Chapter 72 စျေးဝယ်ခြင်း (အပိုင်း ၁)
Viewers 17k

အခန်း ၇၂ စျေးဝယ်ခြင်း (အပိုင်း ၁)

သခင်ကြီးချင်က စူးချင်းကို ကြည့်နေရင်း နှမြောတသ ဖြစ်နေမိသည်။

ဒီစူးမိန်းခလေးက ငယ်ငယ်လေးပဲ ရှိသေးတယ်။ သူမက ရဲရင့်ပြီး လိမ္မာပါးနပ်သလို အန္တရာယ်ကို ရင်ဆိုင်နေချိန်မှာတောင် ထိတ်လန့်နေတာမျိုး မရှိဘူး။ သူမသာ မိန်းခလေးတစ်ယောက် မဟုတ်ခဲ့ရင် သူမက အရည်အချင်းရှိတဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လာလိမ့်မယ်။

ဒါပေမယ့်လည်း သူမ ယောက်ျားလေး မဟုတ်တာကလည်း သူမအတွက် ကံကောင်းတာပါပဲ။ လက်ရှိဧကရာဇ်က  ခက်ခဲတဲ့အခြေအနေမှာ ရှိနေတာကြောင့် လူ့အဖွဲ့အစည်းရဲ့အဓိကမဏ္ဍိုင်ဖြစ်ခဲ့တဲ့ လူတချို့တောင် ဆိုးရွားတဲ့ ဇာတ်သိမ်းတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ သူ့မွေးစားသမီးနဲ့ သားမက်ကို ပြန်တွေးကြည့်ရင်တောင် သူတို့လည်း သနားစရာ ကောင်းလောက်အောင် အဆုံးသတ်ခဲ့ရတယ်လေ။

ရဲရင့်ဖြောင့်မတ်ပြီး သစ္စာရှိသော စစ်သူကြီး‌ရှောင်း၏ကြေကွဲဖွယ်အဆုံးသတ်ကို ပြန်တွေးလိုက်မိသောကြောင့် အဘိုးအို၏နှလုံးသားက သွေးများထွက်ကျလာသလို ခံစားနေရပြန်သည်။

ရပါတယ် အဖိုး။ သူတို့လည်း နောက်တစ်ခါ ထပ်လာဝံ့ကြမှာ မဟုတ်တော့ဘူး။ ဒါပေမယ့် ကျွန်မတို့ အရင်ထွက်သွားရမယ်။ လင်ဇီးကို ရှာတွေ့ပြီးရင် စုကျိုးကို လာခဲ့ပါ။ ကျွန်မ အဖိုးကို အဲ့မှာ စောင့်နေမယ်"

စူးချင်းအတွက် ဤနေရာက နေဖို့ကောင်းသော နေရာမဟုတ်ကြောင်း ခံစားနေရသည်။ ထို့အပြင် ကျိရွှေရှန့်က စစ်မှုထမ်းနှစ်ဦးကို ပစ်သတ်ခဲ့ပြီး နောက်ပိုင်းတွင် တော်ဝင်ရုံးတော်က ပြသနာရှာမည်ကို သူမ စိုးရိမ်နေခဲ့သည်။ စောစောထွက်သွားခြင်းက ပညာရှိများ၏ လုပ်ရပ်ဖြစ်ပြီး သူမကိုယ်တိုင်နှင့် ထောင်ဟွားဝူမှ ရွာသူရွာသားများ ဘေးကင်းစေရန်အတွက် စူးချင်းက လူအိုကြီးချင်ကို အထူး တောင်းဆိုရမည် ဖြစ်သည်။

"အကြီးအကဲချင်၊ ကျေးဇူးပြု၍ မြို့စောင့်တပ်တွေကို နှိမ်နင်းတဲ့ကိစ္စအတွက် တာဝန်အပြည့်ယူပေးပါ၊ ကျွန်မတို့အကြောင်းကို ထည့်မပြောပါနဲ့"

"ကောင်းပါပြီ။ ငါက ရုံးကိစ္စတွေကို ဖြေရှင်းဖို့ ကျင်းချန်မှာ ရက်အနည်းငယ်လောက် နေရဦးမယ်။ နန်းတွင်းကနေ ခရိုင်တရားသူကြီးအသစ်တစ်ယောက် မလွှတ်ပေးမချင်း ငါ ထွက်သွားလို့ မရသေးဘူး။ မင်းတို့ ဒီမှာ နှောင့်နှေးနေတာက မကောင်းဘူး။ စိတ်မပူပါနဲ့။ ဘာလုပ်ရမယ်ဆိုတာကို ငါ သိပါတယ်"

လူအိုကြီးချင်က စူးချင်း၏စိုးရိမ်ပူပန်မှုကို  နားလည်နိုင်သည်။ မြို့စောင့်တပ်က ပုန်ကန်ရင်တောင် သာမာန်လူတွေက သူတို့ ကြိုက်သလို သတ်နိုင်တာမျိုးတော့ မဟုတ်ဘူးလေ။ သူမက အဲ့တာကိုတောင် တွေးနိုင်တယ်။

လူအိုကြီးချင်နှင့် စကားပြောပြီးနောက်တွင် စူးချင်းက ကျိရွှေရှန့်ကို ကြည့်ကာ "သွားကြရအောင်!"

စကားပြောပြီးနောက် သူမက အိမ်နောက်ဘက်သို့ ဦးဆောင်လျှောက်သွားလိုက်သည်။ သူမတို့၏လှည်းက အိမ်နောက်ဘက်တွင် ရှိနေပြီး ပစ္စည်းများ ဆုံးရှုံးမည်ကို သူမ စိတ်ပူနေမိသည်။ ထိုအရာက ပြေးလွှားနေကြသော ဒုက္ခသည်အဖွဲ့အတွက် အဖိုးတန်သော အရာဖြစ်သည်။ စူးချင်းက ပိုက်ဆံဆုံးရှုံးစေမည့် စီးပွားရေးမျိုးကို မလုပ်ချင်ပေ။

အနောက်ဘက်တွင် ရဲမက်နှစ်ဆယ်ကျော် စောင့်ဆိုင်းနေပြီး စူးချင်း ထွက်သွားတော့မည်ကို မြင်သောအခါ သူတို့က သူမကို ဝိုင်းလာပြီး ဦးညွှတ်တောင်းပန်နေကြသည်။

"မိန်းခလေး၊ ကျေးဇူးပြုပြီး ငါတို့အတွက် ဖြေဆေးပေးခဲ့ပါဦး"

စူးချင်းက အေးစက်စွာ ပြန်ဖြေလိုက်သည်။

ငါက မင်းတို့ ကျန်းမာရေးအတွက် ဆေးတစ်လုံး ပေးခဲ့တာ။ မင်းတို့မှာ ရောဂါအခံရှိရင် ဆေးက ကုသပေးလိမ့်မယ်။ မင်းတို့မှာ ရောဂါမရှိရင် ဆေးက မင်းတို့ကို ဒုက္ခပေးမှာ မဟုတ်ဘူး"

ရဲမက်များက အချင်းချင်း ကြည့်နေကြသည်။ အဆိပ် မဟုတ်ဖူးလား? ဒီမိန်းခလေးက သူတို့ကို အပြင်းအထန် ဆော့ကစားပြီး အသည်းအေးလောက်တဲ့အထိ ကြောက်လန့်စေခဲ့တယ်။ သူတို့က သူတို့ရဲ့ ဈာပနအစီအစဥ်ကိုတောင် တွေးထားပြီးကြပြီ။ မြို့စောင့်တပ်ရဲ့ပုန်ကန်မှုကို ခုခံပြီးလို့ သူတို့အသက်ရှင်နေသေးရင် သူတို့ အိမ်ပြန်ပြီး သူတို့လုပ်ချင်တာမှန်သမျှလုပ်နိုင်တာနဲ့ သူတို့ နောင်တမရှိဘဲ သေနိုင်လိမ့်မယ်လို့တောင် တွေးထားကြတာလေ။ ဒါက မှားယွင်းတဲ့အချက်ပေးသံတစ်ခု ဖြစ်လာမယ်လို့တော့ သူတို့လည်း မမျှော်လင့်ထားခဲ့ဘူး။

ရဲမက်များက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ယခင်က လူကြီးမင်းချင်၏ သက်တော်စောင့်များက သူတို့ကို အညိုအမဲ ဆွဲသည်အထိ ရိုက်နှက်ခဲ့ကြပြီး သူတို့ထံတွင် ဒဏ်ရာများ ကျန်နေခဲ့သည်။ ယခုအခါ သူတို့အားလုံး နာကျင်မှုကို မခံစားရတော့ပေ။

နောက်ဆုံးတော့ သူတို့က သူတို့ကို ကြောက်ရွံ့စေခဲ့တဲ့ ဒီမိန်းကလေးကို ကျေးဇူးတင်သင့်တာလား?

သခင်ကြီးချင်က အနောက်ဘက်ခြံဝင်းသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လာပြီး စူးချင်း၏အကူအညီအတွက် ကျေးဇူးတင်ကြောင်း ထပ်ပြောလာခဲ့သည်။ ထို့နောက်တွင်မူ အဘိုးအိုက လီဝူကို လျန်တစ်ထောင်တန် ငွေစက္ကူတစ်ရွက် ထုတ်ခိုင်းလိုက်ပြီး စူးချင်းကို ပေးခိုင်းလိုက်သည်။

လျန်ငါးရာက ဆွေးနွေးတိုင်ပင်ခအတွက် ကျန်နေတဲ့ငွေပါ၊ ကျန်တဲ့ လျန်ငါးရာကတော့ မင်းရဲ့အကူအညီအတွက် ကျေးဇူးဆပ်တာပါ၊ ဒီငွေ ဆယ်လျန်ကတော့ ဒီအဘိုးကြီးရဲ့ ကြိမ်ခြင်းတောင်းတွေ အတွက်ပါ။ သခင်မလေးစူးက လက်ခံမယ်လို့ မျှော်လင့်ပါတယ်”

စူးချင်းက လူအိုကြီးချင်ကို တစ်ချက်ကြည့်လိုက်သည်။ စူးချင်းက သူ့၏ကျေးဇူးဆပ်မှုကို ငြင်းမည်ဟု တွေးနေသော လူအိုကြီးချင်တစ်ယောက် စူးချင်းက ငွေစက္ကူကို လှမ်းယူသည်ကိုသာ တွေ့လိုက်ရသည်။ သူမ၏ အမူအရာက ယခင်အတိုင်း ငြိမ်သက်နေပြီး သူမ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှု မရှိသလို လောဘအရိပ်အယောင်လည်း မရှိပေ။ သူမ၏မျက်လုံးများက ပကတိ ငြိမ်သက်နေခဲ့သည်။

လူအိုကြီးချင်က ရယ်မောလိုက်သည်။ ဒီမိန်းကလေးက သူ့အပေါ် ကျေးဇူးကြွေးထားခဲ့မှာ မဟုတ်ဘူး။ ပိုက်ဆံယူသွားလိုက်တာနဲ့ သူတို့ကြားထဲမှာ ဘာမှ မရှိတော့ဘူးလေ။ စူးချင်းရဲ့ စရိုက်ကို သူ သဘောကျတယ်။ သူမက ယောက်ျားတွေထက်တောင် ရဲရင့်ပြတ်သားသေးတယ်။

ကျိရွှေရှန့်က စူးချင်း၏အနားတွင် အချိန်ပြည့်ရှိနေခဲ့ပြီး လူအိုကြီးချင်က စူးချင်းအတွက် လျန်တစ်ထောင်တန်ငွေစက္ကူ ပေးနေသည်ကို သူ မြင်နေသော်လည်း သူက စူးချင်းအတွက် ပျော်ပေးနေကာ မနာလိုခြင်း လောဘတက်ခြင်း မရှိပေ။

သခင်ကြီးချင်က ကျိရွှေရှန့်ကို တစ်ချက်ကြည့်လိုက်သည်။ သူ ဒီလူငယ်လေးကိုလည်း အရမ်း သဘောကျတယ်။ သူက ရဲရင့်ပြီး သစ္စာရှိတယ်။ အန္တရာယ်ကို ရင်ဆိုင်တဲ့နေရာမှာ တည်ငြိမ်အေးဆေးပေမယ့် သတ်ဖြတ်တဲ့နေရာမှာတော့ တိကျပြတ်သားလွန်းတယ်။ သူရဲ့သူရဲကောင်းဆန်တဲ့စိတ်ဓာတ်က စစ်သူကြီးရှောင်းနဲ့ အရမ်းဆင်တူလွန်းတယ်။

အထူးသဖြင့်တော့ သူ့ရဲ့မျက်လုံးတွေပေါ့၊ သူ လူသတ်နေတဲ့အချိန်မှာ သူရဲ့မျက်လုံးတွေထဲက ပြတ်သားမှုနဲ့ ရန်သူကို ခြိမ်းခြောက်နိုင်စွမ်းတွေက စစ်သူကြီးရှောင်းနဲ့ အတူတူပဲ။

"သူရဲကောင်းလေး၊ ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ?"

သခင်ကြီးချင်က မျှော်လင့်ချက်များ တဖျပ်ဖျပ်တောက်ပနေသော မျက်ဝန်းများဖြင့် ကျိရွှေရှန့်ကို ကြည့်နေရင်း မေးမြန်းလိုက်သည်။

ကျိရွှေရှန့်က သူ့လက်သီးကို အုပ်လိုက်ပြီး "ဒီနှစ် နှစ်ဆယ့်ရှစ်နှစ်ရှိပါပြီ"

သခင်ကြီးချင်၏မျက်ဝန်းထဲမှ မျှော်လင့်ချက်အရိပ်အယောင်များအားလုံးက လွင့်စင်သွားရပြန်သည်။

အဲဒါက သူ မဟုတ်ဘူး။ သူ့မွေးစားမြေးလေးက ဒီလူငယ်လေးထက် ကိုးနှစ်ပိုငယ်တယ်။

သခင်ကြီးချင်က သူ့စိတ်ထဲမှ ဝမ်းနည်းမှုကို မျိုသိပ်လိုက်ပြီး အားတင်းထားသော အပြုံးဖြင့် ဖိတ်ခေါ်လိုက်သည်။

ထွက်သွားဖို့အတွက် အရမ်းအလျင်လိုမနေကြပါနဲ့။ တာ့ရှားရဲ့ အကျင့်ပျက်အရာရှိတွေကို ဖမ်းဖို့ ပူးပေါင်းခဲ့တဲ့ ငါတို့ရဲ့ကြိုးပမ်းမှုတွေကို ဂုဏ်ပြုဖို့ မင်ယွဲ့စားသောက်ဆိုင်မှာ မင်းတို့အားလုံးကို အစားအသောက်နဲ့ ဧည့်ခံပါ့မယ်"

"မလိုတော့ပါဘူး၊ ကျွန်မတို့ တတ်နိုင်သမျှ မြန်မြန်ထွက်သွားရမယ်"

စူးချင်းက သခင်ကြီးချင်၏ ကြင်နာစွာ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။ ကျင်းချန်က သူမတို့အတွက် အန္တရာယ်များနေတာကြောင့် တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာရမယ်။

ပြီးတော့ ဒီတစ်ခေါက် အရင်လမ်းအတိုင်း သွားလို့ မဖြစ်တော့ဘူး။ နည်းနည်းဝေးနေရင်တောင် တခြားလမ်းကို ပြောင်းရလိမ့်မယ်။

သူမတို့ ထွက်သွားရန် စိတ်ပိုင်းဖြတ်ထားသည်ကို မြင်လိုက်ရသောကြောင့်  သခင်ကြီးချင် သူမတို့ကို အတင်းအကြပ် မတားတော့ဘဲ ပြန်လိုက်ပို့ပေးလိုက်တော့သည်။

သူမ မသွားခင်တွင် စူးချင်းက သခင်ကြီးချင်ကို ထပ်သတိပေးလိုက်သည်။ "အကြီးအကဲချင်၊ ဒီနေ့ကိစ္စကို မှန်မှန်ကန်ကန် ကိုင်တွယ်ပေးပါ"

မိန်းခလေး စိတ်မပူပါနဲ့။ စစ်မှုထမ်းတွေကို သတ်ခဲ့တဲ့သူက လီဝူလို့ သူတို့ကို ပြောပြလိုက်ပါ့မယ်။ သူက တတိယအဆင့် လက်နက်ကိုင်ခွင့်ရ သက်တော်စောင့်ဆိုတော့ စစ်မှုထမ်းတွေကို သတ်တာက သူ့ရဲ့လုပ်ပိုင်ခွင့်ထဲမှာ ရှိနေသေးတယ်လေ”

သခင်ကြီးချင်က စူးချင်း စိတ်ချစေရန် အာမခံပေးလိုက်သည်။ စူးချင်းက သူ သူမတို့၏ အချက်အလက်များကို ကာကွယ်ပေးနိုင်မည်ဟု ယုံကြည်နေသောကြောင့် ခေါင်းသာ ပြန်ညိတ်ပြလိုက်သည်။

ကျိရှောင်ယင်က ပြေးလာပြီး နောင်တရနေသော အမူအရာဖြင့် ညည်းတွားနေပြန်သည်။

"အစ်မစူးချင်း၊ ကျွန်မ ကိုယ်ခံပညာ တက်ခဲ့ရင် အစ်မတို့နဲ့ တိုက်ခိုက်နိုင်မှာ သေချာတယ်"

"တိုက်ခိုက်ရတာက ကောင်းလို့လား?"

စူးချင်းက ကျိရှောင်ယင်ကို မျက်ခုံးပင့်ကြည့်လိုက်သည်။ မြေပြင်ပေါ်က သွေးတွေကို မြင်နေရတာတောင် သူမက တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေသေးတာလား?

မကောင်းဘူး”

ကျိရှောင်ယင်က သူမ၏ ပန်းနုရောင် လျှာလေးကို ထုတ်လိုက်ပြီး သူမ၏ခေါင်းလေးကို  ခါယမ်းလိုက်သည်။

"စူးချင်း၊ ရွှေရှန့်"

ချိုးယုံခန်းနှင့် လီတာ့နျိုတို့က လှည်းနှင့်အတူ ရောက်လာကြသည်။ ချိုးယုံခန်းက မြင့်မြတ်သောအမူအရာ ရှိနေသည့် အကြီးအကဲချင်ကို မြင်သွားပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။

"လူကြီးမင်း"

အင်း၊ မင်းတို့က ငါ့ရဲ့ကျေးဇူးရှင်တွေပဲ။ မင်းတို့မှာ အခက်အခဲတွေရှိရင် ငါ့ကို ပြောပါ။ ငါ တတ်နိုင်ရင် ကူညီပေးပါ့မယ်"

အကြီးအကဲချင်က ချိုးယုံခန်းကိုလည်း သဘောကျနေပြန်သည်။ ဒီလူငယ်လေးကို ကြည့်ရတာ အရည်အချင်းရှိတဲ့ လူတစ်ယောက်မှန်း သိသာနေတယ်။ လူငယ်လေးက ချောမောပြေပြစ်ပြီး သူ့မှာ ထူးခြားတဲ့ စရိုက်လက္ခဏာ ရှိနေပြန်တယ်၊ ဗဟုသုတနဲ့ အတွေ့အကြုံလည်း ရှိပုံပေါ်ပြီး ဘယ်လိုကြည့်ကြည့် တောသားနဲ့ကို မတူဘူး။

သခင်ကြီးချင်က အရပ်ဘက်အရာရှိတစ်ဦးဖြစ်သောကြောင့် သူက အသိပညာ ပြည့်ဝပြီး အရည်အချင်းရှိသူများကို သဘာဝကျကျ နှစ်သက်‌လေ့ရှိသည်။

"ကျေးဇူးတင်ပါတယ် လူကြီးမင်း"

ချိုးယုံခန်း၏တုံ့ပြန်မှုက  မာနထောင်လွှားခြင်း မရှိသလို နှိမ့်ချမှုလည်း မရှိပေ။ ထို့အပြင် သူက မည်သည့်အရာကိုမျှ တောင်းဆိုခြင်း မရှိသောကြောင့်  သခင်ကြီးချင်ကို ပို၍ နှစ်သက်စေခဲ့သည်။

"လူငယ်လေး၊ မင်း တော်ဝင်စာမေးပွဲတွေမှာ ပါဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ငါ မင်းကို လမ်းညွှန်ပေးဖို့ ကူညီပေးနိုင်ပါတယ်"

သခင်ကြီးချင်က အရည်အချင်း ရှိသူကို နှစ်သက်သောကြောင့် ချိုးယုံခန်းကို ထိုသို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ကောင်းပါပြီ။ အရာအားလုံး အခြေကျသွားတဲ့အခါကျရင် ကျွန်တော် လူကြီးမင်းဆီကနေ ကျွန်တော့်ကို အကူအညီတောင်းဖို့ လာခဲ့ပါ့မယ်"

ချိုးယုံခန်းက သခင်ကြီးချင်၏အကူအညီအတွက် သူ့ကို ကျေးဇူးတင်ကြောင်း ပြသရန် လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ တကယ်တော့ သူမှာလည်း ရည်မှန်းချက်တွေ ရှိပါတယ်။ ကျင်ရှီလျိုမြောင်ကို ရောက်ပြီးတာနဲ့  သူ တော်ဝင်စာမေးပွဲ ဝင်ဖြေဖို့ သူ့ဆရာက သူ့ကို မှာထားခဲ့တာပါ။ သူ ရွှေရှန့်ကို ကူညီနိုင်ဖို့အတွက် သူ့မှာ နာမည်ကောင်းတစ်ခု လိုအပ်တယ်လို့ သူ့ဆရာက ပြောခဲ့တယ်။

တစ်စုံတစ်ယောက်က အကူအညီမယ်ဆိုရင်တော့ သူအတွက် ကြိုးစားမှုတစ်ဝက်နဲ့ ရလဒ်နှစ်ဆ ရနိုင်လိမ့်မယ်။ အဲ့တာဆိုရင် သူက သူဆရာရဲ့နောက်ဆုံးဆန္ဒကို စောစောစီးစီး ပြီးမြောက်စေပြီး သူ့ရဲ့တရားဝင်အသက်မွေးဝမ်းကြောင်းလည်း တည်ငြိမ်သွားလိမ့်မယ်။ အဲ့တာကဆိုရင် သူ ကာကွယ်ပေးချင်တဲ့သူကိုလည်း  တည်ငြိမ်ပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ ဘဝလေး ပေးစွမ်းနိုင်လိမ့်မယ်။ ဒါက ဖြတ်လမ်းလို့ ယူဆနိုင်ပေမယ့်ပေါ့။

ချိုးယုံခန်းနှင့် စကားပြီးသောအခါ အဘိုးကြီးချင်က ခါးတံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ကျိရွှေရှန့်အား လှမ်းပေးလိုက်သည်။ ထို့နောက် သူက စူးချင်းကို စုကျိုးမှာ ပြန်ဆုံကြရအောင်။ ဒီအဘိုးကြီးက ဒီကကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ မနားတော့ဘဲ အပြေးအလွှား ပြန်လာခဲ့မယ်။ ငါ မင်းထက် အများကြီးနောက်ကျနေမှာ မဟုတ်ဘူးလို့ ငါ ယုံတယ်။ စုကျိုးကို ရောက်ရင်တော့ ငါ ဖိတ်ခေါ်တာကိုလက်ခံပြီး ဒီအဘိုးကြီးကို ရှာဖို့ ချင်အိမ်တော်ကို အရင် သွားနှင့်လိုက်။ ဒီအဘိုးကြီး ပြန်မလာသေးရင် နှစ်ရက်သုံးရက်လောက်တော့ စောင့်ပေးပေါ့။ ဒါက ငါရဲ့ခါးတံဆိပ်ပြား။ ငါက မင်းတို့​ကို​ကောင်း​ကောင်း ဧည့်ဝတ်​ပြုပါ့​မယ်”

ကောင်းပါပြီ”

စူးချင်းက ခေါင်းညိတ်သည်။ သူမက အဘိုးအို၏ ငွေပေးချေမှုကို အပြည့်အ၀ လက်ခံထားပြီးပြီ ဖြစ်သောကြောင့် ကုသမှုအတွက် သူမ အပြည့်အဝ တာဝန်ယူရမည် ဖြစ်သည်။

သူမက လူအိုကြီးချင် ပေးခဲ့သော လျန်တစ်ထောင်တန် ငွေစက္ကူကို ပြန်ထုတ်ယူလိုက်ပြီး "အကြီးအကဲချင်၊ ဒီငွေနဲ့ အနှစ်တစ်ထောင် လင်ဇီးတစ်ခု ဝယ်ပေးပါဦး"

လင်ဇီးကို အမှီအခိုကင်းစွာ ဝယ်ရန် လွယ်ကူမည် မဟုတ်ကြောင်း စူးချင်းက သိနေပြီး သူမ မဝယ်နိုင်သော်လည်း လူအိုကြီးချင် ဝယ်နိုင်မည်ကို နားလည်နေခဲ့သည်။ ထို့ကြောင့် သူမက မျက်တောင်မခတ်ဘဲ ငွေစက္ကူများကို လွှဲပေးလိုက်သည်။

မိန်းခလေး၊ မင်းက ဘာလို့ အနှစ်တစ်ထောင် လင်ဇီး လိုချင်ရတာလဲ?”

✍️✍️✍️