အခန်း ၆၃ သူက
ငါ့ကို ဒေါသထွက်နေသေးတာလား?
"ဘာကို သတင်းပို့မှာလဲ? မင်းက လုံလောက်အောင် မခံစားရသေးလို့လား?
ပြေးကြရအောင်၊ ဒါက ငါတို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ”
"ဟုတ်တယ်၊ ငါတို့ အခုမှ မလွတ်နိုင်ရင် နောက်ထပ် ဘယ်တော့မှ အခွင့်အရေး ရှိလာတော့မှာ
မဟုတ်ဘူး။ မင်း တစ်သက်လုံး လူထောင်ပေါင်းများစွာရဲ့ အဖိခံရတဲ့ ပြည့်တန်ဆာဖြစ်ချင်လို့လား?"
ဖေးစွေ့လိုမှ
မိန်းကလေးများအားလုံးက သူမတို့၏အိပ်မက်ဆိုးကြီးထဲမှ လွတ်မြောက်ရန် အမြဲတမ်း
မျှော်လင့်နေသူများ ဖြစ်ကြသည်။ ယခု သူမတို့ အခွင့်အရေး ရလာချိန်တွင် သူမတို့က သူမတို့၏အဖိုးတန်ပစ္စည်းများကို ထုပ်ပိုးကာ
ထွက်ပြေးရန် ပြင်ဆင်ကြတော့သည်။ ထွက်မပြေးခင်တွင် သာမန်အမျိုးသမီးများ
ဝတ်ဆင်လေ့ရှိသော အ၀တ်အစားများကို လဲလှယ်ဝတ်ဆင်ပြီး အတူတူ ထွက်ပြေးကြတော့သည်။
အဘွားကြီးနှင့် တာဝန်ခံက
မိန်းမလေးများ ပြေးထွက်လာသည်ကို ကြည့်နေကြပြီး အံ့သြလွန်းသောကြောင့် ပါးစပ်များ ဟနေကာ
ခြိမ်းခြောက်သည့် စကားလုံးများပင် မပြောနိုင်တော့ပေ။ သို့သော်လည်း ကြောက်လန့်ဖွယ်
မျက်လုံးများနှင့်တော့ စိုက်ကြည့်နေကြသေးသည်။
မိန်းကလေးများက
အဘွားကြီးနှင့် သူမ၏နောက်လိုက်များကို အလွန်ကြောက်ရွံ့ကြသည်။ သူမတို့က ထိုလူမိုက်များကို
အလွန်ကြောက်ရွံ့ရသောကြောင့် ဖေးစွေ့လိုမှ ထွက်ပြေးချိန်တွင်ပင် သူမတို့၏ဦးခေါင်းများကို
ငုံထားပြီး သူတို့ကို လုံးဝ မကြည့်ရဲကြပေ။
လမ်းသွားလမ်းလာများက
ဖေးစွေ့လိုမှ မိန်းကလေးတစ်စု ပြေးထွက်လာသည်ကို စောင့်ကြည့်နေကြပြီး နောက်ထပ်တစ်ဖွဲ့
ထွက်ပြေးလွတ်မြောက်လာကြောင်း နားလည်လိုက်သည်။ သူတို့က ဖြစ်ပျက်ခဲ့သည့်အကြောင်းအရင်းအကုန်ကို
မသိကြပေ။ သူတို့အားလုံးက အခြေအနေကို စောင့်ကြည့်ရန် စုရုံးရောက်ရှိလာကြခြင်း ဖြစ်ပြီး
သူ့၏နှလုံးသားထဲတွင် ထိုမိန်းကလေးများအတွက် စိုးရွံ့ပေးနေကြသည်။
ပြန်ဖမ်းမိသွားရင်
သေခြင်းတရားက သူမတို့ကို စောင့်ကြိုနေလိမ့်မယ်။
ဒီဖေးစွေ့လိုက
တရားသူကြီးရဲ့အပိုင်ဖြစ်ပြီး မြို့စောင့်တပ်မှူးက တရားသူကြီးရဲ့ယောက်ဖလေ။ သူတို့ အခု
ပြေးနိုင်ရင်တောင် ကျင်းချန်ရဲ့ထိန်းချုပ်မှုကနေ လွတ်မြောက်နိုင်ပါ့မလား?
သူ ထွက်သွားပြီးနောက်
ဖေးစွေ့လိုမှ မိန်းကလေးများ ပုန်ကန်ခဲ့သည်ကို ကျိရွှေရှန့်က မသိတော့ပေ။ သူက
လမ်းတလျှောက်မေးမြန်းကာ အစိုးရရုံးတော်သို့ သွားနေပြီး အစိုးရရုံးတော်သို့ ရောက်ချိန်တွင် ရုံးတော်၏အပြင်ဘက်တွင်
လူပင်လယ်ကြီးကို တွေ့လိုက်ရသည်။ လူများက များပြားလွန်းသောကြောင့် အထဲတွင် ဖြစ်ပျက်နေသည်ကို
သူ မမြင်ရတော့ပေ။
ကျိရွှေရှန့်က
တခဏမျှ တုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် သူက ရုံးတော်၏နောက်ဖေးဘက်သို့
ဦးတည်လိုက်သည်။ အကယ်၍ ကော်သခင်လေးက စူးချင်းနှင့် ကျိရှောင်ယင်တို့ကို ဖမ်ဆီးသွားခဲ့လျှင်
သူက သူမတို့ကို ရုံးတော်ထဲသို့ ခေါ်ဆောင်သွားမည် မဟုတ်ဘဲ အိမ်သို့ ပြန်ခေါ်လာမည်မှာ
အသေအချာပင်။
ထို့ကြောင့် သူက
ရုံးတော်မှလူများကို တပ်လှန့်သလို ဖြစ်စေမည် မဟုတ်ပေ။ အခြားတစ်ဘက်က လူအင်အား ပိုများနေသောကြောင့်
စူးချင်းနှင့် ကျိရှောင်ယင်တို့ကို ရှာမတွေ့မီ သူ သတိထားရန် လိုအပ်နေသေးသည်။
ကျိရွှေရှန့်က
နောက်ဖေးလမ်းကြားသို့ ရောက်လာပြီး ခြံဝင်း၏နံရံကို မေ့ကြည့်လိုက်သည်။ ခရိုင်တရားသူကြီးက
မကောင်းမှုများစွာကို ပြုလုပ်ခဲ့သောကြောင့် လက်စားချေခံရမည်ကို ကြောက်လန့်နေပုံရပြီး
အိမ်နောက်ဖေးနံရံကပင် တစ်ကျန်း(၁၀ပေကျော်)ကျော်မြင့်နေပြီး လူများ ခုန်မတက်နိုင်အောင်
ဝါးဆူးများပင် ကာရံထားသည်။ အိမ်နောက်ဖေးတံခါးကိုလည်း တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး
တံခါးနေရာတွင်ပင် ခိုတက်ရန် နေရာမရှိပေ။
သို့သော်လည်း ထိုအရာများက
ကျိရွှေရှန့်အတွက် ပြဿနာ မဟုတ်ပေ။ သူက တောင်တန်းများပေါ်တွင် ကြီးပြင်းလာခဲ့ပြီး
ကိုယ်ခံပညာကိုလည်း ကျွမ်းကျင်သူ ဖြစ်သည်။
တံတိုင်းတွေက ဘယ်လောက်ပဲ
မြင့်နေပါစေ သူ့အတွက် ခက်ခဲတဲ့အရာတော့ မဟုတ်ပါဘူး။ ပြီးတော့ သူက သူရဲ့မွေးစားအဖေဆီကနေ
ချင်ကုန်း(ကိုယ်တွင်းစွမ်းအားကို သုံး၍ ခုန်ပြန်ကျော်လွှားနိုင်သော အတွင်းအား)ကိုလည်း
သင်ယူခဲ့သေးတယ်လေ။
ကျိရွှေရှန့်က
ပြင်ဆင်မှုအချို့ ပြုလုပ်လိုက်ပြီး နံရံကို ကျော်တက်ရန် စီစဉ်နေခဲ့သော်လည်း သူ မခုန်တက်ရသေးမီမှာပင်
အိမ်နောက်ဖေးခြံတံခါးက ပွင့်သွားကာ အစေခံမလေးတော်တော်များများနှင့် ကျေးကျွန်အိုကြီးများက
အထဲမှ ပြေးထွက်လာကြသည်။ သူတို့အားလုံးက အိတ်ကြီး အိတ်ငယ်များကို သယ်ဆောင်ထားကြသော်လည်း
အသက်အန္တရာယ်အတွက် ပြေးနေသကဲ့သို့ ထိတ်လန့်နေကြသည်။
ကျိရွှေရှန့်ကို
မြင်သောအခါ သူတို့က အလွန်ထိတ်လန့်သွားကြပြီး မလှုပ်ဝံ့ကြတော့ပေ။ ကျိရွှေရှန့်ကလည်း
တစ်ခုခုမှား နေကြောင်း ရိပ်မိလာပြီး သုန်မှုန်နေသော မျက်နှာဖြင့် မေးလိုက်သည်။
"မင်းတို့ ဘာတွေ ဖြစ်နေကြတာလဲ?"
"သခင်ကြီး၊ ကျွန်တော်မျိုးတို့ကို ချမ်းသာပေးပါ။ ကျွန်တော်မျိုးတို့က ခရိုင်တရားသူကြီးလုပ်ခဲ့တဲ့
ဆိုးရွားတဲ့ကိစ္စတွေမှာ မပါဝင်ခဲ့ပါဘူး။ ကျွန်တော်မျိုးတို့က သာမန်လူတွေပါ”
စားဖိုမှူးက
မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ကျိရွှေရှန့်ထံမှ သနားညှာတာမှုရနိုင်ရန် ကရုဏာသက်ဖွယ်မျက်နှာထားဖြင့်
တောင်းပန်လိုက်သည်။
"သခင်ကြီး၊ ကျွန်တော်မျိုးတို့ကို လွှတ်ပေးနိုင်မလား? ကျွန်တော်မျိုးတို့က
ဘာမှ မသိပါဘူး"
စားဖိုမှူး
ဒူးထောက်လိုက်သည်ကို တွေ့သောအခါ သူ့နောက်မှ တခြားအစေခံများက ကျိရွှေရှန့်ထံ အသနားခဲရန် ဒူးထောက်လိုက်ကြသည်။
“ဘယ်သူမှ
ထွက်သွားခွင့်မရှိဘူး။ မင်းတို့ရဲ့အထုတ်အပိုးတွေကို ပြန်ချလိုက်။ ငါတို့က
ဒီအိမ်တော်ကို စီးနင်းပြီးပြီ၊ ငါတို့ စစ်ဆေးပြီး မင်းတို့နဲ့ ဆိုင်တဲ့
ပစ္စည်းမဟုတ်ရင် ဘဏ္ဍာတော်အဖြစ် သိမ်းယူမယ်"
လီဝူက ဓားကိုင်ထားသော
သက်တော်စောင့်တစ်ဦးနှင့် နောက်ဖေးဘက်သို့ ရောက်ရှိလာသည်။ ထိုအစေခံများနှင့်
ကျေးကျွန်များက ပစ္စည်းများနှင့်အတူ ထွက်ပြေးရန် ကြိုးပမ်းနေသည်ကို မြင်သောအခါ သူက
အော်ဟစ် အမိန့်ပေးလိုက်သည်။
“ဟေး!
သခင်လေးကျိ မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ?”
ကျိရွှေရှန့်ကို မြင်လိုက်ရသောကြောင့်
လီဝူက အံ့အားသင့်သွားသည်။ သူတို့ တည်းခိုဆောင်မှ ထွက်လာကြချိန်တွင် ကျိရွှေရှန့်က နှိုးမရ
ခေါ်မရဖြင့် သစ်လုံးကဲ့သို့ အိပ်ပျော်နေသေးသည်။
သူက အခု ဘာလို့ ခရိုင်တရားသူကြီးရဲ့အိမ်နောက်ဖေးမှာ
ရုတ်တရက် ပေါ်လာရတာလဲ?
"ကျွန်တော်က စူးချင်းနဲ့ ညီမလေးကို ရှာဖို့ ရောက်လာတာ"
ကျိရွှေရှန့်က လီဝူ၏
သတိအပြည့်ရှိနေသော မျက်နှာအမူအရာကို ကြည့်လိုက်သည်။ လီဝူက ခရိုင်တရားသူကြီးကော်နှင့်
ပတ်သက်မှု ရှိ၊ မရှိ မသေချာသေးပေ။ ယခုန လီဝူ ဖော်ပြ စီးနင်းမှုကလည်း ဘာတွေဖြစ်နေသည်ကို
သူ နားမလည်နိုင်သေးပေ။
“သူ(မ)တို့နဲ့
ကျွန်တော့်သခင်က ဒီအမှုကို ရုံးတင်စစ်ဆေးဖို့ ခန်းမထဲမှာ ရှိနေပါတယ်။ သခင်လေးကျိ စိတ်မပူပါနဲ့၊
သူ(မ)တို့ လုံခြုံပါတယ်”
ကျိရွှေရှန့်က စူးချင်းနှင့်
ကျိရှောင်ယင်ကို ရှာရန် ရောက်လာကြောင်း ကြားသောအခါ လီဝူက ပြုံးလိုက်သည်။ သူတို့မှာ
လူအင်အားနည်းလွန်းနေတာလေ။ ဘာပဲဖြစ်ဖြစ် ကျိရွှေရှန်းက အရပ်ရှည်ပြီး အရည်အချင်းရှိတာကြောင့်
သူတို့အတွက် အကူအညီ ဖြစ်စေလိမ့်မယ်။
"ငါ သွားကြည့်မယ်"
သူ့ညီမလေးနှင့် စူးချင်းတို့
ပင်မခန်းမတွင် ရှိနေကြောင်းကို ကြားလိုက်ရသော်လည်း ကျိရွှေရှန့်က စိုးရိမ်စိတ်ဖြင့်
ပူလောင်နေဆဲဖြစ်ကာ သူက သူမတို့ ဘေးကင်းကြောင်း သူမျက်စိဖြင့် အတည်ပြုချင်နေသေးသည်။
“ရပါတယ်။
အရင်သွားပြီး စစ်ဆေးကြည့်လိုက်ပါ။ ပြီးရင် မင်းတို့ ဒီကိုလာပြီး ခရိုင်တရားသူကြီးကော်ရဲ့
ပိုင်ဆိုင်မှုကို ကူသိမ်းပေးဖို့ မျှော်လင့်နေပါတယ်”
လီဝူက အပြုံးဖြင့်
ခေါင်းညိတ်ပြလိုက်သည်။
ကျိရွှေရှန့်က သူ ပြောသမျှကို
အလွယ်တကူ မယုံဘူးဆိုတာကို သူလည်း သိပါတယ်။ ဒီလူက စူးချင်းနဲ့ ကျိရှောင်ယင်တို့
ဘေးကင်းနေတာ သူ့မျက်လုံးနဲ့ မြင်ရမှ ယုံကြည့်မယ့်လူစားမျိုးပါ။
“အင်း”
ကျိရွှေရှန့်က
ဤတာဝန်ကို ထမ်းဆောင်ရန် အလွန်ဆန္ဒရှိနေခဲ့သည်။ အထူးသဖြင့် ထိုအကျင့်ပျက်အရာရှိ၏သားက
ကျိရှောင်ယင်နှင့် စူးချင်းကို တပ်မက်နေသောကြောင့် ထိုအကျင့်ပျက်အရာရှိကို
စုံစမ်းဖော်ထုတ်ဖမ်းဆီးရမည်မှာ သူ့အတွက် အလွန်ကျေနပ်စရာကောင်းသည်။
သူ့လူတွေကို
လာထိတာက ပိုပြီးတောင် ခွင့်မလွှတ်နိုင်စရာကောင်းနေသေးတယ်။
ကျိရွှေရှန့်က
အိမ်ရှေ့သို့ ပြေးထွက်သွားသည်။ သူ၏တုတ်ခိုင်သန်မာသော လက်မောင်းများနှင့်
ကြီးမားသော ခွန်အားများက သူ့ကို လူရှေ့သို့ အလွယ်တကူ တွန်းပို့လိုက်သည်။
သူ တစ်ချက်ကြည့်လိုက်ရုံဖြင့်
ပင်မခန်းမထဲတွင် ထိုင်နေသော သခင်ကြီးချင်ကို တွေ့လိုက်ရပြီး စူးချင်းနှင့် ကျိရှောင်ယင်တို့က
သူ့၏ဘေးတွင် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။ အဘိုးအို၏ ခံ့ညားသောအမူအရာက
ရှိနေသူအားလုံးကို တုန်လှုပ်စေနိုင်သည်။
စူးချင်း၏အမူအရာကတော့
အေးစက်နေပြီး သူမက ဘာအမူအရာမှ မရှိဘဲ ထိုနေရာတွင် ရပ်နေလေသည်။ ကျိရှောင်ယင်၏မျက်လုံးများက
ခန်းမအတွင်းရှိ အရာအားလုံးကို လိုက်ကြည့်နေပြီး သူမက စိတ်လှုပ်ရှားနေပုံရကာ
သူမ၏မျက်ဝန်းလေးများပင် ပြူးကျယ်နေလေသည်။
နောက်ဆုံးတွင်တွဲလောင်းကျနေခဲ့သည့်
ကျိရွှေရှန့်၏နှလုံးသားက မူလနေရာသို့ ပြန်ရောက်သွားပြီး သူလည်း စိတ်သက်သာရာရသွားခဲ့သည်။
ထိုအချိန်မှသာ စူးချင်းက သူ့ကို ဆေးခပ်ခဲ့ပြီး သူ တစ်ညတာလုံး သတိလစ်သွားသည်ကို ပြန်သတိရလာမိသည်။
ဒီမိန်းခလေးက အရမ်း
ရဲတင်းပြီး ဘာမဆို လုပ်ရဲတယ်။
စူးချင်းက ခန်းမထဲတွင်
ရပ်နေကာ သခင်ကြီးချင်၏အမှုကိုင်တွယ် စစ်ဆေးပုံကို ကြည့်နေခဲ့သည်။ ထိုအခိုက်အတန့်တွင်
ရုတ်တရက် သူမဆီသို့ တိုးဝင်လာသည့် ဒေါသအရိပ်အယောင်ကို သူမ အာရုံခံလိုက်မိသည်။
သူမက အေးစက်သောမျက်နှာပင် မော့ကြည့်လိုက်ရာ ခန်းမ၏အဝင်ဝတွင် အရပ်ရှည်သော လူထွားကြီးတစ်ယောက်
ရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။
သူ့ကို
တွေ့လိုက်ရခြင်းက စူးချင်းကိုပင် အံ့အားသင့်စေခဲ့သည်။
သူက ဘယ်လိုဖြစ်ပြီး
ဒီလောက်မြန်မြန် ပြန်နိုးလာရတာလဲ?
စူးချင်းက သူ့ကို
မြင်သွားပြီး သူမ၏ မျက်လုံးများတွင် အံ့အားသင့်နေသည့် အရိပ်အယောင်များ
ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောကြောင့် ကျိရွှေရှန့်က အံကြိတ်ကာ ပင်မအခန်းထဲကို ဝင်သွားလိုက်ပြီး
စူးချင်းဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
"အနောက်မှာ စောင့်နေစမ်း"
သခင်ကြီးချင် ခေါ်ဆောင်လာသော
အစောင့်များက သူတို့၏ဓားများကို ဆွဲထုတ်ပြီး ကျိရွှေရှန့်ကို တားဆီးလိုက်သည်။
ဤနေရာတွင် အမှုတွဲများကို ကိုင်တွယ်ဖြေရှင်းနေပြီး ကြမ်းပြင်တွင် ဒူးထောက်နေသော
နစ်နာသူများ အပြည့်ရှိနေသေးသည်။ အမှုအခင်းအတွက် တိုင်ကြားလိုလျှင်
ဦးစွာဆောင်ရွက်ရမည့် အခြေခံအချက်များ ရှိနေသေးသည်။ ထို့ကြောင့် သူတို့က ကျိရွှေရှန့်ကို
မောင်းထုတ်ရန် ရောက်လာပြီး သူ့ကို အနောက်တွင် ရပ်ကာ တန်းစီရန် အမိန့်ပေးလိုက်သည်။
"အစ်ကိုကြီး.... အစ်ကိုကြီး!"
ကျိရှောင်ယင်က ကျိရွှေရှန့်ကို
မြင်သွားပြီး ပေါ့ပါးသောခြေလှမ်းများဖြင့် အစ်ကိုဖြစ်သူထံသို့ ပြေးသွားနေရင်း
စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။
သခင်ကြီးချင်က
အမှုကိစ္စများ ကိုင်တွယ်နေပြီး ကျိရှောင်ယင်က ကျိရွှေရှန့်ရှေ့တွင် ခုန်ပေါက်နေသည်ကို
မြင်လိုက်သောအခါ သူက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သော်လည်း သူမကို
ဆူပူကြိမ်းမောင်းရန်တော့ မလုပ်ရက်နိုင်ပေ။
ထိုအစား သူက ကျိရွှေရှန့်ကို
စိုက်ကြည့်နေပြီး အဘိုးအို၏မျက်လုံးများတွင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့်
အရိပ်အယောင်များ ပေါ်လာသည်။ နောက်ဆုံးအကြိမ်က သူက ကျိရွှေ့ရှန်းကို အလျင်စလိုသာ တွေ့ခဲ့ရပြီး
အနီးကပ် မကြည့်ခဲ့ရပေ။ ယခု သူကို နီးကပ်စွာ မြင်နိုင်ပြီဖြစ်သော်လည်း ထိုလူ၏အသက်က
မလိုက်ဖက်တော့သည်ကို သူ မြင်လိုက်ရသည်။
သူကို ကြည့်ရတာ
အသက်သုံးဆယ်လောက်ရှိနေပြီလေ၊ သူ့မြေးလေးက အသက်ဆယ့်ကိုးနှစ်ပဲ ရှိသေးတယ်။
အသက်အရွယ်ကွာခြားချက်က အရမ်း ကြီးလွန်းတယ်။
အဘိုးအို၏နှလုံးသားက
တဖန်နာကျင်လာပြီး မျက်လုံးများ နီရဲလာသည်။
တကယ်တော့ သူ
အတွေးလွန်နေပုံပါပဲ။ ကလေးနှစ်ယောက်က စစ်သည်တွေ လိုက်ဖမ်းတာကို ခံခဲ့ရပြီး နောက်ဆုံးတော့
တောင်ပေါ်ကနေ ပြုတ်ကျသွားခဲ့တယ်။ သူတို့ ဘယ်လို အသက်ရှင်နိုင်ပါတော့မလဲ?
ကျိရွှေရှန့်က
သူ့ညီမလေး ဆူညံသံများ မပြုလုပ်ရန် ထိန်းထားလိုက်သည်။ ထိုမှသာ ကျိရှောင်ယင်က သူမ သခင်ကြီးချင်၏အလုပ်ကို
အနှောက်အယှက် ဖြစ်စေမိကြောင်း နားလည်သွားသည်။ သူမက စိတ်လှုပ်ရှားစွာဖြင့်
နောက်သို့ ပြန်လှည့်ကာ အပြစ်မကင်းရိပ်များ သန်းနေသည့် မျက်လုံးလေးများဖြင့်
သခင်ကြီးချင်ကို ခိုးကြည့်လိုက်ပြီးမှ မျက်လွှာပြန်ချလိုက်သည်။
ကျိရှောင်ယင်၏ သူမကိုယ်သူမ
အပြစ်တင်နေသော အကြည့်များကို မြင်လိုက်ချိန်တွင် သခင်ကြီးချင်၏ မျက်လုံးများက မှေးမှိန်းသွားပြန်သည်။
သူမက လင်အာနဲ့
ဆင်တူတဲ့ပုံစံနဲ့ မွေးဖွားလာရုံသာမကဘဲ သူမရဲ့လှုပ်ရှားမှုတိုင်းကလည်း လင်အာနဲ့အတူတူ
ဖြစ်နေသေးတယ်။
ကျိရွှေရှန့်က စီးနင်းမှုတွင်
ကူညီပေးရန် သူ လီဝူကို ကတိပေးခဲ့သည်ကို ပြန်တွေးမိသွားသဖြင့် သူ့ညီမလေးကို
ခန်းမထဲမှ ခေါ်ထုတ်သွားခဲ့သည်။ သူက စူးချင်းကို ဒေါသထွက်နေသေးသောကြောင့် သူမကို
တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး မခေါ်တော့ပေ။
စူးချင်းက ကျိရွှေရှန့်၏
နောက်ကျောကို လှမ်းကြည့်နေပြီး ရယ်ချင်နေမိသည်။
'သူက ငါ့ကို ဒေါသထွက်နေသေးတာလား? ငါက သူ့ကို ကယ်တင်ခဲ့တာကို သူ မသိဘူးလား?'