Chapter 65 အဲဒီမိန်းကလေးနှစ်ယောက်ကို ဘယ်သူလို့ထင်လဲ?
Viewers 17k

အခန်း  ၆၅ အဲဒီမိန်းကလေးနှစ်ယောက်ကို ဘယ်သူလို့ထင်လဲ?

အား...အင်း…”

ကော်ရှန်းက ဆေးကို လျှာဖြင့် တွန်းထုတ်ရန် ကြိုးစားလိုက်သော်လည်း စူးချင်းက သူ့ပါးစပ်ကို ပိတ်ထားသည့်အပြင် သူ့မေးစေ့ကို တစ်ချက် လှမ်းထိုးလိုက်သောကြောင့် ကော်ရှန်းက ဆေးလုံးကို တစ်ကျိုက်တည်း မျိုချလိုက်ရပြီး သူ့ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ စူးချင်း၏ထိုးချက်က သူ၏အောက်သွားများကိုပါ ကျိုးပဲ့သွားစေခဲ့သည်။

စူးချင်းက အေးစက်စွာ မတ်တပ် ထရပ်လိုက်ပြီး ကော်ရှန်း၏ သွေးထွက်နေသော ပါးစပ်ကို ရက်စက်ပြီး ကရုဏာမဲ့သော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

ဒီမိန်းမ?

ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော စူးချင်းကို မြင်နေရခြင်းက ကျိရွှေရှန့်ကိုပင် ဦးရေပြားများ ထုံကျင်လာသလို ခံစားရစေသည်။

သူမက အရမ်းရက်စက်ပြီး သနားကြင်နာမှုကင်းမဲ့တဲ့သူပဲ။ သူမနဲ့ ရန်သူဖြစ်အောင် လုပ်မိတဲ့သူတိုင်းက ကောင်းမွန်တဲ့အဆုံးသတ်ကို ရရှိနိုင်ပါတော့မလား?

ကျိရွှေရှန့်က စူးချင်းကို ကြည့်နေချိန်တွင် ကော်ရှန်း၏မျက်နှာအမူအရာက အလွန်ကြောက်မက်ဖွယ်ကောင်းလာသည်။ သူ့၏မျက်လုံးများက အလွန်ပြူးကျယ်လာပြီး သူ့၏မျက်လုံးအိမ်များပင် ပေါက်ထွက်လုနီးပါး ဖြစ်နေခဲ့သည်။ သူ့၏မျက်လုံးများတွင် သွေးရောင်များ သန်းလာပြီး တဖြည်းဖြည်း နီရဲလာကာ သူ့သွားများပင် တဆတ်ဆတ် ရိုက်နေတော့သည်။ သူ့၏လက်များက အရူးသဖွယ် မြေပြင်ကို ကုတ်ခြစ်နေပြီး သူ့ပါးစပ်မှ ဝံပုလွေအူသံကဲ့သို့သော အသံများ ထွက်ပေါ်လာတယ်။

“အ…အု…” အသံက အလွန်ပင် အလွန်ကြောက်မက်ဖွယ် ကောင်းနေပြီး ကော်ရှန်းက ဝေဒနာအပြင်းအထန် ခံစားနေရမှန်း သိသာနေသည်။ သူက မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး တွားသွားနေကာ သူ့၏မျက်နှာနှင့် လည်ပင်းကို အရူးအမူး ကုတ်ခြစ်ရန် သူ့လက်ချောင်းများကို အသုံးပြုနေပြန်သည်။ သူက သွေးများ ရွှဲစိုသွားသည်အထိ ကုတ်ခြစ်နေသော်လည်း အရူးတစ်ယောက် ကဲ့သို့ ဖြစ်နေကာ ထိုကုတ်ခြစ်ခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။

ကျိရှောင်ယင်က ကော်ရှန်း၏ ကြောက်စရာကောင်းသော အသွင်အပြင်ကြောင့် ထိတ်လန့်သွားပြီး သူမ၏အစ်ကိုနောက်တွင် ဝင်ပုန်းနေသည်။ ကျိရှောင်ယင် ကြောက်ရွံ့နေသည်ကို မြင်လိုက်သောကြောင့် စူးချင်းက သူမ၏မြင်ကွင်းကို ပိတ်ဆို့ပေးရန် ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။ ခြံဝင်းအတွင်းတွင် ရှိနေသော ကျေးကျွန်များအားလုံးက ဤကြောက်မက်ဖွယ်မြင်ကွင်းကြောင့် လုံးဝ ထိတ်လန့်နေကြသည်။

သူတို့ရဲ့သခင်လေးက ခွေးတစ်ကောင်လို မြေပြင်ပေါ်မှာ တွားသွားနေပြီး လူးလိမ့်နေရလောက်အောင် အဲဒီမိန်းမက သူတို့သခင်လေးကို ဘာလုပ်ခဲ့တာလဲ? သူမက အခုန လူထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေသေးတယ်။

လီဝူလည်း အံ့သြတုန်လှုပ်နေမိသည်။

ယခု သူ စူးချင်းအကြောင်းကို ပိုနားလည်လာပြီ။ ဒီအမျိုးသမီးက လူတွေကို ကုသပေးနိုင်ရုံသာမက လူတွေကိုလည်း သတ်ပစ်နိုင်တယ်။ ပိုပြီး ကြောက်စရာကောင်းတာက သူမက လူတစ်ယောက်ရဲ့သေဆုံးခြင်းကို ဇိမ်ရှိရှိနဲ့အဆုံးသတ်နိုင်အောင် ဖန်တီးပေးနိုင်ခြင်းပါပဲ။

"ပြောမယ် ငါ ပြောမယ်" ကော်ရှန်းက ထိုနှိပ်စက်မှုကို သည်းမခံနိုင်တော့ပေ။ သူက စူးချင်းဆီသို့ လက်လှမ်းကာ သနားပေးရန် တောင်းပန်နေသည်။ သူ အသက်ရှုကျပ် နေပြီဖြစ်ကာ သူ့မျက်နှာတွင် သွေးများနှင့် အနာများ ဖုံးလွှမ်းနေသောကြောင့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းဖြစ်နေခဲ့သည်။

စူးချင်းက အဖြူရောင်ဆေးပြားတစ်ပြားကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ မြေကြီးနှင့်ထိသောအခါ ဆေးပြားက အညိုရောင်ပြောင်းသွားသည်။ ပုံမှန်အခြေအနေဆိုလျှင် ကော်ရှန်းက ​​မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောအရာကို ဘယ်တော့မှ စားမည် မဟုတ်ပေ။ သို့သော် ယခုမူကား ထိုအရာက သူ့အတွက် အသက်ကယ် ကောက်ရိုးတစ်မျှင်ကဲ့သို့ ဖြစ်နေသောကြောင့် သူက ဆေးပြားပေါ်ရှိ မြေမှုန့်များကို လုံးဝ ဂရုမစိုက်နိုင်တော့ပေ။ သူက ဆေးပြားကို ဖမ်းဆုပ်လိုက်ပြီး သူ့ပါးစပ်ထဲသို့ ကမန်းကတန်း ထည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က မစင်ရည်ထဲသို့ ကျသွားသော ခြင်တစ်ကောင်ကဲ့သို့ တုန်ခါနေပြီး မြေပြင်ပေါ်မှာ တွန့်လိမ်နေသော်လည်း ဆေးသောက်ပြီးနောက် သိပ်မကြာခင်မှာပင် ထိုသေလုနီးပါး ဝေဒနာက ပျောက်ကွယ်သွား‌တော့သည်။

ချွေးပေါက်ကြီးများ ဖုံးလွှမ်းနေသည့် ကော်ရှန်းက မြေပြင်ပေါ်တွင် လဲလျောင်းနေကာ လေကို အငမ်းမရ ရှူရှိုက်နေသည်။

“ပြောစမ်း၊ အဲ့ဒိညစ်ပတ်တဲ့ ငွေတွေကို ဘယ်မှာ ဝှက်ထားလဲ?”

စူးချင်းက သူမ၏လက်ထဲတွင် အနက်ရောင်ဆေးပြားကို ထပ်ကိုင်ထားပြီး ကော်ရှန်းကို  မေးမြန်းနေသော်လည်း သူမ၏မျက်နှာတွင် ဘာအမူအရာမှ မရှိပေ။ သူမ၏နက်မှောင်သောမျက်လုံးများက အေးစက်သောရေကန်တစ်ခုနှင့်တူနေပြီး  ကော်ရှန်း၏တစ်ကိုယ်လုံးကို အေးခဲသွားစေမလို ဖြစ်နေခဲ့သည်။ စူးချင်း၏လက်ထဲမှ ဆေးပြားကို မြင်လိုက်ချိန်တွင် ကော်ရှန်းက ထိတ်လန့်တကြား ပြန်ဝပ်ချလိုက်သည်။

သေတာထက် ပိုဆိုးတဲ့ ဘဝကို ထပ်ပြီး ခံစားရတာထက် သေလိုက်ရတာကမှ ပိုကောင်းဦးမယ်။

 သူ အပြောနောက်ကျလျှင် စူးချင်းက သူ့ပါးစပ်ထဲသို့ ဆေးထပ်ထည့်မည်ကို ကြောက်ရွံ့သောကြောင့် ကော်ရှန်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "ငါ ပြောပြပါ့တယ်၊ အဲ့တာတွေက ဘုရားခန်းရဲ့အ​နောက်က ​ခန်းမထဲ​ပါ”

"ကျေးဇူးတင်ပါတယ် သခင်မလေး" လီဝူက စူးချင်းကို ကျေးဇူးတင်စကားဆိုလိုက်ပြီး လက်သီးအုပ်ကာ အရိုအသေပေးလိုက်သည်။ ယနေ့အဖြစ်အပျက်များကြောင့် သူက စူးချင်းကို ပို၍ လေးစားလာခဲ့ပြီး သူ၏သဘောထားကလည်း ပုံမှန်နှင့်မတူတော့ပေ။

“ရပါတယ်” စူးချင်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။ သူမက လူအိုကြီးချင်၏စိတ်နေသဘောထားကို လေးစားသောကြောင့်သာ သူ့ကို ကူညီခဲ့ခြင်း ဖြစ်သည်။

လီဝူက ကော်ရှန်းကို ဆွဲထူလိုက်သည်။ နံရံကို ဖျက်ဆီးရတာက နှေးကွေးလွန်းပြီး လျို့ဝှက်ခလုတ်ကို ဖွင့်ရတာက ပိုမြန်နတယ်လေ။

ယခုအချိန်တွင် ကော်ရှန်းက အသတ်ခံရရန် စောင့်ဆိုင်းနေသော စဥ်းတီးတုံးပေါ်မှ အသားတစ်ပိုင်းနှင့် တူနေသည်။ သူက လီဝူကို ဆွဲခေါ်သည့်အတိုင်း ဘုရားခန်းထဲသို့ နာခံစွာ လိုက်ပါသွားပြီး ဘုရားဆင်းတုကို ဘေးသို့ ရွှေ့လိုက်ကာ ဘုရားရုပ်ထု၏ခြေရင်းမှ နေရာကို ဖိချလိုက်သည်။ ထိုအချိန်တွင် တင်းတင်းစေ့ထားသော နံရံမှ တံခါးတစ်ချပ် ပွင့်လာပြီး တံခါးအတွင်းပိုင်းက တောက်ပနေကာ အခန်းအတွင်းတွင် ရွှေနှင့်ငွေများအပြည့် ရှိနေခဲ့သည်။

လီဝူက သက်ပြင်းချလိုက်သည်။ ခရိုင်တရားသူကြီးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် ငွေတွေအများကြီးကို အလွဲသုံးစားလုပ်ခဲ့တာလဲ?

အလွဲသုံးစား လုပ်ခံရသော ငွေအချို့က သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး ရန်ပုံငွေမှ ဖြစ်ပြီး အချို့မှာ ပြည်သူများကို အနိုင်ကျင့်ခြင်းဖြင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သူတို့ သိခဲ့ရသည်။ အချို့မှာ  ရွာသူကြီးများထံ ငွေညှစ်၍တစ်ဖုံ လှည့်ဖြားမှု၍တနည်း ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဖေးစွေ့လိုကလည်း ကော်ရှန်းအတွက် နှစ်စဉ် ထောင်နှင့် သောင်းနှင့် ချီသော ငွေများကို ရှာဖွေပေးခဲ့သည်။ လောင်းကစားအိမ်သုံးခုလည်း ရှိနေသေးပြီး ၎င်းတို့မှလည်း နှစ်စဉ် ငွေသိန်းချီကာ ရရှိခဲ့သည်။

အဆိုးရွားဆုံးမှာ သူက အပြင်လူများနှင့် လျှို့ဝှက်ပူးပေါင်းပြီး တိုင်းပြည်ကို ရောင်းစားခြင်းမှ ရရှိခဲ့သည့် ငွေမည်းများ ဖြစ်သည်။ ထိုညစ်ပတ်သောငွေများကို ဝှက်ထားသည့်နေရာကို သူ့သားက ထုတ်ဖော်လိုက်ကြောင်း ကြားရချိန်တွင် ကော်ကန်းတစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ချက်ချင်း မူးလဲသွားတော့သည်။

ထိုငွေမည်းများက များပြားလွန်းနေပြီး သဘာဝဘေးဒုက္ခသည်များက လာရောက်လုရက်ကြလျှင် လက်နက်ကိုင် အစောင့်လေးယောက်သာ ရှိသော သူတို့က ထိန်သိမ်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သခင်ကြီးချင်က သူ့၏ခါးတံဆိပ်ပြားကို ထုတ်ယူကာ ကွမ်းတုံနှင့် ကွမ်းရှီမှ စစ်သူကြီးများကို သတင်းသွားပို့ရန် သူ့၏လူများကို အမိန့်ပေးလိုက်သည်။ ထို့အပြင် သူက လျောက်တင်လွှာတစ်စောင် ရေးခဲ့ပြီး ဧကရာဇ်မင်းမြတ်ထံ ပေးပို့ရန် သူ့လူများကို စေလွှတ်ခဲ့သည်။

ငွေအပြင် ရိက္ခာဂိုဒေါင်က အပြည့် ရှိနေသေးသည်။ အကြီးအကဲချင်က ဧကရာဇ်မင်းမြတ်၏ခွင့်ပြုချက်ကို မစောင့်တော့ဘဲ ဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် ဂိုဒေါင်ဖွင့်ရန် ဆုံးဖြတ်လိုက်သည်။ သူက ယာဂုများ ကျိုချက်စေပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာသူများအား ဝေငှပေးရန် မြို့ပြင်တွင် အိုးကြီးသုံးလုံး နေရာချရန် လူများကို စေလွှတ်ခဲ့သည်။

ယာဂုဝေငှနေချိန်တွင် ထောင်ဟွားဝူမှ ရွာသားများကလည်း ကျင်းချန်အပြင်ဘက်သို့ အပြေးအလွှား ရောက်လာကြသည်။ စစ်သည်များက ဘေးဒုက္ခကယ်ဆယ်ရေးအတွက် ယာဂုဝေငှပေးသည်ကို တွေ့ရသောကြောင့် သူတို့လည်း အလွန်ဝမ်းသာသွားကြပြီး ယာဂုယူရန် ပန်းကန်များဖြင့် တန်းစီလိုက်ကြသည်။

သူတို့မှာ စားစရာတွေ ကုန်သွားပေမယ့် ကံကောင်းထောက်မစွာနဲ့ အရာရှိတွေက သူတို့ကို ယာဂု ဝေပေးနေတယ်လေ။

"အစ်ကိုကြီး၊ ဘာလို့ အစ်ကိုရွှေ့ရှန်းနဲ့ ရှောင်ယင်ကို မတွေ့ရတာလဲ?"

ချိုးယွဲ့က လူအများ တန်းစီနေသော ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေသည်။

အစ်ကိုရွှေ့ရှန်းက သူမရဲ့အဖိုးကို ကျင်းချန်ရဲ့အပြင်မှာ ပြန်ဆုံမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား? ဒါပေမယ့် အခု သူမတို့ ရောက်လာချိန်မှာ သူတို့ကို မတွေ့ဘူးလေ။

“သူတို့က မြို့ထဲကို ဝင်သွားတာ ဖြစ်နိုင်တယ်" ချိုးယုံခန်းလည်း အလွန်စိုးရိမ်နေပြီး သူက ကျိရွှေရှန့်နှင့်စူးချင်းတို့ အန္တရာယ်ရှိနေမည်ကိုလည်း စိုးရိမ်နေမိသည်။

“အဖိုး၊ အဖေ၊ ညစာစားပြီးရင် အနားယူဖို့ နေရာရှာလိုက် ကြတော့နော်။ တာ့နျိုနဲ့ ကျွန်တော် အစားအစာဝယ်ဖို့နဲ့ ရွှေရှန့်တို့ကို ရှာဖို့ ကျင်းချန်ထဲကို လှည်းတစီး မောင်းသွားလိုက်မယ်”

ချိုးယုံခန်းက ကျိရွှေရှန့်နှင့် တစ်ခြားသူများကို အလွန်စိတ်ပူနေသောကြောင့် သူ့အဘိုးနှင့် သူ့အဖေကို ဆွေးနွေးရန် သွားလိုက်သည်။

“သွားလေ၊ ဒီမှာ စောင့်နေတဲ့ စစ်သားတွေ ရှိနေတာပဲ။ တခြားဒုက္ခသည်တွေက ငါတို့ကို အန္တရယ်ပေးဝံ့မှာ မဟုတ်ပါဘူး။ မင်းတို့ စိတ်ချပြီး သွားနိုင်တယ်” အဘိုးချိုးက ခေါင်းညိတ်ပြလိုက်ပြီး မြို့ပြင်တွင် အနားယူရန် ဆုံးဖြတ်လိုက်သည်။

စစ်သည်တွေရဲ့မြင်ကွင်းမှာ ရှိနေသရွေ့တော့ သူတို့ ဘေးကင်းလောက်မှာပါ။

“ဟုတ်ကဲ့” ချိုးယုံခန်းက သဘောတူလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ချိုးယုံခန်းနှင့်  လီတာ့နျိုတို့က ဂျုံယာဂုပန်းကန်လုံးတစ်လုံးစာကို အမြန်စားလိုက်ကြပြီး လှည်းကို မြို့ထဲသို့ မောင်းသွားလိုက်ကြသည်။

သူတို့က လှည်းမောင်းလာသည့်အပြင် ဝတ်စားဆင်ယင်ထားသော အဝတ်များကလည်း စုတ်ပြဲမနေသောကြောင့် မြို့စောင့်တပ်မှ တပ်သားများက သူတို့၏ခရီးသွား လမ်းမှတ်ကို စစ်ဆေးပြီးနောက် သူတို့ကို ဝင်ခွင့်ပေးလိုက်သည်။

မြို့တွင်းနှင့် မြို့ပြင်က အလွှာနှစ်ခုလို ဖြစ်နေပြီး ခြားနားလွန်းလှသည်။ မြို့တွင်းရှိ လမ်းများတွင် လူများ စည်ကားနေပြီး သက်ဝင်ကာ တက်ကြွနေသည်။ ထိုနေရာတွင် လူများ များပြားလှသည့်အပြင် အမျိုးမျိုးသောပစ္စည်းများကိုလည်း ရောင်းချနေကြသည်။

လီတာ့နျိုနှင့် ချိုးယုံခန်းတို့က နေရာတိုင်းသို့ လှည့်ပတ်သွားလာရန် မဝံ့ရဲကြပေ။ သူတို့က သူတို့လှည်းကို လမ်းမကြီးအတိုင်း မောင်းနှင်သွားကြပြီး လမ်းတစ်လျှောက်တွင် သူတို့က ကျိရွှေရှန့်နှင့် စူးချင်းတို့ကို ရှာဖွေသလို စပါးဆိုင်ကိုလည်း ရှာဖွေခဲ့သည်။

သူတို့ ခရိုင်အစိုးရရုံးတော်ရှေ့သို့ ရောက်လာသောအခါ ရုံးတော်၏အပြင်ဘက်တွင် လူအများအပြား ရှိနေသည်ကို တွေ့လိုက်ရသည်။ လူများစွာက လာရောက်တိုင်ကြား နေပုံရသောကြောင့် နှစ်ယောက်သား အကြာကြီး ရပ်မနေဝံ့ကြတော့ပေ။ ရှေးယခင်ကတည်းက ရုံးတော်အဝင်ပေါက်က အမြဲတမ်း ဒုက္ခပေးတက်သောနေရာ ဖြစ်သည်။ အရာရှိများ မကျေနပ်လျှင် လာကြည့်သူများပင် ဒုက္ခရောက်တက်သည်။ ထို့ကြောင့် သူတို့က လှည်းကို အမြန် ဖြတ်မောင်းသွားကြတော့သည်။

ထိုအခိုက်အတန့်တွင် စူးချင်းနှင့် ကျိရှောင်ယင်တို့က အိမ်နောက်ဖေးမှ ထွက်လာပြီး ရုံးတော်အ၀င်ဝတွင် ယခင်ကထက် လူများ ပိုများနေသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံး ဤနေရာသို့ တိုင်တန်းရန် ရောက်ရှိနေခြင်းဖြစ်ပြီး သခင်ကြီးချင်က သူတို့အားလုံးအတွက် စစ်ဆေးမေးမြန်းရမည်ဖြစ်ကာ အချိန်အနည်းငယ် ကြာဦးမည် ဖြစ်သည်။

"အစ်မ၊ အမှုစစ်တာကို သွားကြည့်ရအောင်၊ ရမလားဟင်?" စူးချင်းက ကျိရှောင်ယင်ကို ခေါ်ကာ နားနေတည်းခိုဆောင်သို့ ပြန်သွားရန် စီစဉ်ထားသော်လည်း ကလေးမလေးက အမှုစစ်ဆေးသည်ကို ကြည့်ရှုရန် ပင်မခန်းမသို့ သွားချင်နေသေးသည်။ သူမက ယခင်က ထောင်ဟွားဝူမှ အပြင်သို့ တစ်ခါမှ မသွားဖူးသောကြောင့် အရာအားလုံးက သူမအတွက် အသစ်အဆန်း ဖြစ်နေပြီး အရာရာက သူမအတွက် စိတ်ဝင်စားစရာ ကောင်းနေလေသည်။

"အစ်မ မင်းအတွက် အဝတ်အစား လိုက်ဝယ်ပေးမယ်လေ"

စူးချင်းက အမှုစမ်းဆေးခြင်းကို စိတ်မဝင်စားပေ။ သူမက ကျိရှောင်ယင်နှင့် သူမကိုယ်တိုင်အတွက် ယောက်ျားလေးအဝတ်အစား နှစ်စုံစီလောက် ဝယ်ချင်နေသည်။ ယောက်ျားလေးအဝတ်များက သူမတို့အတွက် ပိုအဆင်ပြေပြီး ဒုက္ခလည်းနည်းပါးစေလိမ့်မည်။

“အိုး” ယခုအချိန်တွင် ကျိရှောင်ယင်က အဝတ်အစားဝယ်ရန် စိတ်မဝင်စားနိုင်တော့ပေ။ သူမက စူးချင်း၏စကားကို နာခံလိုက်သော်လည်း သူမ၏မျက်လုံးများက ပင်မခန်းမကို ကြည့်နေဆဲပင်။

ထိုနေရာသို့ ဖြတ်ကျော်သွားပြီးပြီဖြစ်သော ချိုးယုံခန်းက ထူးခြားဆန်းပြားသော ပင်ကိုယ်စိတ်၏ နှိုးဆော်မှုကြောင့် နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ အစိမ်းရင့်ရောင်နှင့် ပန်းရောင်ဖျော့ဖျော့လေး ဝတ်ဆင်ထားသည့် လှပသော ပုံရိပ်လေးနှစ်ခုကို မြင်လိုက်ရချိန်တွင် သူ အံ့အားသင့်သွားရသည်။ သူက သူ့မျက်လုံးများကို ပွတ်သပ်ကာ ပြန်ကြည့်လိုက်သော်လည်း မသေချာသေးသောကြောင့် လီတာ့နျို၏အင်္ကျီလက်ကို လှမ်းဆွဲလိုက်ပြီး "တာ့နျို၊ အဲဒီမိန်းကလေးနှစ်ယောက်ကို ဘယ်သူလို့ ထင်လဲ?"

✍️✍️✍️