အခန်း ၅၅ စစ်သူကြီးက
ဘာကြောင့် ဒီမိန်းမကို အာရုံစိုက်နေရတာလဲ?
“ဝမ်မိသားစုစစ်တပ်က
လူတွေက အောက်ထပ်မှာ တည်းခို နေကြတယ်။ ကျွန်မ တံခါးခေါက်လိုက်ရင် သူတို့ရဲ့အာရုံကို
ဆွဲဆောင်မိသွားလိမ့်မယ်"
စူးချင်းက ကျိရွှေရှန့်
အဝတ် ဝတ်ဆင်နေသည့်ပွတ်တိုက်သံကို နားထောင်နေခဲ့ပြီး သူ အဝတ်အစားများ ဝတ်ဆင်ပြီးကြောင်း
သေချာသွားမှ နောက်သို့ ပြည်လှည့်ကာ ကျိရွှေရှန့်အား စိုက်ကြည့်နေပြီး မာရေကျောရေ တုံ့ပြန်လိုက်သည်။
စူးချင်းက စကားပြောနေသော်လည်း
ကျိရွှေရှန့်၏မျက်လုံးများကို မလွှတ်တမ်း စိုက်ကြည့်နေခဲ့သည်။ သူမ မျှော်လင့်ထားသည့်အတိုင်း
ဝမ်မိသားစုစစ်တပ် အကြောင်းပြောလိုက်ချိန်တွင် သူ့မျက်လုံးထဲတွင် ဖြစ်ပေါ်လာသော ကြီးမားသောအမုန်းတရားကို
သူမ မြင်လိုက်ရသည်။
“ရှင်
သူတို့ကို မုန်းတယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမယ့် ဒီမှာက လုံခြုံရေးကို အရမ်းတင်းကျပ်ထားတယ်၊
အခု ဒီကိုရောက်နေတဲ့ ဝမ်မိသားစုစစ်တပ်က လူတွေက သေသေချာချာ လေ့ကျင့်ထားတဲ့ သူတွေပဲ။
သူတို့အားလုံးက စစ်မြေပြင်မှာ သွေးသွန်းလောင်းလာခဲ့ကြတဲ့ စစ်သည်တွေပဲ။ ဒီလို
အသေခံကာကွယ်မယ့် စစ်သည်တွေရဲ့အကာအကွယ်အောက်မှာဆိုရင် ရှင်က ရှင်သတ်ချင်တဲ့လူကို နာကျင်အောင် လုပ်နိုင်မယ်လို့ မသေချာဘူး။
ဒါပေမယ့် တခြားတစ်ဖက်ကတော့ ကျွန်မတို့အားလုံးကို အလုံးအရင်းနဲ့ ဝင်တိုက်ပြီး ဖမ်းဆီးနိုင်မှာ
သေချာတယ်။ ရှောင်ယင်က ကိုယ်ခံပညာကို မသိဘူး၊ အဲ့တာကြောင့် ရှင် သူ(မ)အတွက် စဉ်းစားပေးသင့်တယ်"
အစပိုင်းတွင် စူးချင်းက
သူ့အခန်းသို့ မလာချင်သော်လည်း
ကျိရွှေရှန့်၏ စိတ်ဆန္ဒပြင်းပြမှုက ဘေးဥပဒ်ဖြစ်လာစေပြီး ရှောင်ယင်ကိုပါ ပါဝင်ထိခိုက်စေမည်ကို
သူမ စိုးရိမ်နေခဲ့သည်။ မူလက ယနေ့ညတွင် သူမတို့ ပြန်ထွက်သွားရန် တွေးထားခဲ့သော်လည်း
ကျိရွှေရှန့်က ဤနေရာသို့ ရောက်လာခဲ့သည်။ သူမတို့ ချက်ချင်း ပြန်ထွက်ခွာသွားလျှင်
သံသယများ ပိုတိုးလာနိုင်သောကြောင့် အပြောင်းအလဲကို ရင်ဆိုင်ရန် မပြောင်းလဲခြင်းဖြင့်သာ
ကိုင်တွယ်ဖြေရှင်းရတော့မည် ဖြစ်သည်။
ကျိရွှေရှန့်က အနည်းငယ်
ထိတ်လန့်သွားပြီး တွေဝေသွားမိပြန်သည်။ သူ ဝမ်မိသားစုစစ်တပ်ကို မုန်းတယ်ဆိုတာ စူးချင်းက
ဘယ်လို သိနေတာလဲ?
သို့သော်လည်း သူမ၏စကားကြောင့်
ကျိရွှေရှန့်က တင်းတင်းဆုပ်ထားသော သူ့လက်သီးများကို ဖြေလျော့လိုက်ပြီး သူ့၏ဆင်ခြင်တုံတရားက
သူ့စိတ်သို့ ပြန်ဝင်လာခဲ့သည်။
ကျိရွှေရှန့်က အသက်ကို
ပြင်းပြင်းရှူထုတ်လိုက်ပြီး စူးချင်းကို ခေါင်းညိတ်ပြလိုက်သည်။
"ငါ သိပြီ"
“ဒီတည်းခိုဆောင်က
ဧည့်ခံတဲ့ အဆာပြေစာမုန့်တွေက မဆိုးဘူး”
စူးချင်းက သူမ ယူလာသော
မိုးမခခြင်းတောင်းကို စားပွဲပေါ်တင်လိုက်ပြီး ကျိရွှေရှန့်ကို လေးလေးနက်နက် ကြည့်လိုက်ပြန်သည်။
“ရှင်
စောစော အနားယူတော့လေ။ လူကြီးလူကောင်းတစ်ယောက်အတွက်တော့ ကလဲ့စားချေဖို့ဆိုတာ
ဘယ်တော့မှ နောက်မကျဘူး”
“အင်း”
ကျိရွှေရှန့်က
ခေါင်းညိတ်လိုက်ပြီး စူးချင်း ပြန်ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ ထို့နောက်တွင်မှု
သူ့အကြည့်များက လက်ရာမြောက်စွာ ရက်လုပ်ထားသော မိုးမခခြင်းတောင်းပေါ်သို့
ကျဆင်းသွားသည်။
ဒါကို စူးချင်း ရက်ခဲ့တာလား?
သူက စားပွဲဆီသို့
လျှောက်သွားလိုက်ပြီး မိုးမခခြင်းတောင်းထဲမှ လက်ဖက်ရည်နှင့် အဆာပြေမုန့်များကို
ထုတ်ယူလိုက်သည်။ သူ့ဗိုက်က ဆာလောင်မှုက တဟုန်ထိုး ထိုးတက်လာပြီး အသံများပင် မြည်လာသောကြောင့်
သူက မုန့်များကို အားပါးတရ ကိုက်စားနေခဲ့သည်။ စားသောက်ပြီးနောက်တွင် သူက အခန်းထဲတွင် ခေါင်းတုံ့ခေါက်ပြန်လျှောက်နေကာ သူ့ခေါင်းထဲတွင်
သူ့မွေးစားဖခင်ပြောပြခဲ့သော အကြောင်းအရာ၏မြင်ကွင်းများက ပြည့်နှက်လာပြန်သည်။
ရန်သူက သူ့ရှေ့မှာ ရှိနေပေမယ့်
သူ့လက်နဲ့ မသတ်နိုင်ဘူး။
သူက မုန်းတီးမှုကြောင့်
အံကို တင်းတင်းကြိတ်ထားပြီး သူ့ခေါင်းဆီသို့ အကြိမ်ကြိမ်ထိုးဆောင့်နေသော သွေးပူများကို
အကြိမ်ပေါင်းများစွာ ဖိနှိမ်နေရသည်။ ထိုအချိန်တွင် သူ့၏မျက်ခွံများက လေးလံပြီးရင်း
ပိုလေးလံလာသည်ဟု သူ ခံစားလိုက်ရပြီး သူ့ခေါင်းက တဝီဝီ မြည်လာသည်။ သူက သူ့ခေါင်းကို
ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သော်လည်း ထိုအိပ်ငိုက်ခြင်းကို မဖယ်ရှားခဲ့နိုင်ပေ။
ဘာတွေဖြစ်နေတာလဲ? သူ
ဒီလို အိပ်ငိုက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ...
စူးချင်းကြောင့်လား?
ထိုအတွေး သူ့စိတ်ထဲတွင်
ပေါ်လာသည်နှင့် တပြိုင်နက် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ကုတင်ပေါ်လှဲချကာ အိပ်လိုက်ရတော့သည်။
ဒုတိယထပ်ရှိ ဝမ်ယွိလင်၏အခန်းတွင်.....
ဝမ်ယွိလင်က
ကခုန်နေသော ဖယောင်းတိုင်မီးတောက်ကို ကြမ်းကြုတ်သောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
အဲ့ဒီအမှိုက်တွေက
လူပေါင်း ရာနဲ့ ချီပြီး ဖမ်းဆီးခဲ့ကြပေမယ့် သူရဲ့စတုတ္ထညီကို သတ်တဲ့ လူသတ်သမားကို
မရှာနိုင်ကြသေးဘူး။
လွန်ခဲ့တဲ့
ဆယ်နှစ်တာကာလအတွင်းမှာ ဝမ်မျိုးနွယ်စုက အင်အားကြီးမားလာပြီး တာ့ရှားရဲ့နယ်နမိတ်အတွင်းမှာ
သူတို့ ဆန္ဒရှိသလို လုပ်ဆောင်နိုင်တယ်လို့ ပြောလို့ရတယ်။ ဘယ်သူက ခြင်္သေ့ခေါင်းကို
လာပုတ်ပြီး ဝမ်မိသားစုက လူကို သတ်ဖို့
သတ္တိရှိနေရတာလဲ?
“အဘိုးကြီးချင်ရဲ့နောက်ကနေ
ပါလာတဲ့ အဲ့ဒီမိန်းမကို သွားစစ်ဆေးကြည့်လိုက်”
ဝမ်ယွိလင်က လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး
သူ့ဘေးနားမှ သက်တော်စောင့်ကို လှမ်းပြောလိုက်သည်။
"အဲ့မိန်းမကို စုံစမ်းရမှာလား?"
သက်တော်စောင့်က သိသိသာသာ
အံ့သြသွားကြောင်း ထင်ရှားသည်။
စစ်သူကြီးက
ဘာကြောင့် ဒီမိန်းမကို အာရုံစိုက်နေရတာလဲ?
“အဲဒီမိန်းမက
အဘိုးကြီးချင်းရဲ့ အထူးဧည့်သည်ဖြစ်ဖို့ဆိုရင် သာမန်လူတစ်ယောက် မဖြစ်နိုင်တော့ဘူး။ ပြီးတော့
သူ(မ)က လူတွေက အပေါ်စီးကနေ တင်တင်စီးစီး ကြည့်တက်သေးတယ်၊ အကြည့်တွေက ရဲတင်းတဲ့အပြင်
မောက်မာလွန်းတယ်”
ဝမ်ယွိလင်က
ထိုအမျိုးသမီးကို အဘယ်ကြောင့် စုံစမ်းချင်နေသည်ကို သူ ကိုယ်တိုင်ပင် မသိတော့ပေ။
အဘိုးကြီးချင်နဲ့
သူမရဲ့ဆက်ဆံရေးကို သူ သိချင်နေတာပဲ ဖြစ်ရမယ်....
သို့သော်လည်း ဤအရာက
သေးငယ်သော လျှို့ဝှက်ချက်တစ်ခုမျှသာဖြစ်သည်။ သူက ချက်ခြင်းပင် သူ့ညီလေး၏လူသတ်မှုကို
အာရုံပြန်လှည့်လိုက်သည်။
"ဓားပြတွေ?"
ဝမ်ယွိလင်၏မျက်လုံးများက
ဓားပြများ၏ ထွက်ဆိုချက်မှတ်တမ်းများ အပေါ် ကျရောက်သွားကာ သူက ထိုမှတ်တမ်းကို
ကောက်ကိုင်လိုက်ပြီး သေသေချာချာ ဖတ်နေရင်း ရေရွတ်လိုက်သည်။
“ဒီဓားပြအုပ်စုက
ဒုက္ခသည်အုပ်စုကို လိုက်နေတယ်လို့ ဝန်ခံခဲ့တာလား? အဲ့ဒီဒုက္ခသည်အုပ်စုထဲမှာ
ကိုယ်ခံပညာ ကျွမ်းကျင်တဲ့သူတွေ ရှိနေပြီး သူတို့ထဲက တစ်ယောက်က မိန်းခလေးလို့ ပြောတယ်ပေါ့”
ဝမ်ယွိလင်က စူးချင်း၏
အေးစက်ပြီး မောက်မာသောအကြည့်များကို ပြန်တွေးမိကာ သူ သူမကို အဘယ်ကြောင့် ဤမျှလောက်
အာရုံစိုက်နေမိကြောင်း နားလည်သွားသည်။ သူမက ကိုယ်ခံပညာကို သိနေတဲ့ ပြင်းထန်တဲ့ ကိုယ်ရောင်ကိုယ်ဝါ
လည်းရှိနေသေးတယ်။ အဲ့တာကြောင့် သူမဆီကနေ လူတွေအတွက် ချဉ်းကပ်ဖို့ မလွယ်စေတဲ့ ရန်လိုရိပ်ကို
သူ ခံစားနေရတာပဲ။
သက်တော်စောင့်က ဝမ်ယွိလင်၏တီးတိုး
ရေရွတ်သံကို ကြားလိုက်ပြီး သူက “စစ်သူကြီး၊ ဒီမိန်းမက စတုတ္ထသခင်လေးကို သတ်တဲ့သူလို့
စစ်သူကြီး တွေးနေတာလား?"
“ဘယ်သူလုပ်တယ်ဆိုတာ
ငါတို့ မသိသေးဘူး။ မသင်္ကာစရာလူရှိနေသရွေ့တော့ စုံစမ်းရမယ်။ သူ(မ)က ဘယ်သူဖြစ်ဖြစ်
ငါ ဂရုမစိုက်ဘူး"
ဝမ်ယွိလင်က သူ့လက်ဖြင့်
စားပွဲကို ရိုက်ချလိုက်ပြီး သူ့တစ်ကိုယ်လုံးမှ သတ်ဖြတ်ခြင်း ရောင်ဝါများ လျှံထွက်လာသည်။
"ဟုတ်ကဲ့၊ အခု သွား စုံစမ်းလိုက်ပါ့မယ်"
စူးချင်းက သူမ၏အခန်းသို့
ပြန်သွားခဲ့ပြီး ကျိရှောင်ယင်က အိပ်ပျော်နေသေးသည်ကို သူမ တွေ့လိုက်ရသည်။ ကောင်မလေး၏မျက်နှာတွင်
အပြုံးတစ်ခုကို မြင်လိုက်ရသောကြောင့် စူးချင်း၏မျက်လုံးများက တောက်ပလာပြန်သည်။
ဒီကလေးမလေးက
တကယ်ကို အကောင်းမြင်တက်တာပဲ။ ဒီလို မရင်းနှီးတဲ့ ပတ်ဝန်းကျင်မှာတောင် သူမက
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်တယ်။
စူးချင်းက တံခါးကို
မင်းတုန်းထိုးလိုက်ပြီး သူမ၏အပေါ်ဝတ်ဖြင့်သာ ကုတင်ပေါ် လှဲနေလိုက်သည်။ သူမက မျက်လုံးများကို
မှိတ်လိုက်ပြီး သိပ်မကြာခင် နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။ ဆေးခပ်ထားသော
အဆာပြေမုန့်များကို စားမိထားသည့် ကျိရွှေရှန့်က ဝမ်မျိုးရိုးအား လက်စားချေမည်ကို
သူမ မစိုးရိမ်တော့ပေ။
နောက်နေ့မနက်ရောက်လာချိန်တွင်
ကောင်းကင်က တောက်ပလာသလို မြင်းများနှင့် အနီးနားမှ တပ်သားများ၏ ခြေသံများကို
ကြားလိုက်ရသည်။
စူးချင်းက ရုတ်တရက်
မျက်လုံးဖွင့်လိုက်ပြီး သူမ၏ဖိနပ်ကို ဝတ်ကာ အိပ်ရာပေါ်မှ ဆင်းလိုက်သည်။ ထို့နောက်
သူမက ပြတင်းပေါက်ကို အနည်းငယ် ဖွင့်ကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။
ဝမ်မိသားစု၏ သံချပ်ကာတပ်ဖွဲ့က အဆင်သင့်ဖြစ်နေပြီး သူတို့၏အကြီးအကဲကို
စောင့်နေကြောင်း သူမ မြင်လိုက်ရသည်။ ထိုအချိန်တွင် အနက်ရောင်ဝတ်စုံဝတ်ထားသော ဝမ်ယွိလင်က
ခြံဝင်းထဲသို့ လျှောက်လာနေသည်။
စူးချင်းက သက်ပြင်းချလိုက်သည်။
သူ ထွက်သွားတော့မှာလား?
သူမ အောက်သို့
ငုံ့ကြည့်နေစဉ်မှာပင် ဝမ်ယွင်လင်းကလည်း အပေါ်ထပ်သို့ လှမ်းကြည့်ရန် သူ့ခေါင်းကို
မော့လိုက်သည်။ စူးချင်းက ချက်ချင်း ရှောင်တိမ်းလိုက်သည်။
ဒီလူမှာ ဒီလောက်ပြင်းထန်တဲ့
အာရုံခံနိုင်စွမ်း ရှိတာလား? တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေတယ်ဆိုတာ သူ တကယ်ခံစားနိုင်တာလား?
ဝမ်ယွိလင်က
အနည်းငယ် ပွင့်နေသော တတိယထပ်မှ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။
တစ်စုံတစ်ယောက်က ပြတင်းပေါက်ကနေ
သူ့ကို ကြည့်နေတာကို သူ ခံစားနိုင်တယ်။ အဲ့တာက မနေ့ညက မိန်းခလေးရဲ့အခန်း ဖြစ်နိုင်တယ်။
ဝမ်ယွိလင်က သူ့၏လင်းယုန်မျက်လုံးများကို
မှေးကျဥ်းလိုက်ပြီး သူ့ဘေးနားမှ သက်တော်စောင့်ကို မေးလိုက်သည်။
"ကျန်းတုန်ပေါ်၊ စုံစမ်းစစ်ဆေးမှုက ဘယ်လိုလဲ?"
“စစ်သူကြီးကို
သတင်းပို့ပါတယ်၊ သခင်ကြီးချင်ရဲ့ နောက်ကို လိုက်လာတဲ့ အမျိုးသမီးနှစ်ယောက်က နတ်ဆေးဆရာတွေ
ဖြစ်တယ်ဆိုတာကို မနေ့ညက ကျွန်တော် သိခဲ့ရပါတယ်။ သခင်ကြီးချင်ရဲ့ရောဂါကို
ကုသပေးနိုင်ကြောင်း ကြားသိခဲ့ရပြီး အဲ့အတွက်ကြောင့် သခင်ကြီးချင်က သူ(မ)တို့ကို အထူးဧည့်သည်အဖြစ်
ဆက်ဆံနေတာပါ”
"နတ်ဆေးဆရာလား?"
ဝမ်ယွိလင်က
မျက်မှောင်ကြုတ်နေကာ ထပ်ခါတလဲလဲ ရေရွတ်နေပြန်သည်။ ဒီဆယ်ကျော်သက်မိန်းကလေးတစ်ယောက်က
မြင့်မြတ်တဲ့သမားတော်ဖြစ်မယ်လို့ သူတော့ မယုံနိုင်ဘူး။ ဒါပေမယ့် သခင်ကြီးချင်က
အိုမင်းသွားတာကြောင့် ဥာဏ်မရှိတော့တာ တွေ့နေရတယ်။ သူက အသက်ပိုရှည်ချင်တာနဲ့
တတ်ယောင်ကားတွေရဲ့လှည့်စားခြင်းကိုတောင် လိုလိုလားလား လက်ခံနေပြီ။
သို့သော် သူက
ဤအဘိုးကြီး၏အသေးအဖွဲကိစ္စများကို ဂရုမစိုက်နိုင်ပေ။ ဒီအမျိုးသမီးက သူ့ရဲ့လေးယောက်မြောက်ညီကို
သတ်ဖြတ်မှုနှင့် ပတ်သက်ခြင်း မရှိကြောင်း သက်သေပြနိုင်သရွေ့တော့ သူမဘာဘာသူမ ဘယ်သူ့ကိုပဲ
လှည့်စား လှည့်စား သူနဲ့ မဆိုင်ဘူး။
ဝမ်ယွိလင်က
ခြေနင်းကွင်းပေါ်တက်ကာ မြင်းပေါ်သို့ ခုန်တက်လိုက်သည်။ သူ့လက်ထဲမှ ကြာပွတ်က လေထဲတွင်
ဝဲပျံသွားပြီး အက်ကွဲသံများ ထွက်လာတော့မယောင် ခံစားရစေသည်။ စစ်မြင်းကြီး၏ သခင်ဖြစ်သူ၏
အချက်ပြမှုကို သိနေပြီး ကြာပွတ်သံကို ကြားသည်နှင့် သူက လည်တိုင်ကို မော့လိုက်ပြီး တည်းခိုဆောင်၏ဝင်ပေါက်မှ
ပြေးထွက်သွားတော့သည်။
ဝမ်မိသားစု၏သံချပ်ကာဝတ်
တပ်သားများကလည်း ၎င်းတို့နောက်မှ လေ၏အရှိန်ကဲ့သို့ လိုက်ပါသွားကြပြီး တခဏချင်းမှာပင်
နားနေတည်းခိုဆောင်က ပြန်လည်တိတ်ဆိတ်သွားကာ ဖုန်မှုန့်များသာ ကျန်နေတော့သည်။
စူးချင်းက
ပြတင်းပေါက်ရှေ့တွင် ရပ်နေကာ ပြန်ထွက်သွားသော လူအုပ်ကို ကြည့်နေခဲ့သည်။ ထို့နောက် သူမက
ကျိရွှေရှန့်၏အခန်းပြတင်းပေါက်ကို
တစ်ချက်ကြည့်လိုက်ပြီး ပြတင်းပေါက်က ပိတ်ထားဆဲဖြစ်သောကြောင့် သူ မနိုးသေးကြောင်း နားလည်လိုက်သည်။
မနေ့ညက ကျိရွှေရှန့်က
သူ့စိတ်သူ မထိန်းနိုင်မည်ကို စိုးရိမ်တာကြောင့် စူးချင်းက အချိုပွဲထဲတွင်
အိပ်ဆေးထည့်ထားခဲ့သည်။ ထိုဆေးက ရှောင်ချီ ပြင်ဆင်ထားသော ဆေးဖြစ်ပြီး သူမက ကျိရွှေရှန့်ကို
မနိုးစေချင်လျှင် သူ သုံးရက်သုံးညတိုင် အိပ်ရာမှ ထနိုင်မည် မဟုတ်ပေ။
"မင်္ဂလာနံနက်ခင်းပါ၊ အစ်မ"
ကျိရှောင်ယင်က
ငိုက်မျဉ်းနေရင်း ထထိုင်လိုက်ကာ သူမ၏သွယ်လျသော လက်ချောင်းလေးများဖြင့် သူမ၏မျက်လုံးများကို
ပွတ်သပ်နေသည်။ သူမ၏ နူးညံ့သောအသံလေးက သူမ အိပ်ရေးမဝသေးကြောင်း ပြသနေသည်။
"နိုးပြီလား? မင်း ဗိုက်ဆာနေပြီလား?"
စူးချင်းက စိတ်အခြေအနေကောင်းနေပြီး
ကျိရှောင်ယင်ကို အပြုံးဖြင့် မေးလိုက်သည်။
“ကျွန်မ
ဗိုက်မဆာသေးပါဘူး။ မနေ့ညက တော်တော် စားလိုက်မိတယ်"
ကျိရှောင်ယင်က ရှက်ကိုးရှက်ကန်းဖြင့်
လျှာထုတ်ပြလိုက်သည်။ မနေ့ညက အဘိုးကြီးချင်က သူမရဲ့ပန်းကန်ထဲကို အစားအသောက်တွေ
ဆက်တိုက် ထည့်ပေးနေပြီး သူမကလည်း ပန်းကန်ထဲကို ထည့်ပေးသလောက် စားလိုက်မိတယ်။ တကယ်တော့
သူမ သူမကိုယ်သူမ မတားနိုင်ဘဲ အလွန်အကျွံ စားခဲ့မိတယ်။
“ထပြီး
ဆေးကြောလိုက်ဦး၊ မင်းအစ်ကိုက မနေ့ညကတည်းက ရောက်နေတာ"
ကျိရှောင်ယင်၏
ချစ်စဖွယ်အသွင်အပြင်ကို မြင်လိုက်သောကြောင့် စူးချင်းက ထပ်ပြုံးလိုက်ပြီး ကျိရွှေရှန့်အကြောင်း
ပြောပြလိုက်သည်။
“အစ်ကိုကြီးက
ဒီကို ရောက်နေပြီလား? အစ်မက ညီမကို ဘာလို့ မနှိုးရတာလဲ?"
သူမ၏အစ်ကို ရောက်လာကြောင်း
ကြားသောအခါ ကျိရှောင်ယင်က ဝမ်းသာသွားပြီး သူမ၏ဖိနပ်ကို အမြန်စီးနေကာ စူးချင်းကို
စောဒကတက်နေလေသည်။
"မင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာလေ၊ ငါ မင်းကို နိုးလို့ မရဘူး"
စူးချင်း၏အသံတွင်
သူမပင် သတိမထားမိနိုင်သော ကျီစယ်မှုအရိပ်အယောင်များ ပါဝင်နေသသည့်အပြင် သူမက ကျိရှောင်ယင်အား
နွေးထွေးသောအပြုံးဖြင့် ကြည့်နေလေသည်။
ကျိရှောင်ယင်ကလည်း သူမ
မနေ့ညက အလွန်အိပ်မောကျသွားမှန်း သိနေခဲ့သည်။ ကုတင်က အလွန်နူးညံ့ပြီး ချည်ပုံကြီးထဲတွင် လဲလျောင်းရသည်က ဇိမ်ရှိလွန်းသလို
သူမ ခံစားရပြီး သူမ၏ မျက်ခွံများက အလိုလို တွဲကျသွားခြင်းပင်။
ကျိရှောင်ယင်က သူမ၏ဖိနပ်ကို
စီးလိုက်ပြီး တံခါးအပြင်သို့ ပြေးထွက်သွားသည်။
"အစ်ကိုကြီးကို သွားတွေ့မယ်"
စူးချင်းက ကျိရွှေရှန့်ကို သူမတိုက်ထားသော ဆေးကို ပြန်တွေးမိလိုက်သောကြောင့် ကျိရှောင်ယင်ကို သွားခွင့်မပြုနိုင်ပေ။
✍️✍️✍️