Chapter 43
သူမက မတတ်နိုင်ဘဲ ကောင်းကင်ကြီးကို အော်ပြောမိတော့သည်။
"အိုး... ကျွန်မရဲ့ မင်းသားလေး... ရှင်ဘယ်မှာများလဲ"
နဂါးကြီးက ခပ်ရှက်ရှက် ပြောလာသည်။ "အိုး ဆိုးလိုက်တာ... မင်းသမီးလေးရယ်... မင်းရဲ့ မင်းသားလေးက အခုထိ လမ်းမှာပဲ ရှိသေးတယ်"
မင်းသမီးလေးက အလွန် ကြောက်ရွံ့သွားလေသည်။ နွယ်ပင်တစ်ပင်က သူမကို ရုတ်တရက် ရစ်ပတ်လာပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ နဂါးကြီး၏ လက်သည်းများက သူမအနားသို့ ရောက်လာတော့မည့် အချိန်တွင် အဖျော်ရည်ပုလင်းတစ်ခုက ကောင်းကင်ပေါ်မှ ကျလာပြီး သူမရှေ့သို့ ဆင်းသက်လာခဲ့သည်။
သူမက ထိုအရာက မည်သည့်အရာ ဖြစ်ကြောင်း မသိသော်လည်း ခပ်မြန်မြန် ကောက်ယူကာ ပုလင်းအဖုံးကို ဖွင့်လိုက်သည်။
ဒါရိုက်တာက အော်ဟစ်လိုက်သည်။ "ဟုတ်ပြီ... စည်းချက်လည်း ညီတယ်... မြန်မြန်သောက်လိုက်"
ထန်ချောင်းချောင်းက ၎င်းကို အငမ်းမရ သောက်ချလိုက်သည်။
အလိုလေး... အရသာရှိလိုက်တာ... သူမမျက်လုံးများ ဝင်းလက်သွားလေသည်။
သောက်မယ်... သောက်မယ်... သောက်မယ်
မကြာမီပင် အဖျော်ရည် တစ်ပုလင်းလုံး ပြောင်စင်သွားသည်။
"အိုကေ... ကဒ်"
ဒါရိုက်တာက အလွန်အမင်း ပျော်ရွှင်နေသည်။ ထန်ချောင်းချောင်းက သရုပ်ဆောင် လုပ်ခဲ့သည့် အလုပ်က မများလှဟု တွေးမိခဲ့သောကြောင့် ထပ်ကာထပ်ကာ ပြန်ရိုက်ရန်အတွက် အသင့်ပြင်ထားခဲ့ပြီးသား ဖြစ်သည်။ မထင်မှတ်ထားစွာပင် သူမ၏ ခံစားခိက်များကို ဖော်ပြနိုင်သည့် လုပ်ရည်ကိုင်ရည်က အတော်လေး အဆင်ပြေပေသည်။ သူမ၏ မျက်ရည်များ ပြည့်နေသည့် မျက်လုံးလေးများက အမှန်တကယ် သနားဖွယ်ရာ ဖြစ်နေသည်။
ပို၍ မထင်မှတ်ထားသည်မှာ သူမက အားဖြည့် အချိုရည်ကို တစ်ပုလင်းလုံးကို တစ်ကျိုက်တည်း သောက်ပြလိုက်သေးသည်။ သူ အစားအသောက် ကြော်ငြာများစွာ ရိုက်ကူးဖူးပါ၏။ များစွာသော အနုပညာရှင်များက တစ်ကိုက် နှစ်ကိုက်မျှသာ ဟန်ပြ စားပြတတ်ကြပြီး ကင်မရာရှေ့တွင် စားခဲ့လျှင် နောင်မှ ကင်မရာနောက်ကွယ် ရောက်သည်နှင့် ထွေးထုတ်ပစ်ကြသည်များသာ။
ထန်ချောင်းချောင်းက အလွန် ဟန်ဆောင်မှု ကင်းလှပေသည်။ ဒါရိုက်တာက သူမကို ပိုပို၍ သဘောကျလာတော့သည်။
ဒါရိုက်တာက တစ်ခါတည်းသော ရိုက်ချက်နှင့်ပင် အလွန်ကျေနပ်သွားခဲ့သည်။ မတူညီသော ထောင့်များမှ ရိုက်ချက်အချို့ ရိုက်ကူးပြီးနောက် သူက ဒုတိယတစ်ဖြတ်ကို မြန်မြန် ရိုက်ကူးတော့သည်။
အဖျော်ရည်ကို သောက်ပြီးနောက် မင်းသမီးလေးက ပြောင်းလဲသွားတော့သည်။ နတ်မိမယ် မင်းသမီးလေး ဝတ်စုံ က ပျောက်ကွယ်သွားပြီး ဘော်ကြယ်များ တလက်လက် ဖြစ်နေသည့် အနက်ရောင် ရင်ပြတ်အင်္ကျီနှင့် မီနီစကပ် အဖြစ်သို့ ပြောင်းလဲသွားသည်။ သူမ၏ ဖိနပ်များက ဒေါက်ဖိနပ်များမှ ဒူးအထိ ရှည်သော သားရေ ဘွတ်ဖိနပ် အဖြစ်သို့လည်း ပြောင်းသွားလေ၏။ သူမ၏ ဆံပင် လိမ်လိမ်လေးများက အမွေးကောက်ကောက်ဖွာဖွာလေးများအဖြစ် တစ်စက္ကန့်အတွင်း ပြောင်းသွားတော့သည်။
သူမ၏ မိတ်ကပ်က ခပ်မိုက်မိုက် ပုံစံ ဖြစ်ကာ နှစ်လိုဖွယ် ရှိသည်။ သူမက လက်ထဲတွင် သားရေ ကြာပွတ်ကို ကိုင်ထားကာ နဂါးကြီးကို စူးစူးစိုက်စိုက် ကြည့်နေသည်။
ဒါရိုက်တာ: "အိုကေ... အမူအယာက အရမ်းအဆင်ပြေတယ်... ထန်ချောင်းချောင်းက နောက်ထပ် ကြာပွတ်ကို လွှဲရိုက်လိုက်မယ်"
ထန်ချောင်းချောင်းက ကြာပွတ်ကို တုံ့ဆိုင်းစွာ ကြည့်လိုက်သည်။ သူတို့က တကယ်ပဲ သူမကို လွှဲစေချင်တာလား...
ဒါရိုက်တာက ထန်ချောင်းချောင်း တစ်ယောက် မလွှဲယမ်းနိုင်မည်ကို စိုးရိမ်သဖြင့် ထပ်ပြောလိုက်သည်။ "ပုံဆိုးပန်းဆိုး လွှဲမိမှာကို မစိုးရိမ်နဲ့... လုပ်နိုင်သမျှ ရဲရဲရင့်ရင့်သာ လွှဲလိုက်... ငါတို့ ဒါကို အထူးပြုလုပ်ချက်တွေနဲ့ ပြန်ပြင်လိုက်လို့ရတယ်"
ထိုစာကြောင်းကို ကြားပြီးသည့်နောက် ထန်ချောင်းချောင်း နဂါးကို ကြာပွတ်ဖြင့် လွှဲရိုက်လိုက်သည်။ လွှဲချက်က အလွန်လှပပြီး လေထဲတွင် လှပသော လှိုင်းလေးအဖြစ် လွှဲယမ်းသွားလေသည်။
ကြာပွတ်က နဂါး၏ လက်မောင်းကိုပါ ထိခတ်သွားပြီး ကျယ်လောင်သော အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
ဆိုးဝါးသော နဂါးကြီးနှင့် ဒါရိုက်တာ: ???
ထန်ချောင်းချောင်းက ဇာတ်လမ်းထဲတွင်သာ စျာန်ဝင်နေပြီး ကျယ်လောင်စွာ အော်ပြောလေ၏။
"အိုး တုံးအလိုက်တဲ့ နဂါး... ဒီမင်းသမီးက မင်းသား မရှိရင်တောင် မင်းကို လုံးဝ အနိုင်ယူနိုင်တယ်"
ထို့ကြောင့်ပင် သူတို့က သူမ နဂါးကို ရိုက်ရန် ကြာပွတ်ကို လွှဲယမ်းလိုက်သည်ကို တွေ့လိုက်ရသည်။ သူမက အရှေ့ကို ပြေးလိုက်ပြီး ကြာပွတ်ကို ယမ်းကာ နဂါး၏ ခန္ဓါကိုယ်ကို ရစ်ပတ်၍ ဆွဲယူလိုက်ပြီး ကန်ချက်တစ်ချက်နှင့်ပင် နဂါးကို အဝေးသို့ လွင့်သွားစေရန် ကန်လိုက်သည်။
ထိုအရာက ဒါရိုက်တာအတွက် မရှိမဖြစ် ဖြစ်ပေသည်။ ရှင်းပြရန်ပင်မလို။ သူမ၏ ကန်ချက်က အလွန် နာမည်ကြီးပေသည်။
မပျံထွက်သွားခင်မှာပင် နဂါးဆိုးကြီးက အော်ပြောလာခဲ့သည်။ "အား... ငါထပ်ပြီး ပြန်လာခဲ့မယ်" အသေအချာပင် ပျံသန်းခြင်းက နောက်ပိုင်း ထုတ်လုပ်ရေး၏ အထူးပြုလုပ်ချက်များ ဖြစ်ပေသည်။
ပြီးနောက် ထန်ချောင်းချောင်းက ဝတ်စုံ အနည်းငယ်ကို လဲလှယ်လိုက်သည်။ ဇာတ်ကြောင်းက အတူတူသာ ဖြစ်သော်လည်း နောက်ခံက တောအုပ်ထဲမှ သဲကန္တာရထဲသို့ ပြောင်းလဲသွားမည် ဖြစ်သည်။ ရိုက်ကူးရေး အဆုံးသတ်သွားသောအခါ သူမက အားဖြည့်အချိုရည် ငါးပုလင်း ခြောက်ပုလင်းမျှ သောက်ပြီးသွားပြီ ဖြစ်သည်။
ကြော်ငြာ ရိုက်ကူးရေးက ချောချောမွေ့မွေ့ ပြီးသွားခဲ့သည်။ ဒါရိုက်တာက ထန်ချောင်းချောင်းကို အလွန်စိတ်ကျေနပ်နေပြီး သူတို့က ဆက်သွယ်ရမည့် အချက်အလက်များပါ မျှဝေခဲ့ကြသေးသည်။ သူက နောက်တစ်ခါ သင့်တော်သည့် အခွင့်အရေးများ ရှိလာသည့်အခါ သူမကို သေချာပေါက် ခေါ်ပေးမည်ဟု ပြောခဲ့လေသည်။
ထန်ချောင်းချောင်းက အကိုချမ်သည်လည်း ရိုက်ကွင်းဆီသို့ ရိုက်ကူးရေးမပြီးခင် ရောက်လာခဲ့သည်ကို မသိလိုက်ပါချေ။ သူ ထိုနေရာ၍ အချိန်မည်မျှကြာသည်အထိ သူမကို စောင့်ကြည့်နေမှန်း မသိနိုင်ပေ။ သူ့ဘေးတွင် ရပ်နေသူက အဖြူရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားလေ၏။ သူတို့နှစ်ယောက်က အလွန်ရင်းနှီးပုံရပြီး စကားပြောရင်း ရယ်မောနေကြသေးသည်။
အစ်ကိုချမ်က ထန်ချောင်းချောင်းကို လက်ဝှေ့ယမ်း ပြလိုက်သည်။ သူမက ဝတ်စုံ မလဲရသေးဘဲ ကြာပွတ်ကို ကိုင်လျက် ပြေးလာခဲ့သည်။
"အစ်ကိုချမ်... ဘယ်တုန်းက ရောက်နေတာလဲ"
"မင်းရောက်ပြီး မကြာခင်ပဲ" အစ်ကိုချမ်က ခပ်ပြတ်ပြတ် ပြုံးပြလိုက်ပြီး သူ့ဘေးမှ လူကို လက်ညှိုးထိုးပြလိုက်သည်။
"မိတ်ဆက်ပေးမယ်... ဒီတစ်ကြိမ်တော့ မင်းရဲ့ သူဌေး မစ္စတာ ကျန်းကုန်းကျူလေ ကြော်ငြာအပ်တဲ့ ကုမ္ပဏီရဲ့ သူဌေးပေါ့"
ကျန်းကုန်းကျူက သူ့မျက်နှာပေါ်မှ ရွှေကိုင်းမျက်မှန်ကို ပင့်တင်လိုက်ပြီး တည်ငြိမ်ချင်ယောင် ဆောင်ကာ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
"မိန်းကလေး ထန်.. ဟယ်လို"
ထိုမစ္စတာကျန်းက လှပပြီး သိမ်မွေ့သော ပုံစံ ရှိလေသည်။ သူမက မူလတွင် ထိုကြော်ငြာ အစီအစဥ်ကို စဥ်းစားခဲ့သည့် သူဌေးဖြစ်သူက အမြင်မရှိသည့် လူချမ်းသာတစ်ဦး ဖြစ်ရမည်ဟု တွေးခဲ့သေးသည်။
သို့သော်လည်း ထိုတစ်ကြိမ်တွင် သိမ်မွေ့သည်ဟု ပြော၍ရသော ကျန်းကုန်းကျူက နှလုံးသားထဲတွင် အော်ဟစ်နေခဲ့လေသည်။ 'အား... အား... သူ ငါနဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်ဟ... သူ့လက်ကလေးက နူးညံ့နေတာပဲ'
အား သူလေးက ကြာပွတ်ကိုင်ထားတာ ကြည့်ကောင်းလိုက်တာ" ထိုအနက်ရောင် စကပ်နှင့် ဘွတ်ဖိနပ်တို့က သေချာပေါက် သူမနှင့် လိုက်ဖက်မည် ဆိုသည်ကို သူသိနေခဲ့သည်။
သို့သော်လည်း သူ့နှလုံးသားက မည်မျှပင် လှုပ်ရှားနေစေကာမူ သူ့မျက်နှာက အလွန် တည်ငြိမ်နေခဲ့သည်။
"ကျွန်တော် မိန်းကလေးထန်နဲ့ သိချင်နေတာ အတော်ကြာပါပြီ... အထူးသဖြင့် အရက်တစ်ခေါက်က မိန်းကလေးထန်ရဲ့ ရဲရင့်လှတဲ့ အပြုအမူကို တွေ့ပြီးကတည်းကပေါ့... ကျွန်တော် မင်းကို တကယ် လေးစားပါတယ်... ကျွန်တော်တို့ ကုမ္ပဏီက ကံကောင်းလို့ ဒီတစ်ခေါက် မင်းနဲ့ အလုပ်တွဲလုပ်နိုင်တာပဲ ဖြစ်ရမယ်"
ထမ်ချောင်းချောင်းက နှုတ်ခမ်းများကို ဖိကပ်ကာ ပြုံးပြလိုက်သည်။ "မခံယူရဲပါဘူးရှင်"
"မင်းအခုလေးတင် ကောင်းကောင်း သရုပ်ဆောင်ခဲ့တာပဲ... ကျွန်တော်တွေးနေတာ နောက်ပိုင်းမှာ တည်းဖြတ်ထုတ်လုပ်တာ ပြီးရင် မကြာခင် တီဗီမှာ လွှင့်နိုင်လိမ့်မယ်"
"ကောင်းတာပေါ့" ထန်ချောင်းချောင်းက ရယ်မောလိုက်သည်။ "ရှင့် အချိုရည်တွေကလည်း အရမ်းအရသာရှိတာပဲ... ကျွန်မ တော်တော်လေး ကြိုက်တယ်"
"တကယ်လား... ဒါဆို အိမ်ကို ပုံးနည်းနည်းလောက် ပြန်သယ်သွားလိုက်လေ" ကျန်းကုန်းကျွီက စိတ်အားထက်သန်စွာ ပြောနေခဲ့သည်။
"မကောင်းလောက်ဘူးထင်တယ်နော်"
"မဟုတ်ပါဘူး... ပုံမှန်လည်း ကျွန်တော်တို့က နောက်ဆို spokespersonအတွက် စပွန်ဆာ ပေးထားတဲ့ အချိုရည်ဘူးတွေ ပို့ပေးမှာပါ"
"ကျေးဇူးပါရှင်"
မူလအစတွင် အစ်ကိုချမ်က ထန်ချောင်းချောင်း၊ ကျန်းကုန်းကျူ ဒါရိုက်တာနှင့်ဘအခြားသူများကို ညစာအတူစားကြရန် အကြံပြုခဲ့သေးသည်။ သို့သော်လည်း ထန်ချောင်းချောင်းက အချိန်ကို ကြည့်လိုက်ပြီးနောက် အနည်းငယ်နောက်ကျနေပြီ ဖြစ်ကြောင်း တွေးမိသွားသည်။
ကျန်းကုန်းကျူသည်လည်း ထန်ချောင်းချောင်းနှင့် ရင်းနှီးရန် အလျင်စလို မလုပ်သင့်ဟု ခံစားရသဖြင့် သူတို့က နောက်တစ်ကြိမ်မှသာ တွေ့ရန် သဘောတူညီခဲ့ပြီးနောက် အိမ်ပြန်လာခဲ့သည်။
ရှန်းယွဲ့ တစ်ယောက် ထန်ချောင်းချောင်း အချိုရည် သေတ္တာများကို တစ်ခုပြီးတစ်ခု သယ်နေသည်ကို ကြည့်နေပြီးနောက် သူ့ပုံက မနှစ်မြို့သည့်ဟန် ဖြစ်နေသည်။ "ငါတို့က အမှိုက်စုတဲ့ နေရာ မဟုတ်ဘူးနော်"
ထန်ချောင်းချောင်း: "ဘာအမှိုက်လဲ... ဒါက ကျွန်မ ကြော်ငြာရတဲ့ အချိုရည်တွေ... သူဌေးက ကျွန်မကို ပေးလိုက်တာ"
ရှန်းယွဲ့က ပုလင်းတစ်လုံးကို ကောက်ယူလိုက်ပြီးနောက် ကြည့်လိုက်သည်။ "ကြည့်ရတာ လန်းဆန်းစေမဲ့ လက်ဖက်စိမ်း မဟုတ်ဘဲ အားဖြည့်အချိုရည် ဖြစ်သွားပုံပဲ"
"မရယ်နဲ့... ဒီနေ့ တော်တော်လေး ချောချောမွေ့မွေ့ ပြီးသွားခဲ့တာ.... ဒါရိုက်တာနဲ့ သူဌေးကတောင် ကျွန်မကို ချီးကျူးနေကြသေးတယ်"
သူမ၏ ခန္ဓါကိုယ် တစ်ခုလုံးက အဆုံးမရှိသော အင်အားများ ပြည့်ဝနေသည်ကို ခံစားရသဖြင့် ထန်ချောင်းချောင်းက အနည်းငယ် ထရပ်လိုက်သည်။ အားဖြည့်အချိုရည်က ယခုတင် စတင် အစွမ်းပြနေချေပြီ။
ရှန်းယွဲ့ မျက်မောင်ကြုပ်လိုက်သည်။ "မင်းဘယ်လောက်တောင် သောက်ခဲ့တာလဲ"
"ကျွန်မ သောက်ခဲ့တာ..."ထန်ချောင်းချောင်းက လက်ချောင်းများဖြင့် ရေတွက်နေလေ၏။ "ခြောက်ပုလင်း ခုနစ်ပုလင်းလောက်"
"ဒါ မင်းရဲ့ တုံးအမှုကြောင့်ပဲလေ"
"သူတို့ရဲ့ အချိုရည်တွေက တကယ် ထိရောက်တယ် ဆိုတာကို ပြနေတာပဲ... အတုအယောင် ဝါဒဖြန့်ထားတာ မဟုတ်ဘူး"
အခု သူမ အိပ်မပျော်နိုင်လောက်တော့ဘူးပေါ့... သူမ ဘာလုပ်ရမလဲ...
ထန်ချောင်းချောင်းက ရုတ်တရက် ရှန်းယွဲ့ဘက်သို့ လှည့်ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။ "အားတွေ ကုန်သွားစေမဲ့ တစ်ခုခု လုပ်ရအောင်လေ"
'အားတွေ ကုန်သွားစေမဲ့ ကိစ္စတွေလား'
"မင်း ဘာလုပ်ချင်လို့လဲ" အချို့သော ရောင်စုံအတွေးများက ရှန်းယွဲ့၏ စိတ်ထဲတွင် ဖြတ်ပြေးသွားပြီး သူမကို တထူးတဆန်း ကြည့်လိုက်လေသည်။
"ကျွန်မ ချက်ပြုတ်တာကို တိုက်ရိုက်ထုတ်လွှင့်မယ်"
ထန်ချောင်းချောင်းက ခပ်မတ်မတ် ထရပ်လိုက်သည်။
'ဒါပဲလား'
ရှန်းယွဲ့က နှလုံးသားထဲတွင် ခံစားချက်များ ရှုပ်ထွေးနေပြီး သူ ကံကောင်းသည်လား နောင်တရရမည်လား မသိတော့ပါချေ။
"အခု အချိန် ဘယ်လောက် ရှိနေပြီလဲ ဆိုတာကို မတွေ့ဘူးလား"
"ကိစ္စမရှိပါဘူး... အထူးကိစ္စလို့ သတ်မှတ်လိုက်ပေါ့"
ထန်ချောင်းချောင်းက သူမပြောသည့်အတိုင်းသာ လုပ်ခဲ့ပြီး ချက်ချင်း မီးဖိုချောင်ထဲသို့ ပြေးသွားလိုက်သည်။ မီးဖိုချောင်သုံးဓါးနှင့် ယောင်းမတို့ကို ထိလိုက်သည်နှင့် သူမ၏ ခွန်အားများက လက်ထဲသို့ စိမ့်ဝင်လာသည်ကို ခံစားလိုက်ရသည်။
သူမက ဖုန်းမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။ ည ဆယ့်တစ်နာရီ ရှိနေပြီဖြစ်သော်လည်း လူများစွာက ထိုအချိန်တွင် လဲလျောင်းရုံ လဲလျောင်းနေကာ သူတို့၏ ဖုန်းကို ကြည့်နေကြသည်သာ ဖြစ်သည်။ ထိုအချိန်က အမှန်တကယ်ပင် အချိန်ကောင်းလေးတစ်ခုသာ ဖြစ်ပေသည်။
မကြာမီပင် ဖန်များစွာက ထန်ချောင်းချောင်း၏ တိုက်ရိုက်ထုတ်လွှင့်မှုသို့ အုံလိုက်ကျင်းလိုက် ရောက်လာကြသည်။
ထန်ချောင်းချောင်းက တောက်ပစွာ ပြုံးပြလိုက်သည်။
"ကြည့်ရတာ ကျွန်မလို ညဇီးကွက်လေးတွေ အများကြီး ရှိနေပုံပဲ... မအိပ်နိုင်သေးတဲ့လူတွေ ကျွန်မ ဟင်းချက်တာကို လာကြည့်ကြပါ"
[အား အား အား ညနက်မှ စားသောက်ပွဲလားဟေ့... ကံကောင်းလို့ ငါမအိပ်သေးတာ]
[ငါက ညဥ့်နက်တဲ့အထိ သတင်းစာဖတ်နေခဲ့တာ.... စာလည်းဖတ်ပြီးသွားရော... မအိပ်နိုင်တော့ဘူး]
[ပန်းကန်လုံးကို ခေါက်ရင်း စောင့်နေပါ့မယ်... ချောင်းချောင်းရေ... ဒီတစ်ခါရော ကံစမ်းမဲ နှိုက်ပေးအုံးမှာလား]
ထန်ချောင်းချောင်းက သူမ၏ ဖန်များကို ပြန်လည် ဖြေကြားခဲ့သည်။ "ဒီတစ်ခါတော့ ကံစမ်းမဲ မရှိပါဘူး... နောက်တစ်ကြိမ်မှ များများ လုပ်ပေးမယ်နော်"
သူမက ပါဝင်ပစ္စည်းများအတွက် ရေခဲသေတ္တာကို ဖွင့်ကာ ကြက်သားတစ်ပိုင်း, ကြက်သွန်မြိတ်နှင့်ဆောစ့်များကို ထုတ်ယူလိုက်သည်။
Xxxxxx