အခန်း ၆၁ လူတွေကို
ပြန်ထုတ်ပေးစမ်း
ကျိရွှေရှန့်က ငိုက်မြည်းခြင်းကို
တားဆီးရန် သူ့ခေါင်းကို ခါယမ်းလိုက်သော်လည်း
အိပ်ငိုက်ခြင်းမှ မလွတ်မြောက်နိုင်သေးပေ။ သူက ယိုင်တိုင်တိုင်ဖြင့်
မတ်တတ်ထရပ်လိုက်ပြီး အခန်း၏အလယ်တွင် ရှိနေသည့် ရေချိုးစည်ကို မြင်လိုက်ချိန်တွင် ရေစည်ဘေးသို့
ပြေးသွားကာ သူ့ခေါင်းကို ရေချိုးစည်ထဲသို့ ထိုးစိုက်လိုက်သည်။
ရေအေးက သူ့ဦးနှောက်ကို
နှိုးဆွပေးနိုင်ခဲ့ပြီး ငိုက်မြည်းမှုများ သက်သာစေခဲ့သည်။ သူ့၏ဦးနှောက် လုံးဝ နိုးကြားလာစေရန်
သူက ရေထဲတွင် အကြာကြီး စိမ်နေခဲ့ပြီးမှ ရေချိုးစည်ထဲမှ သူ့ခေါင်းကို ရုတ်တရက် ပြန်မြှောက်လိုက်သည်။
ရေစက်များက သူ့ဆံပင်နှင့် ပါးပြင်ပေါ်သို့ လျင်မြန်စွာ စီးကျလာပြီး ကျိရွှေရှန့်၏
မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်လာသည်။
စူးချင်း....မင်းက
ငါ့ကို ဆေးခတ်ရဲပေါ့လေ.... ဒီမိန်းမ… ဒီမိန်းမကတော့…
ကျိရွှေရှန့်က
သူ့မျက်နှာပေါ်ရှိ ရေစက်များကို လက်ဖြင့် ခပ်ကြမ်းကြမ်း သုတ်လိုက်ပြီး တံခါးကို
ဆွဲဖွင့်ကာ အခန်းထဲမှ
ထွက်လာခဲ့သည်။ တည်းခိုဆောင်မှ ဝန်ထမ်းက ဧည့်သည်အနည်းငယ်ကို အပေါ်ထပ်သို့ ပို့ဆောင်နေပြီး
ဒေါသထွက်နေသည့် ကျိရွှေရှန့်ကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်သွားရသည်။
ဒီလူရဲ့မျက်လုံးတွေက
တစ်စုံတစ်ယေက်ကို ကိုက်ဖြတ်စားသောက်ချင်နေသလို ဖြစ်နေပြီး သူ့အကြည့်တွေက ပြင်းထန်လွန်းတယ်။
သူ့ပတ်ဝန်းကျင်က သတ်ဖြတ်ချင်နေတဲ့ အငွေ့အသက်တွေကလည်း ကြောက်စရာကောင်းလွန်းတယ်။
ကျိရွှေရှန့်က တည်းခိုဆောင်ဝန်ထမ်းနှင့်
ဧည့်သည်များကို လျစ်လျူရှုလိုက်သည်။ သူက စူးချင်းနှင့် ကျိရှောင်ယင်တို့၏ အခန်းတံခါးကို တွန်းဖွင့်ပြီး
သွားကြားထဲမှ ထွက်သောလေသံဖြင့် စူးချင်း၏နာမည်ကို အော်ခေါ်လိုက်သည်။
"စူးချင်း?"
တံခါးက ပွင့်သွားသော်လည်း
အခန်းထဲတွင်
တစ်ယောက်မှ မရှိဘဲ မနေ့ညက စူးချင်း သူ့ကို ပေးခဲ့သော အဆာပြောဆာထည့်သည့် ပန်းကန်ပြား
အနည်းငယ်သာ ရှိနေခဲ့သည်။ သူ ထိုအဆာပြေမုန့်များစားပြီး
အိပ်ပျော်သွားသည်ကို ပြန်တွေးလိုက်မိချိန်တွင် ကျိရွှေရှန့်၏မျက်နှာက ပို၍ပင်
မှုန်ကုပ်ကုပ်ဖြစ်လာတော့သည်။
"သခင်လေး၊ သခင်မလေးနှစ်ယောက်က အပြင်ကို ထွက်သွားပေမယ့် အခုထိ ပြန်ရောက်မလာသေးပါဘူး"
တည်းခိုဆောင်ဝန်ထမ်းက
ကျိရွှေရှန့် အခန်းတွင်းရှိ
ပစ္စည်းများကို ရိုက်ချိုးမည်ကို ကြောက်နေပြီး အမြန်ရောက်လာကာ သူ့ကို ပြောပြလိုက်သည်။
"မင်း ဘယ်သွားနေတာလဲ?"
စူးချင်းက သူ့ညီမကို
ခေါ်သွားကြောင်း ကြားသောအခါ ကျိရွှေရှန့်က တည်းခိုဆောင်ဝန်ထမ်းကို စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။
သူ၏ ရင့်သီးသောအကြည့်များက
ပိုစူးရဲလာပြီး သူ စိုက်ကြည့်နေချိန်တွင် သူက ပိုရက်စက်တက်ပုံပေါ်ကာ သူ့၏ကြမ်းတမ်းမှုများက
ပိုပြင်းထန်လာပုံရသောကြောင့် တည်းခိုဆောင်ဝန်ထမ်းက အလွန်ကြောက်ရွံ့သွားပြီး နောက်သို့
အမြန်ပြန်ဆုတ်သွားသည်။ သူက လုံခြုံသောအကွာအဝေးတွင်ရှိကြောင်း သေချာစေပြီးမှ “သခင်မလေးတွေက
ဈေးဝယ်ထွက်သွားကြတာပါ၊ ဒါပေမယ့် သူ(မ)တို့က ခရိုင်တရားသူကြီးရဲ့သားကို စော်ကားမိတယ်
ထင်တယ်။ အခု သူ(မ)တို့ ဘယ်ရောက်နေလဲ မသိပါဘူး”
စူးချင်းနှင့် ကျိရှောင်ယင်က
ခရိုင်တရားသူကြီး၏သားကို စော်ကားခဲ့မိကြောင်း ကျိရွှေရှန့်က ကြားလိုက်ရပြီး တည်းခိုဆောင်ဝန်ထမ်း၏လေသံအရ
သူမတို့ ထံတွင် မတော်တဆမှု တစ်ခုခု ရှိနေပြီး အပျက်အစီးတစ်ခုခုနှင့် ကြုံတွေ့ရတော့မည်ဟု သူ
တွေးလိုက်မိသည်။
စူးချင်းအပေါ်တွင်
ရှိနေသည့် ကျိရွှေရှန့်၏ဒေါသများက စိုးရိမ်မှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး
သူ့ညီမလေးနှင့် စူးချင်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်စိတ်များ ထိုးထွက်လာကာ သူ့၏ရင်ဘတ်ကြီးတစ်ခုလုံး
ပူလောင်လာတော့သည်။
"သူ(မ)တို့ကို ဘယ်ကို ခေါ်သွားတာလဲ?"
ကျိရွှေရှန့်က တည်းခိုဆောင်ဝန်ထမ်း၏လက်ကို လှမ်းဆွဲပြီး
အလျင်စလို မေးမြန်းလိုက်သည်။ သူက စိုးရိမ်မှု လွန်ကဲနေပြီး သူ့၏ခွန်အားကို
အလွန်အကျွံ သုံးလိုက်မိသောကြောင့် တည်းခိုဆောင်ဝန်ထမ်းက နာကျင်သွားပြီး ရှုံ့မဲ့နေကာ
ထပ်ခါတလဲလဲ အော်ဟစ်ညည်းညူလိုက်သည်။ “လူကြီးမင်း၊ ကျိုးပြီ၊ ကျိုးပြီ။ ငါ့ကို
လွှတ်ပေးပါ၊ လွှတ်ပေးပါ ၊ ငါ အရမ်းနာတယ်၊
အရမ်း နာနေပြီ”
ထိုအချိန်မှပင် ကျိရွှေရှန့်က
သူ အင်အားအလွန်အကျွံသုံးခဲ့မိကြောင်း သိသွားပြီး သူ့၏ဆုပ်ကိုင်မှုကို အနည်းငယ်
ဖြေလျော့ပေးလိုက်သည်။ သို့သော် သူ့အသံက အရင်ကထက် ပိုပို၍ အလောသုံးဆယ် ဖြစ်လာကာ
ပို၍ လေးနက်လာသည်။ "မြန်မြန် ပြောစမ်း၊ သူ(မ)တို့ကို ဘယ်ကို ခေါ်သွားတာလဲ?"
“ကော်သခင်လေးက
တဏှာစိတ်ကြီးမားတဲ့သူပဲ။ သခင်မလေး နှစ်ယောက်က အရမ်းလှတော့ သူက သူမတို့ကို ရုံးတော်ဝင်းသို့
ပြန်ခေါ်သွားတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် သူ(မ)တို့က ကော်သခင်လေးကို စော်ကားမိရင်တော့
ဖေးစွေ့လိုကို အပို့ခံရလိမ့်တယ်”
တည်းခိုဆောင်ဝန်ထမ်းက
အလွန်ကြောက်လန့်နေပြီး တုန်တုန်ယင်ယင်ဖြင့် ပြောပြနေသည်။
ဘာပဲဖြစ်ဖြစ် သူက
ကျင်းချန်မှာ နေထိုင်နေရတဲ့သူလေ၊ ခရိုင်တရားသူကြီးကို မစော်ကားရဲပါဘူး။ ဒါပေမယ့် သူ့ရှေ့ကလူကိုလည်း
မဆိုစလောက်လေးတောင် အနှောင့်အယှက် မပေးရဲဘူးလေ။ သူကလည်း သခင်ကြီးချင်ရဲ့အရေးပါတဲ့
ဧည့်သည်ဆိုတော့ သူ့ကို နည်းနည်းတော့ ပြောပြမှ ဖြစ်မယ်။ နောက်ထပ်တော့ ဘာမှ ထပ်မပြောရဲတော့ဘူး။
ထိုစကားကို ကြားပြီးနောက်
ကျိရွှေရှန့်က သူ၏ရင်ဘတ်ကြီး ကွဲကြေသွားသလို ခံစားလိုက်ရသည်။ သူက အောက်ထပ်သို့
ခြေလှမ်းကျယ်များဖြင့် ပြေးဆင်းသွားပြီး နားနေတည်းခိုဆောင်မှ ပြေးထွက်သွားသည်။ သူ အောက်ထပ်သို့
ရောက်သောအခါ မနေ့ညက တွေ့ခဲ့ရသော သံချပ်ကာတပ်ဖွဲ့များ၊ စစ်မြင်းများနှင့်
စစ်အလံများ အားလုံး ပျောက်ကွယ်သွားကြောင်း သူ သိလိုက်ရသည်။
ဒီဝမ်မျိုးရိုးက
ထွက်သွားပြီလား?
ရန်သူကို သတ်နိုင်မည့်
အခွင့်အရေးကို လွတ်သွားသောကြောင့် ကျိရွှေရှန့်တစ်ယောက် အံကြိတ်လိုက်မိသည်။
သို့သော်လည်း ဤအချိန်က လက်စားချေရန် အချိန်မဟုတ်သေးဘဲ စူးချင်းနှင့် သူ့၏ညီမငယ်တို့ကို အရင်ကယ်တင်ရပေဦးမည်။
ကျိရွှေရှန့်က ရုံးတော်သို့
မသွားပေ။ စူးချင်းအပေါ် သူ့၏နားလည်မှုအရ သူမက မည်သည့်အကြောင်းနှင့်မှ လိမ်လိမ်မာမာ
နာနာခံခံ လိုက်သွားမည်မဟုတ်ပေ။ သူမ ကော်သခင်လေးကို စော်ကားပါက ဖေးစွေ့လိုသို့
ပို့ဆောင်ခံရမည် ဖြစ်သည်။
သူက သူမတို့ကို ရှာဖွေရန်
ဖေးစွေ့လိုသို့ အရင် ဦးတည်လိုက်သည်။ သူ သွားနေရင်း လမ်းတလျှောက်တွင် ကြားလိုက်ရသော
သတင်းတစ်ခုကြောင့် တုန်လှုပ်သွားရပြန်သည်။ လမ်းဘေးဈေးသည်များ ပြောနေကြသည်မှာ သတိလစ်နေသော
မိန်းကလေးနှစ်ယောက်ကို ဖေးစွေ့လိုထဲကို သယ်လာသည်ကို မြင်လိုက်သေ လူတစ်ယောက် ရှိနေပြီး
ယနေ့ညတွင် ဖေးစွေ့လို၌ ပွဲကျင်းပမည်ဟုလည်း သူတို့က ပြောဆိုနေကြသည်။
ကျိရွှေရှန့်က
မိန်းကလေးနှစ်ယောက်မှာ စူးချင်းနှင့် ရှောင်ယင် ဖြစ်မည်ဟု တွေးလိုက်မိသည်။ စူးချင်း၏
ကျွမ်းကျင်မှုအရ သူမ သတိမလစ်နေလျှင် တစ်ဖက်က သူမကို ဖမ်းနိုင်မည် မဟုတ်ပေ။
ကျိရွှေရှန့်က ဖေးစွေ့လို၏တည်နေရာကို မေးမြန်းပြီး အမြန်ပြေးလာခဲ့သည်။
သူက ဖေးစွေ့လို၏အရှေ့တွင် ရပ်နေပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။ ရင်ဘတ်ဗလာနှင့်
နောက်ကျောမပါသော ၀တ်စုံများ ၀တ်ထားသည့် အမျိုးသမီး အနည်းငယ်က ယပ်တောင်များကို ကိုင်ထားကာ
အောက်သို့ ပေါ့ပေါ့ပါးပါး ငုံ့ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။ သူမတို့ကလည်း
သန်မာသည့်လူက သူမတို့ကို ကြည့်နေသည်ကို မြင်သွားပြီး
အလျင်အမြန် လက်ပြနှုတ်ဆက်လာကြသည်။
“ဧည့်သည်တော်လူကြီးမင်း....
မြန်မြန်တက်လာခဲ့လေ... ကျွန်မက ရှင့်ကို ကောင်းကောင်း ပြုစုပေးပါ့မယ်"
“ဧည့်သည်တော်လူကြီးမင်း...
မြန်မြန်ဝင်လာပါလား? ကျွန်မက အရာတော်တော်များများကို ကျွန်းကျင်တယ်နော်၊ ရှင့်ကို
ကြည်နူးပျော်ရွှင်စေပြီး ကောင်းကင်ဘုံကို ရောက်သွားသလို ခံစားရစေမှာပါ”
အပေါ်ထပ်က
ကောင်မလေးများက အလုပ်ရနိုင်ရန်အတွက် သူမတို့၏ကျွမ်းကျင်မှုကို အသုံးပြုပြီး ကျိရွှေရှန့်ကို
ပျော်ပျော်ရွှင်ရွှင် ဖိတ်ခေါ်နေကြသည်။ သူမတို့ထဲမှ တစ်ယောက် သူမ၏ အင်္ကျီကို
ဆွဲဖွင့်ကာ သူမ၏ ချောမွေ့သော ပုခုံးလေးကို လှစ်ဟပြနေရင်း သူမ၏ဆွဲဆောင်မှုကို
ဖော်ထုတ်နေသည်။
ဖေးစွေ့လိုက ဤမျှ
ညစ်ညမ်းသော နေရာဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ကျိရွှေရှန့်တစ်ယောက် ပို၍ပင်
စိုးရိမ်လာသည်။ သူက လျင်မြန်ပြီး ပြင်းထန်သော ခြေလှမ်းများဖြင့် ဖေးစွေ့လိုသို့ ဝင်သွားတော့သည်။
ဖေးစွေ့လို၏တာဝန်ခံ(ပြည့်တန်ဆာခေါင်း)က
ဧည့်သည်တစ်ဦးကို ဝင်လာသည်ကို မြင်သွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့်
သူ့ထံသို့ အမြန်ရောက်လာလေသည်။
"သခင်လေး၊ မင်း ကြိုက်တဲ့ မိန်းကလေးရှိလား?"
ကောင်တာနောက်တွင် ထိုင်နေသော
မိန်းမကြီးက ကျိရွှေရှန့်ကို တစ်ချက်ကြည့်လိုက်ပြီး သူ ဝတ်ထားသော အဝတ်အစားကို
အခြေခံကာ သူက ဆင်းရဲသောလူတစ်ယောက်ဟု သတ်မှတ်လိုက်သည်။ သူမက ကျိရွှေရှန့်ကို
အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး သူမ၏တင်ပါးကိုတောင် မလှုပ်ဘဲ သူမရှေ့မှ မှန်ကိုကြည့်ကာ
မျက်နှာချေဆက်လိမ်းနေလိုက်သည်။
ဖေးစွေ့လို၏အတက်ကြွဆုံးအချိန်က
ညဘက်ဖြစ်ပြီး နေ့ခင်းဘက်တွင် ဧည့်သည်အနည်းငယ်သာ ရှိသည်။ နေ့ခင်းဘက်တွင် ရောက်လာသောသူများအားလုံးက
သည်းမခံနိုင်ဘဲ အလျင်လိုနေသူများဖြစ်ကာ သူတို့က သူတို့၏ ကိစ္စကို မြန်မြန်ပြီးအောင်
လုပ်ဆောင်ပြီး မြန်မြန်ပြန်သွားသောကြောင့် ပိုက်ဆံအများကြီးမသုံးကြပေ။
သို့သော် ညဘက်တွင်မှု
ထိုသို့မဟုတ်ပေ။ ရောက်လာသောသူများအားလုံးက ဂုဏ်သရေရှိသူသော သို့မဟုတ် ချမ်းသာသောသူများသာ
ဖြစ်သည်။ သို့သော် သူတို့က သူတို့လိုချင်သော
မိန်းကလေးများကိုသာ တောင်းဆိုတက်ပြီး အလွန်ဇီဇာကြောင်သူများဖြစ်ကြသည်။ သူတို့က မိန်းကလေးများကို
လှပစေချင်ရုံသာမက အပျိုစင်လေးများလည်း ဖြစ်စေချင်ကြသည်။ ယောက်ျားများနှင့် တစ်ခါမှ
မတွေ့ဖူးသော နုပျိုလန်းဆန်းသည့် မိန်းကလေးများအတွက်ဆိုလျှင် သူတို့က မည်သည့်ငွေပမာဏကိုမဆို
သုံးစွဲရန် ဆန္ဒရှိကြသည်။
မကြာသေးမီက
သဘာဝဘေးဒဏ်ခံရပြီး ထွက်ပြေးလာသူ အများအပြား ရှိခဲ့ပြီး ဆောင်ကြာမြိုင်များက မိန်းကလေးများကို
ဖမ်းဆီးရန်အတွက် လူကုန်ကူးသူများကို စေလွှတ်ခဲ့ကြသည်။ ထို့ကြောင့် ညဘက်တွင်
ဈေးကြီးကြီးနှင့် ရောင်းနိုင်သော ငယ်ရွယ်သည့် မိန်းကလေး အများအပြားကို ဖမ်းနိုင်ခဲ့ကြသည်။
မိန်းမကြီးက
ငွေရှာရန် တွေးနေကာ ရွှေပုံကြီးကို မြင်လိုက်ရသလို လောဘကြီးစွာ ပြုံးလိုက်သည်။ သူမ
လိမ်းလိုက်သော မျက်နှာချေမှုန့်က သူမ၏ အရေးအကြောင်းများကို လျော့နည်းသွားစေသည်။ သို့သော်လည်း
သူမ၏သွေးနီရောင်နှုတ်ခမ်းကြီးများက တွဲကျပြီး သူမက လူသားစားသော သရဲတစ္ဆေနှင့်သာ တူနေခဲ့သည်။
သူမ
စိတ်ကူးယဉ်နေချိန်မှာပဲ တာဝန်ခံ၏ကြောက်လန့်တကြား အော်ဟစ်သံနှင့်အတူ
အနက်ရောင်အရိပ်တစ်ခု သူမဆီသို့ ရောက်ရှိလာသည်ကို သူမ တွေ့လိုက်ရသည်။ မိန်းမကြီးက
ထိတ်လန့်တကြား ခေါင်းမော့ကြည့်လိုက်ချိန်တွင် တာဝန်ခံက သူမပေါ်သို့ ပြုတ်ကျလာသည်ကို
တွေ့လိုက်ရပြန်သည်။ သူမ အလွန်ကြောက်လန့်သွားပြီး ခုန်ထွက်လိုက်သောကြောင့် တာဝန်ခံက
သူမ ထိုင်နေခဲ့သော ကုလားထိုင်ပေါ်သို့ ပြုတ်ကျသွားပြီး ခိုင်ခံ့သောကုလားထိုင်က
အပိုင်းပိုင်း ကျိုးပဲ့သွားခဲ့သည်။
"မိန်းကလေးတွေကို ပြန်ထုတ်ပေး"
ကျိရွှေရှန့်က
တာဝန်ခံကို လွှင့်ပစ်ပြီးနောက် မိန်းမကြီးဆီသို့ လျှောက်လာကာ သူမ၏ လက်ကို အားပြင်းပြင်းဖြင့်
ညှစ်လိုက်သောကြောင့် မိန်းမကြီးဆီမှ နာကျင်စွာ အော်ဟစ်သံက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။
“အား၊
အရမ်းနာတယ်။ ငါ့လက် ကျိုးပြီ။ တစ်ယောက်ယောက်လာစမ်း၊ တစ်ယောက်ယောက်လာစမ်း!"
မိန်းမကြီးက
မုတ်ဆိတ်မွေးနှင့်လူ ပြသနာလာရှာမှန်း သိသွားပြီး ဖေးစွေ့လိုမှ ငှားရမ်းထားသော လူမိုက်များကို
လှမ်းအော်လိုက်သည်။
ကျိရွှေရှန့်က
သူ့ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့အား ခြိမ်းခြောက်ရန် ဓားများနှင့်
တုတ်များကိုင်ဆောင်ထားသော လူမိုက်ဆယ်ယောက်ကျော်ကို တွေ့လိုက်ရသည်။
“ဟေ့...
အဒေါ်မိန်ကို လွှတ်ပေးရင် မင်းအသက်ကို ချမ်းသာပေးမယ်။ မြန်မြန် လွှတ်ပေးလိုက်စမ်း"
မိန်းမကြီးက ကျိရွှေရှန့်၏လက်ထဲတွင်
ရှိနေသောကြောင့် ဤလူများက အလျင်စလို ကမောက်ကမ ပြုမူဝံ့ခြင်း မရှိကြပေ။ သူတို့က ထိုမိန်းမကြီးအား
ပြန်လွှတ်ပေးရန် တညီတညွတ်တည်း အော်ပြောနေကြသည်။
မည်သူက ဤနေရာသို့
ပြသနာရှာရန် လူလွှတ်လိုက်မှန်း မသိသော်လည်း အဒေါ်မိန် ဘေးကင်လုံခြုံသွားလျှင် သူတို့က
ဤလူကို အပိုင်းပိုင်းဖြတ်ပစ်မည်မှာ သေချာနေသည်။
ကျိရွှေရှန့်က ထိုလူမိုက်များကို
ကြည့်နေပြီး သူ့မျက်နှာတွင် ကြောက်ရွံ့မှုတစ်စုံတစ်ရာ မပြခဲ့ပေ။ ဤအရာက အချိန်ကြာရှည်လာလေလေ
သူ့အတွက် ပိုဆိုးလေလေဖြစ်လာမည်ကို သူ နားလည်သည်။ ထို့ကြောင့် ကျိရွှေရှန့်က
သူတို့နှင့် အပိုစကားများ ပြောပြီး အချိန်မဖြုန်းနေတော့ပေ။ သူက
အားပြင်းပြင်းသုံးကာ မိန်းမကြီး၏လက်ကို
ချိုးချလိုက်သောကြောင့် မိန်းမကြီးက အသတ်ခံရသောဝက်ကဲ့သို့ အော်ဟစ်လိုက်လေသည်။
“ဓားတွေကို
ချပြီး လူတွေကို ပြန်ထုတ်ပေး။ မဟုတ်ရင် နောက်လက်တစ်ဖက်ကို ထပ်ချိုးပစ်မယ်"
ကျိရွှေရှန့်က
နာကျင်နေသည့် အဒေါ်မိန်ကို ကြည့်ပင် မကြည့်ပေ။ သူ၏နက်မှောင်နေသော မျက်လုံးများက သူ့ပတ်ဝန်းကျင်ရှိ
လူမိုက်များကို လှည့်ပတ်ကြည့်ရှုနေကာ သူ့တစ်ကိုယ်လုံးမှ အေးစက်နေသော သတ်ဖြတ်ခြင်းရောင်ဝါများ
ထွက်ပေါ်လာသည်။ ထိုလူများ မလှုပ်ရှားရဲသည်ကို မြင်လိုက်အခါ သူက သူ့လက်ကို
နောက်တစ်ကြိမ်အားထည့်လိုက်ပြီး အဒေါ်မိန်၏ လက်ချောင်းများကို ချိုးပစ်လိုက်သည်။ အဒေါ်မိန်၏အော်သံများကြားတွင်ပင်
သူက အေးစက်စွာ အမိန့်ထပ်ပေးလိုက်သည်။
“မြန်မြန်လုပ်၊ ငါ့ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်”
✍️✍️✍️