Chapter 74 ရွှေရှန့်၊ မင်းက လူအလား?
Viewers 17k

အခန်း ၇၄ ရွှေရှန့်၊ မင်းက လူအလား?

စူးချင်းက ကျိရှောင်ယင်ကိုခေါ်ကာ လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်သွားခဲ့ပြီး ထိုအချိန်တွင် ချိုးယုံခန်းနှင့် လီတာ့နျိုတို့က စပါးနှင့် ဆားများကို လှည်းပေါ် တင်နေကြသည်။ ချိုးယုံခန်းက သူမတို့၏နောက်ကျောကို မြင်သွားပြီး ကျိရွှေရှန့်ကို လှမ်းမေးလိုက်သည်။

"စူးချင်းနဲ့ ရှောင်ယင်က လက်ဖက်ရည်ဆိုင်ကို ဘာသွားလုပ်တာလဲ?"

ရလဒ်အနေဖြင့်  သူ၏မေးခွန်းအတွက် တုံ့ပြန်မှု မရခဲ့ပဲ ကျိရွှေရှန့်က စူးချင်း၏နောက်ကျောကို ကြောင်တက်တက် ငေးကြည့်နေသည်ကိုသာ တွေ့လိုက်ရပြီး သူ့မျက်လုံးများတွင် ချစ်ခြင်း၏အရိပ်အယောင်များပင် မြင်နေခဲ့ရသည်။

ချိုးယုံခန်းက အံ့အားသင့်သွားပြီး တစ်စုံတစ်ရာကို တွေးလိုက်မိပြန်သည်။

သူ့ရဲ့ညီမလေးက ရွှေရှန့်နဲ့ လက်ထပ်ဖို့ သူတို့အဖိုးကို ပြောခိုင်းမယ်လို့ စိတ်ကူးရှိနေတယ်။ ဒါပေမယ့် ရွှေရှန့်က စူးချင်းဆီမှာ ကျဆုံးသွားပုံရတယ်။ သူ့ညီမလေးကို သိသွားရင်တော့ သူမ အရမ်း ဝမ်းနည်းသွားလိမ့်မယ်။

ဒါပေမယ့် ခံစားချက်တွေကို အတင်းအကျပ် လုပ်ယူလို့ မရနိုင်ဘူး။ ချိုးယွဲ့က သူ့ညီမဖြစ်ပေမယ့် သူကတော့ ချိုးယွဲ့က ရွှေရှန့်အတွက် လိုက်ဖက်တဲ့လက်တွဲဖော် မဟုတ်ဘူးလို့ ခံစားရစေတယ်။ ချိုးယွဲ့က နူးညံ့သိမ်မွေ့လွန်းတဲ့အပြင် သိမ်ငယ်စိတ်လည်း ရှိနေသေးတယ်၊  ရွှေရှန့်က သူနဲ့အတူ ပုခုံးချင်းယှဉ်ရပ်နိုင်တဲ့ စူးချင်းလိုမျိုး အရည်အချင်းရှိတဲ့ မိန်းခလေးတစ်ယောက်ကို ပိုလိုအပ်တယ်။

ဖြစ်နိုင်တာက… ဖြစ်နိုင်တာက… လက်ဖက်ရွက်ဝယ်ဖို့ပဲ”

ချိုးယုံခန်း၏မေးခွန်းကို ကြားလိုက်သောကြောင့် ကျိရွှေရှန့်က ​တွေဝေငေးမောနေရာမှ သတ်ပြန်ဝင်လာသည်။ သို့သော်လည်း သူက စကားပင် ဖြောင့်ဖြောင့် မပြောနိုင်ဘဲ သူ့အကြည့်များကလည်း သဘာဝမကျ ဖြစ်နေပြန်သည်။ ထိုအရာက ရေကဲ့သို့ ကြည်လင်နေပြီး အားလုံးကို ထိုးဖောက်မြင်နေရသောကြောင့် သူက ချိုးယုံခန်း၏မျက်လုံးများကိုပင် မကြည့်ရဲ‌တော့ပေ။

ဤတစ်ကြိမ်တွင် ထူထိုင်းလှသော လီတာ့နျိုပင် ကျိရွှေရှန့် တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိသွားသည်။ သူက ယပ်တောင်နှင့်တူသော သူ့လက်ဖဝါးကြီးကို ဆန့်ထုတ်လိုက်ပြီး ကျိ‌ရွှေ့ရှန့်၏မျက်လုံးများရှေ့တွင် ဝှေ့ယမ်းလိုက်ကာ "အစ်ကိုရွှေရှန့်... မင်းက လူအလား?"

"ငါ့ရှေ့ကနေ ထွက်သွားစမ်း၊ အလုပ်ကို မြန်မြန်လုပ်၊ စပါးတွေကို မြန်မြန် တင်"

ကျိရွှေရှန့်က စိတ်ဆိုးသွားပြီး သူ့၏လက်ကြီးကို ရိုက်ဖယ်ကာ စပါးဆိုင်ထဲသို့ ပြန်ပြေးဝင်သွားခဲ့သည်။

စူးချင်းက ကျိရှောင်ယင်ကို လက်ဖက်ရည်ဆိုင်ထဲသို့ ခေါ်သွားခဲ့ပြီး လက်ဖက်ရည်ဆိုင်၏တာဝန်ခံကလည်း ငွေတိုက်မှ ဆိုင်ရှင်တို့ကဲ့သို့ စိတ်အားထက်သန်စွာ ကြိုဆိုခဲ့သည်။ အကြောင်းအရင်းက စူးချင်း၏ကိုယ်နေဟန်ထားကြောင့်ပင်။ သူမကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမက သာမန်လူတစ်ယောက် မဟုတ်ကြောင်း သူတို့ ပြောနိုင်ပြီး သူမက သူတို့ ရန်စသင့်သော လူမျိုးမဟုတ်ကြောင်း နားလည်နိုင်ကြသည်။

လက်ဖက်ရည်ဆိုင်၏တာဝန်ခံ သူမတို့ကို ဆိုင်ထဲသို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပြီး ပြုံးပြုံးရွှင်ရွှင် မေးမြန်းလိုက်သည်။

"သခင်မလေးတို့... မင်းတို့ ဘယ်လိုလက်ဖက်ရွက်မျိုး လိုချင်လဲ? ငါတို့မှာ လက်ဖက်ခြောက်၊ လက်ဖက်စိမ်းနဲ့ ပန်းလက်ဖက်ရည်ဆိုပြီး အမျိုးမျိုးရှိတယ်။ အကျိုးသက်ရောက်မှုတွေကို မိတ်ဆက်ပေးဖို့ လိုအပ်သေးလား?”

ဟိုဘက်ငွေတိုက်က ဝယ်တဲ့ လုံကျင်းလက်ဖက်ရွက်တစ်ကျင်း လိုချင်တယ်။ တစ်အိုးလောက် စမ်းကြည့်​လို့ရမလား?"

စူးချင်းက အချိန်မဖြုန်းချင်သလို သူ့မိတ်ဆက်ပေးမည့် စကားများကို နားထောင်ရန်လည်း အချိန် မရှိပေ။ ကျိရှောင်ယင်က ငွေတိုက်မှ လုံကျင်းလက်ဖက်ရည်ကို နှစ်သက်သောကြောင့် သူမက ထိုလက်ဖက်ရွက်ကို တန်းဝယ်ရန်သာ တွေးထားခဲ့သည်။

"ကောင်းပါပြီ၊ မင်းတို့အတွက် လက်ဖက်ရွက်ကို ချိန်တွယ်ပေးဖို့ တစ်ယောက်ယောက်ကို ငါ စေလွှတ်လိုက်မယ်"

ဆိုင်ရှင်က အပြုံးဖြင့် သဘောတူလိုက်သည်။ သူမက ရောက်လာသည်နှင့် လက်ဖက်ရည်ကောင်းကောင်းကို တောင်းဆိုသောကြောင့် သူက ကျေနပ်သွားပြီး စူးချင်းအတွက် လက်ဖက်ရွက်ချိန်တွယ်ရန် တစ်စုံတစ်ဦးကို ချက်ခြင်းစေလွှတ်လိုက်သည်။ သူက သူမတို့အတွက် သူတို့လက်ဖက်ရည်ဆိုင်မှ အထူးပြုလုပ်ထားသော လက်ဖက်ရွက်ထည့်နိုင်သည့်သေတ္တာတစ်လုံး ပေးခဲ့ပြီး ထိုတန်ဖိုးကြီးသေတ္တာပင် ဇီးပန်းပွင့်ပုံစံများ ပုံဖော်ထားသောကြောင့် လက်ဖက်ရွက်သေတ္တာက အလွန်လှပနေသည်။ ကျိရှောင်ယင်က လက်ဖက်ရွက်သေတ္တာကို ကိုင်ကြည့်နေပြီး ပျော်ရွှင်ကျေနပ်နေကာ ထိုသေတ္တာကို သူမလက်မှ မလွှတ်ချနိုင်တော့ပေ။

စူးချင်းကလည်း အေးအေးဆေးဆေး ထိုင်နေပြီး ကျိရှောင်ယင်၏အပြုံးကြောင့် စိတ်အခြေအနေကောင်းနေပုံရသည်။ ကျိရှောင်ယင်က အပြစ်ကင်းစင်သူ ဖြစ်သောကြောင့် သူမ၏ ဘဝတစ်သက်တာလုံး ဤသို့ရိုးရိုးရှင်းရှင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေနိုင်ရန် စူးချင်းက မျှော်လင့်နေခဲ့သည်။

ဆိုင်ရှင်က လက်ဖက်ရည်ကို ကိုယ်တိုင် ယူဆောင်လာပြီး စူးချင်းက အရသာကို မြည်းစမ်းကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် စူးချင်းက ‌ငွေပေးချေလိုက်ပြီး ကျိရှောင်ယင်ကို ခေါ်ကာ လက်ဖက်ရည်ဆိုင်မှ ပြန်ထွက်လာခဲ့သည်။

ကျိရွှေရှန့်နှင့် ကျန်သူများ အဆင်သင့် မဖြစ်သေးသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက အဝတ်အစားဝယ်ရန် ကျိရှောင်ယင်ကို အထည်ဆိုင်သို့ ခေါ်သွားလိုက်သည်။

ယခင်က သူမတို့ သွားခဲ့သောဆိုင်က ခရိုင်တရားသူကြီးကော်၏ဆိုင် ဖြစ်ပြီး ယခု သူမတို့ သွားနေသောဆိုင်က သာမန်ပြည်သူများဖွင့်ထားသည့် အထည်ဆိုင် ဖြစ်သည်။ ထိုနေရာတွင် အလွန်လှပသောအဝတ်အစားများ မရှိဘဲ ၎င်းတို့အားလုံးက တစ်ပုံစံတည်းဖြစ်ကာ အလွန်ရှေးကျသောပုံစံများ ဖြစ်သည်။

"သူဌေး၊ ငါတို့ရဲ့ခန္ဓာကိုယ်နဲ့ သင့်တော်မယ့် ယောက်ျားလေးဝတ်စုံ ဆယ်စုံလောက် ရှာပေးပါ"

စူးချင်းက ယောက်ျားလေးဝတ်စုံ ရှာခိုင်းလိုက်သောကြောင့် ကျိရှောင်ယင်က ထိတ်လန့်သွားပြီး ဆိုင်ရှင် အဝတ်အစားများ သွားရှာနေချိန်တွင် သူမက စူးချင်းကို ဘေးနားသို့ ဆွဲခေါ်ကာ တိုးတိုးလေး မေးလိုက်သသည်။

"အစ်မ၊ ဘာလို့ ယောက်ျားလေး အဝတ်အစားတွေ ဝယ်ချင်တာလဲ?"

မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်နိုင်ဖို့ အနာဂတ်မှာ ငါတို့ အားလုံး ယောက်ျားလေးတွေလို ၀တ်ဆင်ရမယ်”

စူးချင်းက ခပ်အေးအေး ပြန်ဖြေလိုက်သည်။ သူမ၏အသွင်အပြင်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်လာရခြင်းက ဤခေတ်တွင် အလှတရားက ဘေးအန္တရာယ်တစ်ခုဖြစ်ကြောင်း သူမကို သိလာစေခဲ့သည်။

ကျင့်ရှီလျိုမြောင်သို့ မရောက်ခင် သူမအနေဖြင့် မည်သည့် ပြဿနာမကိုမျှ မဖြစ်ချင်တော့ပေ။ ထို့ကြောင့် သူမက ရွာမှ မိန်းကလေးများအားလုံးကို ယောက်ျားလေးကဲ့သို့ ၀တ်ဆင်ခိုင်းရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဝမ်ဟု အမည်ရှိသော အမျိုးသားက အလွန်အန္တရာယ်များပြီး သူက သူမတို့အတွက် အန္တရာယ်ဖြစ်လာနိုင်သည်ဟု သူမ၏ပင်ကိုယ်အသိက သူမကို ပြောပြနေသည်။ ထို့ကြောင့် အမျိုးသားကဲ့သို့ ၀တ်ဆင်ခြင်းက အလုံခြုံဆုံးသောနည်းလမ်း ဖြစ်သည်။

ကျိရှောင်ယင်က ယခု သူမ ဝတ်ထားသောအဝတ်အစားများကို သဘောကျနေသော်လည်း သူမ၏အစ်မ ပြောနေသောစကားများက အမှန်ဖြစ်ကြောင်း သူမလည်း နားလည်နိုင်သည်။

အစ်မစူးချင်းနဲ့ လူကြီးမင်းချင်သာ မရှိရင် သူမရဲ့ဘဝက အခုလိုမျိုး အပြစ်ကင်းစင်နေတော့မှာ မဟုတ်ဘူး။ အလှတရားက ဘေးအန္တရာယ်တစ်ခုပဲ။

ကျိရှောင်ယင်က ချက်ချင်းပင် သူမ၏ခေါင်းကို ပြင်းပြင်းထန်ထန် ငြိမ့်ပြလိုက်သည်။

"ကောင်းပါပြီ၊ ညီမ အစ်မရဲ့စကားကို နားထောင်ပါ့မယ်"

အင်း”

စူးချင်းက ကျိရှောင်ယင်၏ဟန်မဆောင်သော စိတ်နေသဘောထားကို သဘောကျသည်။

ချိုးယွဲ့သာဆိုရင် ဒီအရာတွေကို ရှင်းပြဖို့ အချိန်ဘယ်လောက်ယူရမယ်ဆိုတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။

ခဏကြာတော့ ဆိုင်ရှင်က ယောက်ျားဝတ်စုံ ဆယ်စုံနှင့်အတူ ပြန်ထွက်လာသည်။ သူတို့မိသားစု၏အထည်ဆိုင်က ရိုးရိုးအဝတ်အစားများကို အမြန်ဆုံးရောင်းချခြင်း ဖြစ်သည့်အတွက် သူတို့ထံတွင် အဆင်သင့်ပြင်ထားသော ရောင်းကုန်များ အများအပြား ရှိနေခဲ့သည်။

သခင်မလေး၊ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါဦး။ ပြဿနာမရှိရင် မင်းအတွက် ထုတ်ပိုးပေးဖို့ တစ်ယောက်ယောက်ကို ငါ ခိုင်းလိုက်မယ်"

စူးချင်းက အ၀တ်အထည်များစွာကို တစ်ပြိုင်နက် ဝယ်ယူသော ဖောက်သည်ကြီး ဖြစ်သောကြောင့် ဆိုင်ရှင်သူဌေးက အလွန် သဘောကောင်းနေသည်။

သခင်မလေး၊ မင်းတို့က အဝတ်အစားတွေ အများကြီးကို တစ်ခါတည်း ဝယ်တာဆိုတော့ လက်ဆောင်အဖြစ် ခြေအိတ်နှစ်စုံ ထည့်ပေးမယ်နော်"

အင်း”

စူးချင်းက ပေါ့ပေါးပါးပါး တုံ့ပြန်လိုက်ပြီး အဝတ်အစားများကို ယူကာ စစ်ဆေးကြည့်နေခဲ့သည်။ အဝတ်အထည်များ၏လက်ရာက ကောင်းမွန်နေပြီး ၎င်းတို့ကို ချည်ကြမ်းဖြင့် ပြုလုပ်ထားသောကြောင့် တာရှည်ခံကာ စျေးသက်သာသည်။ သို့သော် သူမက ထိုကိစ္စကို ဂရုမစိုက်ပေ။ အဝတ်အစားများက သူမတို့အတွက် သင့်တော်နေသရွေ့တော့  အဆင်ပြေသည်ဟု သူမ သတ်မှတ်ထားသည်။

ထိုနောက် သူမက အဝတ်တစ်စုံ ကောက်ကိုင်လိုက်ပြီး ဆိုင်ရှင်ကို လှမ်းမေးလိုက်သည်။

"သူဌေး၊ မင်းတို့မှာ အဝတ်အစားလဲဖို့ နေရာရှိလား?"

ဆိုင်ရှင်သူဌေးက ထိုမေးခွန်းကြောင့် ကြောင်အသွားသည်။

သူမက ဘာကို ဆိုလိုတာလဲ? ဒီကောင်မလေးက ယောက်ျားလေးလို ဝတ်ချင်နေတာလား?

ဆိုင်ရှင်သူဌေးက ခဏလောက် တုံ့ဆိုင်းနေပြီးမှ ချက်ချင်း ပြန်ပြုံးလိုက်ကာ စူးချင်းကို လမ်းပြလိုက်သည်။

သခင်မလေး၊ ကျေးဇူးပြုပြီး ဒီနေရာမှာ အဝတ်လဲနိုင်ပါတယ်”

သူဌေး၊ ငါတို့ကို ခေါင်းပေါင်းနိုင်မယ့် အထည်စ နည်းနည်းလောက် ပေးပါလား?”

စူးချင်းက မြေပြင်ပေါ်တွင် ချထားသည့် အဝတ်စအသေးများကို  မြင်လိုက်ပြီး ခေါင်းပေါင်းလုပ်ရန် သင့်တော်သောကြောင့် ဆိုင်ရှင်သူဌေးအား တောင်းဆိုလိုက်သည်။

"ကိစ္စ မရှိပါဘူး၊ မင်း စိတ်မ၀င်စားရင် ငါ ဒီအဝတ်စတွေ အားလုံးကို မင်းအတွက် ထုပ်ပိုးပေးမယ်"

စူးချင်းက အဝတ်စများကို လိုချင်နေသည်ကို သိသွားသောအခါ ဆိုင်ရှင်သူဌေးက ဘာမှတောင် မစဉ်းစားဘဲ သဘောတူလိုက်သည်။

ကျိရှောင်ယင်ကလည်း အဝတ်တစ်စုံကို ကောက်ကိုင်လိုက်ပြီး စူးချင်းကို လှမ်းခေါ်လိုက်သည်။ အစ်မစူးချင်းက ယောက်ျားလေး အဝတ်အစားတွေ ပြောင်းဝတ်ချင်နေမှတော့ သူမလည်း လိုက်ဝတ်ရတော့မှာပေါ့။

စူးချင်းက အခိုင်အမာ ဆုံးဖြတ်လိုက်ပုံရသော ကလေးမလေး၏မျက်နှာကို ကြည့်လိုက်ပြီး သူမ မထိန်းနိုင်ဘဲ ပြုံးလိုက်မိပြန်သည်။

စနစ်ထဲတွင် ရှိနေသည့် ရှောင်ချီက သူမသခင် အထပ်ထပ်အခါခါ ပြုံးနေသည်ကို စောင့်ကြည့်နေပြီး သူမ၏မေးစေ့လေးကို ကိုင်ကာ ချစ်စဖွယ် မျက်တောင်ခတ်နေရင်း သူမ၏သခင်ကို ချစ်မြတ်နိုးမှုအပြည့်ဖြင့် ငေးကြည့်နေသည်။

ဘယ်သူ့ရဲ့သခင်ကများ ရှောင်ချီရဲ့သခင်ထက် ပိုလှလို့လဲ?

အနာဂတ်ကို ပြန်သွားနိုင်ရင် အရင်တုန်းက ရှောင်ချီရဲ့သခင်က ဘယ်လိုပြုံးရမှန်းတောင် မသိဘူးလို့ ပြောခဲ့ဖူးတဲ့ အဲ့ဒိစနစ်လေးတွေကို ရှောင်ချီရဲ့သခင်က ပြုံးတက်တယ် ဆိုတာ ပြောပြရဦးမယ်၊ ရှောင်ချီရဲ့သခင်က မပြုံးတက်တာ မဟုတ်ဘဲ သူတို့ကို ပြုံးပြရမှာ ပျင်းနေတာလို့ ပြန်ပြောပစ်ရမယ်။

ဟမ့်၊ အဲဒါကို အခုထဲက ဆုံးဖြတ်ထားလိုက်ပြီ။

စူးချင်းနှင့် ကျိရှောင်ယင်တို့က အဝတ်လဲခန်းထဲသို့ ဝင်သွားပြီး အမျိုးသားဝတ်များကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ စူးချင်းက သူမ၏ အနက်ရောင်ဆံပင်အားလုံးကို စုစည်းပြီး ဝါးတူတစ်ချောင်းဖြင့် ထုံးဖွဲ့လိုက်သည်။ သူမက ချောမောသော လူငယ်လေးတစ်ယောက်နှင့် တူသွားပြီး သူရဲကောင်းဆန်ကာ ရဲရင့်သည့်ဟန်ပန်မျိုးလည်း ရှိနေပြန်သည်။

ကျိရှောင်ယင်က သူမ၏အဝတ်အစားများကို ငုံဝတ်နေပြီး စူးချင်းကို မော့ကြည့်လိုက်ချိန်တွင် သူမ၏မျက်လုံးများက ပြူးကျယ်သွားသည်။

"အစ်မ၊ အစ်မက ယောက်ျားလေးလို ဝတ်လိုက်တော့ ညီမရဲ့အစ်ကိုကြီးထက်တောင် ပိုချောနေသေးတယ်"

စူးချင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမစိတ်ထဲတွင် မုတ်ဆိတ်မွေးများ ပြည့်နေသည့် ကျိရွှေရှန့်၏ မျက်နှာကြီး ပေါ်လာတော့သည်။

သူက ချောလို့လား?

စူးချင်း၏မယုံမကြည် ဖြစ်နေသည့် အမူအရာကို မြင်လိုက်ရသောကြောင့် ရှောင်ယင်က စိတ်ပူသွားပြီး တိုးတိုးလေး ထပ်ပြောလာသည်။

အစ်မ... အစ်မကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ အစ်ကိုကြီးက အရင်က အရမ်းကြည့်ကောင်းတယ်။ ညီမတို့ရဲ့မွေးစားအဖေက သူ အရမ်းထင်ပေါ်နေမှာ စိုးလို့ သူ့ကို မုတ်ဆိတ်မွေးတွေ အများကြီးထားဖို့ ဖိအားပေးခဲ့တာ။ အစ်မ မယုံရင် ကျင့်ရှီလျိုမြောင်ကို ရောက်တာနဲ့ သူ့ရဲ့မုတ်ဆိတ်တွေကို ရိတ်ဖို့ နည်းလမ်းတစ်ခုလောက် ညီမ စဉ်းစားလိုက်မယ်"

ကျိရှောင်ယင်၏စကားက စူးချင်း၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့ပြီး ကျိရွှေရှန့်၏ပါးပြင်ပေါ်ရှိ မထင်ရှားသောအဖြူရောင်အမှတ်အသားကို ပြန်တွေးမိစေခဲ့သည်။

"အစ်မ?"

စူးချင်းက သူမကို ဘာမှ ပြန်မပြောဘဲ တစ်ခုခု တွေးနေသည်ကို မြင်လိုက်ရသောကြောင့် ကျိရှောင်ယင်  စူးချင်း သူမကို မယုံသေးဘူးထင်ကာ ကမန်းကတန်း ထပ်ပြောလိုက်သည်။

"အစ်မ၊ တာ့ရှားမှာ ညီမအစ်ကိုကြီးထက် ပိုချောတဲ့ယောက်ျားကို ညီမတို့ ရှာမတွေ့နိုင်ဘူး”

သူမ၏စကားဆုံးသွားသည်နှင့် စူးချင်း၏အမူအရာ ပိုဆိုးလာသည်ကို သူမ တွေ့လိုက်ရပြီး စူးချင်းက သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လာသောကြောင့် သူမ ဘာမှားနေမှန်းမသိသော ကျိရှောင်ယင်တစ်ယောက် ကြောက်ရွံ့သွားခဲ့ရသည်။

✍️✍️✍️