အခန်း ၇၀
တစ်ယောက်မှ အရှင်မထားနဲ့
"မင်းတို့ စူးမိန်းခလေး ပြောတာကို နားထောင်လိုက်ကြ"
သခင်ကြီးချင်က
လေးနက်သောအမူအရာဖြင့် အမိန့်ပေးသည်။
“ဟုတ်ကဲ့”
သက်တော်စောင့်နှစ်ယောက်က
မြှားကျည်တောက်တစ်ခုစီကိုင်ပြီး ကင်းပုန်းဝပ်ရန် ဘယ်ဘက်နှင့် ညာဘက်ခြမ်းရှိ
ခြံဝင်းများဆီသို့ ရဲမက်များနှင့်အတူ ထွက်ခွာသွားကြသည်။ လီဝူကတော့
လူကြီးမင်းချင်ကို ကာကွယ်ရန် လူကြီးမင်းချင်၏နံဘေးတွင် ကျန်နေခဲ့သည်။
“မင်းတို့က
အနောက်ဘက်ကို သွားပြီးတော့ ချောင်းမြောင်း စောင့်ကြည့်နိုင်မယ့် ခပ်မြင့်မြင့်သစ်ပင်တစ်ပင်ကို
ရှာလိုက်ကြ။ အနောက်ဘက်ခြံမှာ လမ်းတစ်လမ်းပဲ ရှိတယ်။ တစ်ယောက်ယောက်က တိုက်ခိုက်ချင်ရင်တောင်
စုပြုံပြီး ဝင်လာလို့ မရဘူး။ မင်းတို့ သေသေချာချာ ပစ်ခတ်ဖို့ အချိန်အလုံအလောက် ရှိလိမ့်မယ်”
စူးချင်းက ရဲမက်ခေါင်းဆောင်
အပါအဝင် ထက်မြက်ပုံရသည့် နောက်ထပ် ရဲမက်အနည်းငယ်ကို ရွေးကာ အနောက်ဘက်တွင် ကင်းဝပ်ရန်
အမိန့်ပေးလိုက်သည်။ ထိုလူများကတော့ အော်ငို ချင်နေကြသည်။
မြှားတွေမှာ အဆိပ်ရှိနေပြီး
ထိမိတာနဲ့ အသက်ဆုံးရှုံးမှာကို စိုးရိမ်တာကြောင့် လေးနဲ့ မြှားကို ကိုင်ဆောင်ဖို့တောင်
သတိကြီးကြီး ထားနေရတယ်။ ခေါင်းကို ဝှက်ထားရင် သေနိုင်သလို ခေါင်းကို
ဆန့်လိုက်ရင်လည်း အသက်ရှင်မှာ မဟုတ်တော့ဘူး။ သူတို့ဘဝက ဘယ်နည်းနဲ့မဆို သေရတော့မှာပဲ၊
သူတို့ရဲ့ ပျက်စီးခြင်းက ရောက်လာနေမှတော့ သူတို့မျက်ရည် မကျဘဲ နေနိုင်ပါ့မလား?
သခင်ကြီးချင်က
သူ၏မုတ်ဆိတ်မွေးများကို ပွတ်သပ်နေပြီး စူးချင်း၏နေရာချထားမှုကို သဘောတကျ
စိုက်ကြည့်နေသည်။
သူမက တကယ်ကို
ရှားပါးတဲ့ အရည်အချင်းရှိတဲ့သူပါပဲ။ သူမရဲ့ဗျူဟာက ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူမရဲ့အေးဆေးတည်ငြိမ်မှုက
လူတွေကို အလင်းရောင်တစ်ခုအနေနဲ့ အားရှိနေစေတယ်။
စူးချင်း
သူတို့အတွက် တာဝန်ခွဲဝေပေးပြီးနောက်တွင် ကျိရွှေရှန့်၊ ကျိရှောင်ယင်၊
လီတာနျို့နှင့် ချိုးယုံခန်းတို့က အရှေ့ခြံဝင်းသို့ ရောက်လာကြသည်။ ကျိရှောင်ယင်က ကျိရွှေရှန့်နှင့်အတူ
ပြန်လာသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။
"ရှောင်ယင်၊ ငါ မင်းကို မြန်မြန်ထွက်သွားဖို့ ပြောခဲ့တာ မဟုတ်ဘူးလား?"
“အစ်ကိုကြီးကလည်း
ကူညီဖို့ နေချင်တယ်တဲ့”
ကျိရှောင်ယင်က စူးချင်း၏ဒေါသကို
အနည်းငယ် ကြောက်နေသောကြောင့် သူမအစ်ကိုကြီး၏နောက်ကွယ် ဝင်ပုန်းနေကာ
ကျိရွှေ့ရှန့်ကို ဒိုင်းတစ်ခုအဖြစ် အသုံးပြုနေခဲ့သည်။
"သူရဲကောင်းတို့၊ မင်းတို့က တရားဝင်အမှုထမ်းတွေ မဟုတ်ဘူး၊ ဒါကြောင့် မင်းတို့
ဒီမှာ နေပြီး စွန့်စားဖို့ မလိုပါဘူး"
လူအိုကြီးချင်က
သူတို့ ရှိရာသို့ လျှောက်လာနေပြီး သူက ကျိရွှေရှန့်၏မျက်လုံးများကိုသာ စိုက်ကြည့်နေသည်။
သူတို့လည်း
ဆင်တူလွန်းတယ်။ ဒါပေမယ့် ကံမကောင်းတာက သူတို့နှစ်ယောက်က အသက်ဆယ်နှစ်လောက် ကွာနေတယ်။
အဲဒါက သူက အဲ့ကလေး မဟုတ်ဘူး။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ်
သူက ဒီလူငယ်နဲ့ ရှောင်ယင့်ကို အန္တရာယ်ရှိတဲ့ ဒီနေရာမှာ မနေစေချင်ဘူး။
“ချင်လူကြီးမင်း၊
ကျွန်တော်တို့ ညီအစ်ကိုတွေမှာ တခြား အရည်အချင်းတွေ မရှိပေမယ့် ကောင်းကောင်းမွန်မွန်တော့
တိုက်ခိုက်နိုင်ပါတယ်။ လူကြီးမင်းရဲ့ယာဂုအတွက် ကျေးဇူးပြန်ဆပ်ဖို့ ကျွန်တော်တို့ရဲ့
နည်းပါးတဲ့ ခွန်အားကို အသုံးပြုပြီး ဒီမှာ နေပါ့မယ်"
ကျိရွှေရှန့်က
သူ့လက်သီးပေါ် လက်ဝါးအုပ်ကာ ပြန်ပြောလိုက်သည်။ သူက သူ့ရှေ့မှ လူအိုကြီးချင်ကို
လေးစားနေပုံရပြီး သူ့လေသံမှာပင် အလွန်လေးစားနေသော အရိပ်အမြွတ်များ ရှိနေခဲ့သည်။
“လူကြီးမင်း၊
ကျွန်တော်တို့က တောသားအရိုင်းအစိုင်းတွေ ဖြစ်ပေမယ့် တိုင်းပြည်အကျိုးအတွက် ဆိုရင်
နောင်တမရှိဘဲ သေဝံ့ပါတယ်”
ချိုးယုံခန်း၏ ထိုစကားက
လူအိုကြီးချင်၏ မျက်လုံးများကို နီရဲသွားစေခဲ့သည်။
"ကောင်းပြီ၊ မင်းတို့လို သစ္စာရှိပြီး ဖြောင့်မတ်တဲ့သူတွေ ရှိရင် တာ့ရှားက
ပိုပြီး အားကောင်းလာလိမ့်မယ်"
လုအိုကြီးချင်က မကန့်ကွက်တော့ပေ။
နောက်ဆုံးတော့ ပိုသန်မာတဲ့ လူသုံးယောက်ရှိနေတာက ပိုအစွမ်းထက်တဲ့ အထောက်အပံ့သုံးခု
ရှိနေတာနဲ့ ညီမျှတယ်လေ။
ကျိရွှေရှန့်၊ ချိုးယုံခန်းနျင့်
ကျန်သူများက ဆုံးဖြတ်ပြီးပြီ နားလည်လိုက်သောကြောင့် စူးချင်းက သူတို့ ထွက်သွားရန်
မစည်းရုံးတော့ပေ။
သူတို့အားလုံးက အရွယ်ရောက်ပြီးတဲ့သူတွေလေ၊
ဒါက သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ။ အခြားသူတွေ ဝင်ရောက်စွက်ဖက်ဖို့ မလိုအပ်ဘူး။
သူမက အဆိပ်လူးထားသောမြှားများကို
ချိုးယုံခန်းနှင့် လီတာ့နျိုတို့အား ပေးအပ်လိုက်ပြီး ညွှန်ကြားချက်သာ ပေးလိုက်တော့သည်။
“ဒီမြှားခေါင်းတွေကို
အဆိပ်နဲ့ စိမ်ထားတယ်။ ဒါတွေကို အသုံးပြုတဲ့အခါ သတိထားပါ။ ရှင်တို့က အနောက်ဘက်ကို သွားပြီး
အကူအညီ ပေးလိုက်ပါ။ အဲ့နေရာမှာ ကျွန်မတို့ လူတွေ မရှိတော့ ရဲမက်တွေက အနောက်တံခါးကို
မီးရှို့ပြီး မြို့စောင့်တပ်သားတွေကို ဝင်ခိုင်းမှာကို စိုးရိမ်ရတယ်”
“ကောင်းပြီ”
ချိုးယုံခန်းက
လေးနှင့်မြှားကို လက်ခံလိုက်သော်လည်း ချက်ချင်း မထွက်ခွာခဲ့ပေ။ သူက "အရှေ့ခြံမှာ
လူနည်းလွန်းတယ် မဟုတ်လား?"
"ဒီမှာ ကျွန်မနဲ့ ကျိရွှေရှန့် ရှိနေရင် လုံလောက်ပြီ"
စူးချင်းက အလွန်အကဲ
ယုံကြည်မှု ရှိနေသောကြောင့် ကျိရွှေရှန့်ပင် သူမကို မကြည့်ဘဲ မနေနိုင်တော့ပေ။
သူကတော့ သူနဲ့ စူးချင်း
နှစ်ယောက်ထဲနဲ့ ထောင်နဲ့ချီတဲ့ တပ်သားတွေကို တားဆီးနိုင်မယ်လို့ မထင်ထားပါဘူး။
ဒါပေမယ့် စူးချင်းက ယုံခန်းတို့ကို ဆွဲမထားပဲ အနောက်ဘက်ခြံကို ပြန်ပို့ဖို့ စိတ်ပိုင်းဖြတ်ထားတာက
အဓိပ္ပါယ်မရှိတာတော့ မဟုတ်ဘူး။ အဲ့တာကြောင့် သူက တိတ်တိတ်လေးပဲ သဘောတူလိုက်တယ်။
"ဒါဆိုလည်း ကောင်းပြီလေ!"
ချိုးယုံခန်းက စူးချင်း
မျက်နှာမပျက် လူသတ်သည်ကို မြင်ဖူးခဲ့သည်။ သူမက သပ်သပ်ရပ်ရပ် လူသတ်နိုင်ပြီး
ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။ သူမက အလွန် အစွမ်းထက်ကာ သန်မာပုံပေါက်နေသောကြောင့် သူက
သူမကို ဆွဲဆောင်ဖို့ မကြိုးစားတော့ပေ။ သူက လီတာ့နျိုကို ခေါ်ကာ အနောက်ဘက်သို့
ပြေးသွားတော့သည်။
"ရှောင်ယင်၊ မင်းက လူကြီးမင်းချင်ရဲ့အနားမှာပဲနေ။ ဘယ်ကိုမှ သွားခွင့်မရှိဘူး”
စူးချင်းက ကျိရှောင်ယင်အတွက်
အစိုးရိမ်ဆုံး ဖြစ်သည်။ သူမက ကျိရှောင်ယင်ကို ကြည့်ကာ ခပ်တည်တည်ဖြင့်
အမိန့်ပေးလိုက်သည်။
“အင်း”
ကျိရှောင်ယင်က အလျင်အမြန်
ခေါင်းညိတ်ပြလာသည်။ သူမကို မနှင်ထုတ်သရွေ့ အဆင်ပြေသောကြောင့် သူမက လူကြီးမင်းချင်၏
နံဘေးတွင် နာခံစွာ ရပ်နေလိုက်သည်။
"မင်းတို့နှစ်ယောက်က လူကြီးမင်းနဲ့ ရှောင်ယင့်ကို ကာကွယ်ပေးရမယ်"
စူးချင်းက
နောက်ထပ်ရဲမက်နှစ်ဦးကို သခင်ကြီးချင်၏ဘေးတွင် နေစေကာ စောင့်ရှောက်ခိုင်းလိုက်သည်။
ထိုရဲမက်နှစ်ဦးက ဝမ်းသာအားရ သဘောတူလိုက်သည်။ နောက်ဆုံးတော့ သူတို့ အပြင်မှာ
အသက်စွန့်ဖို့ မလိုတော့ဘူးလေ။ သူတို့က နောက်ဆုံး အတားအဆီး ဖြစ်နေတော့ သူတို့
အသက်ရှင်နိုင်ဖို့ အချိန်ပိုရလိမ့်မယ်။
ရှင်းရှင်းပြောရလျှင်
ဤအခိုက်အတန့်တွင် ထိုရဲမက်များက စူးချင်းအပေါ် အယုံအကြည် မရှိဘဲ သူတို့အားလုံးက
အဆိုးဆုံးအခြေအနေကိုသာ တွေးထားကြသည်။
"ရွှေရှန့်၊ ရှင့်ရဲ့လေးပစ်စွမ်းရည်က အရမ်းကောင်းတယ်။ ရှင် တံခါးဘေးက
သစ်ပင်ကြီးတစ်ပင်ပေါ်ကို တက်ပြီး ကင်းပုန်းဝပ်နေလိုက်။ ရန်သူကို ရင်ဆိုင်တဲ့အခါ ဦးဆောင်ကို
အရင်ပစ်ဖို့ သတိရပါ။ ပြီးရင် အရာရှိတွေကို ရွေးပြီး ပစ်။ သူတို့မှာ
ခေါင်းဆောင်မရှိရင် အားလုံး ပရမ်းပတာ ဖြစ်သွားလိမ့်မယ်။ အဲ့တာက တိုက်ပွဲကို အမြန်ဆုံး
အဆုံးသတ်နိုင်လိမ့်မယ်”
တခြားလူများအတွက်
စီစဉ်ပေးပြီးနောက်တွင် စူးချင်းက ကျိရွှေရှန့်ကို လေးတစ်လက် ပေးလိုက်သည်။ သူမက
အခြားသူများ၏ မြားပစ်စွမ်းရည်ကို မယုံကြည်သော်လည်း ကျိရွှေရှန့်က
မြှားတစ်ချောင်းနှင့် ငန်းရိုင်းနှစ်ကောင်ကို ပစ်ချသည်ကို သူမမျက်လုံးဖြင့် မြင်ဖူးခဲ့သည်။
သူမအတွက် အရှေ့ဘက်တွင် နေခိုင်းရန် အယုံကြည်ရဆုံးလူက
ကျိရွှေ့ရှန့် ဖြစ်သည်။ ကျိရွှေရှန့်က ခွန်အားကြီးမားကြောင်း သူမ သိနေပြီး သူ မြှားနှစ်ချောင်းကို
အတူတူ ပစ်လိုပါက လေးကောင်းတစ်လက် လိုအပ်ကြောင်းလည်း သူမ သိနိုင်သည်။ သို့သော်လည်း
သူမက ကျိရွှေရှန့်ကို ချိုးယုံခန်းနှင့် တခြားသူများ ခေါ်သလို “ရွှေရှန့်”ဟု ခေါ်လိုက်မိမှန်းကိုတော့
သူမ မသိလိုက်ပေ။
“အင်း”
ကျိရွှေရှန့်က စိတ်လိုလက်ရ
ခေါင်းညိတ်သဘောတူလိုက်သည်။ စူးချင်းက သူ့ကို “ရွှေရှန့်”လို့ ခေါ်တဲ့ အသံကို
ကြားလိုက်တာနဲ့ သူ့နှလုံးခုန်သံက ပိုမြန်လာတယ်။ အခု သူက စူးချင်းရဲ့အေးစက်စက်မျက်နှာလေးကိုတောင်
မကြည့်ရဲတော့ဘူး။
ကျိရွှေရှန့်က ဘာမှ
ထပ်မပြောတော့ဘဲ လေးနှင့်မြှားကို ဆွဲကာ အပြေးတစ်ပိုင်း ထွက်သွားပြီး သစ်ပင်ပေါ်သို့
တက်သွားခဲ့သည်။
စူးချင်းက ကျိရွှေရှန့်၏
နံဘေးရှိ ခေါင်မိုးဆီသို့ လေးနှင့်မြှားများ ကိုင်ဆောင်ထားသော ရဲမက်သုံးဦးကို ထပ်လွှတ်လိုက်သည်။
သူမက ရုံးတော်ဂိတ်တံခါး၏အထက်သို့ ခုန်တက်သွားပြီး သူမ တစ်ယောက်တည်း ပုန်းနေခဲ့သည်။
သူမက ထောပတ်ပုလင်းများကို စနစ်ထဲသို့ ထည့်လိုက်ပြီး ရှောင်ချီ့ကို ဓာတ်ဆီအဖြစ် ပြောင်းလဲစေကာ
ပိတ်စများကိုလည်း ဓါတ်ဆီဖြင့် စိမ်ခိုင်းလိုက်သည်။ ရှောင်ချီတစ်ယောက် အလွန်အလုပ်များသွားပြီး
သူမသေးငယ်သော တင်ပါးကိုဖောင်းဖောင်းလေးကို တွန့်လိမ်ကာ ထောပတ်ဆီများ သွန်ပြီ ဓါတ်ဆီများ လောင်းထည့်နေသည်။
သူမက ပင်ပန်းမှုကို ကြိတ်မှိတ်မျိုသိပ်ကာ အလုပ်ကို ကြိုးစားလုပ်ကိုင်တတ်သော
ကလေးကောင်းလေးတစ်ဦးသာ ဖြစ်သည်။
ရှောင်ချီက
အချောထည် မီးစာပုလင်းကို စနစ်ထဲသို့ ပြန်ထုတ်ပေးလိုက်ပြီး စူးချင်းက ထိုမီးစားပုလင်းများကို
သူမဘေးတွင် ချထားပြီး မီးခတ်ကျောက်နှင့်အတူ အဆင်ပြင့်ကာ ငြိမ်သက်စွာ
စောင့်ဆိုင်းနေခဲ့သည်။
သူမ အဆင်သင့်ဖြစ်သွားစဥ်မှာပင်
အပြင်မှ ကျယ်လောင်သော မြင်းခွာသံများနှင့် ခြေလျင်တပ်သားများ ပြေးလွှားလာသည့် ခြေသံများကို
ကြားလိုက်ရသည်။ ခြေသံများက လေးလံပြီး သပ်ရပ်နေသောကြောင့် လူအများကြီး ရောက်လာကြပုံရသည်။
စူးချင်းက
အောက်သို့ ငုံကြည့်လိုက်ရာ သံချပ်ကာများဝတ်ဆင်ထားသည့် အရာရှိသုံးယောက်က
မြင့်မားသောမြင်းများ စီးလာသည်ကို တွေ့လိုက်ရသည်။ သူတို့နောက်တွင် လှံနှင့်
ဓားများကို ကိုင်ဆောင်ထားသော ခြေလျင်တပ်သားများ ရှိနေပြီး အနောက်ဘက်ဆုံးတွင် လှည်းနှစ်စီး
ရှိနေသည်။ လှည်းတစ်စီးတွင် သစ်သားတုံးကြီးများ တင်ဆောင်ထားပြီး ကျန်တစ်စီးတွင်
လှေကားများ တင်ဆောင်ထားသည်။ နှစ်မျိုးစလုံးက မြို့များကို သိမ်းပိုက်ရန်အတွက်
အသုံးပြုခြင်း ဖြစ်ပြီး သူတို့က တကယ်ပင် ပုန်ကန်ရန် ကြိုးစားနေကြခြင်းပင်။
ထိုအဖွဲ့တွင်
အနည်းဆုံး လူရာပေါင်းများစွာ ရှိနေပြီး ခေါင်းဆောင်လာသူက ရုံးတော်၏ဝင်ပေါက်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း
သူ့နောက်တွင်ရှိနေသည့်အုပ်စုက အဆုံးမဲ့နေဆဲ ဖြစ်သည်။
အောက်ခြေရှိ မြို့စောင့်တပ်က
လူအရေအတွက် အလွန်ထူထပ်နေသည်ကို
တွေ့လိုက်ရသောအချိန်တွင် ရဲမက်တချို့က တုန်လှုပ်ခြောက်ခြားသွားကြသည်။
အဲဒီကလူတွေက ရာနဲ့ချီပြီး
လာကြတာလေ။ ဒီလူနှစ်ဆယ်ကျော်နဲ့ ဘယ်လို ပြန်တိုက်ကြမလဲ?
အခု သူတို့
နည်းနည်းတော့ ဝမ်းနည်းနေမိတယ်။ သူတို့လည်း ထွက်ပြေးချင်တာပေါ့။ အဲ့တာဆိုရင် သူတို့
အနည်းဆုံး နောက်ထပ် ရက်နည်းနည်းတော့ အသက်ရှင်နိုင်လိမ့်မယ်။ အခုတော့ သူတို့ တစ်ရက်တောင်
အသက်မရှင်နိုင်လောက်တော့ဘူး။ သူတို့ သေဆုံးသွားရင် မိဘတွေနဲ့ ကလေးတွေ
ဘာဖြစ်သွားမလဲ? သူတို့ရဲ့ မိန်းမတွေကရော နောက်အိမ်ထောင်ပြုကြမှာလား? ဒီအကြောင်းကို
ပိုတွေးလေလေ၊ သူတို့ ပိုပြီး အဆိုးမြင်လာလေလေပဲ။
လူများ၏သဘာဝက
ထိုကဲ့သို့သာ ဖြစ်ပြီး သေခြင်းတရားနှင့် အကြောက်တရား ဝင်လာသည်နှင့် တပြိုင်နက် တွန်းလှန်တိုက်ခိုက်ချင်သည့်
စိတ်ဓာတ်များ ဆုံးရှုံးသွားပြီး အားလုံးက စိတ်ပျက်လက်ပျက် ဖြစ်သွားတက်ကြသည်။
စူးချင်း၏မျက်လုံးများက
အေးစက်နေပြီး သူမ၏လက်ထဲတွင် မီးစာပုလင်းကို ကိုင်ထားသည်။ သူမ အနက်ရောင်ယမ်းမှုန့်ကို
မသုံးချင်သေးသော်လည်း ရှောင်ချီကို ရိုးရှင်းသော ဗုံးတစ်လုံး ပြုလုပ်ပေးရန်
အမိန့်ပေးလိုက်သည်။
ရှောင်ချီ့အတွက် သူမ၏သခင်အတွက်
ဗုံးလုပ်ပေးရန် ကူညီပေးခဲ့ရခြင်းက ပထမဆုံး အကြိမ် မဟုတ်ပေ။ ရှောင်ချီက သူမ၏သခင်ကို
ကူညီနိုင်တော့မည်ဟု တွေးကာ ကျေနပ်သွားပြီး သူမ၏သေးငယ်သောတင်ပါးအိအိလေးကို လှုပ်ယမ်းကာ
ရိုးရှင်းသော ဗုံးတစ်လုံး ပြုလုပ်နေရင်း စနစ်အတွင်းတွင် ပျော်ပျော်ရွှင်ရွှင် သီချင်းညည်းနေလေသည်။
လူများကို ကယ်တင်ရန်
ရည်မှန်းထားသော စနစ်ကတော့ စူးချင်းကြောင့် လမ်းလွဲသွားရပြီ ဖြစ်သည်။
ခေါင်းဆောင်လာသူမှာ
ရုံးတော်အကြီးအကဲဟောင်း၏ယောက်ဖဖြစ်သော ဝမ်ကျစ်ယောင်နှင့် ဒုတိယစစ်သူကြီးတို့
ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက ပိတ်ထားသော ရုံးတော်တံခါးဝကို မှုန်ကုပ်ကုပ်မျက်နှာများဖြင့်
စိုက်ကြည့်နေကြသည်။ ဝမ်ကျစ်ယောင်က သူ့လက်ကို ဝှေ့ယမ်းပြီး သူ့နောက်မှ တပ်သားများကို
အမိန့်ပေးလိုက်သည်။
“ရုံးတော်ရဲ့ပင်မတံခါးကို ဖြိုချပြီး ခရိုင်တရားသူကြီးကော်နဲ့ သူ့မိသားစုကို ဓားစာခံအဖြစ် ဖမ်းထားတဲ့ သူခိုးအားလုံးကို သတ်ပစ်လိုက်ကြ။ တစ်ယောက်မှ အသက်မရှင်စေနဲ့"
✍️✍️✍️