အခန်း ၄၅ တိုင်ပင်ခကို
မိန်းကလေးက ဆုံးဖြတ်ပါ
စူးချင်းလည်း အိပ်ပျော်နေရာမှ
သက်တောင့်သက်သာ ပြန်နိုးလာခဲ့သည်။ ကျိရွှေရှန့်၏ဆေးက အလွန်ထိရောက်ပြီး သူမ၏ရင်ဘတ်မှ
တင်းမာမှုက လျော့နေသွားကာ နေရထိုင်ရ ပိုကောင်းလာသည်။
သူမလည်း မတ်တပ်ထရပ်ပြီး
သူမ၏ပစ္စည်းများ ထုပ်ပိုးလိုက်သည်။ လမ်းတစ်လျှောက်တွင် သူမက မြက်ဖိနပ်အရံတစ်ရာကျော်
ရက်လုပ်နိုင်ခဲ့ပြီး ထိုဖိနပ်များအား ရွာသားများအတွက် ဝေငှပေးလိုက်သည်။
ကုသိုလ်ကောင်းမှုနှင့်
ရက်လုပ်မှုကျွမ်းကျင်မှုက အများကြီး တိုးတက်လာသည်။ သူမ ငါးဖမ်းပိုက်ကို ရက်လုပ်စဥ်က
တိုးတက်မှုက အဆင့်တစ်ဆင့် ပြည့်လုနီးပါး ချက်ချင်း ထိုးတက်လာခဲ့သည်။ တိုးတက်မှု
အရှိန်ကို မြန်မြန် မြှင့်တက်ချင်လျှင် ကောက်ရိုးခြေနင်းများ ရက်လုပ်နေရုံဖြင့် မလုံလောက်ကြောင်း
စူးချင်း နားလည်လာသည်။ အသစ်သောအရာများကို ရက်လုပ်ခြင်းက သူမ၏ယက်လုပ်မှု
ကျွမ်းကျင်မှုကို ပိုမိုမြန်ဆန်စွာ တိုးတက်နိုင်စေသည်။
စူးချင်း၏မျက်လုံးများက
ဘေးနားမှ မိုးမခပင်ပေါ်သို့ ကျရောက်သွားပြီး သူမ၏မျက်ဝန်းများက တောက်ပလာသည်။ သူမက
မိုးမခခြင်းတောင်းကို ရက်လုပ်နိုင်ပြီး ပုံစံအသစ်များ ပြုလုပ်နိုင်သည်။ ထိုအရာများကို
ကျင့်ချမ်တွင်ပင် ရောင်းချနိုင်လိမ့်မည်။
စူးချင်းက သူမ၏
အတွေးများကို ချက်ချင်း အကောင်အထည်ဖော်လိုက်သည်။ သူမက လှည်းပေါ်မှ
တံစဉ်တစ်ချောင်းကို ရှာဖွေကာ မိုးမခပင်၏အကိုင်းအခက်တချို့ကို ခုတ်ဖြတ်ကာ လှည်းပေါ်
တင်ထားလိုက်သည်။
ထိုအပြုအမူက ကျိရွှေရှန့်၏ပါးစပ်ထောင့်ကို
တုန်ခါသွားစေပြန်သည်။
အခု သူမ ဘာလုပ်ဖို့
ကြိုးစားနေပြန်တာလဲ? သူမက သူမနဲ့အတူ မိုးမခပင်ရဲ့အကိုင်းအခက်တွေကိုတောင် သယ်သွားချင်နေတာလား?
သို့သော် သူက ဘာမှ
မမေးတော့ပေ။ ဘာပဲဖြစ်ဖြစ် သူမမှာ သူမ လုပ်ချင်တာမှန်သမျှ လုပ်ဖို့ အခွင့်အရေးရှိတယ်လေ။
အဖွဲ့က တောင်ပေါ်မှ
ပြန်ထွက်လာကြခဲ့ပြီး ဝလင်စွာ စားသောက်ခဲ့ရသည့်အတွက် လူတိုင်း အားအင်များ ပြန်ပြည့်နေကြသည်။
သူတို့အားလုံးက စူးချင်း ရက်လုပ်ထားသော မြက်ဖိနပ်များကို ဝတ်ဆင်ထားကြသည်။ သူတို့ အိမ်မှ
ယူဆောင်လာသော ဖိနပ်များက ခြေဖဝါးများ ပေါ်အောင် ပေါက်ထွက်လုနီးပါး
ဟောင်းနွမ်းနေခဲ့ပြီ ဖြစ်သည်။ ဤအရာတစ်ခုတည်းသော အကြောင်းကပင် လူတိုင်းအတွက် စူးချင်း၏ကြင်နာမှုကို
အမြဲသတိရနေစေသည်။
စူးချင်းက သူမ
လမ်းလျှောက်နေရင်း မိုးမခခြင်းတောင်းများ ရက်လုပ်နေသည်။ ရှောင်ချီလေးက သူမ၏သခင် ပုံစံသစ်
ရက်လုပ်လိုကြောင်း သိနေသောကြောင့် ပုံစံအနည်းငယ်ကို ရှာဖွေပေးခဲ့သည်။ ခြင်းတောင်း၏အောက်ခြေ
ပြုလုပ်ပုံနှင့် အပေါ်ပိုင်း ရက်လုပ်ရမည်ပုံစံများကို ရှင်းရှင်းလင်းလင်း
ဖော်ပြထားသည့် ပုံစံများနှင့် မှတ်စုများပင် ရှိနေသေးသည်။ မကြာမီပင် စူးချင်းက
ထိုပုံစံများအတိုင်း ရက်လုပ်ရခြင်းကို စွဲလန်းလာတော့သည်။
လက်မှုပစ္စည်းလုပ်ခြင်းက
သူမ၏စိတ်ကို အေးချမ်းစေနိုင်ကြောင်း သူမ သဘောပေါက်လာခဲ့ပြီး အချောထည်ပစ္စည်းများကို
မြင်ရသည့်အချိန်တွင် ရလာသည့်ပျော်ရွှင်မှုက ငွေနှင့်ဝယ်၍မရနိုင်သောအရာ ဖြစ်သည်။
တောတောင်များဘက်မှ
လမ်းမကြီးဆီသို့ လျှောက်လာမိကြချိန်တွင် ဒုက္ခသည် အရေအတွက်က တဖြည်းဖြည်း တိုးလာပြန်သည်။
ရက်အနည်းငယ်ကြာအောင် အပြေးအလွှားသွားလာပြီးနောက် လူတိုင်း၏မျက်နှာများ၌
ပင်ပန်းနွမ်းနယ်မှုများနှင့် ပြည့်နှက်နေသည်။ သူတို့မျက်လုံးတွေက ရီဝေနေပြီး
ဗလာကျင်းနေကာ ရှေ့ကို တူ့ရှု ကာ လမ်းလျှောက်နေသော စက်ရုပ်များကဲ့သို့
ခံစားချက်မဲ့နေပုံရသည်။
ကျိရွှေရှန့်နှင့်
သူ့၏အဖွဲ့ကို မြင်လိုက်ရချိန်တွင် အခြားဒုက္ခသည်များက မနာလို ဖြစ်နေကြသည်။ အထူးသဖြင့်
ထောင်ဟွားဝူမှ ရွာသားများ၏ခြေထောက်ထဲတွင်ရှိနေသည့် မြက်ဖိနပ်များကို မြင်သောအခါ ခြေဖဝါးများ
စုတ်ပြတ်သတ်နေပြီး ခြေလှမ်းတိုင်း ခြေဖဝါးများ နာကျင်နေရသည့် ဒုက္ခသည်များ၏မျက်လုံးများက
ပြန်တောက်ပလာသည်။
ရဲရင့်သူအချို့က သူတို့ဆီသို့
ရောက်လာကြပြီး ကောက်ရိုးခြေနင်း ပြုလုပ်ပုံကို
မေးမြန်းကြသည်။ အဒေါ်လီနှင့် တခြားသူများက ကြင်နာတက်သူများ ဖြစ်ကြပြီး သူတို့ကို
သင်ပေးလိုက်သည်။
စနစ်၏
ပျော်ရွှင်ဖွယ် ကြေငြာချက်ကို ကြားလိုက်ရချိန်တွင် စူးချင်းက သူမ ရက်နေသည့် မိုးမခခြင်းတောင်းကို
ရက်လုပ်ပြီးသွားချိန် ဖြစ်သည်။
[ဂုဏ်ယူပါတယ်
Host... သင့်ရဲ့ရက်လုပ်မှုက ကျွမ်းကျင်မှုအဆင့် ၃ ကို ရောက်ရှိသွားပါပြီ။
သင့်ရဲ့ဝိညာဉ်စွမ်းအား၊ တိုက်ခိုက်ရေးစွမ်းအား၊ ရုပ်ပိုင်းဆိုင်ရာခွန်အားနဲ့ စစ်နတ်ဘုရားစွမ်းရည်တွေအားလုံးက
အဆင့် ၁၆ ကို ရောက်ရှိသွားပါပြီ]
စူးချင်း၏အမူအရာမှာ
လုံးဝ ပြောင်းလဲခြင်း မရှိသော်လည်း သူမ၏တပည့်များက တခြားတစ်ယောက်ယောက်ကို သင်ကြားပေးလျှင်ပင်
တိုးတက်မှုရှိနေကြောင်း သူမ နားလည်သွားရသည်။
ကျိရွှေရှန့်က လီတာ့နျိုနှင့်
ကျန်းလောင်ချီကို ထိုနေရာများအား တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားရန်
စေလွှတ်လိုက်သည်။ အဆိုပါ ဘေးဒုက္ခသည်များက လက်ရှိအချိန်တွင် ကောက်ရိုးခြေနင်းပြုလုပ်နည်းကို
သင်ယူချင်နေကြသော်လည်း လူများ၏သဘာဝက တစ်လက်မပေးလျှင် တစ်မိုင် လိုချင်သူများ ဖြစ်ကြသည်။
အဒေါ်လီနှင့် တခြားသူများက စကားပြောရ လွယ်ကူသည်ကို သိသွားနှင့် သူတို့က တခြားတောင်းဆိုမှုများကို
ပြုလုပ်နိုင်သည်။
သူ
မျှော်လင့်ထားသည့်အတိုင်း အဒေါ်လီနှင့် တခြားသူများက ထိုဒုက္ခသည်များအား
ကောက်ရိုးခြေညှပ် ပြုလုပ်နည်း သင်ကြားပေးပြီးနောက် သူတို့က အဒေါ်လီတို့နှင့်
ရင်းနှီးလာသည်ဟု ထင်မြင်လာကြကာ ကျိုးကြောင်းဆီလျော်သည်ဟု ထင်ရသည့်
တောင်းဆိုမှုများကို ပြုလုပ်လာကြသည်။
“အိမ်က
ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက ငတ်သေတော့မမယ်။ ကျေးဇူးပြုပြီး စားစရာတစ်ခုခုလောက်
ပေးပါလား?”
အဒေါ်လီက
သူမ၏အူများစိမ်းသွားသည်အထိ နောင်တရသွားတော့သည်။ ကျိရွှေရှန့်က သူမကို ဤဘေးဒုက္ခသည်များနှင့်
မဆက်ဆံရန် ညွှန်ကြားထားပြီးဖြစ်သောကြောင့် သူမ ဤမျှကြင်နာမှုမျိုး မလုပ်ခဲ့သင့်ပေ။
“လမ်းဘေးမှာ
တောရိုင်းဟင်းသီးဟင်းရွက်တွေ ရှိတယ်၊ မြစ်ထဲမှာ ငါးတွေ ရှိတယ်၊ တောင်ပေါ်မှာ
သားကောင်တွေ ရှိတယ်။ စားချင်တာကို သွားရှာစားလို့ရတယ်"
ကျိရွှေရှန့်က
မှုန်ကုပ်နေသော မျက်နှာကြီးဖြင့် လျှောက်လာရင်း ဝင်ပြောလိုက်သည်။ သူ ပေါ်လာသည့်အခိုက်အတန့်တွင်
တခြားဒုက္ခသည်များက သူတို့ကို နှောင့်ယှက်ရဲခြင်း မရှိတော့ပေ။
လူတစ်ရာကျော် အဖွဲ့ကြီးက
ကျင်းချန်ဆီသို့ ဆက်လက်လျှောက်လှမ်းလာခဲ့သည်။ သူတို့ လျှောက်လမ်းနေကြလေလေ ရာသီဥတုက
ပိုပူလေလေ ဖြစ်ကာ နေမင်းကြီးက မီးဖိုကြီးနှင့်တူနေပြီး မြေပြင်ပေါ်ရှိ သတ္တဝါများကိုပင်
ခြောက်သွေ့လုမတက် ဖြစ်နေစေသည်။ ထောင်ဟွားဝူမှ ရွာသူရွာသားများက သူတို့သွားနေသည့်လမ်းပေါ်တွင်
ရေအလုံအလောက် သောက်နိုင်ကြသော်လည်း အခြားဒုက္ခသည်များတွင် သောက်စရာ ရေမရှိပေ။ ရသီဥတုက
ပူလွန်းသောကြောင့် လူအများက ပင်ပန်းနွမ်းနယ်နေကာ ရံဖန်ရံခါတွင် လူအချို့က
အပူဒဏ်ကြောင့် မြေပြင်ပေါ်သို့ လဲကျသွားတက်သည်။
ထောင်ဟွားဝူမှ ရွာသားများက
ထိုလူများ လဲပြိုကျနေသည်ကို မကြည့်ရက်ကြသော်လည်း ယခုအချိန်တွင် သူတို့ ကြင်နာပေး၍ မဖြစ်နိုင်ကြကြောင်းကိုလည်း
သိနေကြသည်။
ဒီဒုက္ခသည်တွေကို
စားနပ်ရိက္ခာနဲ့ ရေတွေ ပေးလိုက်ရင် သူတို့ ငတ်သွားကြလိမ့်မယ်။
မူးမေ့လဲသွားသူများကို
တွေ့သည်နှင့် စူးချင်းက အပူရှပ်သက်သာစေမည့်ဆေးလုံးများ လုပ်ပေးရန် ရှောင်ချီ့ကို တောင်းဆိုလိုက်ပြီး
လူတစ်ချို့ကို ကယ်တင်ရန် သွားခဲ့သေးသည်။
သူမက ဆင်းရဲသားများအတွက်
ဆေးဝါးကို အလကား ပေးဝေခဲ့သော်လည်း ချမ်းသာသောသူများနှင့် ပိုးထည်များ ၀တ်ဆင်ထားသည့်သူများနှင့်
တွေ့လျှင် စျေးကြီးကြီးဖြင့် ရောင်းချခဲ့သည်။ လူများကို ကယ်တင်ပြီးနောက် သူမ၏အိတ်ကပ်ထဲသို့
ငွေသုံးလျန် ရောက်လာခဲ့သည်။
ထို့နောက် စနစ်၏
အသံကိုလည်း ကြားလိုက်ရသည်။
[ဂုဏ်ယူပါတယ်
Host.... သင်ရဲ့[ဆေးပညာစွမ်းရည်]က
အဆင့် ၄ ကို ရောက်ရှိသွားပါပြီ။ သင်ရဲ့တိုက်ခိုက်ရေးစွမ်းအား၊ ရုပ်ပိုင်းဆိုင်ရာ
ခွန်အား၊ ဝိညာဉ်စွမ်းအားနဲ့ စစ်နတ်ဘုရားစွမ်းရည်တွေ အားလုံးက အဆင့် ၁၇ ကို
ရောက်ရှိသွားပါပြီ]
ထိုအသံက စူးချင်း၏
စိတ်များ လန်းဆန်းတက်ကြွစေခဲ့သည်။
သူမ တစ်နေ့တည်းနဲ့
နှစ်ခါတောင် အဆင့်တက်တယ်ပေါ့။ ဒီနှုန်းနဲ့ဆိုရင် သူမရဲ့ အရင်ဘဝက
တိုက်ခိုက်ရေးစွမ်းအားကို အချိန်တိုအတွင်း ပြန်ရတော့မယ်။
စူးချင်း အဖွဲ့ဆီသို့
ပြန်ရောက်လာချိန်တွင် အိမ်ထိန်းကဲ့သို့ ဝတ်ဆင်ထားသည့် လူတစ်ယောက်က သူမကို တားဆီးလိုက်သည်။
“နတ်ဆေးဆရာမလေး၊
ကျေးဇူးပြုပြီး ခဏရပ်ပါဦး။ ငါတို့ သခင်ကြီးက သူ့ကို ကုသပေးဖို့ မိန်းခလေးကို တောင်းဆိုချင်နေပါတယ်။
ငါတို့သခင်ကြီးက ဆွေးနွေးတိုင်ပင်ခကို ပေါပေါသီသီ ပေးနိုင်ပါတယ်”
ထောင်ဟွားဝူကလူတိုင်းက
စူးချင်းကို တညီတညွတ်တည်း လှမ်းကြည့်လိုက်သည်။ သူတို့အဖွဲ့တွင် နတ်ဆေးဆရာမလေးဟု ခေါ်နိုင်သည့်
တစ်ဦးတည်းသောသူမှာ စူးချင်းသာ ဖြစ်သည်။
စူးချင်းကလည်း
ငွေရှာနိုင်ရန် အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။ သူမက အိမ်ထိန်းကို ကျော်ဖြတ်ကာ
သူ့နောက်မှ ရထားလုံးဆီသို့ လှမ်းကြည့်လိုက်သည်။ ရထားလုံး၏ကန့်လန့်ကာများဖြင့်
ဖုံးအုပ်ထားပြီး အတွင်းမှလူကို ပိတ်ဆို့ကာကွယ်ထားသည်။
စူးချင်းက အေးစက်သောလေသံဖြင့်သာ
တုံ့ပြန်လိုက်သည်။ "ဆေးဆရာနဲ့ တွေ့ချင်ရင် ရှင်တို့ရဲ့သခင်ကြီးကို ထွက်လာခိုင်းလိုက်"
အိမ်ထိန်းက စူးချင်းကို
တစ်ချက်ကြည့်လိုက်သည်။ သူမက ငယ်ရွယ်သော်လည်း မာနကြီးသောကြောင့် သခင်ကြီး
စိတ်ဆိုးမည်ကို သူ စိုးရိမ်နေမိသည်။
"လီဝူ၊ ကန့်လန့်ကာကို တင်လိုက်"
ရထားလုံးပေါ်မှ အသံသြဇာ
ပြည့်ဝပြီး အကျင့်သီလနှင့် ပြည့်စုံပုံရသည့် အသံတစ်ခု ထွက်ပေါ်လာသော်လည်း အသံက
သိသိသာသာ အားနည်နေပြီး စိတ်ပျက်အားငယ်နေပုံရသည်။
ရထားလုံး၏ ဘယ်ညာတွင်
ရပ်နေသော အနက်ရောင်ဝတ် လူလေးယောက်တွင် သတ်ဖြတ်ခြင်းရောင်ဝါများ ပြည့်နှက်နေသည်ကိုလည်း
စူးချင်းက သတိပြုမိလိုက်သည်။ သူတို့၏မျက်လုံးများက စူးရှနေပြီး
အလွန်သတိရှိပုံပေါ်ကာ တစ်စုံတစ်ယောက် ချဉ်းကပ်လာတိုင်း ထိုလူများက သူတို့၏သံမဏိဓားများကို
သတိဖြင့် ဆုပ်ကိုင်ထားကြသည်။
ထိုနေရာတွင် စုစုပေါင်း
ရထားလုံး နှစ်စင်း ရှိနေပြီး လူများ စီးနင်းရန် အတွက် တစ်စီးနှင့် ရိက္ခာများသယ်ရန်အတွက်
တစ်စီး ဖြစ်ပုံရသည်။ ရထားလုံးကို အလှဆင်ထားပုံက ခပ်လျှိုလျှိုဖြစ်သော်လည်း
လှည်းပြုလုပ်ရာတွင် အသုံးပြုထားသောသစ်သားက သာမန် မဟုတ်ပေ။ ရထားလုံးပေါ်တွင်
စန္ဒကူးနံ့သာကို ထွန်းညှိထားပြီး ကန့်လန့်ကာနောက်ကွယ်မှ ထိုမွှေးကြိုင်သော ရနံ့က
အပြင်ဘက်သို့ လွင့်ပျံနေခဲ့သည်။
လီဝူဟုခေါ်သော အိမ်ထိန်းက
အနောက်သို့ အမြန်ပြန်လျှောက်သွားပြီး ကန့်လန့်ကာကို ရုတ်သိမ်းလိုက်သည်။ သူက
တစ်စုံတစ်ဦးအား ခြေနင်းခုံ ချပေးရန် အမိန့်ပေးလိုက်ပြီးမှ ဆံပင်ဖြူနှင့်
မုတ်ဆိတ်ဖြူများ ရှိနေသည့် အဘိုးအိုတစ်ယောက် ရထားလုံးပေါ်မှ ဆင်းနိုင်ရန် တလေးတစား
အကူအညီ ပေးနေခဲ့သည်။
အဘိုးအိုက
ရိုးရိုး၀တ်ရုံရှည်ကို ၀တ်ထားသော်လည်း နိမ့်ကျမနေဘဲ ကြီးကျယ်ခမ်းနားသော ရောင်ဝါများ
ရှိနေဆဲပင်။ သူက ချမ်းသာသူ သို့မဟုတ် မြင့်မြတ်သူဟု သတ်မှတ်နိုင်သော တန်ခိုးအာဏာ
ကြီးမားသည့် လူတစ်ယောက် ဖြစ်နိုင်သော်လည်း သူက ပိန်ပိန်ပါးပါး ဖြစ်နေကာ ထိုပိန်ခြင်းမျိုးက
ထွက်ပြေးနေကြသော ဒုက္ခသည်များ၏ပိန်လှီခြင်းနှင့် မတူဘဲ မီးစာတုတ်ချောင်းကဲ့သို့
ပိန်လှီနေသည်။ သူ့၏မျက်နှာက အဝါရောင်ရှိနေပြီး သူ့မျက်လုံးများက အသက်မဲ့နေသောကြောင့်
သူ အပြင်းအထန် မမာမကျန်း ဖြစ်နေကြောင်း သိသာနေသည်။
အဘိုးအိုက စိတ်ခွန်အားကင်းမဲ့နေပုံရကာ
လမ်းလျှောက်ရန်ပင် တစ်စုံတစ်ယောက်၏ အကူအညီကို လိုအပ်နေပုံရသည်။ သူ၏ခါးက အနည်းငယ်
ကိုင်းနေပြီး ကြီးစွာသောနာကျင်မှုကို သည်းခံကာ လမ်းလျှောက်နေရပုံဖြင့် သူ့၏မျက်ခုံးမွှေးများကလည်း
ရှုံ့တွနေသည်။
သူက စူးချင်းရှေ့သို့
လျှောက်လာပြီး သူမကို မော့ကြည့်လိုက်သည်။ လှပသော မျက်နှာနှင့် အေးစက်သော
မျက်လုံးများ ရှိနေသည့် အမျိုးသမီးငယ်လေးတစ်ဦးကို သူ မြင်လိုက်ရပြီး သူမက
ထိုနေရာတွင် မတ်တပ်ရပ်နေကာ သူမ၏မေးစေ့ကို အနည်းငယ် မော့ထားသောကြောင့် သူမထံမှ
သီးသန့်ဆန်မှုကို ခံစားရစေသည်။ သူမက နှိမ့်ချမှု မရှိသလို မောက်မာနေသည်လည်း မဟုတ်ဘဲ
သူမ၏ရောင်ဝါက တောင်ပေါ်မှ မိန်းခလေးတစ်ဦးနှင့် လုံးဝ မတူပေ။ သူမက မြင့်မြတ်သော သမားတော်တစ်ဦး၏
ထည်ဝါသော အရိပ်အယောင်ကို အမှန်တကယ် ပိုင်ဆိုင်ထားသည်။
အဖိုးကြီးက စူးချင်းကို
ကြည့်နေရင်း ပို၍ ယုံကြည်လာခဲ့သည်။ သူက ပြုံးလိုက်ပြီး “လမ်းပေါ်မှာ လာနေရင်း နတ်ဆေးဆရာမလေးရဲ့နာမည်ကို
ကြားခဲ့ရတော့ ဆုံဖို့ ကံကြမ္မာရှိနိုင်မလားလို့ တွေးခဲ့မိတယ်? ခုန မင်း လူတွေကို
ကယ်တင်တာကို တွေ့ပြီးတဲ့နောက်မှာတော့ မင်းက မင်းရဲ့နာမည်ဂုဏ်သတင်းနဲ့ တကယ်
ထိုက်တန်တာကို မြင်လိုက်ရတယ်"
အဘိုးအိုက သူမကို
ချီးမွမ်းနေချိန်မှာပင် စူးချင်း၏မျက်နှာက လုံးဝ ပြောင်းလဲမသွားပေ။ သူမက အမူအရာမဲ့စွာဖြင့်
သူ့ကို ဆက်ကြည့်နေပြီး သူမ၏အသံပင် အေးစက်နေကာ
ခံစားချက် ကင်းမဲ့နေသည်။
"ကျွန်မကို ကြည့်ခိုင်းတာက ဈေးကြီးလိမ့်မယ်"
“အရေးမကြီးပါဘူး၊
မိန်းခလေးက ဒီအဘိုးကြီးရဲ့ရောဂါကို ကုသပေးနိုင်သရွေ့ တိုင်ပင်ခကို မိန်းခလေး
ဆုံးဖြတ်နိုင်ပါတယ်”
အဘိုးကြီးက
စိတ်မဆိုးပေ။ အရည်အချင်းရှိသူတိုင်းတွင် သူတို့၏ကိုယ်ပိုင်လက္ခဏာများ ရှိနေတက်ပြီး
သူကလည်း စျေးကြီးကြီး ပေးရမည်ကို မကြောက်ဘဲ သူ့ရောဂါကို မကုသပေးနိုင်ဟု
ပြောမည်ကိုသာ ကြောက်ရွံ့နေခြင်း ဖြစ်သည်။
“ကောင်းပြီလေ၊
ရှင့်ရဲ့ရောဂါက အရမ်းပြင်းထန်တယ်။ အခုချက်ခြင်း မကုသရင် နောက်လအထိ အသက်ရှင်မှာ မဟုတ်ဘူး။
ကျွန်မ သိပ်မလိုချင်ပါဘူး၊ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ လင်ဇီး ဒါမှမဟုတ် အဲ့တာနဲ့
ညီမျှတဲ့ ငွေပမာဏပဲ”
စူးချင်း စကားပြောလိုက်သည့်
အခိုက်အတန့်တွင် လူတိုင်းက သူမကို အရူးတစ်ယောက်လို ဝိုင်းကြည့်ကြတော့သည်။
နှစ်တစ်ထောင်သက်တမ်းရှိတဲ့
လင်ဇီးတစ်ပင်က ရွှေထောင်ပေါင်းများစွာ တန်ဖိုးရှိတယ်လေ၊ အံ့ဖွယ်သမားတော်တွေတောင်
ဒီလောက်တန်ဖိုးရှိတာကို တောင်းမှာ မဟုတ်ဘူး။
စူးချင်း၏အဆမတန် တောင်းဆိုမှုကို
ကြားသောအခါ အဘိုးအိုက အနည်းငယ် ထိတ်လန့်သွားပုံရပြီး သူ့ဘေးနားရှိ အိမ်ထိန်း၏အမူအရာက
မဲမှောင်လာသည်။
“မိန်းခလေး၊
ငါ့သခင်ကြီးက ဘယ်သူလဲဆိုတာ သိလား?”
✍️✍️✍️