အခန်း ၆၆
နောက်ကျရင် အသတ်ဆုံးရှုံးရလိမ့်မယ်
လီတာ့နျို၏မျက်လုံးများက
ချိုးယုံခန်း၏လက်ချောင်းများနောက်သို့ လိုက်ပါသွားပြီး သူ့မျက်လုံးများလည်း
ပြူးကျယ်လာကာ သူ့ဘာသာသူ ရေရွတ်နေသည်။
"အဲ့ဒါက... စူးချင်းနဲ့ ရှောင်ယင်လား?"
"စူးချင်း၊ ရှောင်ယင်..."
လီတာ့နျိုက သူ
မြင်နေရသည့်အရာများ မမှားကြောင်း သူ့ကိုယ်သူ ယုံကြည်နေသည်။ သူက သူ့လက်များကို
ဝှေ့ယမ်းပြီး စူးချင်းနှင့် ကျိရှောင်ယင်တို့ကို အော်ခေါ်လိုက်သည်။ သူမတို့က
သူ့ကို မတွေ့မည် စိုးသောကြောင့် သူက လှည်းပေါ်မှပင် ခုန်ချလိုက်သေးသည်။ သူက
စိတ်လှုပ်ရှားစွာ ပြုံးနေပြီး သူ့မျက်လုံးများကလည်း တောက်ပလာတော့သည်။
စူးချင်းနှင့် ကျိရှောင်ယင်က
လီတာ့နျို၏အသံကို ကြားသွားသောကြောင့် သူတို့ဘက်သို့ လှည့်ကြည့်လိုက်ရာ ချိုးယုံခန်းနှင့်
လီတာ့နျိုတို့ လှည်းမောင်းလာသည်ကို တွေ့လိုက်ရသောကြောင့် သူတို့ ရှိရာသို့
သွားလိုက်ကြသည်။
"အစ်ကိုယုံခန်း၊ အစ်ကိုတာ့နျို၊ ရှင်တို့ ဘာလို့ ဒီကို ရောက်နေတာလဲ?"
လီတာ့နျိုနှင့်
ချိုးယုံခန်းတို့ဆီသို့ပင် မရောက်ခင် ကျိရှောင်ယင်က လှမ်းမေးလိုက်သည်။ သူမ၏
ချိုမြိန်သော အသံက လူအများ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ကျိရှောင်ယင်နှင့် စူးချင်းကို
တွေ့သောအခါ လူအများ၏မျက်လုံးများက တောက်ပလာပြန်သည်။
ဘယ်လောက်တောင် လှပလိုက်တဲ့
မိန်းခလေးတွေလဲ?
"ရှောင်ယင် မင်းက ဘယ်လိုဖြစ်လို့ အရမ်းလှလာတာလဲ?"
လီတာ့နျိုက ကျိရှောင်ယင်ကို
သူ့၏ညီမလေးကဲ့သို့ အမြဲဆက်ဆံခဲ့သဖြင့် သူမနှင့် စကားပြောသည့်အခါတွင် ရှက်နေစရာအကြောင်း
မရှိပေ။ သူက ကျိရှောင်ယင်ကို ကြည့်ကာ ဝမ်းသာအားရ လှမ်းမေးလိုက်သည်။
“အဝတ်အစားတွေက
လူကို တင့်တယ်စေတယ်လေ။ ဒီအဝတ်အစားတွေကြောင့် ပိုလှလာတာ”
ကျိရှောင်ယင်က လီတာ့နျိုဆီမှ
ချီးကျူးခံရသည့်အတွက် အလွန်ပျော်နေသည်။ သူမက သူမ၏စကတ်လေးကို ဆွဲမကာ တစ်ပတ်လှည့်လိုက်သောကြောင့်
တောက်ပသော ပိတ်စအလွှာများက လေထဲတွင် တဖျပ်ဖျပ်ဖျပ် ခတ်နေကာ အလင်းတန်းများ ကခုန်သလို
ဖြစ်နေစေသည်။ သူမ၏ အပြုံးကလည်း ပန်းတစ်ပွင့်နှင့်တူနေပြီး သူမက မသေမျိုးကမ္ဘာမှ
ဆင်းသက်လာသော နတ်သမီးကဲ့သို့ ဖြစ်နေပြန်သည်။
"မင်းက အရမ်းကြည့်ကောင်းတယ်"
လီတာ့နျိုက ပို၍ပင်
ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ကျိရှောင်ယင်ကို မိုက်မိုက်မဲမဲ ချီးကျူးနေပြန်သည်။
ချိုးယုံခန်းကတော့ ရှောင်ယင်ကို
ချစ်ခင်မြတ်နိုးစွာ စိုက်ကြည့်နေခဲ့သည်။
သူမ ကြီးပြင်းလာခဲ့ပြီပဲ။
"အစ်ကိုယုံခန်း"
ကျိရှောင်ယင်က ချိုးယုံခန်းဘက်သို့
လှည့်ကာ ပြုံးပြလိုက်သည်။
"ဒီဝတ်စုံက ကြည့်ကောင်းလား?"
“ကြည့်ကောင်းတယ်”
ချိုးယုံခန်း၏အပြုံးက
ပိုတောက်ပလာပြီး သူ့အသံတွင် ချစ်ခြင်းမေတ္တာများ ပြည့်လျှံနေသည်။ ကျိရှောင်ယင်ကို
ကြည့်နေသော သူ့အကြည့်များက ရေကဲ့သို့ နူးညံ့နေသည်။
"စူးချင်း၊ ရွှေရှန့်ကို တွေ့သေးလား? သူ မနေ့ညက မင်းတို့ကို ရှာဖို့ ကျင်းချန်ကို
အရင်လာခဲ့တယ်။ သူ့နဲ့ တွေ့ပြီးပြီလား?"
စူးချင်းနှင့် ကျိရှောင်ယင်ကိုသာ
တွေ့လိုက်ရသောကြောင့် လီတာ့နျိုက ကျိရွှေရှန့်ကို စတင်စိတ်ပူလာသည်။
"ကျွန်မရဲ့အစ်ကိုကြီးက ရုံးတော်ရဲ့အနောက်ဘက်က ခြံဝင်းကို စီးနင်းရှာဖွေဖို့
ကူညီပေးနေတယ်!"
သူမ၏အစ်ကိုအကြောင်း
ပြောနေချိန်တွင် ကျိရှောင်ယင်က ရုံးတော်၏အနောက်ဘက်သို့ ညွှန်ပြရင်း အလွန်ဂုဏ်ယူနေပုံရသည်။
"စီးနင်းတယ်? မင်းတို့က ဘယ်သူ့ အိမ်တော်ကို ဝင်စီးနင်းတာလဲ?"
လီတာ့နျိုက ကျိရှောင်ယင်ကို
မယုံကြည်နိုင်စွာ ကြည့်နေသည်။
ရွှေရှန့်က သာမန်လူလေ၊
သူက သူများရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူနိုင်ပါ့မလား? သူတို့ စီးနင်းခံရတာကမှ
ဖြစ်နိုင်သေးတယ်။
“ခရိုင်တရားသူကြီး
ကော်ကန်းက သာမန်ပြည်သူတွေကို အနိုင်ကျင့်ပြီး မကောင်းမှုတွေ အများကြီး လုပ်ခဲ့တယ်။
မြို့တော်က သခင်ကြီးချင်က သူကို အရေးယူလိုက်ပြီ။ အခု သူတို့မှာ လူအင်အား
မလုံလောက်လို့ ကျွန်မရဲ့အစ်ကိုကြီးကို သူတို့ကို ကူညီပေးဖို့ တောင်းဆိုလိုက်တာလေ”
ကျိရှောင်ယင်က
ထိုအကြောင်းကို ပြောနေရင်း အလွန်ဂုဏ်ယူနေပုံရသည်။ သူမနှင့် အစ်မစူးချင်းက ကော်ကန်း၏ရာဇ၀တ်မှုများကို
ဖော်ထုတ်ခဲ့ပြီး ပြည်သူများအတွက် မကောင်းမှုများကို ဖယ်ရှားပေးနိုင်ခဲ့သည်။
"စူးချင်း... ဘာတွေ ဖြစ်နေတာလဲ?"
ချိုးယုံခန်းက စူးချင်းကို
ကြည့်ကာ လှမ်းမေးလိုက်သည်။
သူက ရှောင်ယင်ကို မယုံကြည်တာ မဟုတ်ပေမယ့် အဖြစ်အပျက်တွေက မယုံနိုင်လောက်အောင်ဖြစ်နေတာကြောင့်ပါ။
တညအတွင်းမှာ ရွှေရှန့်က ရုံးတော်ထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်ပြီး ရုံးတော်ရဲ့နောက်ဘက်ခြံဝင်းကို
စီးနင်းဖို့တောင် ကူညီပေးနေပြီလား?
“အင်း”
စူးချင်းက ကျိရှောင်ယင်၏ဂုဏ်ယူဝင့်ကြွားနေသော
အမူအရာကို ကြည့်နေရင်း သူမဘေးတွင် ရပ်နေခဲ့သည်။ သို့သော် ချိုးယုံခန်းက သူမကို မေးခွန်းမေးလိုက်သည့်အခါ
သူမက သူမ၏ပုံမှန်အေးစက်သောအမူအရာဆီသို့ ပြန်ရောက်သွားပြီး တုံ့ပြန်သံတစ်ခုသာ ပြန်ပေးကာ
စကားဆက်မပြောတော့ပေ။
သူမက သူမ၏
စကားလုံးများကို ရွှေကဲ့သို့ တန်ဖိုးချွေတာနေပြီး လွန်ခဲ့သော အခိုက်အတန့်က ကျိရှောင်ယင်ကို
သိမ်မွေ့စွာ ငေးကြည့်နေသူက သူမ မဟုတ်သလို
ပြုမူနေသည်။
"ငါ သွားကြည့်လိုက်မယ်"
ထိုကဲ့သို့ စိတ်လှုပ်ရှားစရာကောင်းသည့်အကြောင်းကို
ကြားလိုက်ရချိန်တွင် လီတာ့နျိုက ငြိမ်မနေနိုင်တော့ပေ။ သူက သူ့လက်ထဲမှ မြင်း၏ဇာတ်ကြိုးကို
ချိုးယုံခန်းသို့ ပစ်ပေးလိုက်ပြီး ရုံးတော်၏အနောက်ဘက်သို့ ပြေးသွားတော့သည်။
"အစ်ကိုယုံခန်း၊ အစ်ကိုနဲ့ အစ်ကိုတာနျိုတို့က ကျွန်မတို့ကို ရှာဖို့ ဒီကို
ရောက်လာတာလား?"
ကျိရှောင်ယင်က
စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး သူမ ကြုံတွေ့ခဲ့ရသည့် ရင်ခုန်စိတ်လှုပ်ရှားစရာ အကြောင်းများကို
တစ်ယောက်ယောက်အား ပြောပြချင်နေသေးသည်။ သူမက ချိုးယုံခန်းကို သူမ၏လှပသော
မျက်လုံးကြီးများဖြင့် ကြည့်နေကာ တောက်ပသော အပြုံးဖြင့် မေးလိုက်သည်။
"ငါတို့ မင်းတို့ကို ရှာဖို့ အပြင် စပါးနဲ့ဆားတွေလည်း ဝယ်ဖို့ စီစဥ်ထားတယ်"
ချိုးယုံခန်းက
ကျောက်မျက်ရတနာများကဲ့သို့ တောက်ပကာ လှပနေသည့် ကျိရှောင်ယင်၏ အနက်ရောင်မျက်လုံးများကို
ကြည့်ပြီး ပြုံးကာ ပြန်ဖြေလိုက်သည်။
“စပါးဆိုင်ကို
ဘယ်မှာ ရှာရမလဲဆိုတာ ကျွန်မ သိတယ်။ ကျွန်မ အစ်ကိုကို အဲဒီနေရာ ရောက်အောင်
ခေါ်သွားပေးမယ်"
ချိုးယုံခန်းက
စားစရာနှင့် ဆားဝယ်ချင်ကြောင်း ကြားသောအခါ ကျိရှောင်ယင်က စေတနာအလျောက် လမ်းပြရန် ကမ်းလှမ်းလိုက်သည်။
ချိုးယုံခန်းက
ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ!”
သူက နူးညံ့သိမ်မွေ့ပြီး
သန့်စင်သောအသွင်အပြင်ရှိသောကြောင့် သူ ပြုံးလိုက်သောအခါ နွေဦးလေညင်းနှင့် တူနေပြီး
အထူးသဖြင့် သူ၏မျက်လုံးများမှ နူးညံ့သိမ်မွေ့မှုက လူတို့ကို အရည်ပျော်သွားစေနိုင်ပုံရသည်။
"အစ်မ အတူတူသွားရအောင်"
ကျိရှောင်ယင်က ပြုံးနေရင်း စူးချင်း၏လက်ကို
လှမ်းကိုင်လိုက်သည်။
စူးချင်းက
ခေါင်းညိတ်ပြလိုက်သေည်လည်း ရှောင်ယင်က ချိုးယုံခန်းနှင့် အလွန်ရင်းနှီးလွန်းသည်ဟု
သူမ ခံစားနေမိသည်။
သူ့ကို ကြည့်နေတဲ့
သူမရဲ့မျက်လုံးလေးတွေက တောက်ပနေပြီး သူမရဲ့မျက်လုံးလေးတွေထဲမှာ
ရွှင်မြူးပျော်ရွှင်မှုတွေနဲ့ ပြည့်နေတယ်။
"ငါ ရွှေရှန့်ကို အရင် သွားတော့ဦးမယ်။ ငါ မကြာခင် ပြန်ထွက်လာပါ့မယ်"
ချိုးယုံခန်းက ကျိရွှေရှန့်ကို
စိတ်ပူနေသေးသည်။ ထို့အပြင် တစ်ခုခု ဝယ်ရန် တိုင်ပင်ချင်သေးသည်။ ပိုက်ဆံများက
သူ့လက်ထဲတွင် ရှိနေသော်လည်း ထိုငွေအားလုံးကို ကျိရွှေရှန့်က ရှာဖွေပေးခဲ့ခြင်း
ဖြစ်သည်။
"ကောင်းပြီ၊ ကျွန်မ အစ်ကိုအတွက် ဇက်ကြိုးကိုင်ဖို့ ကူညီပေးမယ်"
ကျိရှောင်ယင်က အပြုံးလေးဖြင့်
ကူညီရန် ပြေးသွားလိုက်သည်။ မြင်းက ကျိရှောင်ယင်ကို မြင်သွားပြီး ရုတ်တရက် ထဟီလိုက်သည်။
၎င်းက ဂနာမငြိမ်ဘဲ ရှေ့ခွာများကို ကန်နေကာ
အဆုံးတွင် ခေါင်းကို မော့ပြီး ကျယ်ကျယ်လောင်လောင် ဟီလိုက်သည်။
ကျိရှောင်ယင်က
အလွန်ထိတ်လန့်သွားသဖြင့် နောက်သို့အမြန်ပြန်ဆုတ်ကာ မြင်းကို ကြောက်လန့်တကြား စိုက်ကြည့်နေလေသည်။
"သူက ကျွန်မကို မကြိုက်ဘူး"
မြင်းက ရှောင်ယင်ကို
ခြောက်လန့်ရန် ကြိုးစားနေသည်ကို တွေ့လိုက်သောအခါ စူးချင်း၏မျက်နှာက မည်းမှောင်သွားသည်။
သူမက ချိုးယုံခန်းထံမှ ဇက်ကြိုးကို လှမ်းယူကလိုက်ပြီး ထိုမြင်းကို ကြာပွတ်ကို သုံး၍ သင်ခန်းစာတစ်ခု သင်ပေးရန်
တွေးလိုက်တော့သည်။
သို့သော်လည်း သူမလက်ထဲသို့
ဇက်ကြိုး ပါလာသည်နှင့် တပြိုင်နက် မြင်းက ခေါင်းကို ညင်သာစွာ ငုံ့ကာ စူးချင်းကို
ကြောက်ရွံ့နေသော မျက်လုံးကြီးများဖြင့် ကြည့်နေလေသည်။ သူက ရိုက်စရာမလိုဘဲ နာခံမှု ရှိနေခဲ့သည်။
“အား၊
တိရိစ္ဆာန်တွေတောင် လူတွေကို အနိုင်ကျင့်တက်တယ်”
ထိုအပြုအမူက ကျိရှောင်ယင်ကို
အလွန်ဒေါသထွက်သွားစေသည်။
ဒါက ဘယ်လိုဖြစ်သွားရတာလဲ။
သူမ ဇက်ကြိုးဆွဲဖို့ သွားတော့ အဲ့မြင်းက သူမကို ခြောက်လန့်ခဲ့ပေမယ့် အစ်မစူးချင်း ဇာတ်ကြိုးကို ဆွဲလိုက်တာနဲ့
ချက်ချင်း နာခံသွားတယ်။
"ကောင်းကောင်းမွန်မွန်နေ"
စူးချင်းက မြင်းကို
ခြိမ်းခြောက်လိုက်ပြီး ဇက်ကြိုးကို ကျိရှောင်ယင်ထံ လွှဲပေးလိုက်သည်။ ထို့နောက် သူမက
ကြာပွတ်ကို ကိုင်ကာ ဘေးတွင် ရပ်နေပြီး မြင်းကို အေးစက်စွာ စိုက်ကြည့်နေသည်။
စူးချင်း၏ခြိမ်းခြောက်မှုကြောင့်
မြင်းက ကျိရှောင်ယင်ကို ကြောက်လန့်အောင် မလုပ်ရဲတော့ပေ။ ၎င်းက နာခံမှုဖြင့် ငြိမ်သက်နေသည်။
ကျိရှောင်ယင်က ဝမ်းသာလွန်းသောကြောင့် သူမ၏ပါးစပ်ကိုပင် မပိတ်နိုင်တော့ပေ။ သူမက စူးချင်းကို
ဝမ်းသာအားရ အော်ပြောလိုက်သည်။
"အစ်မ၊ သူက ကျွန်မကို မခြောက်လန့်တော့ဘူး"
“အင်း”
စူးချင်းက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
ချိုးယုံခန်းက စူးချင်း၏
မျက်လုံးများမှ နူးညံ့သိမ်မွေ့မှုကို တွေ့သွားပြီး လုံးဝ မယုံနိုင် ဖြစ်နေခဲ့သည်။ သူမက
ကျိရှောင်ယင်ရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုကိုပဲ ဂရုစိုက်တဲ့သူတစ်ယောက်လား?
လီတာ့နျိုက ရုံးတော်၏အနောက်ဘက်ခြံဝင်းသို့
ပြေးသွားပြီး ရဲမက်အဟောင်းများက ကောင်းမွန်နေသေးသည့်
ပစ္စည်းများကို အိမ် အပြင်သို့ ရွှေ့နေသည်ကို တွေ့လိုက်ရသည်။ ကျိရွှေရှန့်က ဓားကို
ပိုက်ကာ မတ်မတ်ရပ်နေပြီး လေးနက်သော မျက်နှာဖြင့် အလုပ်လုပ်နေသော ထိုလူများကို
စိုက်ကြည့်နေသည်။ လီတာ့နျိုက သူ့ကို မမှတ်မိနိုင်လောက်အောင် ဖြစ်နေပြီး သူ့၏ညီအစ်ကိုကောင်းဖြစ်သော
ကျိရွှေရှန့်တွင် အစိုးရတပ်သားတစ်ဦးကဲ့သို့ ပြင်းထန်သောရောင်ဝါ ရှိကြောင်း တွေ့ရှိခဲ့ရသည်။
"အစ်ကိုရွှေရှန့်"
လီတာ့နျိုက ယခင်ကတည်းက
ကျိရွှေရှန့်ကို လေးစားအားကျ အတုယူတက်သူ ဖြစ်ပြီး ယခုအခါတွင် သူက ကျိရွှေရှန့်ကို ပို၍ပင် ကိုးကွယ်လာမိသည်။ သူက ကျိရွှေရှန့်ထံ ပြေးလာနေပြီး
အရူးသဖွယ်ပေါတောတောအပြုံးကြီးဖြင့် လှမ်းခေါ်လိုက်သည်။
"မင်း... ဒီနေရာကို ဘယ်လို ရှာတွေ့တာလဲ?"
လီတာ့နျိုကို
တွေ့လိုက်ရသောကြောင့် ကျိရွှေရှန့်က အနည်းငယ် အံ့သြသွားပြီး လှမ်းမေးလိုက်သည်။
"ငါနဲ့ ယုံခန်းက မင်းကို ရှာဖို့ မြို့ထဲကို ဝင်လာခဲ့တာ။ ရိက္ခာတွေ
ဖြည့်ဆည်းဖို့ စပါးနဲ့ ဆားတွေလည်း ဝယ်ရမယ်။ အစ်ကိုရွှေရှန့်၊ မင်း အစိုးရရုံးတော်မှာ
အလုပ်ရှာခဲ့တာလား? မင်း ငါတို့နဲ့ ကျင့်ရှီလျိုမြှောင်ကို မလိုက်တော့ဘူးလား?"
ပျော်ရွှင်မှုအပြီးတွင်
လီတာ့နျိုက စိတ်ပူလာပြန်သည်။ ကျိရွှေရှန့်က မြို့၏သာယာဝပြောမှုကို မြင်သွားပြီး
မြင့်မြတ်သောရာထူးတစ်ခု လက်ခံလိမ့်မည်ကို သူ ကြောက်ရွံ့နေခဲ့သည်။ သူက ကျိရွှေရှန့် သူတို့နောက်သို့ လိုက်ရန်
ဆန္ဒမရှိတော့မည်ကို စိုးရိမ်နေမိသည်။
“မဟုတ်ဘူး၊
ငါက ကူညီပေးရုံပါပဲ။ ပြီးရင် ပြန်လာမှာ။ မင်းတို့ အရင် သွားနှင့်လို့ရတယ်။ ငါ မင်းတို့
နောက်ကနေ လိုက်လာခဲ့မယ်"
ကျိရွှေရှန့်က ခေါင်းယမ်းလိုက်သည်။
သခင်ကြီးချင်၏စစ်ကူများက မည်သည့်အချိန်တွင် ရောက်လာမည်ကို သူ မသိသော်လည်း သူ ကူညီမည်ဟု
ကတိပေးထားသောကြောင့် သူက သူ့၏နှုတ်ထွက်စကားကို စောင့်ထိန်းမည် ဖြစ်သည်။ ဒုက္ခသည်အဖွဲ့တွင်
ချိုးယုံခန်းနှင့် အခြားလူများရှိနေသောကြောင့် ပြဿနာအများကြီး ရှိမည်မဟုတ်ပေ။
"ရွှေရှန့်၊ တစ်ရက် နှစ်ရက် လောက်ဆိုရင်တော့ ငါတို့ မြို့ပြင်မှာ အနားယူနေပြီး
မင်းနဲ့ အတူတူ ထွက်ဖို့ စောင့်နေလို့ ရတယ်"
ချိုးယုံခန်းက
ဝင်လာနေရင်း ကျိရွှေရှန့်၏စကားကို ကြားဖြတ်ဝင်ပြောလိုက်သည်။
“ဒါလည်း
ကောင်းတာပဲ။ ငါ့ကို နှစ်ရက်လောက် စောင့်ပေးလေ။ လူကြီးမင်းချင်ရဲ့ စစ်ကူတွေ နှစ်ရက်အတွင်း
မရောက်လာရင်တော့ မင်းတို့တွေ အရင်ထွက်သွားလို့ ရတယ်”
ကျိရွှေရှန့်က ခေါင်းညိတ်သဘောတူလိုက်သည်။
တကယ်တော့ သူ
အဖွဲ့နဲ့ တစ်ခါတည်း မလိုက်နိုင်ရင် နည်းနည်း စိုးရိမ်နေရဦးမယ်။ ဒီရက်တွေမှာ
သူတို့လည်း ပြေးလွှားရတာတွေ များနေပြီ။ သက်ကြီးရွယ်အိုတွေ၊ အားနည်းတဲ့သူတွေ၊
ဖျားနာသူတွေနဲ့ မသန်စွမ်းသူတွေ အားလုံး ပင်ပန်းနွမ်းနယ်နေကြတယ်။ သူတို့ကို အနားပေးနိုင်တာကလည်း
ကောင်းမွန်တဲ့ စိတ်ကူးပါပဲ။
သူတို့ စကားပြောနေကြစဉ်မှာပင်
အရှေ့ဘက်ခြံဝင်းဖြစ်သော ရုံးတော်၏အဝင်ဝမှ တစ်စုံတစ်ယောက်က ရုံးတော်ထဲသို့ လှမ်းအော်လိုက်သည်။
"သခင်ကြီးချင်ထျန်း၊ မြန်မြန် ပြေးပါတော့။ နောက်ကျနေရင် လူကြီးမင်းရဲ့အသက်ကို ဆုံးရှုံးရလိမ့်မယ်"
✍️✍️✍️