Chapter 56 ဈေးဝယ်ထွက်ခြင်း
Viewers 17k

အခန်း ၅၆ ဈေးဝယ်ထွက်ခြင်း

"ခနေနေပါဦး! မင်းရဲ့အစ်ကိုကြီးကို နည်းနည်းကြာကြာ ပိုအိပ်ခိုင်းလိုက်ပါလား? သူလည်း အရမ်း ပင်ပန်းနေပြီ"

စူးချင်းက ကျိရှောင်ယင်ကို ပြန်ဆွဲခေါ်ရင်း တားဆီးလိုက်သည်။

အိုး၊ မှန်တယ်။ အစ်မ.... အစ်မက အရမ်းစဉ်းစားပေးတက်တယ်။ ကျွန်မ သူ့ကို မနှိုးဘဲ တိတ်တိတ်လေး သွားကြည့်လိုက်မယ်"

စူးချင်း၏စကားကို ကြားချိန်တွင် ကျိရှောင်ယင်က ကျိရွှေရှန့်ကို သွားမတွေ့တော့ပေ။ သူမက သူမ ဆူညံပွက်လောရိုက်နေရင် သူမ၏အစ်ကိုကြီးအား  နှိုးမိမည်ကို စိုးရိမ်နေပြီး ခြေဖျားဖြင့် လမ်းလျောက်တက်သော ကြောင်လေးတစ်ကောင်ကဲ့သို့ အခန်းထဲတွင် လမ်းလျှောက်နေသည်။

သွားပြီး ဆေးကြောလိုက်ပါ။ ပြီးရင် ငါတို့ လမ်းလျှောက်ပြီး စျေးဝယ်ထွက်ကြမယ်”

ကလေးမလေး၏အပြုအမူကို မြင်သောအခါ စူးချင်း၏အပြုံးက ပိုပီပြင်လာသည်။ သူမက ကောင်မလေး လမ်းပေါ်ထွက်ကစားဖို့ လိုက်ပို့ရန် ဆုံးဖြတ်လိုက်သည်။

သူမလည်း ဤကမ္ဘာသို့ ရောက်ရှိလာပြီးကတည်းက အလုပ်များနေပြီး ထွက်ပြေးနေရကာ ယခုခေတ်မှ မြို့များက မည်သို့မည်ပုံ ဖြစ်သည်ကို မမြင်ရသေးပေ။

"အင်း အင်း ကောင်းပြီ!"

စူးချင်း၏အဆိုပြုချက်ကို ကြားသောအခါ ကျိရှောင်ယင်၏မျက်လုံးများက တောက်ပလာသည်။ သူမက ထောင်ဟွားဝူတွင် ပိတ်မိနေခဲ့ပြီး မြို့ကိုပင် မရောက်ဖူးပေ။ သူမ ဈေးဝယ်ထွက်ရန် အလွန်စိတ်လှုပ်ရှားနေသဖြင့် ခုန်ပေါက်ချင်လာသည်။

သူမက လက်ခုပ်တီးရန် ပြင်လိုက်ပြီးမှ ဘေးခန်းတွင် အိပ်ပျော်နေသော အစ်ကိုဖြစ်သူကို ပြန်တွေးသွားမိပြီး သူမ လက်ကို အမြန် ပြန်ချလိုက်ပြီး ပြောင်ချော်ချော်မျက်နှာဖြင့် စူးချင်းကို လျှာထုတ်ပြလိုက်သေးသည်။

နှစ်ယောက်သား ဆေးကြောသန့်စင်ပြီး အောက်ထပ်သို့ ဆင်းသွားကြသည်။

စူးချင်းထံတွင် ဝယ်စရာ အများကြီး ရှိနေပြီး သူမက မြင်းသားရေဖြင့် ပြုလုပ်ထားသော ဖိနပ်ရှည်ကို တယ်ချင်သလို ပိတ်စနှင့် အပ်၊ အပ်ချည်များလည်း ဝယ်ရန် လိုအပ်နေသေးသည်။ ထို့အပြင် သူမထံတွင် လဲလှယ်ဝတ်ရန် အဝတ်အစား မလုံလောက်သောကြောင့် သူမက နောက်ထပ်အဝတ်အစားတစ်ထည် ဝယ်ချင်နေသည်။

ပိုက်ဆံရှိနေမှတော့ ဘယ်သူက သူတောင်းစားလို ဝတ်ချင်ပါတော့မလဲ?

တကယ်တော့ သူမက နူးညံ့တဲ့ချည်ထည်တွေကိုလည်း ဝယ်ချင်နေသေးတယ်။ ရှေးခေတ်က အတွင်းခံတွေက ချောင်ချောင်ချိချိတွေ ဖြစ်ပြီး အထူးသဖြင့် ဒီအတွင်းခံဘောင်းဘီတွေ ဝတ်ရတာကို သူမ တကယ်ကို အသားမကျနိုင်ဘူး။ ရင်သားကို လုံးဝ မထောက်ပံ့ပေးနိုင်တဲ့ အတွင်းခံအင်္ကျီကို ထည့်မပြောရင်တောင် ဘောင်းဘီတွေက  ခြေထောက်ကနေ လေဟူးဟူး ဝင်လာစေတယ်။ ဒီအတွင်းခံတွေကို အချိန်အတော်ကြာ ဝတ်ဆင်လိုက်ရရင် သူမရဲ့ရင်သားတွေ လျောကျသွားပြီး လမ်းလျှောက်တဲ့အခါ တုန်ယင်နေတော့မှာ သေချာတယ်။ သူမက သူမအတွက် ကိုယ်ပိုင်ဘရာစီယာနဲ့ အတွင်းခံဘောင်းဘီအစုံလိုက်ကို ဖန်တီးချင်နေတယ်။ ပြီးတော့ အဲ့တာကက သူမရဲ့ချည်ထိုးစွမ်းရည်ကို မြှင့်တင်ပေးနိုင်လိမ့်မယ်။

ပြီးတော့ ဟင်းခတ်အမွှေးအကြိုင်တွေလည်း ထပ်ဝယ်ဖို့ လိုအပ်တယ်။ သူမ အရာအားလုံးကို ပြီးပြည့်စုံအောင် ပြင်ဆင်ထားဖို့ လိုအပ်တယ်။ သူမရဲ့ ချက်ပြုတ်မှုစွမ်းရည်ကို မြှင့်တင်ချင်ရင် စားဖိုမှူးတွေရဲ့ကိုယ်ပိုင်ဟင်းလျာတွေထက် ပိုကောင်းအောင် လုပ်နိုင်ရမယ်။

နှစ်ယောက်သား အောက်ထပ်သို့ ဆင်းလာချိန်တွင် သူမတို့ကို ရှာဖွေရန် တက်လာတော့မည့် လီဝူကို တွေ့လိုက်ရသည်။ လီဝူက သူမတို့နှစ်ဦး အပြင်ထွက်တော့မည်ကို တွေ့သွားပြီး သူမတို့ကို လှမ်းမေးလိုက်သည်။

“မိန်းခလေးတို့... လမ်းလျှောက်ထွက်ချင်လို့လား”

စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်၊ ငါတို့ လမ်းလျှောက်ထွက်မလို့"

"မသွားခင် မနက်စာ စားသွားပါလား? သခင်ကြီးက တည်းခိုဆောင်တာဝန်ခံကို ပြင်ဆင်ခိုင်းထားပြီးပါပြီ။ မိန်းခလေးတို့ အတူတူ စားနိုင်အောင် ကျွန်တော် မင်းတို့ကို လာခေါ်မလို့ တက်လာတာပါ"

လီဝူက အပြုံးဖြင့် ရှင်းပြရင်း ဖိတ်ခေါ်လိုက်သည်။ သူ့သခင်ကြီးက ဒီမိန်းကလေးနှစ်ယောက်ကို အရမ်းဂရုစိုက်နေတယ်လို့ သူ ခံစားရတယ်။ သူ့သခင်ကြီးက သူ့ရဲ့ရောဂါကို ကုသချင်တာကြောင့် သူမတို့ကို ဂရုစိုက်တာ ဖြစ်ကောင်းဖြစ်နိုင်‌ပေမယ့် သူက သူမတို့ကို အရမ်းစိုးရိမ်နေပြီး ပြုစုစောင့်ရှောက်ပေးနေခဲ့တယ်။

စူးချင်းက ခေါင်းခါလိုက်ပြီး "ရပါတယ်၊ ငါတို့ လမ်းပေါ်မှာ စားလိုက်မယ်"

ဒါဆို… ရပါတယ် မိန်းခလေး၊ အဝေးကြီးကိုတော့ မသွားပါနဲ့။ အခု အပြင်မှာ သိပ်မငြိမ်းချမ်းဘူး”

စူးချင်းက အပြင်ထွက်ရန် စိတ်ဆုံးဖြတ်ထားသည်ကို  လီဝူက နားလည်လိုက်ပြီး သူမကို မတားတော့ပေ။ သို့သော် သူက သူမကို သတိထားရန် သတိပေးလိုက်သေးသည်။

သူမတို့က သခင်ကြီးချင်အတွက် အရမ်းအရေးပါတယ်လေ။ မကြာသေးမီက ချောမောလှပတဲ့ မိန်းကလေးတွေ အများကြီး ပျောက်ဆုံးသွားတာကို သူ ကြားသိခဲ့ရတာကြောင့် သူမတို့ အန္တရာယ်ဖြစ်မှာကို သူ စိုးရွံ့နေမိတယ်။

အင်း”

စူးချင်းက အေးစက်စွာ တုံ့ပြန်လိုက်ပြီး ကျိရှောင်ယင်နှင့်အတူ ထွက်ခွာသွားတော့သည်။

လီဝူက စူးချင်း၏အေးစက်သောရုပ်သွင်ကို ကြည့်နေရင်း မယုံနိုင်လောက်အောင် အေးစက်ပြီး သီးသန့်ဆန်လွန်းသည်ဟု ခံစားလိုက်ရသည်။

ဒီအမျိုးသမီးကို ရေခဲနဲ့ လုပ်ထားတာလား? မီးတောင်မှ သူမကို အပူ မပေးနိုင်လောက်ဘူး ထင်တယ်။

စူးချင်းက ခြံဝင်းထဲမှ ထွက်လာနေရင်း ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ တင်းကုပ်ထဲတွင် သခင်ကြီးချင်၏ရထားလုံးများသာ ရှိ‌နေပြီး နားနေတည်းခိုဆောင်မှ ဧည့်သည်များကို ဝမ်မိသားစုက ရှင်းထုတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သူမ တွေးလိုက်မိသည်။

သူမတို့ကို မနှင်ထုတ်ရတဲ့ အကြောင်းအရင်းကတော့ သခင်ကြီးချင်ကြောင့်ပါပဲ။

မောက်မာလွန်းတဲ့ စစ်သူကြီးဝမ်တောင်မှ သူ့ကို နည်းနည်းရှိန်နေတယ်ဆိုတော့ လူအိုကြီးချင်က တော်ဝင်ရုံးတော်ရဲ့အရေးပါတဲ့ အရာရှိအိုကြီးတစ်ယောက်  ဖြစ်နိုင်သေးတယ်။ သူမက တာဝန်ရှိသူတွေနဲ့ ဘာမှ မပတ်သက်ချင်ဘူး။

"အစ်မ၊ အရမ်း စည်ကားတယ်!"

လမ်းမပေါ်သို့ ရောက်လာချိန်တွင်  ကျိရှောင်ယင်က အလွန်စိတ်လှုပ်ရှားနေပြီး အရာအားလုံးကို အချိန်မီ လိုက်ကြည့်ရန် သူမထံတွင် မျက်လုံးများ မလုံလောက်သလို ခံစားနေရသည်။ သူမက စိတ်လှုပ်ရှားစွာ လှည့်ပတ်ကြည့်ရှုနေရင်း အရာရာက သူမအတွက် ထူးဆန်းနေသည်ဟု ခံစားနေရသည်။ အထမ်းတစ်ခုပေါ်တွင် ဝမ်တန်များ ပြုလုပ်နေသည့် စျေးသည်တစ်ဦးကို မြင်လိုက်ချိန်တွင် သူမက ထိုလမ်းကြားတွင် ရပ်နေကာ လုံးဝ မလှုပ်ရှားတော့ပေ။

ထိုဝမ်တန်များက အပေါ်ယံမုန့်သား ပါးလွှာပြီး ထည့်သွင်းထားသော အစာပမာဏများပြားလွန်းသောကြောင့်  ၎င်းတို့ကို ပြုတ်လိုက်ပြီးနောက် ၎င်းတို့က ဖြူဖွေးပြီး ဖောင်းကားနေသည်။ လေတိုက်သောအခါ မွှေးရနံ့က အလွန်စွဲမက်ဖွယ်ကောင်းနေတော့သည်။

ကျိရှောင်ယင်၏မျက်လုံးများက လောဘကြီးသောကြောင်လေးတစ်ကောင်၏ မျက်လုံးများကဲ့သို့ တောက်ပနေသည်ကို စူးချင်းက တွေ့သွားပြီး သူမကို  ထိုဆိုင်သို့ ဆွဲခေါ်သွားကာ ဆိုင်ပိုင်ရှင်ကို လှမ်းမှာလိုက်သည်။

"ဝမ်တန်နှစ်ပွဲပေးပါ"


"ကောင်းပြီ... ဧည်သည်တို့ ထိုင်ကြပါဦး၊ မကြာခင် အဆင်သင့် ဖြစ်စေရပါမယ်”

ဆိုင်ပိုင်ရှင်က ပြုံးပြုံးရွှင်ရွှင်နှင့် အမှာစာ လက်ခံလိုက်ပြီး စူးချင်းနှင့် ကျိရှောင်ယင် ထိုင်နိုင်ရန် ခုံတန်းလေးကို ညွှန်ပြလိုက်သည်။

ထိုအချိန်တွင် ဝမ်တန်ဆိုင်က ဖောက်သည် တစ်ဒါဇင်ကျော်ရှိနေကာ လူပြည့်နေပြီဖြစ်သည်။ ချောမောလှပသော ကောင်မလေး နှစ်ယောက်ကို မြင်သောအခါ လူတိုင်းက ငေးကြည့်နေကြသည်။

ဒီလိုမျိုး ရေလို နူးညံ့နေတဲ့ မိန်းကလေးတွေက နုပျိုပြီး မျက်စိပသာဒ ရှိတယ်လေ။ ပြီးတော့ ဒီလိုမျိုး လှပတဲ့ မိန်းကလေးတွေက ဘယ်လိုလုပ် အများကြီး ရှိနိုင်မှာတဲ့လဲ?

မူလက မွှေးကြိုင်နေသော ဝမ်တန်များက ၎င်းတို့၏ဆွဲဆောင်မှုကို ချက်ချင်း ဆုံးရှုံးလိုက်ရပြီး ယောက်ျားများအားလုံးကို စူးချင်းနှင့် ကျိရှောင်ယင်တို့က စွဲဆောင်လိုက်သည်။

စူးချင်းက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး  သူမ၏အကြည့်များက အေးစက်လွန်းနေသောကြောင့် မူလက စိတ်ယိမ်းယိုင်နေသော ယောက်ျားများအားလုံး သူမ၏လူသတ်အကြည့်များကို ရင်ဆိုင်လိုက်ရသည်။ သူတို့က ကြောက်ရွံ့မှုကြောင့် သူတို့၏ဦးခေါင်းများကို အမြန် ပြန်ငုံ့လိုက်ကြသည်။

ဒါက ချမ်းသာတဲ့မိသားစုက အကြီးဆုံးသခင်မလေး ဖြစ်နိုင်တယ်။ သူတို့ စော်ကားဖို့ တတ်နိုင်သူတွေ မဟုတ်ဘူး။

"သခင်မလေးတို့ ဝမ်တန်တွေ အဆင်သင့်ဖြစ်ပါပြီ"

ဆိုင်ပိုင်ရှင်က ဝမ်တန်ပန်းကန်လုံးနှစ်လုံးကို သယ်ဆောင်လာပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောကာ ပန်ကန်များကု စားပွဲပေါ်တင်ပေးလိုက်သည်။ သူက စားပွဲပေါ်ရှိ အစွန်းအထင်းများကို သုတ်ပေးရန် သူ့လည်ပင်းတစ်ဝိုက်တွင် တင်ထားသော ပုဝါအကြမ်းကို အသုံးပြုလိုက်သေးသည်။

ပထမတစ်ကြိမ် ကြည့်ရုံနဲ့ ဒီနှစ်ယောက်က ချမ်းသာတဲ့မိသားစုက မိန်းမပျိုတွေဆိုတာ သူ ပြောနိုင်ခဲ့တယ်။ အဲ့တာကြောင့် သူ သူမတို့ကို လျစ်လျူရှုလို့ မရဘူးလေ။

စူးချင်းက ပန်းကန်ထဲရှိ ဝမ်တန်များကို တစ်ချက်ကြည့်လိုက်သည်။ အဖြူရောင် ရှိပြီး ဖောင်းနေသည့် ဝမ်တန်များကို ဟင်းရည်၊ ကြက်သွန်မြိတ်တို့နှင့် တွဲဖက် ပေးထားသည်။ ဟင်းရည်ကို ကြက်သားပြုတ်ရည်ဖြင့် ပြုလုပ်ထားပြီး ၎င်းက ဖောက်ထွင်းမြင်နေရကာ ရွှေဝါရောင်အနည်းငယ်တော့ သန်းနေသေးသည်။ ၎င်းကို ကောင်းစွာ ချက်ပြုတ်ထားပုံပေါ်ပြီး ဟင်းချို၏မျက်နှာပြင်ပေါ်တွင် နှမ်းဆီအလွှာတစ်ခုပင် ပေါ်နေသေးသောကြောင့် အသွင်အပြင်တစ်ခုတည်းဖြင့်ပင် စားချင်စိတ်ကို ဆွဲဆောင်နိုင်သည်။

"အစ်မ အရမ်းအရသာရှိတာပဲ"

ကျိရှောင်ယင်၏ပါးစပ်ထဲတွင် ဝမ်တန်တစ်ခု ရှိနေပြီး ပူလွန်းသဖြင့် တရူးရူးမြည်နေသော်လည်း သူမက ထွေးထုတ်ရန် ဝန်လေးနေသည့်အပြင်  စူးချင်းဘက်သို့ လှည့်ကာ အရသာကို ချီးကျူးနေသေးသည်။

စူးချင်းက သူမ၏ချစ်စဖွယ်အသွင်အပြင်ကြောင့် ရယ်ချင်နေပြီး "ဖြည်းဖြည်းစားပါ၊ ဘယ်သူမှ မင်းဆီက လာမလုဘူး"

ကျွန်မ မထိန်းနိုင်တော့ဘူး။ ဒီလောက် အရသာရှိတဲ့ ဝမ်တန်ကို တစ်ခါမှ မစားဖူးဘူး။ အရင်က အဒေါ်ချိုး လုပ်ပေးတဲ့ ဝမ်တန်တွေကို စားဖူးတယ်။ အဲ့တာတွေက အသားတွေ ပြည့်နေပေမယ့် ဒါတွေလောက် အရသာ မရှိဘူး”

ကျိရှောင်ယင်က သူမ၏ ပါးပြင်များ ဖောင်းကားလာသည်အထိ စားသောက်နေခဲ့ပြီး သူမ၏မျက်လုံးကြီးများက ပန်းများကဲ့သို့ လှပနေကာ ရွှန်းစိုနေသောကြောင့် ဝမ်တန်ဆိုင်တွင် ရှိနေသော အမျိုးသားများ၏အာရုံကို ဆွဲဆောင်မိသွားပြန်သည်။

စူးချင်းက သူမ၏ပါးစပ်ထဲသို့ထည့်ရန် ဝမ်တန်ကို ကောက်ယူလိုက်ပြီး ဖြည်းညှင်းစွာ ဝါးစားနေသည်။ ဝမ်တန်၏ရနံ့နှင့် ကြက်စွပ်ပြုတ်တို့က ကောင်းစွာရောစပ်နေပြီး တစ်သားတည်းဖြစ်နေကာ လတ်ဆတ်ပြီး မွှေးကြိုင်နေသောကြောင့် တကယ်ပင် အရသာရှိလှသည်။

စူးချင်းက ဝမ်တန်ကို စားနေရင်း  ကျိရှောင်ယင်ကို ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။ "မင်းက ချိုးမိသားစုနဲ့ အဆင်ပြေတယ်လား?"

ကျွန်မတို့မိသားစုနှစ်စုက အိမ်နီးချင်းတွေလေ၊ မွေးစားအဖေနဲ့ အဖိုးချိုးတို့က အရမ်းကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ အဘိုးချိုးက ကျွန်မအစ်ကိုကြီးနဲ့ အစ်မချိုးကို စေ့စပ်ပေးဖို့တောင် မွေးစားအဖေကို အကြံပေးခဲ့သေးတယ်!”

ကျိရှောင်ယင်က အကြံအစည်များအကြောင်း နားလည်သူ မဟုတ်ပေ။ သူမက စူးချင်း၏မေးခွန်းများကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြန်ဖြေလာသည်။

"ဟုတ်လား?"

စူးချင်းက မျက်ခုံးပင့်လိုက်သည်။ ချိုးယွဲ့ သူမအပေါ် အရမ်းရန်လိုနေခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး။ သူမက မနာလိုဖြစ်နေတာပဲ။

"ဟုတ်တယ်၊ ဒါပေမယ့် မွေးစားအဖေက ခဏစောင့်ဖို့ ပြောတယ်၊ နောက်တော့ သူက ထပ်မပြောတော့ဘူး"

ကျိရှောင်ယင်၏မျက်လုံးများက အနည်းငယ် ဝမ်းနည်းရိပ်သန်းလာသည်။

မနေ့ညက သူမ သူမရဲ့မွေးစားအဖေကိုတောင် အိပ်မက်မက်ခဲ့သေးတယ်။ သူမ သူ့ကို အရမ်းလွမ်းတယ်။

"မင်းရဲ့မွေးစားအဖေက ဘယ်မှာလဲ?"

စူးချင်းက 'မွေးစားအဖေ' ဟူသော စကားကို ကြားလိုက်သောကြောင့် ကျိရှောင်ယင်ကို တစ်ချက် မော့ကြည့်လိုက်သည်။ သူမက အဖွဲ့နှင့်ရက်အနည်းငယ် ကြာအောင် လိုက်ပါပြီးပြီ ဖြစ်သော်လည်း သူမတို့၏မွေးစားဖခင်ကို မတွေ့ခဲ့ရပေ။

သူမက ဤလျှို့ဝှက်ဆန်းကြယ်သော မွေးစားဖခင်ကို အလွန်စိတ်ဝင်စားနေမိသည်။ ကျိရွှေရှန့်လို လူတစ်ယောက်ကို ပြုစုပျိုးထောင်ပေးဖို့ ဆိုတာက အဲ့လူက သာမန်လူတစ်ယောက် မဖြစ်နိုင်တော့ဘူးလေ။

"မွေးစားအဖေက ဆုံးသွားပြီ"

ကျိရှောင်ယင်က ဗိုက်ပြည့်သွားပြီး ဆက်မစားနိုင်တော့ပေ။ သူမက ဇွန်းကို ပြန်ချလိုက်ပြီး သူမ၏ဗာဒံစေ့သဏ္ဍာန် မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နေကာ သူမ၏အသံကလည်း ဝမ်းနည်းခြင်းများဖြင့် ပြည့်လျှံနေသည်။

"စိတ်မကောင်းပါဘူး"

စူးချင်းက ခေါင်းညိတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ သူ့ကို အရင်က တစ်ခါမှ မတွေ့ဖူးတာ အံ့သြစရာ မရှိတော့ပြန်ဘူး။ သူက သေနေပြီ။

ဝမ်တန်နှစ်ပန်းကန်က ကြေးနီဒင်္ဂါးခြောက်ပြားသာ ကုန်ကျသောကြောင့် စူးချင်းက တကယ်စျေးသက်သာလွန်းသည်ဟု ခံစားနေရသည်။

ကျိရှောင်ယင်က ဝမ်းပမ်းတနည်းဖြင့် စူးချင်း၏နောက်မှ လိုက်ပါလာသည်။ စူးချင်းက သူမ ဝမ်းနည်းနေသည်ကို မမြင်ချင်သောကြောင့် ရှေ့တွင် တွေ့ရသော အထည်ဆိုင်ကို ညွှန်ပြကာ ကျိရှောင်ယင်ကို ပြောလိုက်သည်။

"ရှောင်ယင်၊ ဟိုမှာ အထည်ဆိုင်ရှိတယ်။ သွားကြည့်ရအောင်!"

မိန်းကလေးအများစုက လှပသောအဝတ်အစားများကို နှစ်သက်တက်ကြပြီး အဝတ်အစားများ ဝယ်ယူခြင်းက သူမတို့၏စိတ်ညစ်စရာများကို ကုစားပေးနိုင်သောအရာ ဖြစ်သည်။

အင်း”

စူးချင်း မျှော်လင့်ထားသည့်အတိုင်း လှပသောအဝတ်အစားများကို မြင်လိုက်ရသည့်အခိုက်တွင် ကျိရှောင်ယင်၏မျက်လုံးများက ပြန်တောက်ပလာခဲ့သည်။ သူမက သူမ၏ဝမ်းနည်းမှုကို ချက်ချင်း မေ့သွားပြီး အထည်ဆိုင်ထဲသို့ စိတ်လှုပ်ရှားစွာ ဝင်ရောက်သွားတော့သည်။ စူးချင်းက ကျိရှောင်ယင်၏ စိတ်နေသဘောထားကို အလွန်နှစ်သက်သည်။

သူမရဲ့ဒုက္ခတွေက မြန်မြန်ဆန်ဆန်ရောက်လာပြီး မြန်မြန်ဆန်ဆန် ပြန်ထွက်သွားတယ်။

စူးချင်းက အပြုံးဖြင့် သူမနောက်မှ လိုက်ပါသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် လမ်းမတစ်ဖက်မှ တန်ဖိုးကြီး အဝတ်အစားများကို ၀တ်ဆင်ထားကာ ဆံပင်ကို အဆီလိမ်းထား‌ပြီး မျက်နှာချေလိမ်းထားသည့် အမျိုးသားတစ်ဦးက စူးချင်းနှင့် ကျိရှောင်ယင်တို့ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေလေသည်။