Chapter 46
ချဥ်စပ်စပ် သံပရို ဘဲသား
ထန်ချောင်းချောင်း အစ်ကိုချမ်ထံမှ ဇာတ်ညွှန်းရပြီးသွားပြီးနောက်အိမ်ပြန်ကာ သေချာဖတ်ခဲ့သည်။ ဇာတ်လမ်းကို သူမ ပိုဖတ်လေလေ ပို၍ နှစ်ခြိုက်လာလေလေပင်။ သူမက ထိုဒရာမာတွင် အမှန်တကယ် သရုပ်ဆောင်ခွင့် ရချင်ပါ၏။
သူမက အန်တီဝမ်ကို 1970ပြည့်နှစ်များနှင့် 1980ပြည့်နှစ်များက ဘဝအခြေအနေများကို အထူးတလှယ် မေးမြန်းခဲ့သည်။ အန်တီဝမ်က သူမ သမိုင်းနောက်ခံဇာတ်လမ်းအတွက် လူတွေ့ဖြေဆိုမည်ကို သိလိုက်ရသောအခါ 1980ပြည့်နှစ်များတွင် ခေတ်စားခဲ့သည့် အဝတ်သေတ္တာ အောက်ခြေမှ သူမ၏ အဝတ်များကို ဆွဲထုတ်လာခဲ့သည်။ သူမက ၎င်းတို့ကို ယနေ့အထိ တန်ဖိုးထား ထိန်းသိမ်းလာခဲ့ခြင်း ဖြစ်သည်။
သရုပ်ဆောင်များအကြားမှ ဒါရိုက်တာကို တထူးတဆန်း ခံစားချက် တစ်ခုပေးရန် ထန်ချောင်းချောင်းက ချင်းလန် တံဆိပ် မီးခိုးရောင် ရှပ်အင်္ကျီနှင့် အပြာရောင် ဖျင်ကြမ်းဘောင်းဘီကို ဝတ်ကာ လူတွေ့စစ်ဆေးသည့်နေရာတွင် ပေါ်လာခဲ့သည်။
"ချောင်းချောင်း... လူတွေ အများကြီးပဲနော်... သူတို့အားလုံး မင်းကို ကြည့်နေကြတယ်" ဖန်းယွမ်က ထန်ချောင်းချောင်းကို ခပ်တိုးတိုး ပြောလိုက်သည်။
ဖန်းယွမ်က အစ်ကိုချမ် သူမအတွက် စီစဥ်ပေးလိုက်သည့် လက်ထောက်အသစ် ဖြစ်သည်။သူမ ခန္ဓါကိုယ်က လုံးဝန်းပြီး ပြုံးလိုက်တိုင်း သူမ၏ နှုတ်ခမ်းဘေး တစ်ဖက်တစ်ချက်စီတွင် ပါးချိုင့်ခွက်ခွက်လေးနှစ်ခု ရှိနေသေးသည်။
"အဆင်ပြေပါတယ်... ငါကတော့ ဒီကနေ အသားတစ်စမှ အလွတ်ခံမှာ မဟုတ်ဘူး"
ထန်ချောင်းချောင်းက ထိုစူးစိုက်နေသည့် မျက်လုံးများကို လစ်လျူရှုလိုက်သည်။ သူမက စောင့်ဆိုင်းခန်းကို လှည့်ပတ်ကြည့်ပြီးနောက် ထိုင်ရန် နေရာလွတ်အချို့ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် သူမဘေးမှ ထိုင်နေသည့် ဆံပင်တို မိန်းကလေးက ရုတ်တရက် စောင်းငဲ့ကာ သူမကို စကားပြောလာခဲ့သည်။
"ဟေး... ရှင် ဘယ်နေရာအတွက် ဝင်ဖြေမှာလဲ"
ထန်ချောင်းချောင်းက ဖုံးကွယ်စရာမလိုဟု တွေးမိသဖြင့် ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။
"တတိယမြောက် ဇာတ်ကောင် ကျောက်ရှောင်းကျန်းလေ"
ဆံပင်တို မိန်းကလေးက နှုတ်ခမ်းတွန့်လိုက်လေ၏။ "ဒါဆို ရှင်အဆင်ပြေမှာပါ"
"ဘာလို့ အဲ့လို ပြောရတာလဲ" ထန်ချောင်းချောင်း မေးလိုက်သည်။
သူမက အတွင်းဘက်ဆုံးအပိုင်းတွင် ထိုင်နေသည့် အမျိုးသမီးတစ်ယောက်ကို မျက်လုံးများဖြင့် ညွှန်ပြလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကျွန်မ ကြားထားတာတော့ ဒုတိယဇာတ်လိုက်မနေရာအတွက် လျာထားပြီးသားတဲ့... အဲ့တာ ဝမ်ရှင်းအာလေ... လူတိုင်းကတော့ အမြှောက်စာလေးပဲ ဖြစ်သွားတော့မှာပဲ"
ဝမ်ရှင်းအာက လွန်ခဲ့သည့် နှစ်နှစ်အတွင်း နာမည်ရလာသည့် တက်သစ်စ ပန်းပွင့်လေး ဖြစ်သည်။ ထိုအချိန်၌ သူမတွင် စောင့်ဆိုင်းခန်းတစ်ခုလုံးမှာ အကြီးဆုံး မိတ်ကပ်မှန် ပိုင်ဆိုင်ထားလေသည်။ သူမ၏ ဝတ်စားပုံက အလွန်အမင်း ကောင်းမွန်နေပြီ ဖြစ်သော်လည်း သူမက သူမ၏ မိတ်ကပ်ဆရာအား မိတ်ကပ်ပြန်ဖို့ပေးရန်နှင့် ကျနေသည့် ဆံပင်များ လုံးဝမရှိစေရေးအတွက် ဆံပင်ကို ပြန်ပြင်ပေးရန် အဆက်မပြတ်ပြောနေခဲ့သည်။
ထန်ချောင်းချောင်းက သူမကို တစ်ချက်သာ ကြည့်လိုက်ပြီး ဂရုမစိုက်ခဲ့ပေ။
"ထန်ချောင်းချောင်း" လူတွေ့ စစ်ဆေးမည့် ဒါရိုက်တာက စာရင်းနှင့်အတူ ခန်းမထဲသို့ အော်ခေါ်လိုက်သည်။ "အခန်း 9ကိုသွား"
ထန်ချောင်းချောင်း: "အခန်း9က ဘယ်မှာလဲ"
ထိုသူက ကော်ရစ်ဒါကိုသာ သာမာန်ကာလျှံကာ ထိုးပြလိုက်သည်။ "ရှေ့ကိုသာ တည့်တည့်သွားပြီးတော့ လှည့်ကြည့်လိုက်"
ထန်ချောင်းချောင်းက သူထိုးပြလိုက်သည့် ဦးနင်ရာအတိုင်း လိုက်သွားလိုက်ပြီး အခန်း9 အတွင်းသို့ ဝင်လိုက်သည်။ အထဲ၌ ဘေးကပ်ရက် ထိုင်နေကြသည့် လူငါးဦး ရှိနေခဲ့သည်။ အလည်မှ ဒါရိုက်တာဝူကသာ ဒရာမာ၏ ဒါရိုက်တာ ဖြစ်ပေသည်။
သူမ၏ ဝတ်စုံကို မြင်မြင်ချင်းတွင် ဒါရိုက်တာဝူ၏ မျက်လုံးများ လင်းလက်လာခဲ့သည်။ "မင်းက လူတွေ့ ဖြေဖို့ ဒီလို ဝတ်လာတာလား"
ထန်ချောင်းချောင်းက ရိုးသားစွာ ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်"
"ဒီလိုလှည့်စားမှုတွေ လုပ်လာလည်း အသုံးမဝင်ဘူးနော်"
ပရိုဂျူဆာက မနေနိုင်ဘဲ လှောင်ပြောင်သော စကားအချို့ ပြောလာခဲ့သည်။
ဒါရိုက်တာက သူ့ကို မျက်လုံးမှေးကြည့်လိုက်ပြီး ထန်ချောင်းချောင်းကို ပြောလိုက်သည်။ "မင်းဘယ်လို ဖျော်ဖြေမှာလဲ"
သူက သရုပ်ဆောင်ပေါင်းများစွာကို တစ်ခါတည်း စစ်ဆေးခဲ့ရပြီး အနည်းငယ် ထုံကျင်နေလေပြီ။ သူက အပိုစကားများ ထပ်မေးရန် ပျင်းလွန်းသဖြင့် ဆုံးဖြတ်ချက်မချခင်ပင် သရုပ်ဆောင်များကို တစ်ခဏမျှသာ သရုပ်ဆောင်ခိုင်းလိုက်တော့သည်။
ထန်ချောင်းချောင်းက ကျောပိုးအိတ်ကို နံရံဘေး စားပွဲပေါ်တွင် ကြုံရာကျပန်း ပစ်တင်လိုက်ပြီး ဇာတ်ဝင်ပစ္စည်း တစ်ခုမှ မပါဘဲ သရုပ်ဆောင် ပြခဲ့သည်။
ထိုဒရာမာ၏ နောက်ခံက တရုတ်နိုင်ငံ မြောက်ပိုင်း ကျေးလက်ဒေသတွင် အခြေတည်ထားသည်။ ထိုခေတ်၏ ဘဝကို ပြသရန်အတွက် စားသောက်ခြင်းနှင့် ချက်ပြုတ်ခြင်း ဇာတ်ကွက်များကို ပြသရမည်က မလွဲဧကန်ပင်။
ထိုအချိန်က ကျေးလက်ဒေသရှိ လူအများသည် ဆန်ကောင်းများ စားနိုင်ရန်အတွက် ခက်ခဲပေသည်။ သူတို့အများစုက ပန်ကိတ်ကြမ်းကြီးများ၊ ဝူဝူထုံနှင့် ဟင်းရည်အနှစ်၊ အသီးအရွက် ခေါက်ဆွဲပြုတ်ရည်နှင့် ပုံစံတူများကိုသာ စားနိုင်ကြပေသည်။
[T/N ဝူဝူထုံ က တရုတ်မြောက်ပိုင်းက ဘန်းမုန့်ပါ။ ပြောင်းမှုန့်၊ ဒါမှမဟုတ်ရင် အစေ့အနှံအကြမ်းတွေနဲ့ပဲ ပြုလုပ်ထားတာပါ။ နာမည်က "အသိုက်" လို့ အဓိပ္ပါယ်ရပြီး သူတို့က ပုံစံအမျိုးမျိုး ရှိပါတယ်... တစ်ခါတစ်ရံ ချက်ပြုတ်သူရဲ့ သဘောအတိုင်း အဆာပလာတွေလည်း ထည့်နိုင်ပါသေးတယ်... ဥပမာအားဖြင့် ဆားရည်စိမ် အသီးအရွက်တွေ၊ အသားတွေ၊ အသီးအရွက်ရိုင်းတွေပါ]
ထန်ချောင်းချောင်းက ချက်ပြုတ်ခြင်းနှင့် စားသောက်ခြင်း ဇာတ်ကွက်ကို သရုပ်ဆောင်ခဲ့သည်။
သူမက သူမရှေ့တွင် ရွှံ့မီးဖိုနှစ်ခုနှင့် သံဒယ်အိုးများ ရှိသည်ဟု မြင်ယောင်လိုက်သည်။ ဒယ်အိုး ပူလာသောအခါ မုန့်နှစ်အရည်ကို တစ်ဇွန်းပြည့်ပြည့် ခပ်ကာ မွှေလိုက်ပြီးနောက် ဒယ်အိုးပေါ်တွင် ပန်ကိတ်များကို ညီညာစွာ ဖြန့်ခင်းလိုက်သည်။ အခြားဒယ်အိုးသည်လည်း အလွတ်ဖြစ်မနေပါချေ။ သူမက ခေါက်ဆွဲစွပ်ပြုတ် ချက်နေပြီး လက်တစ်ဆုပ်စာ အသီးအရွက်ရိုင်းများကို ယူကာ အိုးထဲသို့ မထည့်ခင်တွင် ကျန်နေသည့်ဟင်းများအကြောင်း စဥ်းစားနေပုံနှင့် အချို့ကိုသာ ယူပြီး အသီးအရွက်ခြင်းထဲသို့ ပြန်ပစ်ထည့်လိုက်သည်။
သူမက စုစုပေါင်း ပြောင်းကြမ်း ပန်ကိတ် ခုနစ်ခု ရှစ်ခုမျှ လုပ်ခဲ့ပြီး မိသားစုတစ်စု စားရန် လုံလောက်ပေသည်။ ထို့နောက် သူမက အသီးအရွက်ရိုင်း ခေါက်ဆွဲ စွပ်ပြုတ် အိုးကြီးတစ်အိုးကို လောင်းထည့်လိုက်လေသည်။
အစားအသောက်များက မိသားစု၏ ညစာအတွက် ဖြစ်သည်။ စားပွဲပေါ်တွင် လူများစွာ ထိုင်မနေခဲ့ပေ။ သူမက ပန်ကိတ် အပိုင်းလေးတစ်ခုကို ခွဲယူကာ ခေါက်ဆွဲစွပ်ပြုတ်တွင် ထည့်ပြီးနောက် မြေပေါ်တွင် ထိုင်စားရန်အတွက် တံခါးဆီသို့ သွားလေသည်။
ဒါရိုက်တာက လုံးဝနစ်မြောနေပေသည်။ သူမ၏ အမူအယာများနှင့် လှုပ်ရှားမှုများက အရင်ရာစုနှစ်ကို ပြန်ရောက်သွားသကဲ့သို့ သဘာဝကျကာ ကျွမ်းကျွင်လှသည်။ ကျေးလက်မိသားစု တစ်စုက ညစာစားနေပြီး ပန်ကိတ်နှင့် ခေါက်ဆွဲစွပ်ပြုတ်သာ စားပွဲပေါ်တွင် ရှိနေသည်။
မိန်းကလေးက သူမအိမ်၏ တံခါးတွင်သာ ဆောင့်ကြောင့်ထိုင်နေပြီး လက်တစ်ဖက်ဖြင့် ပန်ကိတ်ကို ကိုင်ကာ အားရပါးရ တစ်ကိုက်ကိုက်လိုက်ပြီး တစ်ဖက်တွင်မူ ခေါက်ဆွဲစွပ်ပြုတ် ပန်းကန်လုံးကို ကိုင်ထားခဲ့သည်။ ခေါက်ဆွဲစွပ်ပြုတ်က အရည်များသော်လည်း မိန်းကလေးကမူ ဂရုတစိုက် စားသောက်နေသည်။ သူမက ပန်ကိတ်၏ နောက်ဆုံးတစ်ကိုက်ကို စွပ်ပြုတ်တွင် နှစ်ကာ အစက်လေးတစ်စက်ကိုမှ မဖြုန်းတီးချင်သည့်ဟန်ပင်။
ထန်ချောင်းချောင်းက ခေါက်ဆွဲစွပ်ပြုတ်၏ နောက်ဆုံး အလုတ်ကို မျိုချလိုက်ပြီးနောက် ထရပ်ကာ ပြုံးပြလိုက်သည်။
"ဒါရိုက်တာ ကျွန်မ ပြီးပါပြီ"
ဒါရိုက်တက စိတ်လှုပ်ရှားစွာဖြင့် မေးလိုင်သည်။ "မင်းနာမည်က ဘာတဲ့လဲ"
"ကျွန်မ နာမည် ထန်ချောင်းချောင်းပါ"
သူ့ဘေးနားကလူက သူ့ကို စကားအချို့ တီးတိုးပြောလာခဲ့ပြီး ဒါရိုက်တာကလည်း တွေးတွေးဆဆဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
"မင်းချက်ပြုတ်နိုင်တယ်မလား"
ထန်ချောင်းချောင်းက ခေါင်းငြိမ့်ပြလိုက်သည်။ ၎င်းက သူမ၏ အဓိက စီးပွားရေးသာ ဖြစ်ပေသည်။
"ကောင်းပြီလေ... ကျောက်ရှောင်းရှန့်က မင်းအတွက်ပဲ" ဒါရိုက်တာဝူက တစ်ခါတည်း ဆုံးဖြတ်ချက်ချခဲ့သည်။
ထိုဇာတ်ကောင်က အလွန်ဟင်းချက်တော်လှပြီး နောက်ပိုင်းတွင် စားသောက်ဆိုင်တစ်ခုကို ဖွင့်နိုင်မည် ဖြစ်သည်။ မူလတွင် သူက စစ်ဆေးသည့်နေရာတွင် ထိုအကြောင်းကို ထည့်မစဥ်းစားခဲ့ပေ။ သူက ချက်ပြုတ်သည့် ဇာတ်ကွက်များအတွက် အစားထိုးတစ်ယောက် ရှာရန် စီစဥ်ထားပြီးသား ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ သရုပ်လည်း ဆောင်နိုင်ပြီး ချက်ပြုတ်နိုင်သည့် သရုပ်ဆောင်တစ်ယောက် ရှိလာခဲ့လေပြီ။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်နိုင်သည်ဟု မဆိုလိုပေဘူးလား...
ထိုစကားများကို ကြားလိုက်ရချိန်တွင် ပရိုဂျူဆာ၏ မျက်နှာက အလွန်ပြောင်းလဲသွားပြီး တီးတိုး ပြောလာခဲ့သည်။ "မဟုတ်သေးဘူးလေ... ဒါရိုက်တာ... လူတွေ့ မစစ်ဆေးရသေးတ့ လူတွေ ရှိနေသေးတယ်လေ"
"စစ်ဆေးဖို့ မလိုတော့ဘူး... သူပဲ"
"ဒါပေမယ့်" ပရိုဂျူဆာက ပြောလိုက်သည်။ "မစ္စတာချန်း ပြောတာ ဝမ်ရှင်းအာကို ဖျော်ဖြေဖို့ ခေါ်ရမယ်တဲ့... သူက ဒီရှိုးရဲ့ ရင်းနှီးမြှုပ်နှံသူတွေထဲက တစ်ယောက်လေ"
"သူ ဘယ်သူ့ကို ပြောတာလဲ... ငါလက်မခံဘူး" ဒါရိုက်တာဝူက စိတ်တိုလွယ်ပြီး အနောက်တံခါးမှ လျှောက်လာသည့် သရုပ်ဆောင်များကိုလည်း မုန်းတီးပေသည်။
ပရိုဂျူဆာက သူ့လက်များကို ခပ်မြန်မြန် ပွတ်တိုက်လိုက်သည်။ သူ မစ္စတာချန်းကို မဆန့်ကျင်ရဲပေ။ သို့သော်လည်း ဒီဒါရိုက်တာကလည်း ခေါင်းပေါ်တွင် ဆူးတစ်ချောင်း ရှိနေသေးသည်။ သူသည်လည်း ရင်ဆိုင်ရန် ခက်ခဲပေသည်။
ထန်ချောင်းချောင်းက ကြက်သေသေနေရသည်။
'ကျောက်ရှောင်းရှန့်လား'
သူမက ဖျော့တော့စွာ ပြောလိုက်သည်။ "ကျွန်က ကျောက်ရှောင်းကျန်းအတွက် ဖြေခဲ့တာ မဟုတ်ဘူးလား"
ပရိုဂျူဆာက ထိုအကြောင်းကို ကြားသည့်အချိန်တွင် အော်ဟစ်လာခဲ့သည်။ "မင်းက ကျောက်ရှောင်းကျန်းအတွက် ဖြေဖို့လာရင် ဘာလို့ ဒီအခန်းထဲ ဝင်လာလာခဲ့တာလဲ"
"လူရွေးပွဲရဲ့ ဒါရိုက်တာက ကျွန်မကို အခန်း 9ကို သွားလိုက်ဆိုလို့" ထန်ချောင်းချောင်း၏ ပုံစံက အပြစ်ကင်းသည့်ဟန်ပင်။
"ဒါက သေချာပေါက် အခန်း 6ကို" ပရိုဂျူဆာက သူမ၏ အမှားလေးကို သတိပြုမိသွားသည်။ သူက အလင်းပွင့်သွားကာ ကျယ်လောင်စွာ ပြောလိုက်တော့သည်။
"မင်းရဲ့ လူတွေ့စစ်ဆေးမှုက အကျုံးမဝင်ဘူး... မြန်မြန်လေး ပြန်လိုက်တော့"
ထန်ချောင်းချောင်းက မျက်မှောင်ကြုတ်လိုက်သည်။ "ရှင်တို့အခန်းရဲ့ တံခါး နံပါတ်က နံပါတ် 9ဆိုတာ ရှင်းနေတာပဲ"
"မင်း မရေတွက်တတ်ဘူးလား... 6နဲ့9ကိုတောင် မခွဲတတ်ဘူးလား" ထိုပရိုဂျူဆာက ကြမ်းတမ်းစွာ ပြောလိုက်သည်။
ထန်ချောင်းချောင်းက လက်မခံပေ။ သူမက တံခါးကို သွားဖွင့်လိုက်ပြီး တံခါးပေါ်မှ နံပါတ်ကို ထိုးပြလိုက်သည်။ "ဒါ9ပဲ"
အခန်းထဲမှ လူငါးယောက်က လျှောက်လာခဲ့ပြီး တံခါးတွင် မူလက ချိတ်ဆွဲထားသည့် "6" ဂဏန်းက ပြုတ်နေကာ ပြောင်းပြန်လှန်ပြီး 9ဖြစ်သွားလေသည်။
ပရိုဂျူဆာ၏ မျက်နှာက ဖျော့တော့နေသည်။ "ဒါက မတော်တဆပဲ... အခန်း 9က ဟိုဘက်မှာ... မင်းအဲ့ဆီပဲ သွားဖြေလိုက်တော့... ဒီမှာ ပြဿနာ လာမလုပ်နဲ့"
ထန်ချောင်းချောင်းက စကားပြောတော့မည့်ဆဲဆဲတွင် ဒါရိုက်တာဝူက လက်ခုပ်တီးကာ ပြုံးလိုက်ပြီး ပြောလာခဲ့သည်။
"ဘုရားသခင်... ဒါ ဘုရားသခင်ရဲ့ အလိုဆန္ဒပဲ... မင်း ကျောက်ရှောင်းကျန်းအတွက် ဖြေစရာမလိုတော့ဘူး... ကျောက်ရှောင်းရှန့်က မင်းပဲ"
ထန်ချောင်းချောင်းက ကြက်သေသေနေသော အမူအယာဖြင့် ကိုယ့်ကိုကိုယ် ထိုးပြလိုက်သည်။ "ကျွန်မကို တကယ်ရွေးလိုက်တာလား"
ဒါရိုက်တာဝူက သူမကို ထပ်ပြီး အတည်ပြုပေးလေ၏။ "သေချာတာပေါ့"
ထန်ချောင်းချောင်းက ပျော်ရွှင်နေပေသည်။ သူမက တတိယနေရာ အတွက် လူတွေ့ လာဖြေခဲ့သော်လည်း ဒုတိယနေရာကို ရလာခဲ့သည်။ အစ်ကိုချမ်သာ သိပါက ပျော်လွန်း၍ ခုန်ပေါက်နေမလား...
ထိုမတော်တဆလေးက ဝမ်ရှင်းအာ၏ နားသို့ ရောက်လာပြီး ပေါက်ကွဲထွက်လုမတတ်ပင်။ ထိုနေရာတွင် အကြာကြီး ထိုင်နေခဲ့ရပြီး အပိုလုပ်ရသေးသည်။ မူလတွင် သူမက အဆုံးမှ ထွက်လာကာ လူများစွာကို ကျော်ဖြတ်ရန် စီစဥ်ထားခဲ့သော်လည်း ယခုတွင်မူ ဟန်ပြလုပ်ရန်အတွက် အခွင့်အရေးတစ်ခုတောင် မရခဲ့။
ဝမ်ရှင်းအာက သူမ၏ နေရာကို ထန်ချောင်းချောင်းတစ်ယောက် ဖြတ်ယူသွားသည်ဟု သိလိုက်ရချိန်တွင် ဒေါသများကို ထိန်းမထားနိုင်တော့ပေ။ သူမက အရင်တစ်ခေါက်က ထန်တ ကုမ္ပဏီရဲ့ သမီးဆိုပြီး ဖော်ထုတ်ခံခဲ့ရတဲ့သူ မဟုတ်ဘူးလား...
'အိုး... သူမကလည်း ဇာတ်ကောင်နေရာလေး တစ်ခု ရဖို့အတွက် နောက်ခံကို မှီခိုနေတာပဲ မဟုတ်ဘူးလား'
Xxxxx