အပိုင်း (၉၂)
Viewers 31k

Part 92


သွမ့်ချီတစ်ယောက် စုန့်ထင်ရှန်းက သူ့ကို ထိုကဲ့သို့ ထေ့ထေ့ငေါ့ငေါ့ ဆက်ဆံလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။


သူ့၏ ကိုယ်ပိုင် အပြုအမူများက ကျိုးကြောင်းသင့်လျော်သည်ဟုသာ သူခံစားလေသည်။


ယခု စုန့်ထင်ရှန်းက သူ့ကို တွေ့ဖို့ ငြင်းပယ်လိုက်လေရာ သူအနေဖြင့်လည်း ဒီနေရာတွင် ဆက်နေစရာအကြောင်းပြချက်မရှိတော့ပေ။


ထို့ကြောင့် စုန့်ကော်ပိုရေရှင်းရှိ အလုပ်သမားများ၏ အာရုံစိုက်နေသော အကြည့်များအောက်မှာပင် သူ့အဝတ်အစားများကို သပ်ရပ်အောင် ဆွဲချလိုက်ပြီး ဓာတ်လှေကားဆီသို့ လျှောက်သွားလိုက်သည်။


လက်ထောက်ချမ်းအနေဖြင့် ထိုမစ္စတာသွမ့်က CEO စုန့်အပေါ်တွင် မည်သည့်အမှားမျိုး ကျူးလွန်ခဲ့သည်ကို သူမသိပေ။CEO စုန့်သည် စကားပြောကြွယ်သော သူတစ်ယောက်မဟုတ်သော်လည်း တစ်ဖက်သားအပေါ်တွင် ယဉ်ကျေးပျူငှာစွာသာ ဆက်ဆံတက်လေသည်။


အရည်အချင်းပြည့်မီသော လက်ထောက်ကောင်းတစ်ယောက်အနေဖြင့် သူ့သူဌေး၏ တာဝန်များကို ပေါ့လျော့သွားအောင် သူက လုပ်ရပေမည်။


ထို့ကြောင့်သူက ဧည့်ကြိုကောင်တာသို့ သွားလိုက်ပြီး ထိုနေရာမှ ဝန်ထမ်းကို ပြောလိုက်သည်။


"ခုဏတုန်းကလူ ထပ်လာမယ်ဆိုရင် CEO စုန့် မရှိဘူးလို့ သူ့ကို ပြောလိုက် သူ့ကို အထဲမဝင်စေနဲ့..."


ထိုဝန်ထမ်းလေးက သူမ၏ ကွန်ပျူတာပေါ်တွင် အသေအချာ ရေးမှတ်လိုက်ပြီးနောက် သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။


"သူက ဒီမှာ တခုခု လာရောင်းတာလား...ဒါပေမယ့် သူကို ကြည့်ရတာ အရောင်းဝန်ထမ်းနဲ့လည်းမတူဘူးနော် သူ့ရဲ့ နာရီတစ်ခုတည်းတောင် တစ်သိန်းလောက်တန်တယ်...ဒီလူက ချမ်းသာတဲ့ ဒုတိယမျိုးဆက်တစ်ယောက်ဖြစ်မှန်း ရှင်းလင်းနေတာကို ဘာကြောင့်များ ငြင်းပယ်ခံရတာပါလိမ့်..."


လက်ထောက်ချမ်းအံ့အားသင့်စွာဖြင့် ပြန်မေးလိုက်သည်။


"နင်သေချာလို့လား..."


"သေချာတာပေါ့ ကျွန်မကြိုက်တဲ့ မင်းသားကလည်း အဲ့ဒီလို နာရီမျိုး ဝတ်တာလေ..."


စုန့်ထင်ရှန်း၏ အမူအကျင့်အရ ကိစ္စရပ်များကို ညင်ညင်သာသာ ကိုင်တွယ်ဖြေရှင်းသည်ဟု ဆို၍ မရသော်လည်း သူက အမြဲတစေ သတိထားပြီး မှန်မှန်ကန်ကန်သာ ဆောင်ရွက်လေ့ရှိသည်။


ထို့ကြောင့် ယနေ့အချိန်အထိ စီးပွားရေးလောကထဲတွင် သူ့၌ ရန်သူဟူ၍ မရှိပေ။လက်ထောက်ချန်း ထိုအချက်ကို စဉ်းစားပြီးနောက် သူ့၏ ထိုင်ခုံရှိရာဆီသို့ ပြန်သွားလိုက်သည်။


သူမစ္စတာသွမ့်၏ စီးပွားရေးလိပ်စာကတ်တွင် ပါဝင်သောကုမ္ပဏီနာမည်က်ိုကြည့်၍ အွန်လိုင်းတွင် အမြန်ရှာဖွေလိုက်၏။ထွက်ပေါ်လာသော ရလဒ်ကိုကြည့်၍ သူအံ့အားသင့်သွားခဲ့သည်။


သွမ့်ကော်ပိုရေးရှင်းအကြောင်းကို ယခင်က သူကြားခဲ့ဖူးပေသည်။သူ အထက်တန်းကျောင်းတက်နေစဉ်က သူ့ဝမ်းကွဲတစ်ယောက်သည်။ထိုကုမ္ပဏီမှ အလုပ်ကမ်းလှမ်းခံခဲ့ရသည်။


ထိုသတင်းကြောင့် မိသားစုတစ်စုလုံးပင် ပျော်ရွှင်ခဲ့ကြပြီး အထူးတလည် ညစာစားပွဲပင် ကျင်းပခဲ့ကြသည်။ထိုအချိန်က သွမ့်ကော်ပိုရေးရှင်းသည် စီးပွားရေးလောကထဲတွင် အကောင်းဆုံး ကုမ္ပဏီတစ်ခုဟု ဆိုနိုင်ပေသည်။


ထိုကုမ္ပဏီတွင် အလုပ်လုပ်ရခြင်းက သူ့ဝမ်းကွဲအတွက် အလားအလာ ကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်နိုင်မည်ဟု ဆိုလိုသည်။ထို အချိန်ကတော့ နောက် ဆယ်နှစ်အကြာတွင် သွမ့်ကော်ပိုရေးရှင်းက ပါရမီကောင်းမွန်သော ဝန်ထမ်းများကို မွေးထုတ်မပေးနိုင်တော့ပဲ ကြီးထွားမှု ရပ်တန့်သွားလိမ့်မည်ဟုမထင်ခဲ့မိကြပေ။


ထို့အပြင် ညံ့ဖျင်းလှသော စီမံခန့်ခွဲမှုတို့ကြောင့် ကုမ္ပဏီက ရုန်းကန်ခဲ့ကြပြီး တစ်နှစ်ပြီးတစ်နှစ် အခြေအနေ ပိုဆိုးရွားလာခဲ့သည်။မကြာသေးမီကာလတုန်းကပင် ၎င်းကော်ပိုရေးရှင်း၌ ရာထူးကြီးများထဲမှ အာဏာရပ်ဆိုင်းမှု အဖြစ်အပျက်များလည်းဖြစ်ခဲ့သေးသည်။


သို့သော် ကုလားအုတ်ပိန်တစ်ကောင်က မြင်းထက်တော့ ကြီးသေးသည်ဆိုသည့် စကားအတိုင်း မစ္စတာသွမ့်သည် သွမ့်ကော်ပိုရေးရှင်းမှ ဆင်းသက်လာသူဖြစ်နေသေးသည်။


ယခုလက်ရှိ၌ သွမ့်ကော်ပိုရေးရှင်းက မည်မျှပင် ကျဆင်းနေပါစေ မစ္စတာသွမ့်ကို ချမ်းသာသော ဒုတိယမျိုးဆက်တစ်ယောက်ဟု ခေါ်ဆိုနိုင်ပေသေးသည်။


"ဒီလိုလူမျိုးက CEO စုန့်ဆီက ဘာလိုချင်တာရှိလို့ ရောက်လာတာလဲ ပြီးတော့ အမြဲတမ်းယဉ်ယဉ်ကျေးကျေးပြုမူတက်တဲ့ CEO စုန့်ကကော သူ့ကို ဘာလို့ ဒီလောက်တောင်စိတ်မရှည်ဖြစ်နေရတာလဲ..."


လက်ထောက်ချန်းတစ်ယောက် ပဟေဠိကို အဖြေညှိမရပဲ အတွေးပေါင်းများစွာနှင့် စိတ်ရှုပ်ထွေးနေလေသည်။


ဒါပေါ့ ...

ဒီနေ့ဒီအချိန်ထိ လက်ထောက်ချမ်းမှာ သူ့ဆီသို့ တစ်စုံတစ်ယောက်က အလည်ရောက်လာပြီး သူ့ဇနီးကို ကွာရှင်းဖို့ ဖိအားပေးကာ သူ့သားကို ကိုယ့်သားလေးကဲ့သို့ သဘောထားပါမည်ဟု ပြောဆိုလာသည့်သူမျိုး တခါမှ မကြုံခဲ့ဖူးပေ။


တကယ်တမ်းတွင် ထိုသူကို သေသည်အထိ ရိုက်နှက်ပြီး တစ်စစီ စုတ်ဖြဲမလိုက်ခြင်းကပင် စုန့်ထင်ရှန်း အနေဖြင့် အလွန်ယဉ်ကျေးလွန်းနေပြီဟု ဆိုနိုင်ပေသည်။


စုန့်ထင်ရှန်း ရေတစ်ခွက်သောက်လိုက်ပြီးနောက် နောက်ဆုံးတွင် ပြန်လည်၍ စိတ်တည်ငြိမ်သွားသည်။ထို အဓိပ္ပါယ်မရှိသည့် စကားဝိုင်းကို သူ့ခေါင်းထဲမှ ဖယ်ထုတ်လိုက်ပြီးနောက် အလုပ်ကို ပြန်လည် အာရုံစိုက်လိုက်သည်။


သဘာဝကျစွာပင် ယွမ်ရှက ယနေ့ စုန့်ထင်ရှန်းဆီသို့ သွမ့်ချီလာလည်လိမ့်မည်ဟု သိမထားခဲ့ပေ။မိုလီနှင့် တွေ့ဆုံခဲ့ပြီးနောက် ထို သွမ့်ချီဆိုသောသူ သူမကို လာရှာကောင်း လာရှာနိုင်သည်ဟု တွေးမိခဲ့သည်။သို့သော်လည်း ရက်အနည်းငယ် ကြာသည်အထိ မည်သည့် သတင်းစကားမှ မကြားရသောကြောင့် သူမ ထိုလူအကြောင်းကို မေ့လုနီးပါးဖြစ်သွားလေပြီ။


ထို့အပြင် ထိုလူက ဝတ္ထုထဲတွင်လည်း ထွက်ပေါ်လာခြင်းမရှိသောကြောင့် သူမ သူ့ကို လုံးဝ အလေးအနက် မထားခဲ့ပေ။