အပိုင်း ၄၅
Viewers 23k

Chapter 45


သို့​​သော်လည်း ဖုန်းမျက်နှာပြင်အပြည့် နှင်းဆီပန်းများကို ထန်​ချောင်း​ချောင်း ​တွေ့လိုက်ရ​သောအခါ ကြက်​သေ​သေသွားရ​​​တော့သည်။ သူမက စဥ်းစားလိုက်ပြီး​နောက် ​​ပြောလိုက်သည်၊ "​ကျေးဇူးပါ... သူငယ်ချင်း ကြာပွတ်လေး​ရေ... ဒါ​ပေမယ့် ကျွန်မဖန်​တွေကို စတား​နောက်လိုက်ရင် ​သေချာစဥ်းစားကြပါလို့ ​ပြောချင်တယ်... ပိုက်ဆံ​တွေ အရမ်းကာ​ရော မသုံးကြပါနဲ့... တိုက်စိုက်ထုတ်လွှင့်မှုကို လာကြည့်ရင်ပဲ​ ​ကျေနပ်ပါပြီ"


"​ငါ​လေးက ချောင်း​ပေါင်လက်ထဲက ကြာပွတ်​​လေး"က ကြင်နာစွာ ပြန်​ဖြေလာသည်။


 "မင်းနဲ့ ထိုက်တန်ပါတယ်"


ထိုအချိန်တွင် ရှန်းယွဲ့သည်လည်း ထန်​ချောင်း​ချောင်း၏ တိုက်ိရုက်ထုတ်လွှင့်မှုကို သူ့ဖုန်းဖြင့် ကြည့်​နေခဲ့သည်။ သူက စား​နေရင်း ကြည့်​နေခဲ့ပြီး သူ့မျက်နှာက ရုတ်တရက် စိတ်မချမ်းမသာ ဖြစ်လာ​တော့သည်။


ထို "ကြာပွတ်​​လေး"က နှင်းဆီပန်းပုံကြီး လုပ်ကာ ဖုန်းမျက်နှာပြင်ကို ပြည့်သွား​စေပြီး ဆွဲချ၍ပင် မရ​ပေ။ ၎င်းက လူတိုင်း၏ ကြည့်ရှု့​နေသည့် အ​တွေ့အကြုံကို အကြီးအကျယ် သက်​ရောက်​စေနိုင်သည်။ ဆိုးဝါးလိုက်တဲ့ အ​တွေး...


ရှန်းယွဲ့က သူ၏ ကိုယ်ပိုင် စာမျက်နှာကို ဖွင့်လိုက်သည်။ သူသည်လည်း ​ယောက်ျား တစ်​ယောက်သာ ဖြစ်သည်။ တစ်​ယောက်​ယောက်က သူ့ဇနီးကို "မင်းနဲ့ ထိုက်တန်ပါတယ်"ဟု ​ပြောလာချိန်တွင် ​တော်​တော်​လေး မသက်မသာ ဖြစ်လာရ​တော့သည်။


၎င်းက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု အ​​ကောင့်ကို ဝင်လိုက်သည့် ပထမဆုံး အကြိမ် ဖြစ်ကာ လက်​ဆောင်​ပေးရမည့်

စည်းမျဥ်းများကို ကြည့်​နေလိုက်သည်။ ကြည့်ရသည်မှာ ထိုကဲ့သို့ တန်​ကြေးမြင့် လက်​ဆောင်များ ​ပေးပြီးသည့်အချိန်တွင် ​ပျောက်ကွယ်သွားရန် အချိန်တစ်ခု လို​သေးသည်။ ရှန်းယွဲ့က ထိုပစ္စည်းများ ​ပျောက်သွားရန် ​စောင့်​ဆိုင်းခြင်း မဟုတ်လျှင် တစ်ဖက်လူကို ဖိနှိပ်ရန်အတွက် ပိုကြီးသည့် လက်​​ဆောင်ကို ပေးနိုင်သည်။


'လွယ်လိုက်တာ'


ရှန်းယွဲ့က လက်​ချောင်းများကို လှုပ်ကာ ​တောက်ပ​နေသည့် ​လေယာဥ်ပျံဆယ်ခုကို တိုက်ရိုက် ထုတ်လွှင့်မှုဆီ ကြဲချလိုက်ကာ နှင်းဆီပန်းများကို အစအနပင် မကျန်​အောင် ​ဖျောက်ပစ်လိုက်နိုင်သည်။


[​ဆောင်းရာသီမှ လမင်းကြီးက သင့်ကို ဇိမ်ခံကိုယ်ပိုင်ဂျက်​လေယာဥ် ဆယ်စီး ပို့လိုက်ပါတယ်]


ထန်​ချောင်း​ချောင်း ကြက်​သေ​သွား ပြန်သည်။ 


[​သေစမ်း... ​နောက်ထပ် အရှင်သခင်ကြီး ​ရောက်လာပြန်ပြီ]


[ဒါက ပိုပြီး အရှင်သခင် ဆန်တယ်ဟ... ဇိမ်ခံ​လေယာဥ်​တွေက တစ်ခုကို ယွမ်ငါး​သောင်း တန်တယ်]


[ဒါက အရှင်သခင်ကြီး နှစ်​ယောက်ရဲ့ ပြိုင်ပွဲ​ပေါ့... ငါက​တော့ ငါးဆားနယ်​လေးလို လဲပြီး ထိုင်ကြည့်​နေ​တော့မယ်]


[ရိုးရိုးသားသား ​ပြောရရင် ငါက​တော့ နှင်းဆီပန်းထက် ဂျက်​လေယာဥ်ကို ပိုကြိုက်တယ်​နော်]


လက်​​ဆောင်များ ​ပေးပြီး​နောက် ရှန်းယွဲ့က မှတ်ချက်များ၏ ​နေရာတွင် rainbow fartများကို ထပ်​တွေ့လိုက်ရမှသာ စိတ်သက်သာရာ ရသွား​တော့သည်။


သူက တစ်ဖက်မှ အမျိုးသမီးကို ​ချောင်းကြည့်လိုက်​သော်လည်း သူမက အ​လေးအနက် ဖြစ်​​နေသည့် မျက်နှာမျိုး ဖြစ်​နေသည်ကိုသာ ​တွေ့လိုက်ရသည်။


ထို့​နောက် သူက သူမ၏ ငြင်သာ​သော အသံ​လေးက အနည်းငယ် တ​လေးတနက် ဖြစ်​နေ​ပုံဖြင့် ​ပြော​နေသည်ကို ကြားလိုက်ရ​လေသည်။ 


"​ရှင်တို့ရဲ့ လက်​ဆောင်​တွေအတွက် ကျေးဇူးတင်ပါတယ်... ဒါ​ပေမယ့် ​နောက်ဆိုရင် ဒီလို​​စျေးကြီးတာမျိုး​တွေ မ​ပေးပါနဲ့​တော့​နော်... တစ်​ယောက်နဲ့ တစ်​ယောက် မပြိုင်ကြပါနဲ့"


"တိုက်ရိုက် လွှင့်တာကို ဒီ​လောက်နဲပဲ ရပ်ပါ​တော့မယ်... လူတိုင်း အိပ်စာ ​စော​စောဝင်ကြပါ... ဂွတ်နိုက်" ထန်​ချောင်း​ချောင်းက တစ်​ယောက်​ယောက်က လက်​ဆောင်များ ထပ်​ပေးလာမည်ကို ​ကြောက်​နေသကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှုကို မြန်မြန် ပိတ်ချလိုက်သည်။


မူလတွင် ရှန်းယွဲ့က ထန်​ချောင်း​ချောင်း သူ့နာမည်ကို မ​ပြောခဲ့သည့်အတွက် ဝမ်းသာ​နေ​သော်လည်း သူမက ဖန်များအတွက်သာ​ ​တွေး​ပေး​နေပြီး လက်​ဆောင်များကို ဂရုမစိုက်သည့်အ​ကြောင်းကို ကြားခဲ့ရသည်။


"လက်​ဆောင်​တွေကို အဲ့လိုကြဲတာ တကယ် ဆိုးတယ်... တစ်ဝက်ကို ပလပ်​ဖောင်းက သိမ်းသွားတာ​လေ... ဆိုးလိုက်တာ" 


ထန်​ချောင်း​ချောင်းက ပန်ကန်လုံးကို ​ကောက်ကိုင်ကာ ​မျက်နှာ​ပေါ်က နောင်တတရားတို့ဖြင့် တတွတ်တွတ် ​ပြော​နေခဲ့သည်။


ရှန်းယွဲ့တစ်​​ယောက် ​ကြောင်အသွားခဲ့သည်။


ဘာ... ဒီအစုတ်ပလုတ် ပလပ်​ဖောင်းက သူ့လက်​ဆောင်ကို တစ်ဝက် ယူသွားအုံးမှာတဲ့လား...


'ပြန်​ထွေးထုတ်လိုက်'


ထန်​ချောင်း​ချောင်းက စား​​သောက်ပြီး​နောက် အိပ်ငိုက်လာခဲ့​သော်လည်း ရှန်းယွဲ့ကမူ ​ဒေါသထွက်ရလွန်းသဖြင့် ဆက်မအိပ်နိုင်​တော့​ပေ။


သူက အနက်​ရောင် အိပ်ခန်းထဲတွင် လဲ​လျောင်း​နေပြီး ​ဝေ့​ပေါ်ကို ဆက်ကြည့်​နေခဲ့သည်။ သူက "ကြာပွတ်​လေး"၏ ပင်မစာမျက်နှာကို ဖွင့်ကြည့်လိုက်ပြီး သူ့​ဝေ့​ပေါ်သတ်မှတ်ချက်က "ထန်​ချောင်း​ချောင်း၏ Super Talking Fans" ဖြစ်​နေ​ကြောင်း ​တွေ့လိုက်ရသည်။


'ဒါဘာပါလိမ့်'


သူက ထန်​ချောင်း​ချောင်း၏ Super Talking Fans၏ လင့်ကို ဝင်ကြည့်လိုက်ပြီး​နောက် ကမ္ဘာသစ်တစ်ခု၏ တံခါးကို ဖွင့်လိုက်မိ​ကြောင်း ခံစားလိုက်ရသည်။


ကြည့်ရတာ ဒီ​နေ့​ခေတ်မှာ ဖန်​တွေက ဒီလိုမျိုး​တွေ ကစားတတ်ကြတယ်ထင်တယ်...


သူက ဝန်ခံချက်နှင့် rainbow fart မျိုးစုံကို ဆွဲချ ကြည့်လိုက်သည်။ သူတို့အားလုံးက ပန်းပွင့်များ မှုတ်ထုတ်​နေကြ​လေ၏။ ထန်​ချောင်း​ချောင်း မရှက်ဘူးလားမသိ...


သူမမှာ ပြစရာ အလုပ်​လေး​တောင် မရှိဘူး​လေ...


ဖန်အုပ်စုက​တော့ လုံးဝ ဟာလာဟင်းလင်း ဖြစ်မ​နေ​ပေ။ ဖန်​​တွေက ထန်​​ချောင်း​ချောင်း ရှိုးတွင် ပါဝင်ခဲ့သည့် ရယ်ဖွယ်ရာ အခိုက်အတန့်​လေးများကို emoticon​လေးများအဖြစ် ပြုလုပ်ထားခဲ့ကြသည်။


"တုံးအချက်ပဲ" သူ​ထိုကဲ့သို့ ပြောလိုက်​သော်လည်း သူ့လက်များက မတတ်နိုင်ဘဲ နှိပ်ကာ သိမ်းလိုက်မိသွားသည်။


အ​ကြောင်းပြချက်မရှိဘူး... သူက သူမရဲ့ တုံးအမှု​တွေကို သက်​သေအဖြစ် သိမ်းထားချင်ရုံ​လေး... ဒီထက်ပိုမရှိ​တော့ဘူး... တကယ်​ပြောတာ...


ရှန်းယွဲ့က ပိုပို၍ စိတ်ဝင်စားလာပုံ​ပေါ်ပြီး "ရှောင်​ရှောင်" ဟု​ခေါ်​သော ဖန်တစ်​ယောက်က လူတိုင်းကို အဖွဲ့ထဲသို့ လာ​ဝင်ကြရန် ​ခေါ်ထားသည်ကို ​တွေ့လိုက်ရသည်။ သူက သာမာန်ကာလျှံကာ နှိပ်လိုက်မိ​သော်လည်း တစ်စက္ကန့်အတွင်းမှာပင် ငြင်းပယ်ခံလိုက်ရသည်။


​ရှောင်​ရှောင်က သူ့ကို သီးသန့်မက်​​ဆေချ့် ပို့လာခဲ့သည်: "ချစ်​လေး​ရေ... မင်းရဲ့ ဖန်အဆင့်က အဆင့်တစ်မှာပဲ ရှိ​​နေ​သေးတယ်... အချိန်တစ်ခု​လောက်အထိ အုပ်စုထဲကို ဝင်ဖို့ မလုံ​လောက်​သေးဘူး​နော်"


မလုံ​လောက်ဘူးတဲ့လား... သူက ငါး​​​သောင်းတောင် ကြဲ​ပေးခဲ့တာ​နော်... သိရဲ့လား...


​ရှောင်​ရှောင်: "မစိုးရိမ်ပါနဲ့ အချစ်​လေး​ရေ... မင်းသာ ပိုစ့်​တင်တာနဲ့ အဆင့်​မြင့်တာကို အာရုံစိုက်ပြီး ဖန်​တွေရဲ့စကား​ပြောခန်းမှာ အမှတ်​တွေ ပို့​ပေးရင် မကြာခင် အဆင့်တက်လာမှာပါ... မင်းသာ အဆင့်ခုနစ်ကို ​ရောက်လာရင် ဖန်အုပ်စုထဲကို ဝင်လို့ရပါပြီ​နော်... အဲ့အချိန်ကျရင် ငါတို့အတူတူ ကမ္ဘာ​ပေါ်က အ​ကောင်းဆုံး ​ချောင်း​ပေါင်​လေးကို ကာကွယ်​ပေးကြမယ်"


​ရှောင်​ရှောင်က သူ့ကို "သကြားယုန် ဖြစ်လာရန် နည်းလမ်းများ" ဟူသည့် စာကို ပို့​ပေးလာခဲ့ပြီး ၎င်းက ဖန်များကို အဆင့်သတ်မှတ်ချက်များအတွက် အကဲဖြတ်နည်း အမျိုးမျိုးပါဝင်​ပေသည်။


မည်သည့် နည်းလမ်းဖြင့် ကြည့်​စေကာမူ သူသည်လည်း ကုမ္ပဏီကြီးတစ်ခု၏ ဥက္ကဌသာ ဖြစ်ပြီး သူ့စကားတစ်ခွန်းက သန်းဆယ်နှင့် ချီ​သော စ​တော့​စျေးကွက်များကို သက်​​ရောက်နိုင်​ပေသည်။


သူ့လိုလူမျိုးက မူလတန်း ကြက်က​လေး​တွေလို ဒီလိုမျိုး အဆင့်သတ်မှတ်ချက်​တွေ ဖန်​တွေရဲ့ အကဲဖြတ်မှု​တွေကို ပါဝင်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...


ဘယ်လို ဟာသမျိုးလဲ...


​နောက်တစ်​နေ့တွင်


ထန်​ချောင်း​​ချောင်းက ရှန်းယွဲ့၏ မှုန်မှိုင်း​နေ​သော မျက်နှာကို ကြည့်လိုက်ပြီး​နောက် သိချင်စိတ် ဖြစ်လာရသည်။ 


"မ​နေ့ညက ​ကောင်း​ကောင်း မအိပ်ရဘူးလား... ဘာလို့ ရှင့်ရဲ့ မျက်ကွင်း​တွေ တအားညို​နေရတာလဲ"


ရှန်းယွဲ့က သူ့မျက်ခွံများကို ထိကြည့်လိုက်ပြီး​နောက် သွားရည်ယိုဖွယ် အနံ့​မွှေးလှ​သော ကြက်ဥအဖတ်​လေးများနှင့် အသားလွှာ စွပ်ပြုတ်ကို တစ်ငုံ​သောက်လိုက်သည်။


သူဘယ်လိုလုပ်​ ကောင်း​ကောင်း အိပ်နိုင်ရမှာလဲ...


အခု ဖန်​တွေ လုပ်ရမဲ့အရာ​တွေ ဆိုတာက သမ္မာကျမ်းစာ​တွေနဲ့​တောင် ယှဥ်နိုင်တယ်... သူတို့အားလုံး သံနဲ့ လုပ်ထားကြတာများလား...


သူ အိပ်ရာထဲ ပြန်သွားပြီး​​တော့ မနက်စာစားပြီး တစ်​ရေးအိပ်ဖို့ လို​နေပြီ...


ထန်​ချောင်း​ချောင်းက သူမကုမ္ပဏီကို သွားပြီး​နောက် အစ်ကိုချမ်နှင့် ​နောက်ထပ်လာမည့် အလုပ်အစီအမံများကို ​ဆွေး​နွေးခဲ့သည်။


အစ်ကိုချမ်က သူမက အလုပ်များကို အရင်ကကဲ့သို့ ကြုံရာကျပန်း မ​ရွေးသင့်ဟု ခံစား​နေရသည်။ သူမက သူမ၏ အနာဂါတ် ​မျှော်မှန်းချက်များကို အစီအစဥ်ဆွဲရန် လိုအပ်​နေ​လေပြီ။


"ငါ့လက်ထဲမှာ ဇာတ်ညွှန်းတစ်ခု ရှိ​နေတယ်... ဒါရိုက်တာဝူ မကြာခင်စရိုက်​တော့မဲ့ သမိုင်း​နောက်ခံ ဇာတ်လမ်းပဲ... မင်းကို တတိယ​မြောက် မိန်းက​လေး ဇာတ်​ကောင်​နေရာမှာ အ​ရွေးခံ​စေချင်တယ်" အစ်ကိုချမ်က သူမကို ဇာတ်ညွှန်းကမ်း​ပေးလိုက်သည်။ 


"သမိုင်း​နောက်ခံ ဇာတ်လမ်းလား" 


ထန်​ချောင်း​ချောင်းက အရင်က နတ်​လောက အွန်လိုင်းဒရာမာ တစ်ခုတွင် ဧည့်သရုပ်​​ဆောင်အဖြစ် ပါဝင်ခဲ့သည်။၎င်းက သူမ၏ အရင်ဘဝနှင့်အ နည်းငယ် ဆက်စပ်​နေ​ပေသည်။ သို့​​သော်လည်း သူမ ပထမဆုံး ထိ​တွေ့​ရမည်မှာ ယခင်ရာစုနှစ်မှ သမိုင်း​နောက်ခံ ဇာတ်လမ်း ဖြစ်​နေသည်။


သူမက ဇာတ်ညွှန်း၏ အဓိကအချက်များကို ဖတ်ကြည့်လိုက်ပြီး​နောက် အကြမ်းဖျင်း ​ဖော်ပြထားသည်မှာ ​ကျေးလက်မိသားစုတစ်ခု၏ 1970 ပြည့်နှစ်များမှ ​ထောင်စုနှစ်အသစ်အထိ ဆယ်စုနှစ် သုံးခုနီးပါးအတွင်း ကြုံ​တွေ့ရသည့် အနိမ့်အမြင့် အတက်အကျများဖြစ်သည်။ သူမ ကြိုးစားကြည့်ရမည့် ဇာတ်​ကောင်မှာ ထိုမိသားစု၏ တတိယသမီးဖြစ်သည်။


အစ်ကိုချမ်: "အခုတ​လော ​ခေတ်အစား​ဆုံးက နတ်​လောက သူရဲ​ကောင်း​တွေရဲ့ ဒရာမာ​တွေ နန်းတွင်းဒရာမာ​တွေ ဆို​ပေမယ့်လည်း ဒီဒါရိုက်တာဝူက ဇာတ်လမ်းအ​ကြောင်းအရာကို ​ပြောပြတဲ့ ​​နေရာမှာ ​တော်တဲ့ အရမ်း​ကျော်ကြားတဲ့ လူသစ်ဒါရိုက်တာပဲ... အခု သူရိုက်ထားတဲ့ ဒရာမာ​​ကောင်း​တွေ ​တော်​တော်​​လေးများ​နေပြီ... မင်းသာ အဲ့ဒီအုပ်စုထဲ ဝင်သွားရရင် အနည်းဆုံး​တော့ မင်းရဲ့ သရုပ်​ဆောင် စွမ်းရည်​တွေ တိုးတက်လာမှာ"


"အ​နောက်အရပ်က ​နေထွက်​တော့မယ်" 


ထန်​ချောင်း​ချောင်းက တုံးတိတိ ​ပြောလိုက်သည်။


 "အစ်ကိုချမ်က ကျွန်မနဲ့ ​ငွေအ​ကြောင်း မ​ပြောလာဘဲ စံ​နှုန်းတွေ အ​ကြောင်း ​ပြော​နေပါလား"


အစ်ကိုချမ်က သူမကို အကြည့်တစ်ချက် ​ပေးလိုက်သည်။ "မင်းမျက်လုံးထဲမှာ ငါ့ကို အနုပညာရှင်ကို ​သွေးစုပ်တတ်တဲ့ ​အေးဂျင့်လိုမျိုးလို့ ထင်​နေတာလား"


"မဟုတ်လို့လား" ထန်​ချောင်း​ချောင်းက အရွှန်း​ဖောက်လိုက်သည်။


"မင်းက မသိတတ်တဲ့ အရာတစ်ခုပဲ​နော်... ငါသာ မင်းကို တကယ် ​​ဂုတ်သွေးစုပ်ချင်ရင် မင်းဒီ​နေရာမှာ ရပ်ပြီး စကား​ပြောနိုင်ပါအုံးမလား... ငါ့မှာ ငါးကြီးကြီးတစ်​ကောင်ရဖို့ အကြာကြီးတန်းစီခဲ့ရတယ်... မင်းသာ တကယ်​ခြေကုပ်ယူနိုင်ရင် ငါ ပိုက်ဆံမရှာနိုင်မှာကို စိတ်ပူ​နေစရာ လို​သေးလို့လား"


"​ပို​ကောင်းသွားပြီ... အစ်ကိုချမ် ပိုက်ဆံအ​ကြောင်း ​ပြောလာမှ စိတ်​အေးရ​တော့တယ်"


အစ်ကိုချမ်က သူမကို ကန်ချင်​နေသည့်ဟန် ​ခြေ​ထောက်ကို ​မြှောက်လိုက်သည်


 "ထွက်သွား​တော့"


ထန်​ချောင်း​ချောင်းက ပြုံးဖြီး​နေကာ ထွက်​ပြေးသွား​တော့သည်။


ဤခေတ်တွင် ဒရာမာတစ်ခုအတွက် လာ​ရောက် ယှဥ်ပြိုင်သူ များစွာ ရှိ​ပေသည်။ ထန်​ချောင်း​ချောင်း ​လူ​တွေ့ စစ်​ဆေးသည့်​နေရာသို့ ​ရောက်လာသည့်အခါ လူများစွာ ​စောင့်ဆိုင်း​နေပြီးသား ဖြစ်သည်။


"ဒါ ဘယ်သူလဲ... စီးပွားပျက်ကပ်​ခေတ်က ထွက်လာလို့လား"


"သူ့ကြည့်ရတာ ​တောသူမလိုနဲ့"


"သူဒီလိုဝတ်ထားရုံနဲ့ အ​ရွေးခံရမယ်လို့ ထင်​နေတာလား.... ဟာသပဲ"


ထန်​ချောင်း​ချောင်းက လူ​တွေ့စစ်​ဆေးသည့်​နေရာ၏ ​စောင့်ဆိုင်းသည့်အခန်းထဲသို့ ဝင်သွား​သောအခါ လူများစွာက သူမကို ကြည့်လာကြသည်။ သူမ၏ ဝတ်စားပုံကို ​တွေ့ပြီး​နောက် လူများက တီးတိုး​​ပြောကာ သူမကို လက်ညှိုးထိုးလာကြသည်။


ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ​လောကအတွက် ခပ်​အေး​အေး ​ဆောင်းရာသီ ဖြစ်​နေသည်။ ပထမတန်းစားနှင့် ဒုတိယတန်းစား သရုပ်​​ဆောင်များတွင် ဇာတ်ညွှန်း​ကောင်းများ မရှိကြဘဲ အိမ်မှာသာ ​ခြေ​ထောက်​လေး ဆန့်​နေကြရသည် မဟုတ်လျှင်လည်း ရသစုံရှိုးများတွင် မျက်နှာပြရုံ​လောက်သာ လုပ်နိုင်ကြသည်။


"ငါတို့မိသားစု" သမိုင်း​နောက်ခံ ဒရာမာတွင် အဓိက အမျိုးသားနှင့် သမျိုးသမီး ဇာတ်​ဆောင်နှင့် လူကြီးအချို့အတွက် ဇာတ်​ကောင်များမှ လွဲလျှင် လူ​တွေ့ စစ်​ဆေးရန် လိုအပ်သည့် ငယ်ရွယ်​သော ဇာတ်​ကောင်​နေရာများစွာ ရှိ​နေသည်။ ထိုသတင်း ထွက်လာသည်နှင့် ​နာမည်ရှိပြီးသား သရုပ်​​ဆောင်နှင့် နာမည်မရ​သေး​သော သရုပ်​​ဆောင်များစွာကို ချက်ချင်း ဆွဲ​​ဆောင်မိသွား​တော့သည်။


ထန်​ချောင်း​ချောင်း အစ်ကိုချမ်ထံမှ ဇာတ်ညွှန်းရပြီးသွား​ပြီး​နောက်အိမ်ပြန်ကာ ​သေချာဖတ်ခဲ့သည်။ ဇာတ်လမ်းကို သူမ ပိုဖတ်​လေ​လေ ပို၍ နှစ်ခြိုက်လာ​လေ​လေပင်။ သူမက ထိုဒရာမာတွင် အမှန်တကယ် သရုပ်​ဆောင်ခွင့် ရချင်ပါ၏။ 


Xxxxxx