အခန်း ၅၄ အားလုံးကို
မြင်လိုက်ရတယ်
မြို့စောင့်တပ်သားများက
ကျိရွှေရှန့်ကို သတိပြုမိသွားပြီး သူတို့၏လှံရှည်များကို မြှောက်ပြကာ တားဆီးလိုက်သည်။
စစ်သည်လေးငါးယောက်က အရှေ့သို့ တက်လာပြီး ကျိရွှေရှန့်ကို ဝိုင်းထားလိုက်ကြသည်။
ကျိရွှေရှန့်တစ်ယောက်
ကျိရှောင်ယင်နှင့် စူးချင်းကို မရှာနိုင်ဘဲ ဓားလှံများနှင့် စစ်သည်များ၏ အတင်းဖိအားပေးခြင်းကို
ခံနေရသည်။ သူက လက်သီးများကို တင်းတင်း ဆုပ်ထားပြီး တိုက်သင့် မတိုက်သင့် တွေဝေနေကာ
တုံ့ဆိုင်းနေမိသည်။
ဓားသွားကို ဆွဲထုတ်ခါနီးမှာပင်
ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။ "ထူးခြားတဲ့ဧည့်သည်ရဲ့ မျိုးရိုးနာမည် ကျိ
မဟုတ်လား?"
“ဟုတ်တယ်”
ကျိရွှေရှန့်၏မျက်လုံးများက
အနည်းငယ် မှေးကျဥ်းသွားသည်။ တစ်ယောက်ယောက်က သူ့ကို မှတ်မိဖို့ ဖြစ်နိုင်လို့လား? ဒါမှမဟုတ်
အဘိုးအိုက သူတို့ကို စောင့်နေဖို့ တစ်ယောက်ယောက်ကို ချန်ထားခဲ့တာ ဖြစ်နိုင်မလား?
"သခင်ကြီးချင်က ကျွန်တော့်ကို ဒီမှာ စောင့်ခိုင်းထားတာပါ။ သခင်လေးရဲ့ညီမနဲ့
သခင်မလေးစူးက နားနေတည်းခိုဆောင်မှာ ရှိနေပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို
လိုက်ခဲ့ပါ"
သခင်ကြီးချင် စေလွှတ်ထားသည့်လူက
ကျိရွှေရှန့်ကို ယဉ်ကျေးစွာ အသိပေးလိုက်ပြီး ကျိရှောင်ယင်က မြို့ထဲရှိ တည်းခိုဆောင်တွင်
ရှိနေကြောင်း ရိုးရိုးရှင်းရှင်း
ဖော်ပြလိုက်သည်။
“ကောင်းပြီ”
ကျိရွှေရှန့်က လေးနက်သောအသံဖြင့်
သဘောတူလိုက်သည်။
သူ့ညီမက အထဲမှာ ရှိနေတယ်။
အန္တရာယ်ရှိတဲ့ နေရာတစ်ခုလို့ သူ သိထားရင်တောင်မှ သူက ဝင်သွားရမှာပဲ။ ဒါ့ပေမယ့်
အခု တဖက်လူက ယဉ်ကျေးနေတဲ့အတွက် သူ ဂရုမစိုက်တော့ဘူး။
ကျိရွှေရှန့်က သခင်ကြီးချင်
စေလွှတ်လိုက်သည့် လူနှင့်အတူ တည်းခိုဆောင်သို့ လိုက်ပါသွားခဲ့သည်။ သူတို့
တည်းခိုဆောင်၏အဝင်ဝသို့ ရောက်သောအခါ သံချပ်ကာဝတ် စစ်သည်များက သူတိုကို တားဆီးလိုက်သည်။
"ရပ်စမ်း! မင်း ဘာလာလုပ်တာလဲ?"
သခင်ကြီးချင်မှ
စေလွှတ်လိုက်သည့် လူက ထိတ်လန့်သွားသည်။ သူ တည်းခိုဆောင်မှ ထွက်လာချိန်တွင် ဂိတ်စောင့်တပ်သားများက
သံချပ်ကာအပြည့်ဝတ်ထားသော စစ်သည်များ မဟုတ်ကြသေးပေ။
ဘာလို့
ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်သွားတာလဲ?
သခင်ကြီးချင်၏လူက အလျင်အမြန်
ရှေ့တိုးသွားပြီး သံချပ်ကာအပြည့်ဝတ်ထားသော စစ်သည်များကို ဦးညွှတ်ကာ
ယဉ်ယဉ်ကျေးကျေးဖြင့် “လူကြီးမင်း၊ ကျွန်တော်က သခင်ကြီးချင်ရဲ့ကိုယ်ရံတော်ပါ။
အရေးကြီးတဲ့ ဧည့်သည်ကို ကြိုဆိုဖို့ သခင်ကြီးချင်ကို ကူညီပေးနေတာပါ”
ဝမ်မိသားစု၏သံချပ်ကာတပ်ဖွဲ့ကို
မည်သူမျှ မစော်ကားရဲကြပေ။ စစ်ပွဲအတွင်းဖြစ်နေလျှင် စစ်သူကြီးဝမ်က မည်သူကိုမျှ
သတင်းပို့စရာမလိုဘဲ စတုတ္ထအဆင့်အောက် အရာရှိများကို ကွပ်မျက်ပိုင်ခွင့် ရှိသည်။
စီရင်ပြီးမှသာလျှင် သတင်းပို့ရင် လိုအပ်သည်။
တာ့ရှားတိုင်းပြည်ကြီးမှာ
ဘယ်သူက ဝမ်မိသားစုရဲ့စစ်တပ်ကို မကြောက်လို့လဲ?
"ခဏစောင့်"
သံချပ်ကာဝတ်
စစ်သည်များ၏ အမူအရာက အေးစက်နေဆဲဖြစ်ပြီး သူတို့ကို ဖြတ်သန်းခွင့် မပြုသော်လည်း
အခြေအနေကို စစ်ဆေးရန် စစ်သည်တစ်ဦးကို စေလွှတ်လိုက်သည်။
ဝမ်ယွိလင်က
အခြားသူများ၏မျက်နှာကို ဂရုမစိုက်သော်လည်း လူအိုကြီးချင်က လက်ရှိဧကရာဇ်မင်းမြတ်၏
ဆရာ ဖြစ်ခဲ့သောကြောင့် ဝမ်ယွိလင်က ဧကရာဇ်မင်းမြတ်၏ ဆရာအိုကြီးအား မျက်နှာပေးရမည် ဖြစ်သည်။
ဤသည်မှာ
တည်းခိုခန်းမှ ကျန်ဧည့်သည်များ မောင်းထုတ်ခံရပြီး သခင်ကြီးချင်း၊ စူးချင်းနှင့်
အခြားသူများသာ ကျန်နေတော့သည့် အကြောင်းအရင်း ဖြစ်သည်။
အခြေအနေကို စစ်ဆေးရန်
ဝင်သွားသော စစ်သည်က အမြန် ပြန်ရောက်လာပြီး ဂိတ်စောင့်နေသော သံချပ်ကာဝတ်တပ်သားကို
ပြောလိုက်သည်။ “သူတို့ကို ဝင်ခွင့်ပြုလိုက်”
ကျိရွှေရှန့်က
လရောင်ထဲတွင် လွင့်ပျံနေသော ဝမ်မိသားစုစစ်တပ်၏အလံကို ကြည့်နေရင်း သူ့နှလုံးသားထဲမှ
အမုန်းတရားများက ပြည့်လျှံတက်လာကာ သူ့မျက်လုံးများထဲသို့ ရောက်ရှိသွားပြီး မီးတောက်များအဖြစ်သို့
ပြောင်းလဲသွားသည်။ လက်ရှိတွင် သူ့နှလုံးသားထဲ၌ ရန်ဖြစ်သံ နှစ်ခုရှိနေပြီး တစ်သံက
ဝမ်မိသားစုဝင်နှင့် ဤသံချပ်ကာတပ်ကို ချေမွပစ်ရန် ကြွေးကြော်နေပြီး ကျန်တစ်သံက “ရှောင်ယင်နဲ့
စူးချင်းက အထဲမှာ ရှိနေတုန်းပဲ၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့” ဟု အော်ဟစ်နေလေသည်။
"ကျေးဇူးပြုပြီး"
သခင်ကြီးချင် စေလွှတ်ထားသည့်လူက
ကျိရွှေရှန့်ကို တည်းခိုဆောင်အတွင်းသို့ ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။ ကျိရွှေရှန့်က
သူ့စိတ်ထဲမှ ဒေါသကို ထိန်းထားပြီး ထိုလူ၏နောက်သို့ လိုက်ရန် ခေါင်းညိတ်ပြလိုက်သည်။
ခြံထဲသို့ ဝင်ပြီးနောက် သူ၏ စိတ်က ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြန်သည်။ တင်းကုပ်များ
အားလုံးတွင် စစ်မြင်းများ ချည်နှောင်ထားပြီး ခြံဝင်းတွင်လည်း သံချပ်ကာစစ်သည်များ
ပြည့်နေကာ အပြန်ပြန်အလှန်လှန် ကင်းလှည့်နေသည်ကို သူ တွေ့လိုက်ရသည်။
သူက သူ့အကြည့်ကို ပြန်လွှဲလိုက်ပြီး
သခင်ကြီးချင် စေလွှတ်ထားသည့်လူနှင့်အတူ တည်းခိုဆောင် အတွင်းသို့ လိုက်ပါသွားခဲ့သည်။
သူတို့ အပေါ်ထပ်သို့ တက်နေစဉ်တွင် စစ်ဝတ်စုံဝတ်လာသည့် အမျိုးသားတစ်ဦး ဆင်းလာသည်ကို
တွေ့လိုက်ရသည်။ သူက အလျင်လို နေသော်လည်း ကျိရွှေရှန့်ကို ကြည့်လိုက်ပြီး နောက်ထပ် တကြိမ်ထပ်ကြည့်လိုက်သေးသည်။
ကျိရွှေရှန့်က သူ့မျက်လုံးများကို မကြည့်မိစေရန် ခေါင်းငုံ့ထားလိုက်သည်။
ဤလူက မြင်းဖြင့် ရွာလူကြီးချိုးကို
ဒဏ်ရာရစေခဲ့သော ဝမ်မိသားစုစစ်တပ်၏ လက်ထောက် ဖြစ်ပြီး ကျိရွှေရှန့်က သူ့ကို အရင်က
မြင်ဖူးခဲ့သည်။
"ဘယ်သူလဲ?"
ထိုလူက ကျိရွှေရှန့်ကို
လက်ညှိုးထိုးပြလိုက်ပြီး သံချပ်ကာဝတ်တပ်သားတစ်ယောက်ကို အသံနက်ကြီးဖြင့် လှမ်းမေးလိုက်သည်။
ကျိရွှေရှန့်က ဝင်ခွင့်ပြုလိုက်သော်လည်း သံချပ်ကာဝတ် တပ်သားနှစ်ယောက်က သူ့ကို
လိုက်ပို့သည့်ပုံစံဖြင့် သူတို့နောက်မှ လိုက်ပါလာသေးသည်။
"သခင်ကြီးချင်ရဲ့ ဧည့်သည်ပါ"
သံချပ်ကာဝတ်တပ်သားက
လက်ထောက်ကို သတင်းပို့လိုက်သောကြောင့် လက်ထောက်က မျက်မှောင်ကြုတ်လိုက်သည်။ အခြားသူသာဆိုလျှင်
သူ ဒီလူ့ကို တိုက်ရိုက်မောင်းထုတ်လို့ရတယ်၊ ဒါပေမယ့် သခင်ကြီးချင်ဆိုရင်တော့
အဲ့လိုမျိုး လုပ်လို့ မဖြစ်တော့ဘူး။
"တက်သွားတော့!"
လက်ထောက်က
ရှုံ့တွနေသော မျက်နှာဖြင့် သူ့လက်ကို ဝှေ့ယမ်းကာ ကျိရွှေရှန့်ကို စိုက်ကြည့်နေသည်။
ဤလူက အရပ်ရှည်ပြီး
ကြမ်းတမ်းရကာ မုတ်ဆိတ်မွေးများလည်း ရှိနေသေးသည်။
သူက အဝတ်ကြမ်းနဲ့
သားရေဖိနပ်တစ်ရံကို ၀တ်ဆင်ထားတယ်လေ၊ သခင်ကြီးချင်က ဘာလို့ ဒီလို တောသာအရိုင်းအစိုင်းနဲ့
မိတ်ဖွဲ့ရတာလဲ?
ကျိရွှေရှန့်က ခေါင်းငုံ့ထားလိုက်သည်။
သူက သူ့ရှေ့မှာ ဝမ်မိသားစု၏တပ်သား သုံးယောက်ကို သတ်ပစ်နိုင်မည်ဟု အာမခံနိုင်သော်လည်း
စူးချင်းနှင့် ကျိရှောင်ယင်ကို ဘေးကင်းစွာ ခေါ်ဆောင်သွားနိုင်မည်ဟုတော့ အာမခံချက် မပေးနိုင်သေးပေ။
ထို့ကြောင့်
အကြောင်းပြချက်က စိတ်အားထက်သန်မှုကို အနိုင်ယူသွားရသည်။ သူက သူ့ကိုယ်သူ ထိန်းထားရန်
ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် လက်ထောက်ကို သူက ရိုးရိုးသာမန်ရွာသားတစ်ယောက်သာ ဖြစ်ကြောင်း
ပြသခဲ့သည်။
လီဝူက ဒုတိယထပ်တွင်
ရှိနေပြီး ကျိရွှေရှန့်ကို စောင့်နေလေသည်။ သူ တက်လာသည်ကို မြင်သောအခါ လီဝူက သူ့ကို
ပြုံးပြလိုက်ပြီး “ခရီးအရှည်ကြီး နှင်လာခဲ့ရတော့ ကျိသခင်လေးလည်း ပင်ပန်းနေမှာပေါ့။
ကျွန်တော်က သခင်လေးအတွက် အခန်းတစ်ခန်း စီစဉ်ထားပြီးပါပြီ။ ရေချိုးပြီး
ကောင်းကောင်းအနားယူလိုက်ပါ။ ကျွန်တော် သခင်မလေးစူးကို အကြောင်းကြားထားပြီးပါပြီ။ သခင်လေးရဲ့
ညီမလေးက အိပ်ပျော်နေပြီလို့ ပြောပါတယ်၊ သခင်မလေးစူးကတော့ သခင်လေးနဲ့တွေ့ဖို့
ခဏနေရင် သခင်လေးရဲ့အခန်းထဲကို လာခဲ့ပါမယ်တဲ့"
"ကျေးဇူးအများကြီးတင်ပါတယ်"
ကျိရွှေရှန့်က
လက်ခုပ်အုပ်ကာ ကျေးဇူးတင်ကြောင်း ပြသလိုက်ပြီး လီဝူနှင့်အတူ တတိယထပ်သို့ လိုက်ပါသွားခဲ့သည်။
ထိုအရာကိုလည်း လီဝူက
အထူးစီစဉ်ထားခြင်းဖြစ်ပြီး စစ်သူကြီးဝမ်က ကျိရွှေရှန့်တို့ကို နှောင့်ယှက်ပြီး
ဒုက္ခပိုပေးမည်ကို စိုးရိမ်သောကြောင့် သူ ဒုတိယထပ်တွင် စောင့်နေခဲ့ခြင်း ဖြစ်သည်။
ကျိရွှေရှန့်က လီဝူနျင့်အတူ
တတိယထပ်သို့ လိုက်ပါသွားခဲ့ပြီး လီဝူက စူးချင်းနှင့် နံရံတစ်ခုသာ ခြားသော အခန်းတစ်ခန်း စီစဉ်ပေးရန် တာဝန်ခံကို ညွှန်ကြာထားပြီး ဖြစ်သည်။
"သခင်လေး၊ စောစော အနားယူပါ။ တည်းခိုဆောင်က အစေခံတွေကို ရေနွေးပို့ခိုင်းလိုက်ပါ့မယ်"
လီဝူက ကျိရွှေရှန့်ကို
ယဉ်ကျေးစွာ ပြောဆိုနေသည်။ သူ့ရဲ့သခင်ကြီးက သခင်မလေးစူးကို အားကိုးနေတုန်းမို့ သူမရဲ့လူတွေကို
ပိုရိုသေရမယ်လေ။
ကျိရွှေရှန့်က
ကျေးဇူးတင်စကား ထပ်ပြောရင်း ခေါင်းညိတ်ပြကာ အခန်းထဲသို့ ဝင်ရန် တံခါးကို တွန်းဖွင့်လိုက်သည်။
သူ့တစ်ကိုယ်လုံး တင်းမာနေပြီး နိုးကြားနေကာ အခန်းထဲတွင် ချောင်းမြောင်းနေသူ မရှိသည်ကို သေချာသိပြီးနောက်
သူ စိတ်အေးလက်အေး ဖြစ်သွားရသည်။
စူးချင်းက သူမ၏အခန်းထဲတွင်
ရှိနေပြီး တံခါးဖွင့်သံနှင့် ဘေး အခန်းမှ စကားပြောသံကို ကြားလိုက်ရသည့်တိုင် သူမက
မလှုပ်မယှက် ရှိနေသေးသည်။ သူမ၏လက်များကတော့ အလျင်အမြန် ကခုန်နေပြီး လှပသော ကြိမ်ခြင်းတောင်းတစ်ခု
ပြီးစီးတော့မည် ဖြစ်သည်။
ကျိရွှေရှန့်က အခန်းထဲတွင်
အကြာကြီး မစောင့်လိုက်ရဘဲ အစေခံတစ်ယောက်က ရေနွေးယူလာပေးသည်။
ကျိရွှေရှန့်လည်း ကောင်းကောင်းရေမချိုးရသည်မှာ
ကြာနေပြီ ဖြစ်သည်။ သူက အစေခံကို ပြန်လွှတ်လိုက်ပြီး
သူ၏အဝတ်အစားများကို ချွတ်ကာ ရေချိုးစည်ထဲသို့ ကိုယ်လုံးတီး ဝင်ရောက်သွားသည်။ အပူရှိန်ပြင်းပြင်း
အလယ်တွင် သူ၏သန်မာသော လက်နှစ်ဖက်ကို ရေချိုးစည်၏ဘေးများတွင် ပေါ့ပေါ့ပါးပါး
ချထားလိုက်ပြီး သူ့တစ်ကိုယ်လုံးကို ရေနွေးစိမ်နေခဲ့သည်။ သူက သူ့မျက်လုံးများကို
မှိတ်ထားခဲ့သော်လည်း သူ့ခေါင်းကတော့ လှည့်ပတ်နေသော မီးပုံးတစ်ခုလို ဖြစ်နေပြီး
အတွေးပေါင်းစုံလင်နေတော့သည်။
၎င်းတို့၏ တည်းခိုဆောင်ရှိ
အဆာပြောစားစရာများအားလုံးကို သခင်မလေးစူးက ယူဆောင်သွားသောကြောင့် တည်းခိုဆောင်က
ကျိရွှေရှန်းကို အစားအသောက် တစ်စုံတစ်ရာ မပေးပို့တော့ပေ။ ထို့အပြင် ကျိရွှေရှန့်က
မြင့်မြတ်သော ဧည့်သည်ဟုတ်ဟန်မတူသောကြောင့် ထိုကဲ့သို့သော အချိုပွဲကောင်းများကို
ပေးပို့ရန် မလိုအပ်ကြောင်းလည်း သူတို့ ခံစားခဲ့ရသည်။
အချိန်အနည်းငယ်ကြာပြီးနောက်
ကျိရွှေရှန့်၏တစ်ကိုယ်လုံး ရေနွေးငွေ့များဖြင့် စိုစွတ်နေပြီး သူ့ခန္ဓာကိုယ်ရှိ ချွေးပေါက်များပွင့်သွားသည်အထိ
ဖြစ်နေခဲ့သည်။ ပူပြင်းသောလေက သူ့မျက်နှာပေါ်ရှိ ရေစက်များထဲသို့
စုပြုံဝင်ရောက်လာပြီး သူ့ပါးပြင်ပေါ် စိမ့်ဝင်သွားသည်။ သူက ရေစက်လေးများ သုတ်ရန်
သူ့လက်ကြီးကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်ပြီး ခပ်ကြမ်းကြမ်း ရေသုတ်လိုက်သည်။ သူ
မျက်လုံးများ ပြန်ဖွင့်လာချိန်တွင် ထိုမျက်လုံးများက ဓားသွားကဲ့သို့ ထက်ရှနေသည်။
သံချပ်ကာဝတ်တပ်သားတွေ
အများကြီးကို ခေါ်ဆောင်လာနိုင်တဲ့သူက ဝမ်မိသားစုရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်ရမယ်။
သူက ဒီနားနေတည်းခိုဆောင်ကို ရောက်နေပြီးမှ ဒီအခွင့်အရေးကို လက်လွတ်သွားခဲ့ရင် အဲ့ဒီလူကို
သတ်ဖို့ အချိန်နှောင်းသွားမှာ မဟုတ်ဘူးလား?
ကျိရွှေရှန့်က
ရုတ်တရက် ရေထဲမှ ပြန်ထကာ စည်ပိုင်းဘေးရှိ အဖြူရောင် ရေချိုးပုဝါကို
လှမ်းယူလိုက်သည်။ ထိုအချိန်တွင် တံခါးက တွန်းဖွင့်ခံလိုက်ရပြီး စူးချင်းက မုန့်ပန်ကန်နှစ်ချပ်ပါသော
ခြင်းတောင်းတစ်လုံးနှင့် ဝင်လာခဲ့သည်။
သူမ အခန်းထဲဝင်သို့
ဝင်လိုက်သည်နှင့် ကျိရွှေရှန့်၏ဗလာကျင်းနေသည့် ခန္ဓာကိုယ်မှ သန်မာသော နောက်ကျော
ကြွက်သားများ၊ သူ့၏သန်မာပြီး ကွေးကောက်သောခါး၊ တင်းမာသော တင်ပါးများနှင့်
သန်မာရှည်လျားသော ခြေတံနှစ်ချောင်းကို သူမ တွေ့လိုက်ရသည်။
တံခါးဖွင့်သံ ကြားလိုက်သောကြောင့်
လှည့်ကြည့်လိုက်သော ကျိရွှေရှန့်က စူးချင်း၏မျက်လုံးများကို တွေ့လိုက်ရသည်။ သူက အလွန်ထိတ်လန့်သွားပြီး
သူ့၏အရေးကြီးသော အစိတ်အပိုင်းများကို ရေချိုးပုဝါဖြင့် အမြန်ဖုံးလိုက်သည်။
"မင်း ထွက်သွား"
ကျိရွှေရှန့်က ဒေါသတကြီး
အော်လိုက်သည်။ စူးချင်းက ကျိရွှေရှန့် ဤနေရာတွင် ရှီးချန်တစ်ဝက် ကြာအောင်
ရေချိုးနေဦးမည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူက ရေချိုးနေတုန်းတောင်
တံခါး မပိတ်ဘူးလား?
စူးချင်းက
အနောက်သို့ လှည့်လိုက်ပြီး အေးစက်စက် ပြန်အော်လိုက်သည်။ "ရှင့်ရဲ့အဝတ်အစားတွေကို
ဝတ်လိုက်လေ"
ကျိရွှေရှန့်၏မျက်နှာက
အနက်ရောင်မျဉ်းများဖြင့် ပြည့်နှက်နေသည်။
သူမက သူ့ကို
အဝတ်ဗလာနဲ့ ရှင်းရှင်းလင်းလင်း မြင်လိုက်တာလေ။ သူမက ဘာလို့ ဒေါသထွက်နေသေးတာလဲ?
သို့သော်လည်း
ကျိရွှေရှန့်တစ်ယောက် စဉ်းစားရန်ပင် အချိန်မရှိဘဲ သူ့အဝတ်အစားများကို အမြန်ဝတ်ဆင်လိုက်ရသည်။
သံမဏိကဲ့သို့ မာကျောသောလူက အမှန်တကယ်ပင် မျက်နှာနီရဲနေလေသည်။ သူက သူ့လက်နှင့် ခြေများကို
ဘယ်နား ထားရမှန်း မသိလောက်အောင် ရှက်နေပြီး ခြောက်ခြောက်ကပ်ကပ် လှမ်းမေးလိုက်သည်။
“မင်း… ဘာလို့ တံခါးမခေါက်တာလဲ?”
✍️✍️✍️