အခန်း ၆၄ ဒီကလေးမလေးရဲ့ရိုင်းစိုင်းမှုကို
နှိုးဆွပေးနေတယ်ပေါ့
ကျိရွှေရှန့်က ကျိရှောင်ယင်ကို
အိမ်နောက်ဖေးဘက်သို့ ခေါ်သွားပြီး အ်မ်တော်ကို ရှာဖွေရန် ပြင်ဆင်နေခဲ့သည်။ သူတို့
အနောက်ဘက်အခန်းထဲသို့
ဝင်လိုက်သည်နှင့် ကော်ရှင်းက တံခါးဘောင်ကို ကိုင်ထားပြီး အဆုပ်ထဲမှလေထွက်လုနီးပါး
အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။ “အဲ့ဒီပစ္စည်းတွေကို
ချထားလိုက်ကြစမ်း။ အခု ချက်ချင်း ပြန်ချထားလိုက်။ မင်းတို့က ဘယ်သူတွေလဲ? ငါ့ဦးလေးက
မင်းတို့အားလုံးကို အပိုင်းပိုင်း ဖြတ်ပစ်လိုက်မယ်"
ခြံဝင်းထဲတွင် လီဝူက
ကော်မိသားစု၏ကျေးကျွန်များကို ခြံထဲသို့ ပစ္စည်းများ ရွှေ့လာရန် ညွှန်ကြားနေသည်။
သူ့၏လက်ထဲတွင် သိုလှောင်ခန်းသော့ကို ကိုင်ထားသော်လည်း ထိုလူများက နောက်တစ်ကြိမ်
ထွက်ပြေးမည်ကို ကြောက်သောကြောင့် သူ ထိုနေရာသို့ မသွားရဲသေးပေ။
ကျိရွှေရှန့် ပြန်ရောက်လာသည်ကို
မြင်လိုက်ချိန်တွင် လီဝူက ပျော်ရွှင်သွားပြီး ကျိရွှေရှန့်ကို ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေးကျိ။ ခြံဝင်းကို စောင့်ရှောက်ပေးဖို့နဲ့ သူတို့ ပစ္စည်းတွေ
ရွှေ့နေတာကို စောင့်ကြည့်ပေးဖို့ မင်းကို ဒုက္ခပေးရလိမ့်မယ်"
“ရတယ်”
ကျိရွှေရှန့်က လေးနက်သောအသံဖြင့် သဘောတူလိုက်သော်လည်း သူ၏မျက်လုံးများက
တံခါးဘောင်ကို ကိုင်ထားသော ကော်ရှန်းကို စိုက်ကြည့်နေသည်။ ဒီကောင်က ရှောင်ယင်နဲ့
စူးချင်း အပေါ် အကြံအစည်တွေ ရှိနေရအောင် သူက ဘယ်လောက်များ သတ္တိနေလို့လဲ?
လီဝူက ကျိရွှေရှန့်၏မျက်လုံးများမှ
ပြင်းထန်သောအငွေ့အသက်ကို ခံစားမိသွားပြီး သူ ကြည့်နေသည့်နေရာကို
လိုက်ကြည့်လိုက်သောကြောင့် သူလည်း ကော်ရှန်းကို မြင်သွားခဲ့သည်။ သူက ပြုံးလိုက်ပြီး
ကျိရွှေရှန့်ကို တောင်းဆိုလိုက်သည်။ "သူ့ကို မသတ်ပါနဲ့၊ ငါတို့ သူ့ကို
မေးခွန်းတွေ မေးစရာရရှိသေးလို့ သူ အသက်ရှင်ဖို့ လိုနေသေးတယ်!"
ဆိုလိုတာက ကျိရွှေရှန့်က
သူ့ညီမအတွက် လက်စားချေနိုင်ဖို့ ကော်ရှန်းကို
ရိုက်နှက်လို့ရတယ်လို့ တိတ်တဆိတ် ပြောပြလိုက်တာပါပဲ။
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ”
ကျိရှောင်ယင်က
စိတ်လှုပ်ရှားနေသည့်အမူအရာလေးဖြင့် သူမ၏အစ်ကိုကြီးကို ကြည့်နေလေသည်။
ဒီကောင့်ကို ဂရုစိုက်ပေးရမှာလား?
သူမလည်း ပူးပေါင်းပါဝင်ချင်တယ်လေ....
ကျိရှောင်ယင်က
ခြံဝင်းထဲသို့ လှည့်ပတ်ကြည့်ရှုလိုက်ပြီး အသုံးဝင်မည့် တစ်စုံတစ်ခုကို ရှာဖွေလိုက်ရာ
အစေခံများအား သွန်သင်ရန် ကော်ရှန်း သုံးလေ့ရှိသည့် သားရေကြာပွတ်ကို ချက်ချင်း တွေ့သွားတော့သည်။
သူမက ကြာပွတ်ကို ကောက်ယူကာ ဝေ့ယမ်းနေရင်း သူမ၏အစ်ကိုကြီးကို ပြောင်စပ်စပ်
လှမ်းပြောလိုက်သည်။ “အစ်ကိုကြီး၊ ညီမလေး သူ့ကို သွားရိုက်လိုက်မယ်”
“အင်း”
ကျိရွှေရှန့်က
သူ့ညီမလေးကို စူးစူးရဲရဲ စိုက်ကြည့်နေရင်း ဆက်ပြောလိုက်သည်။
"ငါ သူ့ကို အရင်ရိုက်မယ်၊ ပြီးရင် မင်း ဆက်ရိုက်လို့ ရပြီ"
တကယ်တော့ သူ့စိတ်ထဲကနေ
ပြောနေတာ တစ်ခု ရှိနေသေးတယ်။ အခု ဒီကောင်က
မင်းကို နာကျင်အောင် လုပ်နိုင်သေးတယ်....
ကျိရှောင်ယင်က
ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ သူမ၏အစ်ကိုကြီးက ကော်ရှန်းကို ပျော့ခွေသွားသည်အထိ ရိုက်တော့မည်ကို
စောင့်ကြည့်နေလေသည်။
ကော်ရှန်းက လူသတ်အငွေ့အသတ်များကို
ခံစားလိုက်ရပြီး သူ့၏ဦးရေပြားပင် ထုံကျင်လာသည်။ သူ ခေါင်းမော့လိုက်ချိန်တွင်
ရက်စက်သည့်အမူအရာ ရှိနေသည့် ကျိရွှေရှန့်ကို တွေ့လိုက်ရသောကြောင့် သူ အရမ်းကြောက်သွားပြီး
နောက်ပြန်ဆုတ်သွားသည်။
“မင်း…
မင်း ဘာလုပ်မလို့လဲ?”
ကျိရွှေရှန့်က
နောက်ထပ် မည်သည့်စကားမျှ မဖြုန်းတီးခဲ့ပေ။ သူက အသက်ရှုမဝနိုင်စေမည့် ဖိအားတစ်ခုကို
ထုတ်လွှတ်ထားပြီး ကော်ရှန်းဆီသို့
တစ်လှမ်းချင်း လျှောက်လှမ်းနေသည်။ ကော်ရှန်းဆီသို့ ရောက်သောအခါ သူက သူ့လက်ကို ဆန့်ကာ
ကော်ရှန်း၏ဆံပင်ကို လှမ်းဆွဲလိုက်ပြီး မြေပြင်မှ ဆွဲထူကာ ခြံဝင်းထဲသို့ ပစ်ပေါက်လိုက်သည်။
ကျိရွှေရှန့်က
သူတို့၏သခင်လေးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး သူတို့သခင်လေးက ပြန်မထနိုင်တော့သည်ကို
မြင်လိုက်ရသောကြောင့် အစေခံများအားလုံး အလွန်ထိတ်လန့်သွားကြပြီး အသက်ပင် ရဲရဲမရှူဝံ့တော့ပေ။
သူတို့အားလုံးက သူတို့၏ခေါင်းများကို ငုံ့ထားကြပြီး လိမ်လိမ်မာမာ ဒူးထောက်နေကြသည်။
ထွက်ပြေးဖို့လား?
အာခံဖို့လား? မေ့လိုက်ပါတော့.... ဘယ်သူက လွတ်မြောက်နိုင်မှာမို့လဲ?
ကျိရွှေရှန့်က
သူ၏လက်သီးနှင့် ကန်ချက်များအတွက် သူ့ခွန်အားကို ထိန်းချုပ်ထားသောကြောင့် ကော်ရှန်းတစ်ယောက်
အလွန်နာကျင်နေပြီး သေချင်နေသည့်တိုင် သူ အသက်ရှင်နေသေးသည်။ ကော်ရှန်းက မြေပြင်ပေါ်မှ
လူးလဲထလာပြီး သူ့မိဘများကို တိုင်တည်ကာ အော်ငိုနေတော့သည်။ ကျိရွှေရှန့်က သူ့ကို ခွေးတစ်ကောင်လို
လိုက်ဖမ်းပြီး ရိုက်နှက်နေသောကြောင့် သူအရင်ကလို မာနမကြီးရဲတော့ကြောင်း သိသာနေသည်။
ကျိရွှေရှန့်က ကော်ရှန်း၏ခြေနှင့်
လက်များ မလှုပ်နိုင်တော့သည်အထိ အားနည်းသွားအောင် ရိုက်နှက်ဆုံးမပြီးမှ
ထိုအကောင်ကို သူ့ညီမလေးဆီ လွှဲပေးလိုက်သည်။
“ဆက်လုပ်လိုက်တော့!”
“ကောင်းပြီ”
ကျိရှောင်ယင်က
အချိန်အတော်ကြာအောင် စောင့်နေခဲ့ရပြီး သူမ၏အစ်ကိုကြီးက ကော်ရှန်းကို ပြုစုပေးနေချိန်တွင်
သူမက ထိုလူယုတ်မာကို သူမကိုယ်တိုင် ရိုက်နှက်နေရသလိုမျိုး သူမ၏လက်သီးလေးများကို
ဝှေ့ယမ်းကာ လက်သီးလက်မောင်းတန်းနေခဲ့သည်။
သူမအစ်ကိုကြီး၏အမိန့်သံကို
ကြားရချိန်တွင် ကလေးမလေးက ကြာပွတ်ကို ကိုင်ကာ ရှေ့တိုးသွားပြီး ကြာပွတ်ကို ဝှေ့ယမ်းကာ ကော်ရှန်း၏ခန္ဓာကိုယ်ကို
ရစ်ပတ်လိုက်သည်။
“နင်က
တခြားသူတွေကို အနိုင်ကျင့်ချင်တယ်ပေါ့၊ အခု ငါက နင့်ကို အနိုင်ကျင့်ပြမယ်၊
အဲ့အတွက် လူမဆန်တဲ့ နင့်ကိုယ်နင်ပဲ အပြစ်တင်လိုက်တော့! ငါ နင့်ကို သေအောင် ရိုက်သတ်ပစ်မယ်....
ခွေးကောင်!"
ကျိရှောင်ယင်၏အသံက စာဝါငှက်လေး၏တေးသီသံနှင့်တူနေသောကြောင့် သူမက တစ်စုံတစ်ဦးကို ပြတ်ပြတ်သားသား ကြိမ်းမောင်းနေသော်လည်း ကြားရသူအဖို့ သာယာငြိမ့်ညောင်းလွန်းလှသည်။ အိမ်နောက်ဖေးသို့ ဝင်ရန် ပြင်နေသော စူးချင်းက ကျိရှောင်ယင်၏ဆူပူကြိမ်းမောင်းသံကို ကြားလိုက်ရပြီး သူမ၏အေးစက်သောမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
အရမ်းကောင်းတယ်၊
ကလေးမလေးရဲ့ စိတ်ရိုင်းသဘာဝကို နှိုးဆွနိုင်ခဲ့ပြီ။ တကယ်တော့ ဒီနည်းလမ်းကပဲ သူမကိုယ်သူမ
ကာကွယ်ပေးနိုင်လိမ့်မယ်။
စူးချင်းက
ခြံဝင်းထဲသို့ လှမ်းဝင်လိုက်ချိန်တွင် ကျိရှောင်ယင်က သူမ၏ကြာပွတ်ကို ဝှေ့ယမ်းကာ ကော်ရှန်းကို
ခြံဝင်းအနှံ့ လိုက်ရိုက်နေသည်ကို တွေ့လိုက်ရသည်။ ကော်ရှန်း၏ခန္ဓာကိုယ်က ကင်းခြေများတစ်ကောင်ကဲ့သို့
အနောက်သို့ တရွေ့ရွေ့ ရွေ့နေကာ နာကျင်စွာ အော်ဟစ်နေသည်။
ကျိရှောင်ယင်ကလည်း
အလွန်ပင်ပန်းလာပြီး သူမ မောပန်းနွမ်းနယ်နေသော်လည်း သူမက လုံးဝ မရပ်သေးပေ။ သူမက
ကြာပွတ်ကို မြှောက်ကာ ကော်ရှန်းနောက်သို့ လိုက်နေသေးသည်။ ကော်ရှန်းက အလွန်နာကျင်နေပြီ
ဖြစ်ကာ ကြာပွတ်ကို မြင်သည်နှင့် သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီ ဖြစ်သည်။ သူက နာကျင်ကိုက်ခဲမှုများကို
ရှောင်ရှားရန်အတွက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကျိရှောင်ယင်ကို
ဦးတိုက်တောင်းပန်ရင်း ငိုယိုနေခဲ့သည်။
“ဟုတ်ပါတယ်၊
ငါက လူမဆန်ဘူး။ မိန်းမပျိုလေး၊ ငါ့ကို မရိုက်ပါနဲ့တော့။ အဲ့ဒါက မင်းရဲ့လက်တွေကို
ညစ်ပတ်စေလိမ့်မယ်"
ကျိရွှေရှန့်က စူးချင်း
ဝင်လာသည်ကို ချက်ချင်း မြင်လိုက်သော်လည်း သူက သူမကို ဒေါသထွက်နေသေးသဖြင့်
ချက်ချင်း မျက်နှာလွှဲလိုက်သည်။
စူးချင်းက
ရယ်မောပြီး သူ့ဘေးသို့ လျှောက်သွားလိုက်သည်။
သူ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲဆိုတာကို
သူမ ကြည့်ချင်သေးတယ်။
စူးချင်း
သူ့ဘေးနားသို့ လျှောက်လာသည်နှင့်တစ်ပြိုင်နက် ကျိရွှေရှန့်က မနေ့ညက သူမ သူ့ကို
အဝတ်ဗလာဖြင့် မြင်သွားသည့် မြင်ကွင်းကို ပြန်သတိရသွားပြန်သည်။ သူ့မျက်နှာက ပူလောင်လာသော်လည်း
ကံကောင်းထောက်မစွာဖြင့် သူ့အသားအရေက မည်းမှောင်နေသောကြောင့် နီမြန်းနေသော သူ့ပါးပြင်များကို
မည်သူမှ မမြင်နိုင်တော့ပေ။
တကယ်တော့ သူက စူးချင်းရဲ့မျက်လုံးတွေကို
မကြည့်ရဲလို့ သူမကို မကြည့်တာပါ။ သူမအပေါ်ထားတဲ့ သူ့ရဲ့ဒေါသကို သူ မေ့သွားတာဖြင့် ကြာလှပြီ။
လီဝူက သိုလှောင်ခန်းထဲရှိ
မှတ်တမ်းများကို ရှာဖွေပြီးနောက် အတွင်းခန်းထဲသို့ ဝင်ကာ ထပ်ရှာဖွေနေခဲ့သည်။
ယခုပြဿနာက စာရင်းတွင် မှတ်တမ်းတင်ထားသော ငွေများက ကော်ကုန်း ဝန်ခံထားသည့်စာရင်းနှင့်
မကိုက်ညီသောကြောင့် ဖြစ်သည်။
လျို့ဝှက်စာရင်းတွင်
စုစုပေါင်း ငွေလျန် ငါးသိန်းရှစ်သောင်း မှတ်တမ်းတင်ထားသော်လည်း ကော်ကန်းက သူ့ကို လျန်ငါးသောင်းသာ
ဝန်ခံခဲ့သောကြောင့် ကွာဟချက်က ကြီးမားလွန်းနေသည်။
ငွေစက္ကူများ၊
ရွှေချောင်းများ၊ ငွေသားများကအတွက်ဆိုလျှင် သို့လှောင်ခန်းတွင် တွေ့ရသော
ငွေစက္ကူများက ကော်ကန်းပြောသော ပမာဏနှင့် ကိုက်ညီနေသည်။
အခု ပြဿနာက ကျန်တဲ့ငွေ
လျန်ငါးသိန်းက ဘယ်ရောက်သွားတာလဲ?
အဲ့ငွေကို မရှာနိုင်ရင်
သက်သေ မရှိတာကြောင့် ကော်ကန်းရဲ့အကျင့်ပျက်ခြစားမှုကို အစီရင်ခံနိုင်မှာ မဟုတ်တော့ဘူး။
ထိုကြောင့်
သခင်ကြီးချင်က အိမ်နောက်ဖေးတွင် ငွေများ ဝှက်ထားနိုင်သည့် လျှို့ဝှက်လမ်းကြောင်းများ
သို့မဟုတ် သိုလှောင်ခန်းများ ရှိ၊ မရှိ စစ်ဆေးစေခဲ့ခြင်းပင်။
သူတို့ထဲက ဘယ်သူကမှ
ဘာမှ မပြောနိုင်သလို ငွေတွေက ကော်အိမ်တော်ရဲ့ ဘယ်နေရာမှာ ရှိနေမှန်းတောင်
မသိကြဘူးလား? ဒါမှမဟုတ် ငွေတွေကို သယ်ထုတ်သွားပြီလား?
သူတို့ ဘယ်လောက်ပင် နှိပ်စက်နေပါစေ ကော်ကန်းက သူ့အသက်ကို
ထိန်းထားနိုင်ရန် အံကြိတ်သည်းခံကာ ဝန်ခံရန်
ငြင်းဆိုနေခဲ့သည်။ သူက တာ့ရှား၏စည်မျဥ်းများနှင့် ဥပဒေများကို ရှင်းရှင်းလင်းလင်း သိထားပြီး ငွေလျန်တစ်သိန်းကျော်
အဂတိလိုက်စားမှုကပင် ကျူးလွန်သူကို ရာထူးမှ ထုတ်ပယ်ပြီး ခေါင်းဖြတ်ကွပ်မျက်နိုင်ကြောင်း
သူ ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။
လီဝူနှင့်
သူ၏လူများက အတွင်းခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ရာ ရှေးဟောင်းပစ္စည်းများ၊
ပန်းချီကားများ၊ လှံတံများ၊ လက်ဝတ်ရတနာများနှင့် ရွှေလက်ဝတ်ရတနာ
အမျိုးမျိုးတို့ကို တွေ့ရှိခဲ့သော်လည်း ငွေများကိုမူ ယခုထိ ရှာမတွေ့နိုင်သေးပေ။
သူက
မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး အသက်ရှင်ရန် ရုန်းကန်နေသော ကော်ရှန်းဆီသို့
လျှောက်လာပြီး သူ့ကို ငုံ့ကြည့်လိုက်သည်။ ကော်ရှန်းက သူ့ကို နောက်တစ်ကြိမ်
ထပ်ရိုက်တော့မည့်ဟု ထင်သွားကာ သူ့ခေါင်းကို အုပ်ထားပြီး အော်ဟစ် တောင်းပန်လိုက်သည်။
"ငါ့ကို မရိုက်ပါနဲ့တော့... မင်းတို့ ထပ်ရိုက်ရင် ငါ သေသွားလိမ့်မယ်"
"အဲ့တာဆိုရင် ငွေတွေ ဘယ်မှာရှိလဲ ပြောပြလေ... မင်းအသက်ကို ငါ ကယ်ပေးမယ်"
လီဝူက ကော်ရှန်းကို
အပေါ်စီးမှ ငုံ့ကြည့်နေသည်။
သေမှာကြောက်တဲ့
ဒီလိုလူတွေက အမှန်တရားကို လွယ်လွယ်နဲ့ ပြောပြတတ်တယ်။
ကော်ရှန်းက မော်ကြွားတက်သော
သူဌေး၏သားလေး ဖြစ်ပြီး ပျော်ပါးသောက်စားရန်၊ မိန်းမလိုက်စားရန်နှင့် လောင်းကစားလုပ်ရန်တို့ကိုသာ
သိထားသော်လည်း တရားဝင်ငွေများ အလွဲသုံးစားလုပ်ခြင်းက
ကြီးလေးသောကိစ္စဖြစ်ကြောင်းကိုလည်း သူ သိထားသေးသည်။ သူက အံကြိတ်ရင်း ခေါင်းယမ်းလိုက်ကာ
"မသိဘူး!"
လီဝူက ကျိရှောင်ယင်၏လက်ထဲမှ
ကြာပွတ်ကို လှမ်းယူလိုက်ပြီး ကော်ရှန်းကို နက်မှောင်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“ငါ
မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်။ ငါ့ကို ပြောပြမှာလား?"
“ငါ
တကယ် မသိပါဘူး။ မင်း ငါ့ကို အသေသတ်ရင်တောင် အသုံးမဝင်ဘူး။ ငါ့အဖေက အကျင့်ပျက်လဒ်စားတာ
မဟုတ်ဘူး။ အဲဒါတွေက ငါတို့ မိသားစု စီးပွားရေးကနေ ရရှိလာတဲ့ ငွေတွေပဲ”
ကော်ရှန်းက ငိုယိုတောင်ပန်းနေပြီး
ကြောက်ရွံ့နေပုံရသော်လည်း သူက အမှန်ကို ပြောရန် ငြင်းဆန်နေဆဲပင်။
လီဝူက သူ့ကို
ထပ်ပြီး ရိုက်နှက်လိုက်သည်။ ယောကျာ်းတစ်ယောက်၏ခွန်အားက ကျိရှောင်ယင်ထက် သာလွန်နေသောကြောင့်
ကော်ရှန်းက မြေပြင်ပေါ်မှာ လူးလိမ့်နေကာ အကျယ်ကြီး အော်ငိုနေပြီး သူ့လေသံကတော့ မပြောင်းလဲပေ။
“မသိဘူး…
အား အရမ်းနာတယ်”
ကော်ရှန်းက
အရိုက်ခံရပြီး သတိလစ်သွားသည်။ လီဝူက သူ့ကို နှိုးရန် ရေအေးများ လောင်းဖို့ သူ့လူများကို
အမိန့်ပေးခဲ့သော်လည်း သူ နိုးပြန်လာချိန်မှာတွင်ပင် သူက အံကိုတင်းတင်းကြိတ်ထားကာ
ဘာမှ မပြောပေ။
စူးချင်းက ထိုအခြေအနေကို
အကြာကြီး စောင့်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူမက လွန်ခဲ့သော နှစ်ရက်က သူမကို ကောင်းမွန်စွာ
ဆက်ဆံပေးခဲ့သည့် လူအိုကြီးချင်ကို အနည်းငယ်မျှ ကျေးဇူးပြုရန် ဆုံးဖြတ်လိုက်သည်။
စူးချင်းက ကော်ရှန်းဆီသို့
လျှောက်လာပြီး သူမ၏အိတ်ကပ်ထဲမှ အနက်ရောင်ဆေးပြားတစ်ပြားကို ထုတ်ယူလိုက်သည်။ သူမက
ရွှံ့နှင့်သွေးများဖြင့် ဖုံးလွှမ်းနေသော ကော်ရှန်းရှေ့တွင် ထိုင်ချလိုက်ပြီး
စကားစလိုက်သည်။ သူမ၏ အေးစက်သော အသံက နှေးကွေးနေသော်လည်း သူမ ပြောလိုက်သော
စကားများက ကျန်လူများ၏ ဦးရေပြားကိုပင် ထုံကျင်သွားစေခဲ့သည်။
"ပုရွက်ဆိတ်တွေ ထောင်ပေါင်းများစွာ ဝိုင်းကိုက်ခံရပြီး အရိုးတွေ ကြေမွသွားသလို
နာကျင်ရတဲ့ ခံစားချက်ကို မင်း ခံစားချင်လား?"
"သခင်မလေး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော် မှားပါတယ်။
ငါက လူသား မဟုတ်ပါဘူး။ ငါ့ကို အရေးမပါတဲ့ လူရမ်းကားလေးတစ်ယောက်လို့ သဘောထားပြီး
ငါ့ကို လွှတ်ပေးလိုက်ပါလား?!”
ကော်ရှန်းက စူးချင်းအား
သူ့ကို သနားညှာတာပေးရန် တောင်းပန်နေသည်။ သူ အခုအချိန်အထိ ငြင်းဆန်ပြီးမှတော့
ဘာပဲဖြစ်ဖြစ် သူ ပြောမှာ မဟုတ်ပါဘူး။ ဒါက ပိုင်ဆိုင်မှုတွေအားလုံး
အသိမ်းခံရနိုင်တဲ့ ရာဇ၀တ်မှုလို့ သူ့အဖေက သူ့ကို ပြောပြဖူးတယ်။
"ကောင်းပြီလေ... မင်းက အရမ်းခေါင်းမာနေမှတော့ ငါက မင်းရဲ့ဆန္ဒကို
ဖြည့်ဆည်းပေးလိုက်ပါ့မယ်"
စူးချင်း၏နှုတ်ခမ်းများက ရက်စက်သော အပြုံးတစ်ခု ပီပြင်လာသည်အထိ တွန့်ကွေးသွားပြီး သူမက ကော်ရှန်းရဲ့ပါးကို လက်တစ်ဖက်တည်းဖြင့် ဆွဲညှစ်ကာ ကြောက်လန့်တကြားဖြစ်နေသော အကြည့်များ အောက်တွင်ပင် ဆေးလုံးကို သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
✍️✍️✍️