အခန်း ၅၇ ငါ
သူတို့ကို ကျင်းချန်ကနေ အသက်ရှင်လျက် ထွက်သွားခွင့်မပြုနိုင်ဘူး
အထက်တန်းစား
ဖြစ်ပုံပေါ်သည့် လူငယ်လေး၏ မျက်လုံးများက ပြူးကျယ်နေသည်။ ဒီမိန်းမနှစ်ယောက်က
တကယ်ကို ရင်သပ်ရှုမောဖွယ် အလှလေးတွေပဲ။
စူးချင်းနှင့်ကျိရှောင်ယင်က
ထိုသခင်လေးကို သတိမထားမိပေ။ အထည်ဆိုင်ထဲသို့ ဝင်သွားပြီးနောက်တွင် ကျိရှောင်ယင်၏
မျက်လုံးများက အရောင်အသွေးစုံလင်လှသော အဝတ်အစားများကို ကြည့်ရန်ပင် မလုံလောက်တော့ပေ။
သူမက လန်းဆန်းစေသော မြစိမ်းရောင်၊
ပန်းရောင်နှင့် နှင်းဆီနီဖျော့ဖျော့အရောင်များကို ကြိုက်နှစ်သက်သလို နူးညံ့ပုံပေါ်သည့် အဝါရောင်အပါအဝင် တောက်ပသည့်အရောင်များ
အားလုံးကိုလည်း ကြိုက်နှစ်သက်သည်။ ထို့ကြောင့် ကျိရှောင်ယင်က သူမရှေ့မှ မြင်ကွင်း၏
လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။
ဆိုင်ထဲတွင်
အဝတ်အစားရွေးနေသော အခြား အမျိုးသမီးနှစ်ဦးလည်း ရှိနေသည်။ ဆိုင်၏ အရွယ်အစားနှင့်
အပြင်အဆင်အရ အရည်အသွေးမြင့် ကုန်ပစ္စည်းများကိုသာ ရောင်းချပေးသည့် အထည်ဆိုင်မျိုး
ဖြစ်ပုံရပြီး ချမ်းသာသော မိသားစုများမှ ဇနီးသည်နှင့် သခင်မလေးများကို
ဝန်ဆောင်မှုပေးသည့် အသင့်ချုပ်အဝတ်များရောင်းသော အထည်ဆိုင် ဖြစ်နိုင်သည်။
ဆိုင်ရှင်က ဝယ်သူများ
ဝင်လာနေသည်ကို မြင်သွားပြီး ဝင်လာသူများက သူတို့ဆိုင်မှ အဆင်သင့်ချုပ်ထားသော
အဝတ်အစားများကို ဝတ်ထားကြောင်း တွေ့လိုက်ရသည်။ သူမတို့က နောက်ထပ် နှစ်စုံဝယ်ရန်
ရောက်လာသည်ဟု တွေးမိသောကြောင့် ဆိုင်ရှင်က ဆိုင်အကူတစ်ယောက်ကို ချက်ခြင်း
သွားခိုင်းလိုက်သည်။
“မိန်းခလေးတို့....
ကျေးဇူးပြုပြီး ဝင်ခဲ့ကြပါ၊ ငါတို့ဆိုင်မှာ အသစ်ရောက်တာ မကြာသေးတဲ့ ဝတ်စုံတွေ
အများကြီး ရှိပါတယ်။ ပုံစံနဲ့ အရောင်နှစ်မျိုးလုံးက မင်းတို့နဲ့
အရမ်းလိုက်ဖက်တယ်"
စူးချင်းနှင့် ကျိရှောင်ယင်တို့ကို
ဖိတ်ခေါ်လိုက်သော ဆိုင်အကူ၏ပါးစပ်က ပျားရည်သဖွယ် ချိုမြိန်နေပြီး
သူ့မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေသည်။
ဆိုင်အတွင်းမှ အဝတ်အစားများက
အပြင်ကထက် ပိုလှသည်။ အချို့ကို ပေါ့ပါးသော ပိတ်သားဖြစ်ပြုလုပ်ထားပြီး အချို့ကို
ဖဲသားဖြင့် ပြုလုပ်ထားကာ ၎င်းတို့အားလုံးက လှပသောအထည်များ ဖြစ်သည်။
အဝတ်အထည်များပေါ်တွင် ချည်ပန်းထိုးထားခြင်းက ၎င်းအထည်များကို ပို၍ စျေးကြီးလာစေသည်။
“ဒီအဝါဖျော့ရောင်ဝတ်စုံလေးက
ဒီမိန်းခလေးရဲ့ ချိုမြိန်တဲ့ စိတ်ထားလေးနဲ့ အရမ်းလိုက်ဖက်တယ်။ မင်း
စမ်းဝတ်ကြည့်လို့ ရတယ်နော်။ ဝတ်စုံက မင်းရဲ့ ခန္ဓာကိုယ် ပေါ်မှာ သေသေသပ်သပ်
ဖြစ်အောင် ချိန်ညှိပေးနိုင်ပါတယ်"
ဆိုင်အကူက အဝါဖျော့ရောင်
ရိုးရာဝတ်စုံလေးကို စင်ပေါ်မှ ရွေးထုတ်လိုက်ပြီး အထည်က နူးညံ့နေပြီး ပါးလွှာပေါ့ပါးကာ
ပန်းထိုးလက်ရာကလည်း သပ်ရပ်ကောင်းမွန်သည်။ ထိုဇာလွှာလေးကို ၀တ်ရုံပေါ် ဖုံးအုပ်ထားခြင်းက
နတ်သမီးနှင့်တူသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။
ကျိရှောင်ယင်က ထိုဝတ်စုံကို
ချက်ခြင်း ကြိုက်မိသွားသော်လည်း အထည်ကိုတော့ သူမ မထိရဲပေ။ ၎င်းက
အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခု ဖြစ်ပြီး သူမ ထိလိုက်မိလျှင် စွန်းထင်းသွားမည်
သို့မဟုတ် ပေါက်ပြဲသွားမည့် သူမ စိုးရိမ်နေမိသည်။ သူမ ဝယ်ရန် မတတ်နိုင်သောကြောင့်
စမ်းကြည့်ရန် မဝံ့မရဲဖြစ်နေသော်လည်း ထိုဝတ်စုံမှ မျက်လုံးမခွာနိုင်လောက်အောင်ကို
သဘောကျနေခဲ့သည်။
"ဒါက ဘယ်လောက်လဲ?" စူးချင်းက ဆိုင်အကူကို အေးတိအေးစက်
မေးလိုက်သည်။
ဒီအဝတ်အစားတွေကို
ဘယ်လောက်နဲ့ ရောင်းတယ်ဆိုတာ သူမ သေချာမသိတာကြောင့် သူမရဲ့အိတ်ကပ်ထဲက လျန်ငါးရာက
လုံလောက်ပါ့မလားလို့ သူမ တွေးနေတာပါ။
စျေးကို အရင်မေးပြီး
ပိုက်ဆံမလောက်ရင် ကတိုးအိတ်ကို ရောင်းလိုက်မယ်။ ရှောင်ယင် ကြိုက်နေသရွေ့တော့
ဘယ်လောက်ပဲ ကုန်ကျပါစေ သူမက ရှောင်ယင့်အတွက် ဝယ်ပေးမှာပါ။
“ဒါက
ဈေးမကြီးပါဘူး။ သုံးဆယ့်ရှစ်လျန်ပဲ ကျသင့်ပါတယ်”
စူးချင်း ဈေးမေးလိုက်သောကြောင့်
ဆိုင်အကူက ပို၍ပင် စိတ်အားထက်သန်စွ ပြုံးလာပြီး သူက လက်သုံးချောင်းကို ထောင်ပြပြီးမှ
ရှစ်ကို လက်ဟန်ထပ်ပြလိုက်သည်။ သူ၏ပါးစပ်ထဲတွင် ငွေသုံးဆယ့်ရှစ်လျန်က သူ့အတွက်
ဘာမှမဟုတ်သလို ပေါ့ပါးနေသည်။
"အား? အရမ်း စျေးကြီးတာလား?"
ကျိရှောင်ယင်က အံသြသွားသည်။
ငွေသုံးဆယ့်ရှစ်လျန်က သူမနဲ့ သူမရဲ့အစ်ကိုကြီးအတွက် တစ်နှစ်စာ စားစရိတ်ကို ကာမိဖို့
လုံလောက်နေပြီ။ ဒါတွေက ဘယ်လို အဝတ်အစားမျိုးတွေလဲ? ဒီလောက်
ကြီးမြင့်တဲ့ဈေးနဲ့ ဘယ်လိုရောင်းနိုင်ရတာလဲ?
“အစ်မ၊
သွားရအောင်၊ မကြည့်တော့ဘူး"
ကျိရှောင်ယင်က သူမ၏အသိတရားကြောင့်
ကြောက်လန့်သွားခဲ့သည်။ သူမတို့ ကြာကြာဆက်ကြည့်နေလျှင် ဆိုင်အကူက သူမတို့အပေါ်
တွယ်ကပ်နေမည်ကို စိုးရိမ်သောကြောင့် သူမက စူးချင်းကို ဆွဲခေါ်နေပြီး ထွက်သွားချင်နေခဲ့သည်။
“ဖြေးဖြေးပေါ့
မိန်းခလေးရဲ့... မင်း ဒီဝတ်စုံကို တကယ်ကြိုက်ရင် ငါ လက်ဆောင်ပေးမယ်လေ"
အဆင့်မြင့်မြင့် ဝတ်ဆင်ထားသော
သခင်လေးက အပြင်မှ ဝင်လာပြီး ကျိရှောင်ယင်ကို တားဆီးလိုက်သည်။ ရှောင်ယင်၏နူးညံ့သိမ်မွေ့သောမျက်နှာလေးကို
စိုက်ကြည့်ရင်း သူ၏မက်မွန်ပွင့်ပုံသဏ္ဍာန် မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
"မလိုပါဘူး"
ကျိရှောင်ယင်က သူ၏ တပ်မက်သော
အကြည့်စူးစူးကြောင့် ထိတ်လန့်သွားသည်။
သူမ ငယ်ငယ်လေးကတည်းက
တွေ့ဖူးခဲ့တဲ့ ယောက်ျားလေးတွေက သူမအပေါ် သူမရဲ့အကိုကြီးတွေလို ရိုးရိုးသားသား
ဆက်ဆံတတ်ကြတယ်။ သူမ ဒီလို အာသွက်လျှာသွက် ပြောတတ်တဲ့ ချောမောတဲ့ ယောက်ျားမျိုးကို
တစ်ခါမှ မတွေ့ဖူးဘူး။
ကျိရှောင်ယင်က
သူ့ကို ဘာမှ ထပ်မပြောချင်တော့သည့်အတွက် စူးချင်းကို ဆွဲခေါ်ကာ အထည်ဆိုင်မှ
ထွက်သွားရန် ထိုလူ၏ဘေးမှ ဖြတ်လျှောက်လိုက်သည်။
"ဟေ့ မသွားပါနဲ့၊ ကံကြမ္မာက ငါတို့ကို တွေ့ဆုံပေးဖို့ ခေါ်လာခဲ့ပြီပဲ။ မိန်းခလေးက
ငါ့ဆိုင်က အဝတ်အစားတွေကို ကြိုက်တယ်ဆိုရင် ဒါက ငါ့အတွက် ဂုဏ်ယူစရာပါပဲ"
ထိုလူက ကျိရှောင်ယင်၏လမ်းကြောင်းကို
ပိတ်ဆို့ရန် သူ့ယပ်တောင်ကို အသုံးပြုလိုက်ပြီး စူးချင်းကို ကြည့်နေသော သူ၏အပြုံးက
ပို၍ ရှင်းလင်းလာသည်။
ဒီတိတ်ဆိတ်ပြီး
အေးစက်တဲ့ မျက်နှာထားနဲ့ မိန်းကလေးရဲ့ အသွင်အပြင်က ပိုတောင် ကောင်းနေသေးတယ်။ သူမရဲ့မျက်လုံးလေးတွေက
ဆူးတွေပါတဲ့ နှင်းဆီပန်းလေးလို အရမ်းအရမ်း လှနေတာကြောင့် ဆူး စူးခံရမယ်ဆိုရင်တောင်
အိမ်ကို ပြန်ခေါ်သွားချင်တဲ့ စိတ်ကို ဖြစ်ပေါ်စေတယ်။
“ဖယ်စမ်း”
စူးချင်းက ကျိရှောင်ယင်ကို
သူမနောက်သို့ ဆွဲခေါ်လိုက်ပြီး ထိုမြင့်မြတ်ပုံရသည့်လူငယ်အား အေးစက်စွာ မောင်းထုတ်လိုက်သည်။
ထို့နောက် သူမ၏ပတ်ဝန်းကျင်မှ အေးစက်သည့်ဖိအားနှင့်
လူသတ်အငွေ့အသက်က ထိုလူငယ်ဆီသို့ ဆင်းသက်လာသည်။
“ဟက်…
မင်းက ဘယ်လောက်တောင် ရက်စက်တဲ့ မိန်းကလေးလဲ၊ ဒါပေမယ့် ငါ ကြိုက်တယ်။
မင်းတို့ ညီအစ်မနှစ်ယောက် ငါ့ရဲ့ကိုယ်လုပ်တော်တွေ ဖြစ်လာရမယ်၊ မင်းတို့ရဲ့ ဘဝကို ဇိမ်ကျကျနဲ့
ဖြတ်သန်းနိုင်ဖို့ ငါ အာမခံတယ်"
ထိုလူက ထွက်မသွားရုံမျှမက
သူမတို့ကို တားရန် လက်နှစ်ဖက်ကိုပင် ဆန့်တန်းကာ စူးချင်းနှင့် ကျိရှောင်ယင်ကို ယင်ကောင်ကဲ့သို့
စိုက်ကြည့်ရင်း ပို၍ပင် ရိုင်းရိုင်းစိုင်းစိုင်း ညစ်ညစ်ညမ်းညမ်း ပြောဆိုလာသည်။
"သေလမ်းကို ရှာနေတာပဲ"
တကယ်တော့ သူမက ဘာပြသနာမှ
မဖြစ်ချင်ပါဘူး။ ဝမ်မိသားစုစစ်တပ်က
ထွက်ခွာသွားတာ မကြာသေးဘူးလေ။ သူတို့ကို သတိပေးမိသလို ဖြစ်သွားပြီး သူတို့ ပြန်ရောက်လာရင်
မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ဒီကလေးက အကောင်း အဆိုးကို မသိဘဲ
သေလမ်းရှာချင်လို့ ဒီနတ်ဘုရားကို လာရှုပ်ချင်နေတယ်။
စူးချင်းက သူ့ကို သည်းမခံနိုင်တော့ဘဲ
သူ့ကို ကန်ထုတ်ပစ်လိုက်သည်။ ကျင်တစ်ရာကျော် အလေးချိန်ရှိသည့် အမျိုးသားက
စက်ဝိုင်းပုံ လည်ထွက်သွားပြီး အကွာအဝေး အနည်းငယ်အထိ လွှင့်စင်သွားသည်။ ထို့နောက် သူက
အဝတ်စင်ပေါ်သို့ ပြုတ်ကျကာ စင်ပေါ်ရှိ ၀တ်စုံအသစ်များကို ဆုတ်ပြဲသွားစေပြီး
မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာသည်။
ဝတ်ကောင်းစားလှ
ဝတ်ဆင်ထားသော ထိုသခင်လေးက ယခင်က တစ်ခါမှ အရိုက်မခံခဲ့ရဖူးပေ။ ထို့ကြောင့် စူးချင်း၏ကန်ချက်က
သူ့ကို အသက်ရှူရပ်လုနီးပါး ဖြစ်သွားစေခဲ့သည်။ ဆိုင်ရှင်နျင့် ဆိုင်အကူက သူ့ကို ကူညီကာ
ဆွဲထူပေးလိုက်ပြီး သူ့၏ရင်ဘတ်နှင့် နောက်ကျောကို ညင်ညင်သာသာ ပြတ်ပေးကာ သူ ပြန်တည်ငြိမ်လာအောင်
ကြိုးစားပေးနေကြသည်။
"သခင်လေး၊ သခင်လေး၊ အဆင်ပြေရဲ့လား"
ဆိုင်ရှင်က သေလောက်အောင်
ကြောက်လန့်နေပြီ ဖြစ်သည်။ သူတို့၏သခင်လေးမှာ ခရိုင်တရားသူကြီး ကော်ကန်း၏
တစ်ဦးတည်းသောသားဖြစ်ပြီး အလွယ်တကူ ပျက်စီးနိုင်သည့် ရတနာတစ်ပါးကဲ့သို့
ချစ်ခင်အလိုလိုက် ခံထားရသူ ဖြစ်သည်။
ပါးစပ်ထဲမှာ
ငုံထားရင် အရည်ပျော်သွားမှာကို စိုးရိမ်ပြီး လက်ဖဝါးပေါ်မှာ ကိုင်ထားရင်
ပြုတ်ကျသွားမှာကို စိုးရိမ်နေတဲ့အထိ အရေးပေးခံရတဲ့ ဒီသခင်လေးက သူ့ဆိုင်မှာ
တစ်ခုခု ဖြစ်သွားခဲ့ရင် သူဌေးက သူ့ကို အရှင်လတ်လတ် အရေခွံ့နွှာလိမ့်မယ်။
“အား” ကော်သခင်လေးက
နာကျင်စွာ ညည်းတွားနေပြီး မျက်ရည်များပင် ထွက်နေသေးသည်။ “အား သေလုမတက် နာနေပြီ”
စကားတစ်ခွန်းပြောလိုက်သည့်အချိန်မှာပင်
သူ့နံရိုးများက အလွန်နာကျင်သွားရသောကြောင့် သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။
သူက အထပ်ထပ်အခါခါ သက်ပြင်းရှိုက်ရင်း စူးချင်းနှင့် ကျိရှောင်ယင်ကို ညွှန်ပြကာ သူ့လူများကို အမိန့်ပေးလိုက်သည်။ "သူတို့ကို
ဖမ်းပြီး ဖေးဆွေ့လိုကို ပို့လိုက်။ ငါ သူတို့ကို သေတာထက် ပိုဆိုးတဲ့ ကံကြမ္မာ
ခံစားစေချင်တယ်။”
စူးချင်းက ဆံပင်ဆီလိမ်းထားသော
သခင်လေးကို ကန်ထုတ်လိုက်ပြီး ကျိရှောင်ယင်ကို ဆွဲခေါ်ကာ ပြန်ထွက်သွားရန် ပြင်လိုက်သည်။
သို့သော် သူမ တံခါးသို့ ရောက်သွားချိန်တွင်
သခင်လေးကော် ခေါ်လာသော လူရမ်းကားများက သူမတို့ကို ပိတ်ဆို့ထားခဲ့သည်။ ထိုလူများက
သူတို့၏အင်္ကျီလက်များကို လှန်တင်ပြီး အစွယ်နှင့် ခြေသည်းများကို ထွက်ပြနေသေလို
ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေကြသည်။
"ငါတို့သခင်လေးကို ဒဏ်ရာရအောင်လုပ်ပြီးမှ မင်းက ထွက်သွားချင်နေသေးလား?"
စူးချင်းက
လူရမ်းကားလေးယောက်ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့က အမှန်တကယ် စွမ်းရည်မရှိသည့်အပြင်
အခြားသူများကို အနိုင်ကျင့်ရန် သူတို့၏ခွန်အားကိုသာ အသုံးပြုနိုင်သူများ
ဖြစ်နေသည်ကို သူမ သိလိုက်ရသောကြောင့် သူမက သူတို့ကို လုံးဝဂရုမစိုက်ဘဲ ကျိရှောင်ယင်ကိုသာ
ဆွဲခေါ်ကာ ဆက်လျှောက်လာလိုက်သည်။
သို့သော်လည်း
အလွန်အမင်း ကြောက်ရွံ့မှုကြောင့် ကျိရှောင်ယင်၏လက်များ အေးစက်လာသည်ကို ခံစားလိုက်ရချိန်တွင်
စူးချင်း၏မျက်လုံးများမှ ပြင်းထန်သောအရိပ်တစ်ခု ထွက်ပေါ်လာသည်။
သူမ သင်ခန်းစာ မပေးသေးလို့
ဒီခွေးတွေက သူမကို အားနည်းတဲ့ကြောင်လေးလို့ ထင်နေတာလား?
စူးချင်း၏နှလုံးသားက
ဒေါသများဖြင့် စတင်ဆူပွတ်နေပြီးဖြစ်ကာ သူမက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို
စတင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ငါဆိုတဲ့ စစ်နတ်ဘုရားက
ဘယ်အချိန်တုန်းက ဒီလို အရှက်ခွဲမှုကို သည်းခံခဲ့လို့လဲ? ဘယ်သူက ဘယ်သူ့ကို
ဂရုစိုက်နေလို့လဲ? ဒီကောင်က ဘယ်သူပဲဖြစ်ပါစေ သူ့ကို အရင်သတ်မယ်။ ကောင်းကင်ကို
အပေါက်ဖောက်ရရင်တောင် ရအောင်သတ်ပစ်မယ်။ ပြီးရင် အားလုံးကို ရှင်းထုတ်လိုက်မယ်။
စူးချင်းက
သူတို့ကို သတ်ခါနီးမှာပင် လီဝူက စူးချင်းတို့ကို ကာကွယ်ရန် စေလွှတ်ပေးထားသည့်
အစောင့်များက ဆိုင်ထဲသို့ ပြေးဝင်လာကြပြီး
သူတို့၏ဓားများကို ဆွဲထုတ်လိုက်ကြသည်။ သူတို့က ကော်သခင်လေးနှင့် လူရမ်းကားလေးယောက်ကို
စိုက်ကြည့်နေကာ “မင်းတို့ထဲက ဘယ်သူ လှုပ်ရဲလဲ?”
လူရမ်းကားလေးယောက်က
ရိုးသားသော သာမာန်လူများကို အနိုင်ကျင့်လေ့ရှိသော်လည်း အစောင့်များက သံမဏိဓားများကို
ကိုင်ဆောင်ထားပြီး သတ်ဖြတ်ရိပ်များ ပြည့်နေသည်ကို မြင်လိုက်သောအခါ
ချက်ချင်းဆိုသလို တုန်လှုပ်ခြောက်ခြားသွားကြသည်။
"မင်းတို့... မင်းတို့က ဘယ်သူတွေလဲ?"
ဆိုင်ရှင်က သူ့၏သတ္တိကို
စုဆောင်းပြီး မေးမြန်းလိုက်သည်။ သခင်လေးက ဒီနေ့ ဒီလောက်ကြီးမားတဲ့ နာကျင်မှုကို
ခံစားခဲ့ရတယ်။ တခြားတစ်ဖက်က ဘယ်သူမှန်းတောင် မသိလိုက်ရရင် သူတို့ရဲ့ သခင်ကြီးက
သူ့ကို အပြစ်ပုံချမှာ သေချာတယ်။
အစောင့်နှစ်ယောက်က
မြို့တော်မှ ဖြစ်ပြီး သူတို့ထံတွင် ကောင်းမွန်သော အနေအထားတစ်ခု ရှိသည်။ သူတို့က
ဤနယ်စပ်မြို့ငယ်လေးမှ လူများကို လုံးဝ အလေးအနက် မထားကြပေ။ သူတို့က ဆိုင်ရှင်ကို
အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး “မင်းမှာ ငါတို့ ဘယ်သူလို့ မေးဖို့ အခွင့်အရေးရှိလို့လား?”
ဆိုင်ရှင်က တဆတ်ဆတ်
တုန်နေပြီး စကားမပြောရဲတော့ပေ။ ဤလူများ၏ လေယူလေသိမ်းအရ သူတို့က မြို့တော်မှ ဖြစ်သည်။ သူတို့ ကိုင်ဆောင်ထားသော
ဓားများကို အခြေခံတွေးတောလျှင် သူတို့က သက်တော်စောင့်များ ဖြစ်ပေါ်ပုံသည်။ ထို့ကြောင့်
သူ စိုးရွံ့စပြုလာသည်။
ဖြစ်နိုင်တာက သူတို့က
မြို့တော်က အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဦးရဲ့ သက်စောင့်စောင့်တွေပဲ။ အဲ့ပုဂ္ဂိုလ်က ဘယ်သူပဲဖြစ်ဖြစ်
သူတို့သခင်ကြီးတောင်မှ သူတို့ကို စော်ကားဖို့ မတတ်နိုင်ဘူး။
အစောင့်များနှင့် စူးချင်းတို့ ထွက်သွားသည်ကို ကြည့်နေသော ကော်သခင်လေးက သည်းမခံနိုင်တော့ဘဲ ဆိုင်ရှင်ကို ပြင်းပြင်းထန်ထန် အမိန့်ပေးလိုက်သည်။ “သူတို့နောက်ကနေ လိုက်သွားပြီး ကြည့်ခဲ့စမ်း။ သူတို့က ဘယ်သူတွေပဲဖြစ်ဖြစ် ငါ သူတို့ကို ကျင်းချန်ကနေ အသက်ရှင်လျက် ထွက်သွားခွင့် မပေးဘူး"
✍️✍️✍️