Chapter 47
ထိုကိစ္စကို ဒီတိုင်း မထားလိုက်နိုင်ပေ။ ဝမ်ရှင်းအာ အိမ်ပြန်လာသောအခါ "ဒီနေ့ ငါအကြာကြီး ပြင်ဆင်ခဲ့ရတဲ့ ဇာတ်ကောင်နေရာအတွက် အခွင့်အရေးတစ်ခု ဆုံးရှုံးသွားခဲ့တယ်လေ... တစ်ခါတစ်လေ ဒီလောကက မှောင်မိုက်ပြီး အကူအညီမရှိလိုက်တာ... တချို့လူတွေက မိသားစုနောက်ခံကို မှီခိုပြီး တခြားသူတွေရဲ့ နေရာကို ဖြတ်ယူသွားတတ်ကြတယ်လေ... ဒီလိုကိစ္စတွေ ဖြစ်သွားပေမယ့် "သူတော်ကောင်းတရားက အသိုင်းအဝိုင်းနဲ့ မကိုက်ညီဘူး" ဆိုတဲ့စကားကို သတိရပေးကြပါ"ဟု ဝေ့ပေါ်တွင် တင်လိုက်လေသည်။
[ T/N သူတော်ကောင်းတရားက သူ့အမူအကျင့်တွေနဲ့ မကိုက်ဘူး ဟူသည်မှာ လူတစ်ယောက်ရဲ့ လူမှုအဆင့်အတန်း အသိုင်းအဝိုင်းနှင့် သူလုပ်ပြတတ်သော အပြုအမူများက တစ်ခါတစ်ရံတွင် ထိုသူ၏ကိုယ်ကျင့်တရားနှင့် မကိုက်ဘူးဟု ဆိုလိုသည်]
ဝမ်ရှင်းအာ၏ ဟိုလိုလို ဒီလိုလို ဝေ့ပေါ်ပိုစ့်က အပူတပြင်း ဆွေးနွေးမှုများကို မြန်မြန်ဖြစ်လာစေခဲ့သည်။
[ဘာဖြစ်ခဲ့တာလဲ... သူ့လေသံက အရမ်း အလေးအနက် ဖြစ်နေသလိုပဲ]
[ဝမ်ရှင်းအာက ဒီနေ့ လူတွေ့စစ်ဆေးမှု မသွားခဲ့ဘူးလား... နေရာကို ဖြတ်လုခံခဲ့ရတာလား... ဘယ်စျေးပေါတဲ့ အိမ်စေမက လုပ်ခဲ့တာလဲ]
[မစိုးရိမ်ပါနဲ့ ရှင်းအာရေ... အဲ့လူရဲ့ နာမည်သာ ပြောလိုက်... ငါသူ့ကို တစစီ ဆွဲဖြဲလိုက်တာကိုသာ ကြည့်နေလိုက်]
...
ဖျော်ဖြေရေး နယ်ပယ်မှ လူအချို့က ချက်ချင်း လိုက်ကာ ပိုစ့်တင်လာကြသည်။ " "ငါတို့မိသားစု" လူရွေးပွဲရဲ့ အတွင်းသတင်း... ဒီနေ့ ထန်ချောင်းချောင်းက တတိယနေရာအတွက် လူရွေးပွဲ လာဖြေပေမယ့် ဒုတိယနေရာကို ရသွားတယ်... မူလက ဝမ်ရှင်းအာက အဲ့နေရာအတွက် အဖြစ်နိုင်ဆုံး သရုပ်ဆောင်လေ... ဒါပေမယ့် မင်းတို့လည်း သိပါတယ်... ထန်ချောင်းချောင်းက နောက်ခံရှိတယ်လေ... သူ့နောက်မှာ ထန်တလို ကုမ္ပဏီကြီး ရှိနေတာ"
[ထန်ချောင်းချောင်းက သရုပ်ဆောင်ဖူးလို့လား... ရုတ်တရက်ကြီး ဒုတိယဇာတ်လိုက်မနေရာ ရသွားတယ်ပေါ့... သူမက အနောက်တံခါးက လျှောက်မလာခဲ့ဘူးဆိုတာကို ဘယ်သူက ယုံမှာလဲ]
[ချောင်းပုပုကို တွေ့လိုက်တိုင်း မုန်းလိုက်တာ... သူ့မှာ ပြစရာ ဘာအလုပ်မှလည်း မရှိဘဲနဲ့ hot searchတွေက မိုးထိအောင်ပဲ... စိတ်ပျက်စရာ]
[@"ငါတို့မိသားစု"အဖွဲ့ရေ... မြန်မြန်လေး လာရှင်းပါတော့... အနောက်တံခါးက ဝင်လာတဲ့သူတွေကို ဆန့်ကျင်ပါ]
[ဆိုးဝါးတဲ့ သရုပ်ဆောင်က သရုပ်ဆောင်ကောင်းကို ဖယ်ထုတ်လိုက်တယ်... အခုခေတ် ဒရာမာတွေ ပိုပြီး ဆိုးရွားလာတာ အံ့သြစရာ မရှိတော့ဘူး]
...
ဝမ်ရှင်းအာက သူမကို နာမည်မတပ်ခဲ့သော်လည်း သူမ၏ မရေမရာ သဘောထားနှင့် လောင်စာ ထပ်ထည့်လာသည့် ရေတပ်အင်အားစုကြီးက ထန်ချောင်းချောင်းကိုသာ မနာလိုစွာဖြင့် လက်ညှိုးထိုးလာခဲ့သည်။
ထန်ချောင်းချောင်းက မပျော်မရွှင် ဖြစ်နေရသည်။
သူမ ဂရုအစိုက်ဆုံးအရာမှာ လူအများက သူမကို အဆက်အသွယ်ဖြင့် နေရာ ရလာသည်ဟု ဆူဆဲကြခြင်း မဟုတ်ဘဲ ထန်တမိသားစုကို မှီခိုနေသည်ဟု ပြောနေခြင်းသာ ဖြစ်သည်။
ဟားဟား သူမသာ ထန်မိသာစုကို မှီခိုနေရရင် အခု လေပဲ စားနေရတော့မှာ...
သူမဝေ့ပေါ်မှ ဆဲဆိုနေကြသည့် မှတ်ချက် အရေအတွက် အများကြီးကို ကြည့်ကာ သူမ၏ ချစ်စရာဖန်လေးများကလည်း သူမအတွက် ကာကွယ်ပေးရန် ကြိုးစားနေကြသည်။ ထန်ချောင်းချောင်းက တစ်ခဏမျှ တွေးမိပြီးနောက် ဝေ့ပေါ်တွင် တင်လိုက်သည်: "ကျွန်မလည်း သစ်ပင်ကြီးပေါ်မှီပြီး လေအေးလေး ခံချင်တာပေါ့နော်... ဒါပေမယ့် စိတ်မကောင်းစရာက "သူတော်ကောင်းတရားက အသိုင်းအဝိုင်းနဲ့ မကိုက်ညီဘူး"လို အရာမျိုး ရှိမနေတာပဲ"
သူမက ပုံနှစ်ပုံ တွဲတင်လိုက်သည်။ ပထမတစ်ခုမှာ သူမနှင့် ထန်တအုပ်စုက တစ်ယောက်နှင့် တစ်ယောက် လုံးဝ အဆက်အသွယ် မရှိကြသည်ကို ပြထားပြီး နောက်တစ်ခုမှာ သူမလုပ်ထားသည့် "ငါတို့မိသားစု" ဇာတ်ညွှန်း ဖြစ်ကာ နက်နက်နဲနဲ စုစည်းထားသည့် မှတ်စုများနှင့် လူအများ၏ အတွေ့အကြုံများ ပါဝင်ပေသည်။
[ဝမ်ရှင်းအာရဲ့ဖန်တွေ ကိုယ့်မျက်နှာကိုယ် ထိုးလိုက်ကြနော်... သူကိုယ်တိုင်လည်း မချက်ပြုတ်နိုင်ဘဲ အခြားသူကို အနောက်တံခါးက ဝင်လာပါတယ်လို့ အပြစ်တင်နေသေးတယ်... ရွံစရာပဲ]
[မင်းမေကြီးတော်... ငါကတော့ ထန်တအုပ်စုကို တွေ့ကတည်းက ဒေါသထွက်နေတာ... သက်သေရှိရင် ထုတ်ပြလေ... သက်သေမရှိရင် ပါးစပ်ပိတ်နေ]
[သရဲ ပွဲတော်နေ့နော်... စကားပြောရင် သတိထားကြ]
[သေစမ်း... ဒီနေ့ တေစ္ဆပွဲတော်နေ့ဆိုတာ မေ့တော့မလို့... ငါ့နောက်ကျောတွေ စိမ့်လာပြီ]
[ချောင်းပေါင်... ကောင်းချီးပေးပါစေနော်... မကောင်းတဲ့သူတွေ ပြန်ခံစားရမှာပါ]
...
...
ဝမ်ရှင်းအာက ဖုန်းကိုကြည့်ကာ ထန်ချောင်းချောင်း ကြိမ်းမောင်းခံနေရသည်ကို ပျော်နေခဲ့သည်။ သို့သော်လည်း ထန်ချောင်းချောင်း ပြန်တုံ့ပြန်ရဲသည်ဟု သူမ မထင်ထားခဲ့ပေ။ သူမကို သက်သေ အမှန် ပြစေချင်တာလား... ထန်ချောင်းချောင်းလို ဒရာမာကောင်းတွေမှာ တစ်ခါမှ သရုပ်မဆောင်ဖူးတဲ့လူက တစ်ခါတည်းနဲ့ ဒုတိယဇာတ်လိုက်နေရာ ရသွားတယ်လေ... အနောက်တံခါးက ဝင်တာ မဟုတ်လို့ ဘာဖြစ်ရအုံးမှာလဲ...
ဝမ်ရှင်းအာ သူမအကြောင်း စကားအချို့ ပြောတော့မည့်အချိန်တွင် အခြားသော စတားတစ်ယောက်က ထွက်ပေါ်လာခဲ့သည်။ ထိုသူက ထန်ချောင်းချောင်းနှင့် စကားပြောခဲ့သည့် ဆံပင်တို မိန်းကလေးပင်။
"ငါလည်း ရယ်စရာကောင်းတဲ့ အမှန်တရားကို လာပြောပြမလို့... ငါလည်း ဒီနေ့ လူရွေးပွဲ သွားခဲ့တယ်လေ... ထန်ချောင်းချောင်းက တကယ်ပဲ တတိယနေရာအတွက် လူတွေ့ လာဖြခဲ့တာပါ... ဒါပေမယ့် ရယ်စရာကောင်းတဲ့ တစ်ခုခု ဖြစ်သွားတယ်လေ"
သူမက ထန်ချောင်းချောင်းတစ်ယောက် အခန်းနံပါတ် အောက်ကျနေသဖြင့် မည်သို့ မည်ပုံ လူရွေးပွဲအခန်းကို မှားဝင်သွားခဲ့ကြောင်း ရှင်းပြလာခဲ့သည်။
သူမက ပြောလာပြီးနောက် နောက်ဆုံးတွင် ရေးလာခဲ့သည်။
"သူက ဇာတ်ကောင်နေရာအတွက် အများကြီး ပြင်ဆင်လာခဲ့တာ... ပြီးတော့ 1980ပြည့်နှစ်လောက်က အဝတ်အစားတွေတောင် ဝတ်လာခဲ့သေးတယ်... သူက ဇာတ်ကောင်နေရာကို လုပ်ရည်ကိုင်ရည်အစစ်အမှန်နဲ့ ရခဲ့ပေမယ့် တစ်ယောက်ယောက်ရဲ့ သတ်မှတ်ထားပြီးသား နေရာကို ရသွားခဲ့တာလေ... ကြည့်ရတာ မနာလိုတာကနေ ဒေါသတွေ ဖြစ်သွားတယ် ထင်ပါ့... ဒါပေမယ့် လူကတော့ စိတ်စောပြီး ယုတ်မာတော့တာပဲ"
ဆံပင်တို မိန်းကလေး၏ ဖြေရှင်းချက် ဝေ့ပေါ် တင်ပြီးလာသောအခါ မှတ်ချက်ပုံစံများက လုံးဝ ပြောင်းလဲသွားတော့သည်။
[ငါ့ခေါင်းက ရှုပ်ထွေးမှုတွေနဲ့ ပြည့်နေပြီ... 6က 9ဖြစ်သွားတယ်လား]
[ထန်ချောင်းချောင်း မင်းနဲ့ ထိုက်တန်ပါတယ်... မင်းခေါင်း ဘာဖြစ်သွားတာလဲ... မင်းကလည်း အူကြောင်ကြောင်နဲ့နော်... ဟားဟားဟား]
[ချောင်းပေါင်က Koiလေးပဲ... မတော်တဆ အခန်းမှားဝင်သွားပြီး ပိုကောင်းတဲ့ ဇာတ်ကောင်ကိုတောင် ရလာလိုက်သေးတယ်]
[ဘာ koiလဲ... ချောင်းချောင်းက အိမ်စာတွေ အများကြီး လုပ်ထားတာကို... သူ့ရဲ့ ကိုယ်ပိုင် အလုပ်ကြိုးစားမှုပဲ... လာစမ်းပါ... မင်းကို အရမ်းချစ်တာပဲ]
ထန်ချောင်းချောင်း ဆံပင်တိုမိန်းကလေးက သူမကို ထောက်ခံပေးသည့် ဝေ့ပေါ်ကို တွေ့သောအခါ နွေးထွေးလာရပြီး သီးသန့် ကျေးဇူးတင်စကား ပြောလိုက်သည်။
ဝမ်ရှင်းအာက ဒေါသတကြီး ဖြစ်နေပေပြီ။ " ဒီတစ်ခေါက်ရော ဘယ်လို ရစ်ငှက်မမျိုးလဲ"
သူမက ချေပရန် ကြိုးစားနေဆဲမှာပင် မစ္စတာချန်းက ရုတ်တရက် သူမကို ဖုန်းခေါ်ကာ ဆူလာခဲ့သည်။ သူက သူမကို အရှုပ်တွေ ထပ်မလုပ်တော့ရန်နှင့် မဟုတ်ပါက သူလည်း ယဥ်ကျေးနေတော့မည် မဟုတ်ကြောင်း ပြောလာခဲ့သည်။
ဝမ်ရှင်းအာက သောကရောက်နေပြီဖြစ်သည်။ ၎င်းက ပထမဆုံးအကြိမ်အဖြစ် သူမ၏ ရွှေသခင်ကြီးထံမှ ပြင်းပြင်းထန်ထန် ဆူငေါက်လာခြင်းဖြစ်သည်။ အတိတ်တွင်မူ သူမက ပြဿနာ လုပ်ခြင်းသာ တာဝန်ရှိခဲ့သည်။
ထန်ချောင်းချောင်းက သူ့မှာ နောက်ခံမရှိပါဘူးလို့ ငြင်းနေတုန်းပဲလား..
သို့သော်လည်း သူမထပ်မပြောရဲတော့ပေ။ သူမက ဝေ့ပေါ်ကိုသာ တိတ်တိတ်လေး ဖျက်လိုက်ပြီး လူအများ၏ ပျက်ရည်ပြုခြင်းကို ခံနေရသည်။ အဆုံးတွင် ရိုက်ကူးရေးအဖွဲ့က သရုပ်ဆောင်အားလုံး၏ လူတွေ့စစ်ဆေးမှုက တရားမျှတမှု ရှိသည့်အကြောင်း ထုတ်ပြန်လာခဲ့ပြီး ၎င်းက အုံကြွမှုကြီး၏ အဆုံးသတ်သာ ဖြစ်ပေသည်။
"သူ တပ်ဆုတ်သွားတာကလည်း အရမ်းမြန်တာပဲ" ထန်ချောင်းချောင်းက နောင်တရနေဟန် ပိုပေါ်နေပုံဖြင့် ပြောလိုက်သည်။
ရှန်းယွဲ့က တီးတိုးပြောလိုက်သည်။ "မင်းက လုံလုံလောက်လောက် မဆူညံသေးဘူးလို့ ထင်နေတာလား"
"နောက်ခံမရှိတဲ့ ကျွန်မလိုလူက သူ့ရဲ့ နောက်ခံကြီးကို ဖိနှိပ်ခဲ့တာလေ... ဒါပေမယ့် သူက အလွယ်လေး လက်လျော့သွားတယ်... ကျွန်မ လက်သီးတွေ ဝါဂွမ်းကိုပဲ ထိမိသလိုပဲ... ပျော်စရာ မကောင်းတော့ဘူး"
ရှန်းယွဲ့က နှုတ်ခမ်းများကို မဲ့လိုက်လေသည်။ သူကတော့ ဝမ်ရှင်းအာ ဝေ့ပေါ်ကို မြန်မြန်ဖျက်ရသည့် အကြောင်းအရင်းက သူမနောက်ကလူက အောင်းရှင်း ရင်းနှီးမြှုပ်နှံရေးနှင့် ပူးပေါင်းထားသည့်လူ ဖြစ်နေသည့် အကြောင်းကို ပြောပြမည် မဟုတ်ပေ။ သူက လီကျိကို ဖုန်းဆက်ကာ အခြားလူကို မြန်မြန် ချွန်းအုပ်ခဲ့ခြင်း ဖြစ်သည်။
ထန်ချောင်းချောင်းက အလွန် ခွင့်လွှတ်တတ်ပြီး ထိုကိစ္စကို မြန်မြန်သာ မေ့ထားလိုက်တော့သည်။ သူမက အခြားကိစ္စကိုသာ ဂရုထားနေလိုက်တော့၏။ "ကြည့်ရတာ ဒီနေ့ တေစ္ဆပွဲတော် ဖြစ်မဲ့ပုံပဲ... ဒီနေ့ ဘဲသားစားကြမလား"
ရှန်းယွဲ့: ???
သူမက အကြောင်းအရာကို မြန်မြန် ပြောင်းပစ်လိုက်တာပဲ။
သူမက မီးဖိုချောင်ကို တစ်ရှိန်ထိုး ပြေးသွားတော့သည်။ သူမက ယခုတွင် သူမ၏ အစားအစာများကို အချိန်နှင့်တပြေးညီ ဖန်များနှင့် မျှဝေလေ့ရှိလာပြီ ဖြစ်သည်။ ထပ်ပေါင်းရလျှင် ယနေ့က နောက်ထပ် အားလပ်ရက် တစ်ခု ဖြစ်သောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ထပ်မံစတင်ခဲ့လေသည်။
"တေစ္ဆပွဲတော်ရဲ့ ထုံးစံက မကောင်းဆိုးဝါးတွေကို ဖိနှိပ်ဖို့ ဘဲသား စားရမယ်တဲ့... ဒါကြောင့် ဒီနေ့ ကျွန်မ ချဥ်စပ်စပ် သံပရို ဘဲသားကို လုပ်ပြမှာ ဖြစ်ပါတယ်"
[သေစမ်း... တရုတ်နိုင်ငံရဲ့ ပွဲတော်တွေက အစားအသောက် ပွဲတော်တွေအဖြစ် ပြောင်းသွားပြီလားဟ]
[ဒီနေ့ ငါ့မှာ ဘဲသားမရှိဘူးဟေ့... သူနဲ့ သွေးနီးတဲ့ ဆွေမျိုး ကြက်သားကြော်ဆိုလည်း စားဖို့ အဆင်ပြေရဲ့လား]
[ငါကတော့ ထန်ချောင်းချောင်းရဲ့ အချက်အပြုတ် ဗီဒီယိုတွေကို ကြည့်ရတာ တော်တော်လေး စိတ်ချမ်းသာတယ်လို့ ရှင်းမပြနိုင်တဲ့ ခံစားချက်တစ်ခု ရှိနေသလိုပဲ]
[+1 ငါဒီည ကားမောင်းနေတယ်... ငါကတော့ ညဥ့်နက်မှ ဒီဗီဒီယိုကို ကြည့်ရတော့မယ်]
...
ထန်ချောင်းချောင်းက ဘဲသားကို အပိုင်းလေးများ ပိုင်းလိုက်ပြီး ခြောက်နေသော သွေးများကို အိုးထဲသို့ ထည့်ကြော်လိုက်သည်။ ထို့နောက် ဂျင်း၊ ကြက်သွန်ဖြူ၊ နာနတ်ပွင့်၊ ဇီရာစေ့နှင့် သစ်ကြံပိုးခေါက်များကို ဆီပူထဲသို့ ထည့်လိုက်သည်။ တစ်မူထူးသော အစပ်အရသာ အရောအနှောက ပေါင်းစပ်လို့သွားသည်။ သူမက ဘဲသားကို ဝိုင်ဖြူ၊ ဆန်ဗင်နီဂါ၊ အနက်စောင် ပဲပိစပ်အနှစ် စသည်တို့ကို ဖြန်းကာ စတင် မွှေကြော်ကြော်လိုက်တော့သည်။
ဘဲသား သံပရိုအတွက် အရေးအကြီးဆုံး အချက်မှာ မရှိမဖြစ် ဖြစ်သော "အချဥ်ငါးမျိုး" ဖြစ်သည်။ သူတို့က ကြာချဥ်၊ ဂျင်းအချဥ်၊ နှမ်းလုံးကြိုင်ရွက် အချဥ်၊ သဖန်းသီးချဥ်၊ သံပရိုချဥ်တို့ ဖြစ်ကြသည်။ ၎င်းတို့အားလုံးက ညှီနံ့ကို ဖယ်ထုတ်ရန်နှင့် လတ်ဆတ်မှုကို မြှင့်တင်ရန် ဖြစ်သည်။
အချဥ်အရသာ ကြာ၊ ဂျင်း၊ နှမ်းလုံးကြိုင်၊ သဖန်းသီးတို့ကို ခုတ်ပိုင်းကာ ဘဲသားဖြင့် နှပ်သည်။ ပူပြီး ချဥ်သော အရသာက အဖုံးစွန်းမှ ထွက်ပေါ်လာပြီး နှာခေါင်းထိပ်သို့ တိုးဝင်လာလေသည်။
အချဥ်ဖောက်ထားသော သံပရိုက ဟင်းပွဲ၏ အသက် ဖြစ်ပေသည်။ ထို့ကြောင့် သူမက အဆုံးမှသာ ထည့်လိုက်သည်။ ၎င်းကို စောစောထည့်ပါက ဘဲသားကို ခါးသွားစေသည်။ မတည်ခင်းမီတွင် သူမက ရေပန်းကန်လုံးတစ်ဝက်ခန့်ကို လောင်းထည့်ကာ ဒယ်အိုးဘေးများတွင် ကပ်နေသည့် အနှစ်များနှင့်ရောနှောသွားစေကာ အရသာဝင်သွားစေသည်။
ငါးမျိုးစပ် အချဥ်အရသာက ဘဲသားထဲသို့ လုံးဝ စိမ့်ဝင်သွားသည်။ အချဥ်၊ အချို၊ အစပ်နှင့် များစွာသော အရသာများက လျှာထိပ်ဖျားလေးတွင် ပျံ့နှံ့သွားပြီး အရသာခံအဖုလေးများကို ကျီဆယ်သွားသည်။ သံပရိုက ဘဲသားကို တစ်မူထူးသော အနံ့ကို ပေးပြီး မူလက ရှိနေသော ညှီနံ့ကို ဖိနှိပ်ပေးထားသော်လည်း ဘဲသားကို ပိုနူးအိသွားစေကာ ပို၍ အနံ့မွှေးလာစေသည်။
ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့က အစားအသောက်ကောင်းလေးများကို စားခဲ့ကြသည်။
သို့သော်လည်း ရက်အနည်းငယ်အကြာတွင် ထန်ချောင်းချောင်းက ရိုက်ကူးရေးအဖွဲ့နှင့် ပူးပေါင်းရမည် ဖြစ်သည်။ ဒီတစ်ကြိမ်တွင် တစ်ရက် ,နှစ်ရက်ထက်မက ကြာနိုင်ပေသည်။
Xxxxxx