အခန်း ၇၃ စျေးဝယ်ခြင်း
(အပိုင်း ၂)
အကြီးအကဲချင်က စိတ်ရှုပ်ထွေးနေဟန်ဖြင့်
စူးချင်းကို မေးမြန်းလိုက်သည်။ ဆေးကုသပေးရန်
ဆွေးနွေးတိုင်ပင်ခ တောင်းသည့်အခါကလည်း သူမက လျန်တစ်ထောင် သို့မဟုတ် အနှစ်တစ်ထောင်သက်တမ်းရှိသော
လင်ဇီးတစ်ခု လိုအပ်သည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူ အနည်းငယ် စပ်စုရန်
ဆန္ဒရှိနေခဲ့သည်။
ဘာလို့ အနှစ်တစ်ထောင်
ဂျင်ဆင်းအစား လင်ဇီးကို လိုချင်ရတာလဲ?
"ရောဂါ ကုဖို့"
စူးချင်းက ဘာသိဘာသာ
ပြန်ဖြေလိုက်သောကြောင့် သခင်ကြီးချင်က ပြုံးလိုက်ပြီး “ဟုတ်သားပဲ၊
မိန်းခလေးစူးက နတ်ဆေးဆရာတစ်ယောက်ဆိုတာ ငါ မေ့သွားတယ်။ မင်းအနေနဲ့ ဆေးဝါးတွေ
ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တာပေါ့။ ကောင်းပါပြီ၊ ဒီအဘိုးအိုက မင်းအတွက် အနှစ်တစ်ထောင်သက်တမ်းရှိတဲ့
လင်ဇီးတစ်ပင် ရှာဖွေပေးဖို့ ကူညီပေးမယ်။ ငွေကတော့ မလိုပါဘူး။ မင်းမိသားစုအတွက်
သိမ်းထားလို့ရတယ်!"
စူးချင်းက ငွေကို
အတင်းပေးနေသောကြောင့် အဘိုးအိုက အပြုံးဖြင့် “ဒီအဘိုးကြီးရဲ့အသက်က လျန်တစ်ထောင်ထက်တော့
ပိုတန်ဖိုး ရှိပါသေးတယ်။ မိန်းခလေးက ဒီအဘိုးအို နှစ်ပေါင်းများစွာ ခံစားနေရတဲ့
ဘာမှန်းမသိတဲ့ ရောဂါကို ကုသပေးတဲ့အပြင် ဒီအဘိုးကြီးရဲ့အသက်ကိုလည်း ကယ်တင်ပေးခဲ့တယ်။
နောင်မှာလည်း ဒီအဘိုးအိုက ရောဂါ ကုသဖို့
မိန်းခလေးကိုပဲ ဒုက္ခပေးရဦးမယ်။ မင်းက လင်ဇီးလေးတစ်ခုအတွက်နဲ့ ငါ့အပေါ်
ယဉ်ကျေးချင်နေတာလား?"
လူကြီးမင်းချင်၏စကားကို
ကြားပြီးနောက် စူးချင်းက ငွေစက္ကူကို သိမ်းရန်သာ တက်နိုင်တော့သည်။
အခွင့်အရေးရမှပဲ ဒီအဘိုးအိုရဲ့ကျေးဇူးကို ပြန်ဆပ်လိုက်တော့မယ်။
ငွေစက္ကူပေါ်တွင်
ရေးထားသော လျန်တစ်ထောင်ဟူသော စကားကို မြင်လိုက်သောအခါ လီတာ့နျိုက သူ အမြင်မှားနေသည်ဟု
ထင်လိုက်ပြီး သူ့မျက်လုံးများကို
ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်ကာ "ငွေတွေ များလှချီလား?"
ကျိရွှေရှန့်က သူ့နဖူးကို
လက်ညှိုးဖြင့် တောက်လိုက်သည်။
“စူးချင်းက
အဲဒီငွေကို သူ(မ)ဘာသာသူမ ရလာခဲ့တာ။ စိတ်ကူးနဲ့တောင် မပြစ်မှားနဲ့"
“ငါ့မှာ
ဘာအကြံအစည်မှ မရှိပါဘူး။ မင်း ပြောပုံက ငါကပဲ ငွေအတွက် လောဘကြီးနေသလိုပဲ"
လီတာ့နျိုက သူ့နဖူးကို
ပြန်အုပ်ကာ ဝမ်းပန်းတနည်း ညည်းညူနေသည်။
စူးချင်းက သူ့ကို ခပ်ပေါ့ပေါ့
လှမ်းကြည့်နေသည်။ လီတာ့နျို၏မျက်လုံးများတွင် လောဘဇောတက်နေသည့် အရိပ်အယောင် တစ်စုံတစ်ရာကို
သူမ မမြင်ရဘဲ သူ့မျက်နှာတွင် ရှိနေသည့် အမူအရာက ထိုကဲ့သို့ အခြေအနေမျိုးကို
တစ်ခါမျှမတွေ့ခဲ့ဖူးသည့်အတွက် ထိတ်လန့်တုန်လှုပ်သည့်အမူအရာမျိုးသာ ရှိနေသည်။
နောက်ဆုံးတွင်
သူတို့အားလုံး ရုံးတော်မှ ထွက်လာကြပြီး ချက်ချင်း ဈေးဝယ်ထွက်ကြတော့သည်။
စျေးဝယ်စာရင်း၏ပထမဆုံးဦးစားပေးက စပါးဖြစ်သည်။ စပါးဆိုင်နှစ်ဆိုင်ကို သွားကြည့်ပြီးနောက်တွင်
စပါးဈေးက မယုံနိုင်လောက်အောင် တက်လာသည်ကို သူတို့ တွေ့လိုက်ရသည်။
အရင်တုန်းက ငွေတစ်လျန်ပေးရင်
ဆန်လုံးညို လေးရှီဝယ်နိုင်တယ်၊ အခု ငွေတစ်လျန်မှ ဆန်တစ်ရှီပဲ ရနိုင်တာကြောင့် ဈေးက
လေးဆ တက်လာတယ်လို့ ပြောနိုင်တယ်။ သန့်စင်ပြီးတဲ့ ဆန်ကောင်းဆိုရင် ပိုဈေးကြီးတာကြောင့်
တစ်ရှီကို ငွေငါးလျန် ပေးရတယ်။
ဆားကတော့
ပြောမနေနဲ့တော့၊ အလွန်အကျွံ စျေးတက်သွားတာက
အရင်က ဆားတစ်ထုပ်ဝယ်ဖို့ ကြေးပြားငါးဆယ်ပဲ ပေးရပေမယ့် အခု ကြေးပြားငါးရာ
ပေးနေရပြီ၊ အဲ့တော့ ဆယ်ဆတိုးလာတာလေ။
သူတို့မှာ ငွေခုနစ်ဆယ့်သုံးလျန်ပဲ
ရှိတာကြောင့် ဆန်ကောင်းဝယ်ဖို့ ဝန်လေးနေကြတာ သဘာဝပါပဲ။ အဲ့တာကြောင့် ဆန်လုံးညို
နှစ်ဆယ်ရှီအတွက် နှစ်ဆယ်လျန်နဲ့ ဆားဆယ်အိတ်အတွက် ငွေငါးလျန် သုံးစွဲလိုက်ကြတယ်။ အဲ့မှာပဲ
နှစ်ဆယ့်ငါးလျန် ကုန်သွားပြီးပြီ။ ငွေခုနစ်ဆယ့်သုံးလျန်ကို နှစ်ဆယ့်ငါးလျန် သုံးလိုက်တာကြောင့်
ငွေလေးဆယ့်ရှစ်လျန်ပဲ ကျန်တော့တယ်။
ပိုက်ဆံရှာရတာက ခက်ခဲပေးမယ့်
သုံးရတာက လွယ်ကူလွန်းတယ်။ ကျန်နေတဲ့ငွေက သူတို့ ကျင့်ရှီလျိုမြောင်အထိ ရောက်အောင်
ထောက်ပံ့နိုင်မှာ မဟုတ်ဘူး။ ပိုပြီး စိန်ခေါ်နေတဲ့အရာက ကျင့်ရှီလျိုမြောင်က
ကျင်းချန်ထက် ဆယ်ဆပိုအေးနေတာပဲ။ ဆောင်းရာသီမှာ ဝါဂွမ်းထည့်ထားတဲ့အဝတ်အစားတွေနဲ့
ဖိနပ်တွေကို ၀တ်ဆင်ရမယ်။ ဒါပေမယ့် အခု သူတို့ ဝတ်ဆင်နိုင်တဲ့ တစ်လွှာတည်းသော အဝတ်က
ချည်သားနဲ့လုပ်ထားတဲ့ အဝတ်အစားတွေပဲ။ ဒီချည်သားအဝတ်အစားတွေက ကျင့်ရှီလျိုမြောင်ရဲ့အအေးဒဏ်ကို
ခံနိုင်မှာ မဟုတ်တာကြောင့် အလွှာနှစ်ထပ်ပါတဲ့ အဝတ်အစားတွေလည်း လိုနေသေးတယ်။
အဲ့တာကြောင့်
သူတို့ ကျင့်ရှီလျိုမြောင်ကို မရောက်ခင် အဝတ်တွေ ထပ်ဝယ်နိုင်ဖို့ ငွေအလုံအလောက် ရရှိမှ
ဖြစ်မယ်။
သူ့၏အတွေးများက ချိုးယုံခန်း၏မျက်လုံးများကို
စိုးရိမ်မှုဖြင့် ရီဝေနေစေပြီး သူ တတ်နိုင်သလောက်
ပိုက်ဆံရှာရန် ထပ်တွေးနေခဲ့သည်။
စူးချင်းက
စပါးဝယ်ရန် သူတို့နှင့်အတူ မလိုက်လာခဲ့ပေ။ ထိုအစား သူမက ကျိရှောင်ယင်ကို စပါးဆိုင်၏ဘေးမှ
ဆိုင်တစ်ဆိုင်ဆီသို့ ဆွဲခေါ်သွားခဲ့သည်။ ဆိုင်ရှင်က မိန်းမချောလေးနှစ်ယောက်ကို တွေ့သွားပြီး
ဆိုင်ဝသို့ အမြန်ပြေးလာကာ ကြိုဆိုလိုက်သည်။ သူက သူမတို့ကို စန္ဒကူးနံ့သာဖြင့်
ထွင်းထားသော ကုလားထိုင်များပေါ်တွင် ထိုင်စေပြီး အပြုံးဖြင့် ဧည့်ဝတ်ပြုနေသည်။
“ကျေးဇူးပြုပြီး
ထိုင်ပါဦး သခင်မလေးတို့... ငါက မင်းတို့အတွက် အရည်အသွေးမြင့် လုံကျင်းလက်ဖက်ရည်
လုပ်ပေးပါ့မယ်"
ထို့နောက်
ဆိုင်ရှင်က ဆိုင်အကူကို လက်ဖက်ရည်ဖျော်ခိုင်းလိုက်သည်။ သူက စူးချင်းနှင့် ကျိရှောင်ယင်တို့ကို
အထူးဧည့်သည်တော်များအဖြစ် သဘောထားနေပြီး စူးချင်းက အေးဆေးတည်ငြိမ်နေသော်လည်း ကျိရှောင်ယင်က
အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမက နားနေတည်းခိုဆောင်တွင်
တစ်ညတာ တည်းခိုနေထိုင်ဖူးခဲ့ပြီး မင်ယွဲ့စားသောက်ဆိုင်တွင် စားသောက်ဖူးခဲ့သည်။
ထို့ကြောင့် ကလေးမလေးက ကမ္ဘာကြီးကို မြင်ဖူးသွားပြီးဖြစ်ကာ
အလွန်ကြောက်လန့်မနေတော့ပေ။
ဆိုင်ရှင်ကလည်း စူးချင်း၏အမူအရာကို
မြင်နေရပြီး သူမက သာမန်လူမဟုတ်ကြောင်း နားလည်နေသည်။ သူက လက်ဖက်ရည်တစ်ခွက် လောင်းထည့်ပေးရင်း
အပြုံးဖြင့် မေးမြန်းလိုက်သည်။
“မိန်းခလေး၊
ငါ့ကို မေးခွင့်ပြုပါဦး၊ မင်းက ငွေစုချင်တာလား? ဒါမှမဟုတ် ငွေထုတ်ချင်တာလား?”
“ဆိုင်ရှင်ကြီး၊
ငါက ငွေစက္ကူ လဲလှယ်ပေးဖို့ တောင်းဆိုချင်တာပါ”
စူးချင်းက လျန်ငါးရာတန်ငွေစက္ကူကို
ထုတ်ယူကာ လှမ်းပေးလိုက်သည်။ သူမက လျန်ငါးရာကို ပေါ့ပေါ့ပါးပါး
ထုတ်ယူလိုက်သောကြောင့် ဆိုင်ရှင်က အံ့သြသွားပြီး သူမက သာမန်လူတစ်ယောက် မဟုတ်ကြောင်း
လုံးဝ သေချာသွားခဲ့သည်။
"ကောင်းပြီ၊ ဒီတစ်ခုကို ချက်ချင်း လဲလှယ်ပေးဖို့ ဆောင်ရွက်ပေးပါ့မယ်၊
ဒါပေမယ့် လဲလှယ်ခအတွက် အခကြေးငွေ နည်းနည်းတော့ ရှိလိမ့်မယ်"
ငွေတိုက်စည်းမျဥ်းများတွင်
ငွေထုတ်ယူခြင်းအတွက် ထုတ်ယူခနှင့် ငွေစက္ကူအကြီးများကို ငွေစက္ကူအသေးများအဖြစ်သို့
ပြောင်းလဲခြင်းအတွက် အခကြေးငွေများရှိကြောင်း ဆိုင်ရှင်က စူးချင်းကို သေသေချာချာ ရှင်းပြလိုက်သည်။
“ရတယ်”
စူးချင်းက လဲလှယ်ခအတွက်
ငွေပမာဏကိုပင် မမေးတော့ဘဲ တိုက်ရိုက် သဘောတူလိုက်ပြီး သူမ၏လက်ဖက်ရည်ခွက်ကို
ကောက်ယူကာ လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်နေလိုက်သည်။
တတယ်တော့
ဒီငွေတိုက်က လက်ဖက်ရည်က အရမ်းကောင်းတယ်လို့တော့ ပြောလို့မရဘူး။
"မိန်းခလေးက ဘယ်လိုငွေစက္ကူမျိုး ပြောင်းချင်လို့လဲ မေးလို့ ရမလား?"
စူးချင်းက
အခကြေးငွေကောက်ခံခြင်းကို ကန့်ကွက်ခြင်း မရှိသောကြောင့် ဆိုင်ရှင်က အပြုံးဖြင့်
ထပ်မေးလိုက်သည်။
စူးချင်းက ချက်ချင်း
မဖြေပဲ ခဏလောက်စဉ်းစားနေပြီးမှ “အားလုံးကို လျန်ငါးဆယ်တန်ဖြစ်အောင်
လဲလှယ်ပေးလိုက်”
"အဲ့တာဆိုရင် လဲလှယ်ခက ငွေနှစ်လျန် ကုန်ကျလိမ့်မယ်၊ အဲ့အတွက် ငွေစက္ကူထဲကနေ
နုတ်ယူရမလား? ဒါမှမဟုတ် မိန်းခလေးအနေနဲ့ သီးခြားပေးဆောင်ချင်လား?"
ဆိုင်ရှင်က အပြုံးဖြင့်
ထပ်မေးနေသောကြောင့် စူးချင်းက ငွေနှစ်လျန်ကို ထုတ်ယူပြီး စားပွဲပေါ်သို့ ပစ်တင်ပေးလိုက်သည်။
ဆိုင်ရှင်က ငွေကို ယူပြီး ခပ်ပြုံးပြုံး ပြန်ထွက်သွားခဲ့သည်။
"အစ်မ၊ ဘာလို့ ငွေစက္ကူအသေးဖြစ်အောင် လဲလှယ်လိုက်တာလဲ? ပြီးတော့ အဲ့အတွက်နဲ့
သူတို့ကို ပိုက်ဆံပေးရတယ်လား?"
ငွေနှစ်လျန်က ကျိရှောင်ယင်၏နှလုံးသားကို
နာကျင်စေခဲ့သည်။ ထို့ကြောင့် ဆိုင်ရှင် ထွက်သွားပြီးနောက်တွင် သူမက စိတ်ရှုပ်ထွေးနေသည့်
အမူအရာဖြင့် စူးချင်းကို မေးလိုက်သည်။
"သုံးစရာ ရှိလို့"
စူးချင်းက သူမ၏စကားလုံးများကို
ချွေတာနေဆဲဖြစ်ပြီး သူမက သူမ ငွေစက္ကူ
လဲလှယ်လိုသည့် အကြောင်းအရင်းကို ကျိရှောင်ယင်အား မပြောခဲ့ပေ။
ကျိရှောင်ယင်က သူမ၏မျက်တောင်လေးများကို
ပုတ်ခတ်ပုတ်ခတ် လုပ်နေပြီး ဆက်မမေးတော့ပေ။ အစ်မစူးချင်းက ဒီအကြောင်းကို
မပြောချင်ရင် သူမက မေးမှာ မဟုတ်ပါဘူး။
သူမလည်း သူမ၏လက်ဖက်ရည်ခွက်ကို
ကောက်ကိုင်ကာ လက်ဖက်ရည်သောက်နေလိုက်သည်။ သို့သော်လည်း လက်ဖက်ရည်တစ်ငုံသောက်ပြီးနောက်တွင်
ကလေးမလေး၏မျက်လုံးများက တောက်ပလာပြီး စူးချင်းကို
တိုးတိုးလေး ကပ်ပြောနေပြန်သည်။
"အစ်မ ဒီလက်ဖက်ရည်က အရမ်းအရသာရှိတယ်"
စူးချင်းက
ကျိရှောင်ယင်ကို အလိုလိုက်သူဖြစ်ပြီး သူမ ကြိုက်လျှင် ဝယ်၍ရသည်ဟု ပြောခါနီးတွင် လျန်ငါးဆယ်တန်
ငွေစက္ကူ ၁၀ ရွက်နှင့်အတူ ပြန်ရောက်လာသည့် ဆိုင်ရှင်ကို တွေ့လိုက်ရသည်။
“မိန်းခလေး၊
ငွေစက္ကူတွေ အဆင်သင့်ဖြစ်ပါပြီ။ ငွေလက်မှတ်တွေကို ရေတွက်ကြည့်ပါဦး"
ဆိုင်ရှင်က စူးချင်းကို
အပြုံးဖြင့် ပြောနေပြန်သည်။
ဆယ်ရွက်ထဲ ရှိတာကို
ငါက ရေတွက်ဖို့ လိုပါ့မလား?
ထိုအတွေး၏နောက်တွင်
စူးချင်းက ငွေစက္ကူများ၏စစ်မှန်မှုကိုသာ စစ်ဆေးခဲ့ပြီး စာရွက်ပေါ်တွင် အမှတ်အသား
ပြုထားသော နံပါတ်စဥ်က သူမလက်ထဲရှိ ငွေပမာဏကို
သဘာဝကျကျ သိနိုင်ခဲ့သည်။
တစ်ဖက်တွင် ကျိရှောင်ယင်က
အလွန်စိတ်လှုပ်ရှားနေပုံရပြီး ၎င်းတို့အားလုံးကို သေသေချာချာ စစ်ဆေးပြီးမှသာ သူမ
စိတ်သက်သာရာ ရသွားခဲ့သည်။
တကယ်တော့ သူမက သူမရဲ့တစ်ဘဝလုံးမှာ
ဒီလောက်များတဲ့ ငွေတွေကို မမြင်ဖူးခဲ့ပါဘူး။ ဒါပေမယ့် မြို့ကလူတွေက ကောက်ကျစ်တယ်လို့
သူများတွေ ပြောတာကို သူမ ကြားဖူးတယ်၊ အဲ့တာကြောင့် သူမရဲ့အစ်မ လှည့်စားခံရမှာကို
ကြောက်နေတာပါ။
"ဆိုင်ရှင်၊ ဒီလက်ဖက်ခြောက်ကို ဘယ်မှာ ဝယ်တာလဲ?"
စူးချင်းက ငွေစက္ကူများကို
သိမ်းလိုက်ပြီး လက်ဖက်ရည်ခွက်ကို ညွှန်ပြကာ မေးမြန်းလိုက်သည်။
“အဲဒါက
လမ်းတစ်ဖက်က လက်ဖက်ရည်ဆိုင်မှာ ရှိတယ်။ ငွေဆယ်လျန်ဆိုရင် အရည်အသွေးကောင်းတဲ့လုံကျင်းလက်ဖက်ခြောက်တစ်ကျင်
ဝယ်လို့ ရတယ်"
ဆိုင်ရှင်က
ဂုဏ်ယူဝင့်ကြွားစွာ ပြောပြနေပြီး သူတို့ဆိုင်၏အင်အားကြီးမားပုံကို
ကြွားဝါနေခဲ့သည်။ သူတို့က တစ်ကျင်းကို ငွေဆယ်လျန်
ကုန်ကျတဲ့ အရည်အသွေးမြင့်လုံကျင်းလက်ဖက်ခြောက်နဲ့ ဧည့်ခံတာလေ။
“အင်း”
စူးချင်းက
ခေါင်းညိတ်လိုက်ပြီး ကျိရှောင်ယင်ကို အချက်ပြလိုက်သည်။ ကျိရှောင်ယင်က
သူမ၏လက်ဖက်ရည်ကို အမြန် ကုန်အောင် မော့သောက်လိုက်ပြီး စူးချင်းနောက်မှ လိုက်သွားတော့သည်။
စူးချင်းက သူမကို လမ်းတစ်ဘက်ရှိ
လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားနေပြီး ကျိရှောင်ယင်က စူးချင်း၏လက်ကို ပြန်ဆွဲကာ
နောက်ပြန်ဆုတ်နေသည်။ စူးချင်းက ရပ်တန့်လိုက်ပြီး သူမကို ကြည့်လိုက်သောကြောင့် ကျိရှောင်ယင်က
အသံတိုးတိုးဖြင့် “ငွေဆယ်လျန်တန်တဲ့ လက်ဖက်ရွက်က အရမ်းဈေးကြီးတယ်”
ကျိရှောင်ယင်၏ ပူပန်ကြောင့်ကြမှုကို
မြင်လိုက်ရသောအခါ စူးချင်းက ရယ်ချင်လာပြီး သူမ၏နှာသီးဖျားလေးကို ထိချင်နေသော်လည်း သူမက
သူမ၏မျက်နှာကို တင်းထားပြီး အေးစက်စက် ပြန်ပြောလိုက်သည်။
"ငွေရှာတာက ပျော်ရွှင်ဖို့အတွက်ပဲ"
ကျိရှောင်ယင်က
အလွန်နောင်တရနေမိသည်။ သူမသာ လက်ဖက်ရည်ကောင်းတယ်လို့ မပြောမိရင် အစ်မရဲ့ပိုက်ဆံတွေ
မကုန်သွားလောက်ဘူး။ စောစောက ကြိုသိရင် လက်ဖက်ရွက်က အရသာရှိတယ်လို့ သူမ ပြောခဲ့မှာ မဟုတ်ဘူး။ သူမတို့ ကျင့်ရှီလျိုမြောင်ကို
ရောက်တဲ့အခါ အစ်မက အခြေချနေထိုင်ဖို့ အိမ်ဝယ်ရဦးမယ်။ ဒီလောက် ငွေတွေ သုံးနေရင်
အိမ်တစ်လုံးကို ဘယ်လိုဝယ်နိုင်တော့မှာလဲ?
ကျိရှောင်ယင်၏နှလုံးသားထဲတွင်
တစ်စုံတစ်ရာကို အပြစ်တင်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေပြီး ထိုအရာများကို သူမ၏မျက်နှာပေါ်တွင်
အတိုင်းသား ဖော်ပြထားသည်။ ထိုအမူအရာကို မြင်ရပြီးနောက်တွင် စူးချင်းက
မထိန်းနိုင်တော့ဘဲ ကျိရှောင်ယင်၏နှာသီးဖျားလေးကို သူမလက်ဖြင့် လှမ်းပုတ်လိုက်သည်။
“အစ်မက
ဝင်ငွေအများကြီး ရအောင် ရှာနိုင်တယ်။ နောက်ဆိုရင် ရှောင်ယင့်အတွက် တစ်ကျင်းကို
လျန်တစ်ရာတန်တဲ့ လက်ဖက်ရွက်ကောင်းကောင်းတွေ ဝယ်ပေးနိုင်လိမ့်မယ်”
"လျန်တစ်ရာ?"
ကျိရှောင်ယင်က
ထိတ်လန့်နေပုံရသော ရွှမ်းစိုနေသည့် မျက်လုံးပြူးလေးများဖြင့် စူးချင်းကို
မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
အစ်မက သူမကို ဒဏ်ပေးနေတာလား?
လက်ဖက်ရွက်တစ်ကျင်းအတွက် လျန်တစ်ရာတဲ့လား?
“အင်း”
ကျိရှောင်ယင်က စူးချင်းကို ပြုံးလာအောင် ထပ်လုပ်နိုင်ခဲ့ပြီး သူမ ပြုံးလိုက်တိုင်း မည်မျှ လှပနေသည်ကို မပြောပြနိုင်ပေ။ သူမ၏ရွှန်းစိုနေသော မျက်လုံးလေးများက အလွန်တောက်ပနေပြီး သူမ၏ပန်းရောင်မျက်နှာလေးက နူးညံ့လွန်းနေကာ အလွန်တရာ လှပနေခဲ့သည်။ ထိုမျာက်နှာလေးက စပါးဆိုင်မှ ထွက်သွားသော ကျိရွှေရှန့်အတွက် ငေးမောရန် လုံလောက်သွားခဲ့သည်။
✍️✍️✍️