို မျှော်လင့်တကြီး ကြည့်နေကြသည်ကို
တွေ့လိုက်ရသည်။
စူးချင်းက
ခေါင်းညိတ်လိုက်ပြီး "ချိုးယွဲ့ကလွဲရင် မင်းတို့အားလုံး လိုက်ခဲ့လို့ရတယ်"
ကျိရှောင်ယင်က သူမ၏မျက်တောင်များကို
ပုတ်ခတ်ပုတ်ခတ်လုပ်နေပြီးမှ အစ်မစူးချင်း၏စကားက မှန်သည်ဟု သူမ ခံစားလိုက်ရသည်။
အစ်မချိုးယွဲ့က သူမအတွက်
ဘာက ကောင်းလဲ ဆိုတာ တကယ်ကို မသိတဲ့သူပဲ။
အစ်မစူးချင်းက
သူမနဲ့ အဘိုးချိုးကို ကယ်တင်ပေးခဲ့ပေမယ့် အစ်မချိုးယွဲ့က အစ်မစူးချင်းကို မကောင်းဘူးလို့
ပြောခဲ့သေးတယ်။ သူမက အစ်မစူးချင်းကို လုံးဝ မလေးစားဘူး။
ချိုးယွဲ့က စူးချင်း၏စကားကို
အတိုင်းသား ကြားနေရပြီး သူမက ဒေါသတကြီးဖြင့် လက်သီးဆုပ်လိုက်သည်။
နင် ငါ့ကို မခေါ်လဲ
ရတယ်၊ ငါ့မှာလည်း ခြေထောက်တွေ ရှိတယ်....
စူးချင်းက သူမတို့ကို
အတူခေါ်ဆောင်သွားလိုကြောင်း ကြားလိုက်သောအခါ ကောင်မလေးများအားလုံး
ဝမ်းသာသွားကြသည်။ သူမတို့က မိမိတို့၏အဝတ်အစားများကို အမြန် ပြန်ယူကြပြီး စူးချင်း၏နောက်သို့
လိုက်လာကြသည်။ ကျန်းမိသားစုမှ မိန်းကလေးဖြစ်သော ကျန်းယွိရန်က သူမ၏သတ္တိကို
စုဆောင်းပြီး စူးချင်းကို ကျေးဇူးတင်စကား လှမ်းပြောလိုက်သည်။
"စူးချင်း.... ကျေးဇူးတင်ပါတယ်"
စူးချင်းက သူမကို ပေါ့ပေါ့ပါးပါး
ကြည့်လိုက်ပြီး ကျန်းယွိရန်၏ဘောင်းဘီအနားများ ကြိုးမချည်ထားသည်ကို တွေ့လိုက်ရသောကြောင့်
"မင်းတို့ရဲ့ဘောင်းဘီအနားတွေကို ချည်ထားလိုက်ကြဦး"
သူမက ထိုစကားတစ်ခွန်းကိုသာ
ပြောပြီး ဘောင်းဘီကို အဘယ်ကြောင့် ချည်နှောင်ရမည်ကို မရှင်းပြခဲ့သော်လည်း ကျိရှောင်ယင်
ထိုအရာကို သိနေပြီး ရှင်းပြရန် ကူညီပေးခဲ့သည်။
“တောင်ပေါ်မှာ
အဆိပ်ရှိတဲ့ အင်းဆက်တွေ အများကြီးရှိတာလေ၊ အဲ့တာတွေက ဘောင်းဘီအောက်ခြေကနေ အလွယ်တကူ
ဝင်လာနိုင်တယ်”
“အင်း”
ကျန်းယွိရန်က တုံ့ပြန်လိုက်သည်။
မိန်းကလေးများက
ကြိုးအဖြစ်သုံးရန် ဘေးနားမှ မြက်ကြမ်းများကို အမြန်ဆွဲနှုတ်လိုက်ကြသည်။ စူးချင်းက
သူမ၏အရှိန်ကို နှေးကွေးထားပြီး သူမတို့ကို စောင့်ပေးလိုက်သည်။ လမ်းတစ်လျှောက်တွင် တွေ့ရသော
ဟင်းသီးဟင်းရွက်တစ်ချို့ကို ခူးယူကာ သူမနောက်ကျောမှ တောင်းထဲသို့ ပစ်ထည့်ရင်း
ဆက်လျှောက်နေခဲ့သသည်။
သူမက လမ်းဘေးကို မသွားဘဲ
လမ်းပေါ်မှ မြင်သမျှကိုသာ ခူးယူနေခဲ့သည်။
သူမတို့ တောင်၏အလယ်လောက်သို့
ရောက်လာချိန်တွင် ရေသံများကြားလိုက်ရပြီး သိပ်မကြာခင်မှာပင် သူမတို့ရှေ့တွင်
ရေကန်ကြီးတစ်ခုပေါ်လာတော့သည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး တောင်နက်ကြီး
ဖြစ်နေသောကြောင့် ဖြတ်သွားဖြတ်လာလူများ ရှိနေမည်ကို စိုးရိမ်စရာ မလိုပေ။ စူးချင်းက
ရေ၏အပူချိန်ကို စမ်းသပ်ရန် ထိုင်ချလိုက်သည်။
တစ်မနက်လုံး
နေရောင်ရနေသောကြောင့် ရေ၏အပူချိန်က ရေချိုးရန် သင့်တော်နေပြီး ရေ၏အရောင်ကလည်း မဲညစ်မနေပေ။
"ရှောင်ယင်၊ ဘေးနားမှာပဲ ရေဆေးချလိုက်။ ရေထဲကို မဆင်းနဲ့" စူးချင်းက နောက်သို့လှည့်ပြီး
ကျိရှောင်ယင်ကို ညွှန်ကြားလိုက်သည်။ သူမက အခြားသူများကို အလွန်အကျွံ ဂရုမစိုက်ပေးနိုင်ပေ။
“ဟုတ်ကဲ့”
ကျိရှောင်ယင်က ပြန်ပြောလိုက်သည်။
ကျိရှောင်ယင်က
ရေကို မြင်လိုက်သည်နှင့် စိတ်မထိန်းနိုင်ဖြစ်နေသော်လည်း စူးချင်း၏တောင်းဆိုမှုကို
ကြားသောအခါ သူမက ဝမ်းသာအားရသဘောတူလိုက်သေးသည်။ အခြားအမျိုးသမီးများကလည်း ရေကန်ကို ကြည့်နေရင်း
စိတ်လှုပ်ရှားနေကြသည်။
နောက်ဆုံးတော့ သူမတို့
ရေချိုးနိုင်ခဲ့ပြီ။
စူးချင်းက သူမတို့ကို
ဂရုမစိုက်တော့ပေ။ သူမက သူမ၏ အဝတ်အစားကို ချွတ်ကာ ရေကန်ထဲသို့ ခုန်ဆင်းသွားပြီး ရေထဲတွင်
ရေသူမလေးကဲ့သို့ လွတ်လွတ်လပ်လပ် ကူးခတ်နေသည်။
ကျိရှောင်ယင်က
အလွန် မနာလိုဖြစ်နေမိသည်။
သူမလည်း အစ်မလို
ရေကူးချင်တာပေါ့။
အခြားကောင်မလေးများက
သူမတို့အဝတ်အစားများကို ချွတ်ရန် စူးချင်းလောက် သတ္တိ မရှိကြပေ။ ဘေးနားမှ
ချောင်းမြောင်းကြည့်နေမည်ကို စိုးရိမ်နေကြပြီး နောက်ဆုံးတွင် သူမတို့က အဝတ်ကို
အကုန်လုံး မချွတ်ရဲကြတော့ပေ။ သူမတို့က သူမတို့၏အောက်ခံဘောင်းဘီများကို ဝတ်ထားပြီး
ဘောင်းဘီကို ရင်ဘတ်အထိ ဆွဲတင်ထားကာ ရေကန်ထဲသို့ ဆင်းလိုက်ပြီး ချက်ချင်း
ငုတ်တုတ်ထိုင်ချလိုက်ကြသည်။
ချိုးယွဲ့က သူမတို့နောက်မှ
တိတ်တဆိတ် လိုက်လာခဲ့သည်။
ရေချိုးနိုင်မှန်း
မသိရင်တော့ ကောင်းတာပေါ့၊ ဒါပေမယ့် ရေချိုးနိုင်တယ်ဆိုတာ သိနေမှတော့ သူမလည်း ရေချိုးချင်တာပေါ့၊ သူမရဲ့ခန္ဓာကိုယ်အနှံ့မှာ
ပိုးကောင်တွေ တွားသွားသလိုမျိုးတောင် ဖြစ်နေပြီ။ အနံ့ကလည်း သည်းမခံနိုင်လောက်တော့ဘူးလို့
သူမ ခံစားနေရတယ်လေ။
စူးချင်းက ရေထဲတွင်
လွတ်လွတ်လပ်လပ် ကူးခတ်နေသည်ကို မြင်နေရသောကြောင့် ချိုးယွဲ့က အလွန် မနာလိုဖြစ်နေမိသည်။
သူမ၏မျက်လုံးများတွင် အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေပြီး တိုးတိုးလေး ကျိန်ဆဲနေပြန်သည်။
“အရှက်ကို မရှိဘူး”
စူးချင်းက ရေကူးနေရင်း
အနက်ရောင်ငါးများကို သတိထားလိုက်မိသည်။ ရေကန်ထဲတွင် သူတို့ကို ဖမ်းမည့်သူ မရှိသောကြောင့်
ငါးအားလုံးက ဝဖြိုးကာ ကြီးထွားလွန်းကြသည်။
"ရှောင်ချီ၊ ဒီငါးတွေမှာ အဆိပ်ရှိလား?" စူးချင်းက ရှောင်ချီကို မေးလိုက်သည်။
ရှောင်ချီက သူမ၏တင်ပါးကားကားလေးကို ကော့ပြနေပြီး သူမ၏မျက်လုံးဝိုင်းဝိုင်းကြီးများက
စနစ်၏ဖန်သားပြင်ကို စိုက်ကြည့်နေသည်။ ခဏအကြာတွင် သူမက ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။
“သခင်၊ ဒီငါးတွေမှာ အဆိပ် မရှိပါဘူး”
ငါးက အဆိပ်မရှိကြောင်း
ကြားလိုက်သည်နှင့် စူးချင်းက ရေထဲသို့ ငုံချလိုက်သည်။ ကျိရှောင်ယင်က စူးချင်းကို
တချိန်လုံး စိုးရိမ်တကြီး စိုက်ကြည့်နေပြီး စူးချင်း ရေထဲသို့ နစ်သွားသည်ကို မြင်လိုက်သောကြောင့်
ကြောက်လန့်တကြားဖြင့် ရေကန်အလယ်သို့ ပြေးဆင်းသွားရင်း စိုးရိမ်တကြီး အော်ခေါ်နေသည်။
"အစ်မ! အစ်မ!"
ချိုးယွဲ့က
ကမ်းပေါ်မှာ ရပ်နေပြီး ရေထဲတွင် စူးချင်း ပျောက်သွားသည်ကို စိုက်ကြည့်လိုက်သည်။
လှိုင်းလုံးများသာ ကျန်တော့ပြီး စူးချင်းကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။ ချိုးယွဲ့က
သူမ၏လက်သီးများကို ဆုပ်ထားပြီး ယခု သူမ မည်သည့်အရာကို ခံစားနေရမှန်း မသိသော်လည်း စူးချင်းကို
ပြန်ပေါ်မလာစေချင်တော့ပေ။
ဒီလိုတွေးမိတာက အရမ်းရက်စက်တယ်
ဆိုပေမယ့် ဒီရက်အနည်းငယ်အတွင်းမှာ စူးချင်းက အစ်ကိုရွှေရှန့်နဲ့ အရမ်းရင်းနှီးလာခဲ့တယ်။
ရွာက လူတွေကတောင် စူးချင်းကို သူကောင်းလို့ ထင်မှတ်နေကြပြီး စူးချင်းက သူမကို နည်းအမျိုးမျိုးနဲ့
ဖိနှိမ်ထားခဲ့တယ်။ အရင်တုန်းက တစ်ရွာလုံးက သူမကို မိန်းကလေးကောင်းတစ်ယောက်လို့
ချီးမွမ်းခဲ့ကြပေမယ့် အခုချိန်မှာတော့ သူမက စူးချင်းလောက် မတော်ဘူးလို့ လူအများက
ယူဆနေကြပြီ။
အခြားအမျိုးသမီးများ
အားလုံးကလည်း စိုးရွံ့နေကြပြီး စူးချင်း၏နာမည်ကို တညီတညွတ်တည်း အော်ခေါ်နေကြသည်။
ကျိရှောင်ယင်က
ရေနက်ထဲသို့ ရောက်သွားပြီး ရေနစ်သွားတော့သည်။
"ရှောင်ယင်! ရှောင်ယင်!"
ကျိရှောင်ယင် ရေနစ်သွားသည်ကို
မြင်သည်နှင့် ချိုးယွဲ့က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ "ဘယ်သူ ရေကူးတက်လဲ?
မြန်မြန်သွားပြီး ရှောင်ယင်ကို ကယ်ပေးပါဦး"
ကျန်းယွိရန်က ရေအနည်းငယ်ကူးတက်သည်။
သူမက စူးချင်း ရေနစ်သွားသည်မဟုတ်ဘဲ
ရေငုပ်သွားသည်ဟုသာ တွေးနေသော်လည်း ရေက ထင်သည်ထက် ပိုနက်နေပုံရသည်။
စူးချင်းက ရေထဲတွင်
အလွန်ကျွမ်းကျင်ပုံရပြီး သူမက ရေကူးသမားကောင်းတစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားနေသောကြောင့်
သူမက စူးချင်းကို ကယ်တင်ရန် အလျင်စလို မလုပ်ခဲ့ပေ။
ကျိရှောင်ယင်
ရေထဲသို့ ပြုတ်ကျသွားသည်ကို မြင်လိုက်သည်နှင့် သူမက ကျိရှောင်ယင်ကို ချက်ချင်း
ကယ်တင်ရန် ကြိုးစားလိုက်သည်။ ကျန်းယွိရန်က ကျိရှောင်ယင်အနားသို့ မရောက်ခင်မှာပင်
လှိုင်းလုံးများ တက်လာပြီး စူးချင်းက ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်လာသည်ကို
တွေ့လိုက်ရသည်။ သူမ၏လက်ထဲတွင် ငါးနက်ကြီးတစ်ကောင်ကို ကိုင်ထားခဲ့သော်လည်း ကျိရှောင်ယင်
ရေနစ်သွားသည်ကို မြင်လိုက်သောအခါတွင် သူမက ငါးကို ရေထဲသို့ ပြန်ပစ်ချလိုက်သည်။
စူးချင်းက ကျိရှောင်ယင်ကို
အမြန်ကယ်တင်လိုက်ပြီး ကျိရှောင်ယင်က ရေမွန်းသွားသောကြောင့် ကမ်းပေါ်၌ လဲလျောင်းရင်း အပြင်းအထန်
ချောင်းဆိုးနေခဲ့သည်။
ချိုးယွဲ့က ကျိရှောင်ယင်ဆီသို့
အလျင်အမြန် ပြေးလာပြီး သူမ၏ နောက်ကျောကို ပုတ်ပေးနေရင်း စူးချင်းကို ကြည့်ကာ အပြစ်တင် လိုက်သည်။
"ဒါတွေအားလုံးက
နင့် ကြောင့်ပဲ၊ ရှောင်ယင်က ရေနစ်လုနီးပါးဖြစ်သွားရတယ်"
စူးချင်းက သူမကို ဂရုစိုက်ရန်
အချိန်မရှိသေးပေ။ သူမက ကျိရှောင်ယင်၏ အခြေအနေကို ဦးစွာစစ်ဆေးနေပြီး ကျိရှောင်ယင်က ရေအနည်းငယ်သာ
မွန်းသွားကြောင်း သိလိုက်ရသည့်အတွက် သူမ စိတ်သက်သာရာရသွားတော့သည်။
စူးချင်းက
ဘာမှပြန်မပြောတာကို ချိုးယွဲ့က မြင်လိုက်ပြီး စူးချင်းကို သင်ခန်းစာတစ်ခုပေးရန် ထိုအခွင့်အရေးကို
ဆုပ်ကိုင်လိုက်သည်။ စူးချင်းက သူမကို ပြန်မပြောရဲဘူးဟု ထင်လိုက်သောကြောင့် သူမက စူးချင်းကို
ပြစ်တင်ရှုံ့ချတော့သည်။
“နင်က ရေကူးတတ်ပုံရတယ်။
နင် ပျော်ဖို့အတွက်နဲ့ ရှောင်ယင် ဒုက္ခရောက်အောင်လုပ်ရလား? နင့်က နင့်ကိုယ့်နင် ဖြောင့်မတ်တယ်
ဆိုပြီး မောက်မာနေတယ်၊ တကယ်တော့ နင်က ရိုင်းစိုင်းတဲ့ နတ်ဆိုးတစ်ကောင်ပဲ။ ရှောင်ယင်တစ်ခုခု
ဖြစ်သွားခဲ့ရင် နင် သူ့(မ)ကို ဘယ်လို အလျော်ပေးမှာလဲ?”
တခြားအမျိုးသမီးများက
စူးချင်းကို ပြစ်တင်ရှုတ်ချနေသော ချိုးယွဲ့ကို ကြည့်နေကြပြီး အချင်းချင်း
ထိတ်လန့်တကြား ပြန်ကြည့်နေကြသည်။
ထောင်ဟွားဝူမှာနေတုန်းက
ချိုးယွဲ့က ဒီလို ရန်မလိုတက်ဘူးလေ။ အခု ထွက်လာကြပြီးမှ ဘာလို့ ခြားနားတဲ့ လူတစ်ယောက်
ဖြစ်သွားရတာလဲ?
စူးချင်းက
အေးစက်သော မျက်နှာဖြင့် မတ်တပ်ထရပ်လိုက်သောကြောင့် ချိုးယွဲ့တစ်ယောက် သူမ၏ဦးရေပြားများ
ထုံကျင်သွားသလို ခံစားလိုက်ရပြီး သူမ၏ပါးစပ်ကို အမြန်ပိတ်လိုက်သော်လည်း အချိန်နှောင်းသွားပြီ
ဖြစ်သည်။ စူးချင်းက ဘာမှ ပြေမနေဘဲ သူမရှေ့သို့
လျှောက်သွားကာ သူမလက်ကို မြှောက်လိုက်ပြီး ချိုးယွဲ့၏ပါးကို ဘယ်ပြန်ညာပြန်
ရိုက်ချလိုက်သည်။
ချိုးယွဲ့က အံ့အားသင့်သွားပြီး
သူမ၏မျက်နှာကို အုပ်ကိုင်ကာ စူးချင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
"နင်က ငါ့ကို ရိုက်တယ်ပေါ့၊ နင်က ငါ့ကို တကယ်ရိုက်ရဲတယ်လား?"
မိန်းကလေးများအားလုံး
ကြောက်လန့်တကြား ဖြစ်နေကကြပြီး ငြိမ်သက်စွာ
ရပ်ကြည့်နေကြသည်။ စူးချင်းက ချိုးယွဲ့၏ဆံပင်ကို လှမ်းဆွဲကာ သူမကို ရေကန်ထဲသို့
ကြမ်းတမ်းစွာ ပစ်ချလိုက်သည်။
"မင်း ငါ့ကို ထပ်ပြီး နှောင့်ယှက်ရင် မင်းကို သတ်ပစ်မယ်လို့ ငါ ပြောထားတယ်
မဟုတ်ဘူးလား?"
အေးစက်သောအသံက အေးစက်သောလေပြင်းနှင့်
တူနေပြီး ချိုးယွဲ့က ရေထဲသို့ ပြုတ်ကျသွားကာ ယက်ကန်ယက်ကန်ဖြင့် အပြင်းအထန် ရုန်းကန်ပြီးနောက် ရေထဲသို့ နစ်မြုပ်သွားခဲ့သည်။
အရာအားလုံးက မြန်ဆန်လွန်းပြီး
အားလုံးက စူးချင်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။ စူးချင်းက ရေထဲမှ ချိုးယွဲ့၏ရုန်းကန်မှုကို
ကြည့်ရင်း ဘာအမူအရာမှ မရှိဘဲ ရုပ်တုကြီးလို ရပ်နေခဲ့သည်။ သူမက ချိုးယွဲ့ကို ကယ်တင်မည့်ပုံမရပေ။
"ကယ်ကြပါ! ငါ့ကို ကယ်ကြပါ!"
ချိုးယွဲ့က
အကူအညီတောင်းရန် အော်ဟစ်နေပြီး သူမ တစ်ခါအော်လိုက်တိုင်း ရေတစ်ငုံသောက်နေရသည်။ သူမ
အလွန် ရေမွန်းနေပြီး သူမ၏အဆုတ်က မီးလောင်သလို ပူလောင်လာသည်။ သေခြင်းတရားကို
ကြောက်ရွံ့စိတ်က သူမကို ဖုံးလွှမ်းသွားပြီး သူမ၏ခန္ဓာကိုယ်မှ ခွန်အားများက
တဖြည်းဖြည်း ဆုံးရှုံးလာတော့သည်။
✍️✍️✍️