Chapter 41
အိမ်လုပ် အမဲသားလုံးနှင့် ခေါက်ဆွဲ
သူမက တံခွန်ကို အိပ်ခန်းထဲတွင် ချိတ်ထားလိုက်ပြီး ဝတ်စုံလှလှလေးဝတ်ကာ တံခွန်အလံလေးနှင့် ဆယ်ဖီဆွဲကာ ပိုစ့်တင်လိုက်သည်။ "ငါချိတ်ထားလိုက်ပြီ (ယေး)"
...........
"ဘုန်း... ဘုန်း... ဘုန်း"
မနက်စောစောအချိန်တွင် အောက်ထပ် မီးဖိုချောင်မှ ကျယ်လောင်လှသော "ဘုန်း ဘုန်း"အသံ ထွက်လာခဲ့ပြီး ရှန်းယွဲ့၏ အိပ်ရေးကောင်းကောင်းလေးကို နှောက်ယှက်လိုက်သည်။
သူ အောက်ထပ်သို့ ဒေါသတကြီး ဆင်းသွားသည့်အချိန်တွင် အဝါရောင် အေပရွန် ဝတ်ကာ ခိုင်ခံ့သော ဒလိမ့်တုံးကို ကိုင်ထားပြီး လက်ထဲမှ လှိမ့်လက်စ မုန့်တစ်ခုရှိနေသော ထန်ချောင်းချောင်းကို တွေ့လိုက်ရသည်။ သူမက ဒလိမ့်တုံးဖြင့် အသားတစ်ပိုင်းကို ထုနေခဲ့သည်။
ထန်ချောင်းချောင်းက အံကြိတ်ကာ အကြီးမားဆုံး ရန်သူကို ထုနှက်နေသကဲ့သို့ သူမလက်များက အင်အားအပြည့်ဖြင့် ထုနေခဲ့သည်။
"မင်း ဘာလုပ်နေတာလဲ" ရှန်းယွဲ့က အခုတင်လေးမှ နိုးလာသည် ဖြစ်သောကြောင့် အင်အားယုတ်လျော့နေသည်။
ထန်ချောင်းချောင်းက လှည့်ကြည့်လိုက်ပြီး သူ့စကားများကို ကြားရသည့်အချိန်တွင် စိတ်လိုလက်ရ ပြုံးပြလာခဲ့သည်။ "ဂွတ်မောနင်း"။ သို့သော်လည်း သူမ လှုပ်ရှားမှုများက ရပ်တန့်မသွားခဲ့ပေ။
ရှန်းယွဲ့တစ်ယောက် ဒေါသများ ပျောက်သွားတော့သည်။
"ငါ မင်းကို မေးနေတယ်လေ... မနက်စောစောကို ဘာလို့ ဆူဆူညံညံတွေ လုပ်နေရတာလဲ... မင်းမီးဖိုဆောင်ကို ဖြိုချမလို့လား"
"မတွေ့ဘူးလား အမဲသားကို ထုနေတာလေ... ရှင့်အတွက် အမဲသားလုံး လုပ်ပေးမလို့"
ထန်ချောင်းချောင်းက အမဲသားကို လှန်လိုက်ပြီး ဆက်လက် ထုရိုက်နေခဲ့သည်။
"ဒါက ဒီမနက်မှ ပို့လာတဲ့ အလတ်ဆတ်ဆုံး အမဲသားလေ... အမဲသားလုံး လုပ်ဖို့ အသင့်တော်ဆုံးပဲ... အကောင်းဆုံး အမဲသားလုံးဆိုတာ လက်နဲ့ လုပ်ရတာ... ဒါမှ သူတို့တွေက နူးညံ့ပြီး ပျော့အိနေမှာ"
ထန်ချောင်းချောင်းက အားအပြည့် ဖြစ်နေသော်လည်း တစ်ချက်ကြည့်ရုံဖြင့် ရှန်းယွဲ့က သူမ အနည်းငယ် ထူးဆန်းနေကြောင်း သိနေခဲ့သည်။
"ရှင် အပြင်ထွက်ပြီး စောင့်နေလေ... ခနနေရင် ပြီးတော့မှာ"
ရှန်းယွဲ့က မျက်မှောင်ကြုပ်ကာ လှည့်ထွက်သွားခဲ့သည်။
ထန်ချောင်းချောင်းက တတွတ်တွတ် ရေရွတ်ကာ အမဲသားကို ဆက်ထုနေခဲ့သည်။
"ငါ့ခွန်အားက ဘာဖြစ်နေလို့လဲ... ရိုက်ပစ်မယ်... ရိုက်ပစ်မယ်"
ထန်ချောင်းချောင်းက သူမနှလုံးသားထဲမှ စိတ်ပျက်လက်ပျက် ဖြစ်နေမှု အများစုက အမဲသားကို လုံးဝ နုပ်နုပ်စင်းအသား ဖြစ်သွားသည့်အချိန်တွင် ပျောက်ကွယ်သွားသည်။
ပုံမှန်အားဖြင့် လူအများက အမဲသားကို အနည်းဆုံး တစ်နာရီ နှစ်နာရီမျှ ခုတ်ပိုင်းရန် လိုအပ်သော်လည်း ထန်ချောင်းချောင်း၏ လက်ထဲတွင်မူ အမဲပေါင်သား အပိုင်းကြီး တစ်ပိုင်းကို နုပ်နုပ်စင်းအသား ဖြစ်လာရန်အတွက် နာရီဝက်သာ ကြာခဲ့သည်။
ထို့နောက် ပြောင်းကော်မှုန့် အနည်းငယ်၊ အရည်အသွေးမြင့် ငါးအနှစ်ဆော့စ်၊ ဆားချောနှင့် ဟင်းချိုမှုန့်တို့ကို ဖြူးခဲ့သည်။ အရသာ ပိုမို ချောမွေ့သွားရန်အတွက် သူမက ဝက်ဆီတုံးလေးများကို အတုံးလေးများ တုံးကာ အရသာ ဝင်ရန်အတွက် လုံးဝ ရောနှောသွားသည်အထိ ထပ်ကာ ထပ်ကာ ထုနေခဲ့သည်။
ထန်ချောင်းချောင်းက ရေခဲသေတ္တာထဲမှ အေးခဲထားသော ပုစွန်အနှစ်ကို ထုတ်ယူလိုက်သည်။ ပုစွန်အနှစ်က ပုစွန်ဆိတ်လေးများကို အနှစ်ဖြစ်လာသည်အထိ ခုတ်ပိုင်းထားခြင်း ဖြစ်သည်။ ထို့နောက် သူမက အေးခဲထားသော ပုစွန်အနှစ်ကို ရွယ်တူ အတုံးလေးများ အဖြစ် တုံးလိုက်သည်။
ထိုအချိန်တွင် အမဲသားကို ပျော့ပျောင်းသည်အထိ ထုရိုက်ပြီးသွားလေပြီ။ ထို့ကြောင့် ၎င်းတို့ကို ဇလုံထဲသို့ လောင်းထည့်ကာ ထုကြီးကြီး ဖြစ်လာသည်အထိ တစ်ဖက်တည်း မွှေနေလိုက်သည်။ ထို့နောက် သူမက နုပ်နုပ်စင်း အမဲသားတစ်ပိုင်းကို ကောက်ယူကာ လက်မနှင့် လက်ညှိုးတို့ကို သုံး၍ အသားလုံးဖြစ်လာစေရန် စက်ဝိုင်းပုံ လှိမ့်နေလိုက်သည်။ ထို့နောက် သူမက အသားလုံးအတွင်းသို့ ပုစွန်အနှစ်ကို အဆာသွပ်ကာ ရေဆူဆူထဲသို့ ထည့်၍ အပူချိန်ကို လျှော့ကာ အမဲသားလုံးများ ကျက်လာသည်အထိ ပြုတ်လိုက်သည်။
ထန်ချောင်းချောင်းက အသားလုံးကို ပန်းကန်လုံးကြီး တစ်ပန်းကန် လုပ်လိုက်ပြီး ခေါက်ဆွဲတစ်ပန်းကန်စာ ချန်ကာ အများစုကို ရေခဲသေတ္တာထဲသို့ ထည့်ထားလိုက်သည်။
ခေါက်ဆွဲများကို ထန်ချောင်းချောင်းကိုယ်တိုင် လက်ဖြင့် လုပ်ထားခြင်း ဖြစ်သည်။ ထပ်ကာထပ်ကာ နယ်ပြီးနောက် ဖြန့်ရင်း ဆွဲရင်း ပစ်ပေါက်ကာ ခေါက်ပြီးသွားသည့်အချိန်တွင် ခေါက်ဆွဲများက သန်မာကာ ချော့မွေ့လာသည်။
စွပ်ပြုတ် အခံရည်က အသင့်ပြုလုပ်ထားသော ပစ္စည်းဖြစ်သည်။ ထန်ချောင်းချောင်းက မီးဖိုချောင်ထဲတွင် နေ့တိုင်း အမဲသားနှင့် ဝက်ရိုးတို့ကို နို့အဖြူရောင်အရည်များ ဖြစ်လာသည်အထိ ပြုတ်ကာ စွပ်ပြုတ်အခံရည် လုပ်ထားခဲ့သည်။ တစ်ခါတစ်ရံ သူမက ခန္ဓါကိုယ် အားဖြည့်စေသော ဆေးရွက်များကို ထည့်ခဲ့သေးသည်။
ခေါက်ဆွဲများ ရေပွက်ပွက်ဆူတွင် ပြုတ်ပြီးသွားသောအခါ စွပ်ပြုတ်ထဲတွင် ထည့်၍ ခဏအကြာ ပြုတ်ခဲ့သေးသည်။ စွပ်ပြုတ်အခံရည်က လုံလောက်လောက်လောက် အရသာ ရှိနေခဲ့ပြီးသား ဖြစ်သည်။ သူမက ဆားအနည်းငယ်ဖြူးရုံသာ လိုအပ်ပေသည်။
ထို့နောက် သူမက အသီးအရွက် စိုက်ခင်းဆီသို့ သွားလိုက်ပြီး မုန်လာဥနီ အညွန့်ပေါက်လေး လက်တစ်ဆုပ်ကို ခူးလိုက်သည်။ သူတို့ကို လှီးသင်ရန်အတွက် စက္ကန့်အနည်းငယ်သာ အချိန်ယူရပေသည်။ နောက်တွင် သူမက ၎င်းတို့ကို ခေါက်ဆွဲပေါ်တွင် အသားလုံးများနှင့်အတူ ဖြန့်ထည့်လိုက်ပြီး လှီးထားသောကြက်သွန်မြိတ်များနှင့် အနီရောင်ဂိုဂျီဘယ်ရီအချို့ကို ဖြူးလိုက်သည်။
ရှန်းယွဲ့က ထမင်းစာပွဲပေါ်တွင် အချိန်ခဏကြာ အတွေးနက်နေရင်း စောင့်ဆိုင်းနေခဲ့သည်။
"အိမ်လုပ်အသားလုံးခေါက်ဆွဲတွေ ရပါပြီ"
ထန်ချောင်းချောင်းက အစားအသောက်ခန်းမများက စားပွဲထိုးလေးတစ်ယောက်ကဲ့သို့ အော်ဟစ်လိုက်သည်။ သူမက အစားအစာလင်ပန်းကို ကိုင်ကာ ခြေလှမ်းအနည်းငယ်မျှ ပြေးလာခဲ့သည်။
"စားကြည့်ပါ" သူမက ကြွေရည်သုတ်ပန်းကန်လုံးကို ရှန်းယွဲ့ရှေ့တွင် ချထားပေးလိုက်သည်။
ခေါက်ဆွဲပန်းကန်လုံးကြီး တစ်လုံးဖြစ်သည်။
ကြီးမားသည့် ကြွေရည်သုတ် ပန်းကန်ထဲတွင် အဖြူရောင် ခေါက်ဆွဲသားများ၊ မြစိမ်းရောင် အသီးအရွက်စိမ်းများနှင့် ကြီးမားပြီး လုံးဝန်းနေသော အမဲသားလုံး ရှစ်ခုကို သပ်သပ်ရပ်ရပ်နှင့် လှပစွာ စီစဥ်ထားလေသည်။
ထို ဂိုဂျီဘယ်ရီအနီရောင်များက ကြည့်ကောင်းရန်အတွက်သာဟု ရှန်းယွဲ့ တွေးနေမိသည်။
ရှန်းယွဲ့က တူများကို မရွေ့သေးဘဲ ထန်ချောင်းချောင်း၏ မျက်နှာကို သေသေချာချာ ကြည့်လိုက်သည်။
'မဟုတ်သေးပါဘူး... တစ်ခုခု မှားနေပြီ... သူ့ကို ကြည့်ရတာ ဒီနေ့ တော်တော်လေး ပို ပြီး စိတ်လှုပ်ရှားနေသလိုပဲ'
ထန်ချောင်းချောင်းက သူ့အတွေးများကို သိမနေခဲ့သည့်အတွက် သူ့ကို တိုက်တွန်းနေသည်။
"မြန်မြန်စားလေ"
သူမက တစ်မနက်လုံး အမဲသားနှင့် ပုစွန်အနှစ်တို့ကို ထောင်းနေခဲ့ရသည်။ သူမက အလွန်ဗိုက်ဆာနေပြီး ခေါက်ဆွဲ တစ်လုတ်အပြည့်ကို ကောက်ယူရန်အတွက် အစပြုလိုက်ပြီး သူမပါးစပ်ထဲသို့ ထည့်လိုက်လေသည်။
ထိုအသံကို ကြားသောအခါ ရှန်းယွဲ့က အသားလုံး တစ်ခုကို ကိုက်စားတော့မည်ဆဲဆဲ ဖြစ်သည်။ ထန်ချောင်းချောင်းက ရုတ်တရက် ပြောလိုက်သည်။ "ဂရုစိုက်အုံး... အမဲသားလုံးတွေက ပေါက်တတ်တယ်"
ရှန်းယွဲ့က အမဲသားလုံး၏ မျက်နှာပြင်ကို ကိုက်စားနေပြီးသား ဖြစ်သည်။ အမဲသားလုံးမှ စိမ့်ထွက်လာမည့် ကြောက်မက်ဖွယ် အရည်များကို မတွေ့ကြုံရရန်အတွက် သူက ချက်ချင်းပင် အမဲသားလုံး တစ်ခုလုံးကို ပါးစပ်ထဲသို့ သွပ်လိုက်လေသည်။
ရုတ်တရက်ပင် အသားလုံးထဲမှ အရည်များက သူ့ပါးစပ်ထဲတွင် ပေါက်ကွဲထွက်လာပြီး ပုစွန်အသား၏ ချိုမြမြရနံ့လေးက အာရုံခံဖုလေးများတွင် ကခုန်နေကြပုံ ပေါ်သည်။ အနည်းငယ်သော အပူအရသာလေးက သူ့မျက်လုံးကို မှိတ်ပြီး အရသာခံမိသွားစေသည်။
'စားကောင်းလွန်းတယ်'
သူက အမဲသားလုံးကို ထပ်ဝါးလိုက်သည်။ အသားက မအိမမာလေး ဖြစ်ကာ ချက်ထားသည့် အနေအထားက လန်းဆန်းသွားစေပြီး ပိုဝါးလေ ပိုကြိုက်လာလေပင်။
သူတစ်လုံး စားပြီးသွားသောအခါ သူနောက်ထပ်တစ်ခုကို စားရန်မစောင့်နိုင်တော့။
အမဲသားလုံးများကို စားပြီးသောအခါ နူးညံ့သော ခေါက်ဆွဲလေးများကို စမ်းကြည့်ရန် ပြင်လိုက်ကာ နူးအိပြီး အရည်ရွှမ်းသော မုန်လာဥနီ အညွန့်လေးများနှင့် အတူ ကိုက်စားလိုက်ပြီး အနံ့မွှေးသော စွပ်ပြုတ်ရည် တစ်ဇွန်းကို သောက်လိုက်သည်။
မကြာမီပင် သူက အမဲသားလုံးခေါက်ဆွဲ တစ်ပန်းကန်ကို ပြောင်စင်အောင် စားပြီးသွားပြီ ဖြစ်သော်လည်း မတင်းတိမ်နိုင်သေးပေ။
ရှန်းယွဲ့က တူများကို ကျေနပ်အားရစွာ ချလိုက်သော်လည်း သူ့တစ်ဖက်တွင် ထိုင်ကာ မေးစေ့က စားပွဲအနားထိ ကျနေသော ထန်ချောင်းချောင်းကို တွေ့လိုက်ရသည်။ သူမက ခပ်မြင့်မြင့် ပျံနေသော ဘောလုံးတစ်လုံး ရုတ်တရက် ပြုတ်ကျလာသကဲ့သို့ ခေါင်းကို ငုံ့ပြီးရင်း ငုံ့နေခဲ့သည်။
"အဲ့အကြောင်း ပြောရအောင် မင်းဘာဖြစ်နေတာလဲ"
ရှန်းယွဲ့က သူမစိတ်ထဲတွင် ရှိနေမည့် တစ်ခုခုကို ခန့်မှန်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ အချိန်ပိုအချို့ ရှိနေသည်လေ...
ထန်ချောင်းချောင်းက ခပ်ပြင်းပြင်း သက်ပြင်းချပြီးနောက် ခပ်ရှက်ရှက် ပြောလိုက်သည်။
"ရှန်းယွဲ့ ကျွန်မ အလုပ်လက်မဲ့ ဖြစ်တော့မယ် ထင်တယ်"
ရှန်းယွဲ့က မျက်ခုံးပင့်လိုက်သည်။
"ဘာလို့လဲ မင်းရဲ့ အေဂျင်စီကုမ္ပဏီက နောက်ဆုံးတော့ မင်း အစားကြီးတာကို သိသွားပြီး မင်းနဲ့ စာချုပ်ဖျက်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ"
"မနောက်စမ်းပါနဲ့" သူမက ခေါင်းကို ခါယမ်းလိုက်သည်။ "ကျွန်မအတွက် ဘာအလုပ်မှ မရှိဘူး... အစ်ကိုချမ် ကျွန်မကို ဖုန်းမခေါ်တာ တစ်ပတ်လောက် ရှိနေပြီ"
ထန်ချောင်းချောင်း အလွန် ပူဆွေးနေသည်ကို တွေ့ရသည်မှာ အလွန်ရှားပါးသောကြောင့် ရှန်းယွဲ့သည်လည်း ရှင်းမပြနိုင်စွာပင် ခပ်မြူးမြူး ဖြစ်သွားရသည်။
"မဟုတ်သေးပါဘူး... မင်းက ရဲရင့်ပြီး သတ္တိရှိတယ် မဟုတ်ဘူးလား"
ထိုတံခွန်ကို သူမအခန်းတွင် ချိတ်ဆွဲထားဆဲ ဖြစ်သော်လည်း ရှန်းယွဲ့က သူမ၏အမြင်ကို သဘောမကျပါချေ။ ချိတ်ထားသောအနေအထားက အခန်းဒီဇိုင်း၏ အလှအပကို လုံးဝဖျက်ဆီးနေသည်။
"အိုး... ရှင်နားမလည်ပါဘူး" ထန်ချောင်းချောင်းက သူမလက်ကို စားပွဲပေါ်တွင် တင်ထားလိုက်ပြီး ထိုနယ်ပယ်တွင် ကျွမ်းကျင်သူ တစ်ယောက်ကဲ့သို့ သာမန်လူ ရှန်းယွဲ့ကို ရှင်းပြလိုက်သည်။
" ကျွန်မဖန်တွေ ကျွန်မကို ထောက်ပံ့ကြရင်တောင် ကျွန်မပုံရိပ်က အရမ်း မပြောင်းသွားဘူး... ပြဿနာကို ရှောင်လွှဲလို့ မရဘူး... အနုပညာလောကထဲက ထုတ်လုပ်သူတွေ ဒါရိုက်တာတွေက ကျွန်မကို မသုံးရဲကြဘူးနေမယ်"
ရှန်းယွဲ့က ထိုရုတ်တရက် တိုင်တန်းလာသည့် အကြောင်းကို နားထောင်ပြီးနောက် မျက်မှောင်ကြုပ်မိသွားသည်။
"မင်းဘယ်လို သိတာလဲ"
"ကျွန်မ ခန့်မှန်းလိုက်တာလေ... မဟုတ်ရင် ဘာလို့ ကျွန်မ ဒီတလော အလုပ်တစ်ခုလေးတောင် မရရတာလဲ"
ထန်ချောင်းချောင်းက ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် စိတ်ဖိစီးလာရပြီး ညအချိန်တွင်လည်း ကောင်းကောင်း မအိပ်နိုင်ခဲ့ရပေ။ ထို့ကြောင့် သူမက စောစောနိုးလာပြီး သူမ၏ စိုးရိမ်သောကများကို ဖြေဖျောက်ရန်အတွက် အမဲသားများကို ထုနေရခြင်း ဖြစ်သည်။
တစ်ခါတစ်လေ ရှန်းယွဲ့တစ်ယောက် ထန်ချောင်းချောင်း၏ ဖရဲသီးခေါင်းကို တကယ် ထုကာ ထိုအထဲတွင် ဘယ်လိုအရာများ ရှိနေသလဲဟု ကြည့်လိုက်ချင်ပါ၏။
သူ့တွင် ဖျော်ဖြေရေး လောကနှင့် အဆက်အသွယ်များစွာ မရှိသော်လည်း ထိုကိစ္စများ၏ အချို့အရာများက သူမပြောသကဲ့သို့ အလွန် ထိတ်လန့်ဖွယ် ကောင်းမနေမှန်း သူသိပါသေးသည်။
"မင်းတကယ် စတားတစ်ယောက် ဖြစ်ချင်တာလား"
သူက အမြဲတမ်း သူမကို ထိုမေးခွန်း မေးချင်နေခဲ့သည်။ သူမက လက်ထဲတွင် အလုပ်အများကြီး မရှိဘဲ အများဆုံးအနေဖြင့် ဝက်ဘ်ဒရာမာထဲမှ မြေခွေးနတ်ဆိုးအဖြစ် သရုပ်ဆောင်ရသည့် ဧည့်သည်အခန်းသာ ရှိသေးသည်။ ဘယ်အရာကများ သူမကို ဆက်ပြီး အလုပ်လုပ်ချင်စိတ်ပေါက်အောင် လုပ်ခဲ့ပါလိမ့်...
"သဘောကျတယ်" ထန်ချောင်းချောင်းက တလေးတနက် ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်မကို လူတွေ သဘောကျကြတာကို ကြိုက်တယ်"
ဖန်များ၏ အချစ်များက သူမ ဝိဥာဏ်စွမ်းအင်ကို တိုးလာစေသည်ကြောင့်သာမက ဖန်တွေ သူမကို "ချောင်းပေါင်"ဟု ခေါ်ကြသည်ကိုလည်း သဘောကျပေသည်။ သူမက လူတိုင်း သူမ၏ ဟင်းပွဲများကို မြည်းစမ်းကြရန် ဆန္ဒရှိကြသည့်အချိန်များကိုလည်း သဘောကျပြီး သရုပ်ဆောင်နေစဥ် မတူညီသော ခံစားချက်များကိုလည်း နှစ်ခြိုက်သေးသည်။
ရှန်းယွဲ့က သူမ၏ ခိုင်မြဲသော မျက်လုံးများကို ကြည့်လိုက်ပြီး သူ့နှလုံးသားတွင် လှုပ်ရှားသွားသလို ခံစားလိုက်ရသည်။ သူက ခပ်ပေါ့ပေါ့ ချောင်းဆိုးလိုက်သည်။
"မင်းသာ ဒီလုပ်ငန်းကို တကယ်ပဲ ဆက်လုပ်ချင်တယ်ဆိုရင် တစ်ခြားနည်းလည်း မရှိတော့ရင်တောင် ငါ့အတွက်တော့ ကိစ္စကြီး မဟုတ်ဘူး
..."
"ငါမင်းအတွက် ဒရာမာတစ်ခု ရင်းနှီး မြှုပ်နှံပေးနိုင်တယ်"ဟူသည့် သူစကားမဆုံးသေးသည့်အချိန်တွင် ထန်ချောင်းချောင်းဖုန်း မြည်လာခဲ့သည်။
သူမက ခေါ်ဆိုသူ၏ အမည်ကို တွေ့လိုက်လိုက်ချင်းပင် သူမက ရှန်းယွဲ့ကို "ရှူး" ဟု လက်ဟန်ပြလိုက်သည်။
သူမက ဖုန်းပြန်ဖြေလိုက်ပြီး "အစ်ကိုချမ်" ဟု ခေါ်လိုက်လေသည်။
"တကယ်လား"
"ဟမ်"
"ကောင်းတာပေါ့"
"ကျွန်မ ဘာမဆို လုပ်နိုင်တယ်"
"ကျွန်မ လက်မှတ်ထိုးမယ်"
"ဘယ်အချိန်လဲ"
"ကိစ္စမရှိဘူး"
ထန်ချောင်းချောင်း ဖုန်းချလိုက်သည်နှင့် သူမမျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများ လွင့်ပြယ်သွားလေသည်။ သူမက တက်ကြွလာပြီး သွားစွယ်လေးများ ပေါ်လာသည်အထိ ပြုံးပြလိုက်သည်။
"အား... ကုမ္ပဏီတစ်ခုက ကျွန်မကို Spokesperson အဖြစ် ခန့်ချင်နေတယ်"
"ဘယ်လိုကုမ္ပဏီကများ ဒီလိုထူးဆန်းတဲ့ အမြင် ရှိနေတာလဲ"
ရှန်းယွဲ့က အဆိပ်ပြင်းစွာ ပြောလိုက်သည်။
"အဖျော်ကုမ္ပဏီတစ်ခုကပဲ... တံဆိပ်ကလည်း မသေးဘူးနော်... ကုမ္ပဏီပိုင်ရှင်က တော်တော်လေး အမြင်ကျယ်မဲ့ပုံပဲ... သူက ကျွန်မရဲ့ ချစ်စရာကောင်းပြီး နူးညံ့တဲ့ ပုံစံလေးကို ရှာတွေ့သွားတာ ဖြစ်မယ်"
ထန်ချောင်းချောင်းက အလွန်အမင်း စိတ်လှုပ်ရှားမနေခဲ့ပေ။ သူမက ရှန်းယွဲ့ အနည်းငယ် ချဥ်စုပ်စုပ် ဖြစ်နေသော အသံအနေအထားကို သတိမမူခဲ့။
Xxxxxxx