အခန်း ၄၄ သူ့(မ)ကို
ရေထဲ ပစ်ချသင့်လား?
လီရွှမ်းအာ၏စကားကြောင့်
လူတိုင်း ထိတ်လန့်သွားကြပြီး ချိုးယွဲ့ကို လှည့်ပတ်ရှာဖွေလိုက်ကြသည်။ စူးချင်းကသာ
ငါးများကို အေးအေးဆေးဆေး ကောက်ယူနေသော တစ်ဦးတည်းသောသူ ဖြစ်သည်။
ကျိရှောင်ယင်က စောစောက
လူတိုင်း ရေကန်ဘေးတွင် ရပ်နေကြပြီး ချိုးယွဲ့ ရေထဲသို့ ပြုတ်ကျသွားသည်ကို မတွေ့မိကြောင်း
ပြန်တွေးမိသွားသည်။
သူမက လူတိုင်းကို
လှမ်းအော်ပြောလိုက်သည်။ “အစ်မချိုးယွဲ့က ရေထဲကို မပြုတ်ကျတာတော့ သေချာတယ်။ သူ(မ)
ပြန်သွားတာ ဖြစ်နိုင်တယ်"
"အမ်၊ သူ(မ)က ပြန်သွားပြီး ငါတို့ကို သွားတိုင်ပြောနေတာလား?"
လီရွှမ်းအာက စူးချင်းကို
စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ စူးချင်းက ချိုးယွဲ့ကို သတ်ဖို့ ကြိုးစားခဲ့တာဆိုတော့
ချိုးမိသားစုက ဒါကို ခွင့်လွှတ်နိုင်ပါ့မလား?
ရွာလူကြီးချိုးက ရွာမှာ
လူတွေ အရမ်းလေးစားရတဲ့သူလေ။ သူက အစ်မစူးချင်းကို သူတို့နောက်ကို ဆက်လိုက်ဖို့
ခွင့်မပြုတော့ရင် အစ်မစူးချင်းက ထောင်ဟွားဝူ အဖွဲ့ကနေ
ထွက်သွားရတောာ့မယ်။
“ပြန်ကြရအောင်”
လီရွှမ်းအာ၏စကားကို
ကြားပြီးနောက် ကျိရှောင်ယင်လည်း စိတ်ပူလာသည်။ အဖိုးချိုးက အစ်မစူးချင်းကို
နှင်ထုတ်မှာကို ငါ ကြောက်တယ်။ ငါ ပြန်ရောက်ရင် အဖိုးချိုး အသနားခံပြီး အစ်မကို
ကူညီပေးရမယ်။
သူမတို့အားလုံး တောင်ပေါ်မှ
အမြန် ပြန်ဆင်းကြလာပြီး သူမတို့ ပြန်ရောက်ချိန်တွင်
ချိုးယွဲ့၏ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ကြရသည်။ “စူးချင်က ကျွန်မကို
သတ်ချင်နေတာ။ သူ(မ)က ကျွန်မကို သတ်ချင်နေတာလို့! သူက ကျွန်မတို့ရဲ့မိသားစုဝင်
မို့လို့လား? ဘာလို့ အားလုံးက သူ့ဘက်ကနေ ရပ်တည်နေတာလဲ?"
မိန်းခလေးများက စူးချင်းကို
စိုးရိမ်တကြီး ကြည့်နေကြပြီး သူမတို့အားလုံးက သူမအတွက် စိတ်ပူနေကြသည်။
စူးချင်းက
အမူအရာမဲ့နေသော မျက်နှာဖြင့် အဖွဲ့ဆီသို့ ပြန်သွားခဲ့ပြီး ချိုးယုံခန်းက သူမကို ရှုပ်ထွေးနေသောအကြည့်များဖြင့်
ကြည့်နေသည်ကို သူမ မြင်လိုက်ရသည်။ ဤအကြိမ်အနည်းငယ်တွင် ဖြစ်ပျက်ခဲ့သည့်အရာများကို
အခြေခံတွေးတောလျှင် သူ့၏ညီမက စူးချင်းကို စိတ်ဆိုးစေရန် တစ်ခုခုပြောခဲ့ကြောင်း သူ
နားလည်သည်။ ထို့ကြောင့် စူးချင်းက သူ့ညီမကို သင်ခန်းစာတစ်ခု
သင်ပေးခဲ့ခြင်း ဖြစ်နိုင်သည်။
ဒါပေမယ့် ဒီသင်ခန်းစာက
နည်းနည်းတော့ ကြမ်းတမ်းမဟုတ်လား?
စူးချင်းက သူမကျောပေါ်မှ
ခြင်းတောင်းကို မြေပြင်ပေါ်သို့ ချလိုက်သည်။ စူးချင်းကို မြင်သောအခါ ချိုးယွဲ့က
သရဲတစ္ဆေမြင်လိုက်ရသလိုမျိုး ကြောက်ရွံ့ထိတ်လန့်သွားပြီး သူမ၏အဘိုးနောက်သို့
အလျင်အမြန် ဝင်ပုန်းတော့သည်။
ရွာလူကြီးချိုးက
သက်ပြင်းချလိုက်ပြီး စူးချင်းကို လှမ်းကြည့်ကာ "မိန်းခလေးချိုး၊ ချိုးယွဲ့က
မင်းကို ထပ်ပြီး စော်ကားမိခဲ့ရင် ငါ့မျက်နှာကို ထောက်ထားပြီး သူ(မ)အသက်ကို သနားပေးနိုင်မလား?"
စူးချင်းက ရွာလူကြီးချိုးကို
ပြန်ကြည့်လိုက်ပြီး သူ့၏မျက်လုံးများတွင် သူမကို အပြစ်တင်နေသည့် အရိပ်အယောင်များ
မရှိဘဲ သူ့၏မြေးမလေးကို အလွန်ချစ်မြတ်နိုးပြီး သူမ၏ဘဝအတွက် အသနားခံပေးနေသော အဘိုးကြီးတစ်ယောက်၏မျက်နှာသာ
ဖြစ်သည်။
“ရပါတယ်”
စူးချင်းက သဘောတူလိုက်သည်။
ချိုးယွဲ့က သူမကို ထပ်မနှောင့်ယှက်သရွေ့တော့
သူမမှာ ချိုးယွဲ့ကို သတ်ပစ်စရာ အကြောင်းမရှိပါဘူး။
အဒေါ်ချိုး၏
မျက်လုံးများတွင်လည်း မျက်ရည်များ ပြည့်နေပြီး ယောက္ခမဖြစ်သူက ချိုးယွဲ့၏အသက်ကို
ကယ်တင်ပေးရန် တောင်းပန်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ ဘာမှ ဝင်ပြန်မပြောပေ။
စူးချင်းက ချိုးယွဲ့ကို
တကယ် သတ်ချင်ရင် သူတို့မိသားစုတစ်ခုလုံးတောင်မှ သူမကို တားနိုင်မှာမဟုတ်ဘူးဆိုတာ
သူမ သိပါတယ်။
အဒေါ်လီနှင့်
အခြားသူများက ဟင်းသီးဟင်းရွက်မုန့်ပေါင်းတစ်အိုးကို ပေါင်းထားပြီး ဒုတိယအိုးအတွက်
ရေနွေးတည်တော့မည်ကို စူးချင်းက လှမ်းမြင်လိုက်သည်။ အိုးထဲသို့ ဘာမှ မထည့်ရသေးသည့်အတွက်
ငါးပြုတ်ဖို့ လုံလောက်နေသည်။ ထိုသို့ဆိုလျှင် ဟင်းတစ်အိုးနှင့် ဟင်းသီးဟင်းရွက်မုန်းပေါင်းများ
ပြင်ဆင်နိုင်ပေမည်။
စူးချင်းက သူမ၏အင်္ကျီလက်ကို
လှန်လိုက်ပြီး ငါးဟင်းချက်ရန် ပြင်ဆင်လိုက်သည်။ သူမ ငါးများစွာ ဖမ်းမိလာသည်ကို
မြင်လိုက်ချိန်တွင် လူတိုင်းက အံ့ဩသွားကြပြီး သူတို့က စူးချင်းကို ကြောက်ရွံ့သည့်အပြင်
နှလုံးသားထဲမှလည်း လေးစားနေကြသည်။
သူမက အိုးကြီးနှစ်လုံးတွင်
ငါးအကောင် ငါးဆယ်၊ခြောက်ဆယ်ကို ထည့်ပြုတ်လိုက်ပြီး အပေါ်မှ ဟင်းသီးဟင်းရွက်မုန့်ပေါင်းကို
ပေါင်းထားလိုက်သည်။ ထိုအတောအတွင်းတွင် စူးချင်းက သူမ၏ ဟင်းချက်ခြင်းစွမ်းရည်
တိုးတက်လာသည်ကို မြင်လိုက်ရပြီး တိုးတင်မှုက အလွန်အကျွံ မမြန်သော်လည်း သူမကို
ကျေနပ်စေခဲ့သည်။
ထမင်းတစ်နပ်စာ ချက်ပြုတ်ရုံနဲ့
အဆင့်တစ်ဆင့် တိုးတက်လာဖို့တော့ သူမ မမျှော်လင့်ပါဘူး။
ဆား မရှိသောကြောင့်
ငါးညှီနံ့ကို ဖယ်ရှားရန်အတွက် စူးချင်းက ဂျင်းရိုင်း၊ ငရုတ်ကောင်းနှင့် ငါးပုတ်သင်အပင်အချို့ကို
ပေါင်းထည့်နိုင်တော့သည်။ ငါးနက်၏အသားက နူးညံ့ပြီး အရသာရှိသောကြောင့် ဆားမရှိသော်လည်း
သိပ်မဆိုးပေ။ လူတိုင်းက ဗိုက်ပြည့်အောင် စားနိုင်ပေလိမ့်မည်။
ငါးပြုတ်ပြီးချိန်တွင်
ကျိရွှေရှန့်က တောင်ပေါ်မှ ပြန်ရောက်လာပြီး သူ့နောက်ကျောပေါ်မှ တောင်းထဲတွင်
ဆေးဖက်ဝင်အပင်များ ပြည့်နှက်နေသည်။ သူက ငါးစွပ်ပြုတ်၏အနံ့ကို ရသွားပြီး လီတာ့နျိုကို
မေးမြန်းလိုက်သည်။
"မင်းတို့ ငါးဖမ်းခဲ့တာလား?"
"မဟုတ်ဘူး၊ စူးချင်းနဲ့ တခြားသူတွေ ဖမ်းလာတာ"
ကျိရွှေရှန့်က စူးချင်းကို
တအံ့တသြ လှမ်းကြည့်လိုက်သည်။ ဒီလို ငါးတွေအများကြီး ဖမ်းဖို့က ပိုက်ကွန်တစ်ခု လိုတယ်လေ။
သူမ အရာအားလုံးကို အမှန်တကယ် သိနေခဲ့တာလား?
"ရှောင်ယင်၊ ဒီမှာ မင်းရဲ့အစ်မစူးချင်းအတွက် ဆေးရည်ကျိုပေးလိုက်"
ကျိရွှေရှန့်က သူ့ခြင်းတောင်းကို
ချလိုက်ပြီး ဆေးပင်များကို ထုတ်ယူလိုက်ပြီး ဆေးများကို ထုတ်ပေးလိုက်သည်။ ချိန်တွယ်စရာ
မရှိသောကြောင့် သူက အကြမ်းဖျင်း မှန်းဆကာ ဆေးပမာဏကို သတ်မှတ်ခဲ့ခြင်းပင်။ ဤဆေးကို
အတွင်းအင်္ဂါများ ကောင်းမွန်စွာ အလုပ်လုပ်စေရန်၊ ချီနှင့် သွေးတို့ကို ထိန်းညှိပေးရန်
အသုံးပြုနိုင်သည်။ လင်ဇီးကို ရှာမတွေ့မီတွင် စူးချင်း၏ အသက်ကို ထိန်းထားရန်
ဤဆေးကိုသာ အသုံးပြုနိုင်တော့သည်။
သူက သူမကို မယုံမကြည်နဲ့
လင်ဇီးကို ရှာဖို့ တောင်တွေဆီ သွားခဲ့သေးတယ်။ စူးချင်း ပြောခဲ့သလိုပဲ တောင်တွေက
ဝိညာဉ်စွမ်းအင် မရှိဘူးထင်တယ်၊ ဘာလင်ဇီးမှ မတွေ့ခဲ့ရဘူး။
ကျိရွှေရှန့် ပြန်ရောက်လာသည်ကို
မြင်လိုက်ချိန်တွင် ချိုးယွဲ့က ဝမ်းနည်းမျက်ရည်ကျလာပြန်သည်။ သူမက ကျိရွှေရှန့်ဆီသို့
သွားပြီး တိုင်တန်းချင်နေသော်လည်း သူမ ကျိရွှေရှန့်၏အနားကို သွားရန် စူးချင်းကို ဖြတ်ကျော်သွားရမည်ဖြစ်သောကြောင့်
သူမ စူးချင်းရှေ့မှ မဖြတ်သွားရဲပေ။
ညစာစားပြီးနောက်
လူတိုင်းက သစ်ပင်များကို မှီကာ အနားယူနေကြသည်။ သူတို့က အလွန်မောပန်းနေပြီး
ထိုနေရာတွင် ထိုင်ရင်း အိပ်ပျော်သွားကြသည်။
ကျိရှောင်ယင်က
ဆေးကို စူးချင်းထံသို့ ယူဆောင်လာပြီး "အစ်မ၊ ဒီဆေးကို သောက်လိုက်ပါဦး"
ဆေးပန်းကန်လုံးက ပူလောင်နေပြီး
ကျိရှောင်ယင်ကလည်း အပူဒဏ်ကြောင့် ညည်းတွားနေလေသည်။ စူးချင်းက ဆေးပန်းကန်ကို အမြန်လှမ်းယူလိုက်ပြီး
အနက်ရောင်ဆေးပြုတ်ရည်ကို ကြည့်လိုက်သည်။ ထို့နောက် သူမက သူမ၏ခေါင်းကို မော့ပြီး ကျိရွှေရှန့်ကို
တစ်ချက်ကြည့်လိုက်ပြန်သည်။ သူက သူမကို စိုးရိမ်တကြီး ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့်
စူးချင်းက ကျိရွှေရှန့်ကို ကျေးဇူးတင်ကြောင်း အမူအရာဖြင့် ဖော်ပြလိုက်ပြီး ဆေးကို သောက်လိုက်သည်။
စူးချင်း ဆေးသောက်လိုက်သည်ကို
မြင်သောအခါ ကျိရွှေရှန့၏ပါးစပ်ထောင့်များ ကော့တက်သွားသည်။ သူက အိပ်ရေးဝဝအိပ်ရန်
သစ်ပင်အောက်သို့ လျှောက်လာနေရင်း စိတ်အခြေအနေ ကောင်းနေခဲ့သည်။ မကြာခင် ခရီးရှည်ကြီးကို
ဆက်လျှောက်ရမည် ဖြစ်သောကြောင့် သူ အနားယူရန် လိုအပ်နေသေးသည်။
နောက်ဆုံးတွင်
ချိုးယွဲ့က အခွင့်အရေးတစ်ခုကို တွေ့ရှိသွားပြီး ကျိရွှေရှန့်ဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
သူမက ရေမွန်းခဲ့သောကြောင့် မရပ်မနား ချောင်းဆိုးနေခဲ့သည်။ သူမက
သူမ၏ချောင်းဆိုးသံကို စူးချင်း ကြားသွားမည်ကို စိုးရိမ်နေပြီး သူမ၏ပါးစပ်ကို သူမလက်ဖြင့်
ပြန်အုပ်ထားပြီး ချောင်းဆိုးခြင်းကြောင့် သူမ၏မျက်နှာက နီရဲလာသည်။
ကျိရွှေရှန့်က ချိုးယွဲ့
လမ်းလျှောက်လာနေသည်ကို တွေ့မြင်နေပြီး သူမ၏မျက်နှာက နီရဲနေကာ ချောင်းဆိုးနေသောကြောင့်
သူမ အဖျားရှိနေသည်ဟုသာ သူ တွေးလိုက်သည်။ သူက နောက်သို့လှည့်ပြီး ကျိရှောင်ယင်ကို ညွှန်ကြားလိုက်သည်။
"ရှောင်ယင်၊ ချိုးယွဲ့အတွက် အဖျားပျောက်ဆေးတစ်ခွက်လောက်
ထပ်ကျိုပေးလိုက်"
"အစ်ကိုရွှေရှန့်"
ကျိရွှေရှန့်က
သူမကို ဂရုစိုက်နေသေးသောကြောင့် ချိုးယွဲ့က မျက်ရည်များ ကျလာပြီး သူမ၏ဗိုက်ထဲမှ နာကျည်းမှုအားလုံးက ချက်ခြင်းဆိုသလို
ပြေပျောက်သွားခဲ့သည်။ ကျိရွှေရှန့်က သူမကို နှစ်သိမ့်ပေးလျှင် စူးချင်းက သူမကို သတ်ချင်နေကြောင်း
ပြောပြရန် အခွင့်အရေး ရတော့မည်ဟု သူမ တွေးနေခဲ့သည်။
သို့သော် ချိုးယွဲ့
ငိုယိုပြီး သူဆီ လှမ်းလာသည်ကို မြင်သည်နှင့် ကျိရွှေရှန့်က လူထူသောနေရာဆီသို့ အလျင်အမြန်
လျှောက်သွားတော့သည်။
ချိုးယွဲ့က ကျိရွှေရှန့်၏ကျောပြင်ကို
စိုက်ကြည့်ကာ ပို၍ ဝမ်းနည်းလာပြီး ငိုကြွေးနေပြန်သည်။
ကျိရှောင်ယင်က ချိုးယွဲ့ငိုနေသည်ကို
မြင်လိုက်ပြီး မျက်ရည်သုတ်ရန် သူမ၏လက်ကိုင်ပုဝါကို ထုတ်ပေးလိုက်သည်။
သူမအစ်ကိုကြီး အမဲလိုက်ထွက်ပြီး
မြို့ထဲမှာ သားကောင် ရောင်းရတုန်းက သူမအတွက် ဒီလက်ကိုင်ပုဝါကို ဝယ်ပေးခဲ့တာပါ။ ကျိရှောင်ယင်က
ဒါလေးကို ရတနာတစ်ခုလို သဘောထားပြီး အရမ်းမြတ်နိုးခဲ့တယ်။ ချိုးယွဲ့က မျက်ရည်တွေ
သုတ်ဖို့ သူမရဲ့လက်ကိုင်ပုဝါလေးကို သုံးနေတာကို မြင်နေရတာက သူမရဲ့နှလုံးသားလေးကို
နာကျင်စေတယ်။
"မင်းတို့အားလုံးက စူးချင်းရဲ့လှည့်စားခြင်းကို ခံလိုက်ရပြီ။ သူ(မ)က ငါ့ကို
သတ်ချင်နေတာတောင် ဘယ်သူမှ ငါ့အတွက် မပြောပေးကြဘူး”
ချိုးယွဲ့က
သူမ၏ရင်ထဲတွင် နာကျည်းမှုများ ပြည့်နှက်နေပြီး ပြောစရာ နေရာ မရှိသောကြောင့် ကျိရှောင်ယင်ကိုသာ
အော်ဟစ်ပြောဆိုနေတော့သည်။
"အစ်မချိုးယွဲ့၊ အစ်မစူးချင်းရဲ့ဒေါသက နည်းနည်းတော့ ဆိုးတယ်၊ ဒါပေမယ့်
အဲ့တာက အစ်မက အစ်မစူးချင်းကို အမြဲတမ်း ဆန့်ကျင်နေလို့ပဲ။ အနာဂတ်မှာ အစ်မက
အစ်မစူးချင်းကို မနှောင့်ယှက်သရွေ့ သူ(မ)က အစ်မကို ဘာမှ လုပ်မှာ မဟုတ်ဘူး"
ကျိရှောင်ယင်ကလည်း
သူမကို ချော့မော့ရန် မကြိုးစားသောကြောင့် ချိုးယွဲ့က ပို၍ပင် ဒေါသထွက်လာတော့သည်။
သူမက ထိတ်လန့်တကြားဖြင့်
ကျိရှောင်ယင်ကို "ငါက မင်းအတွက် လုပ်ခဲ့တာလေ။ ငါက မင်း အတွက် မရပ်တည်ခဲ့ရင် သူ(မ)က
ဘာလို့ ငါ့ကို ရေထဲ ပစ်ချမှာလဲ?
ကျိရှောင်ယင်၏မျက်နှာတွင်
ခါးသီးသော အမူအရာများ ပေါ်လာသည်။
ဒီလို
ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘာတွေဖြစ်ခဲ့လဲ? ဒါပေမယ့် တစ်ခုခု မမှန်ဘူးလို့ ငါ ဘာလို့
ခံစားနေရတာလဲ?
အစ်မချိုးယွဲ့က
အစ်မစူးချင်းကို အပြစ်တင်ပြီး တစ်ခုခု သင်ကြားပေးရန် ကြိုးစားသောကြောင့် ရေထဲသို့ ပစ်ချခံလိုက်ရပုံပေါ်ပြီး
ထိုအချိန်တွင် သူမ၏မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေကာ သူမ၏စကားများက
ရွဲ့စောင်းသောစကားမျာကို စိတ်အားထက်သန်စွာ ပြောနေသေးသည်။
"ကျွန်မ အစ်မအတွက် ဆေးသွားကျိလိုက်ဦးမယ်"
ကျိရှောင်ယင်က ချိုးယွဲ့ကို
မည်သို့ ချော့မော့ရမည်ကို မသိတော့ပေ။ သူမက သူမ၏လက်ကိုင်ပုဝါကိုပင် ပြန်မလိုချင်တော့ဘဲ
ဆေးကျိုရန် အမြန် ပြန်ပြေးသွားတော့သည်။
ချိုးယွဲ့က တယောက်တည်း
မတ်တပ်ရပ်နေရင်း ငိုနေကာ သူမ၏မျက်လုံးများက နီရဲလာသည်။ အဒေါ်ချိုးက
သက်ပြင်းချပြီး သူ့သမီးကို ပြောလိုက်သည်။ “နောင်မှာ စူးချင်းနဲ့ ဝေးဝေးနေလေ။ သူ(မ)က
နည်းနည်းအေးစက်ပေမယ့် အကြောင်းပြချက်မရှိဘဲ မင်းကို အဲ့လိုလုပ်မှာ မဟုတ်ဘူး”
"အမေက ဘာလို့ ဒီလို ပြောတာလဲ? ကျွန်မက ရေထဲပစ်ချခံရသင့်တာလား?"
ချိုးယွဲ့က သူမ၏အမေကို
ဒေါသတကြီး စိုက်ကြည့်နေပြီး တစ်လောကလုံးဆီမှ စွန့်ပစ်ခံလိုက်ရသလို ခံစားနေရသည်။
အဒေါ်ချိုးက သူမ၏လက်နှစ်ဖက်ကို
ဆုပ်ကိုင်ထားပြီး ဘာမှ ဆက်မပြောနိင်တော့ပေ။ သူမက ချိုးယွဲ့ကို ချော့မော့ရန်
ကြိုးစားလေလေ၊ သူမက ပိုစိတ်ဆိုးလေလေ ဖြစ်နေခဲ့သည်။ သူမမျက်ရည်များက မကုန်နိုင်ပုံရပြီး
အမေဖြစ်သော သူမ၏နှလုံးသားကိုပင် နာကျင်စေခဲ့သည်။
တစ်ရှီးချန်(နှစ်နာရီ)ကြာ
အနားယူပြီးနောက် ကျိရွှေရှန့်က မတ်တပ်ထရပ်ပြီးကာ ကျောဆန့်လိုက်သည်။
ဒီအိပ်စက်မှုက
တကယ်ကို သက်တောင့်သက်သာဖြစ်စေတယ်။
ရွာသားများလည်း
နိုးလာကြသည်ကို မြင်လိုက်ချိန်တွင် ကျိရွှေရှန့်က “အားလုံးပဲ အသင့်ပြင် ထားကြတော့။
ငါတို့ ခရီးဆက်ကြရအောင်"
✍️✍️✍️