အပိုင်း (၉၃)
Viewers 31k

part 93


သူမတို့ နေ့လည်စာစားပြီးသည်နှင့် ယွမ်ရှက ဝမ်လေးကို ခေါ်၍ မုန့်ဖုတ်သင်တန်းသို့ သွားလိုက်သည်။သင်တန်းတွင် လူများစွာမရှိပေ။တစ်ချို့က အချိန်ပြည့်အိမ်မှာသာ နေကြသော အိမ်ရှင်မများဖြစ်သည်။


ဝမ်လေးက နေ့လည်စာစားပြီးသည့်အချိန်တွင် တရေးတမော အိပ်တတ်သည့် အကျင့်ရှိသောကြောင့် ယခုအချိန်၌ လက်ဖောင်းဖောင်းတုတ်တုတ်လေးများဖြင့် သူ့မျက်လုံးများကို ပွတ်သပ်နေလေပြီ။


ကံကောင်းထောက်မစွာပင် ထိုကလေးလေးက အိပ်ပျော်ရန်အတွက် တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်မျိုးမလိုအပ်ပေ။ထို့ကြောင့် ယွမ်ရှက သူ့ကို ဆိုဖာပေါ်တွင် တင်ပေးလိုက်ပြီး ကုတ်အင်္ကျီကို လွှမ်းခြုံပေးလိုက်သည်။ခဏအတွင်းမှာပင် သူလျင်မြန်စွာ အိပ်မောကျသွားလေ၏။


"ဒါက ရှင့်ရဲ့သားလေးလား ..."


ယွမ်ရှနှင့် ဆက်ဆံရေးကောင်းမွန်သော မစ္စလျိုက သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။


"အစောပိုင်းတုန်းထဲက ရှင့်မှာ ခင်ပွန်းနဲ့ ကလေးရှိနေတယ်လို့ပြောတာကို ကျွန်မ မယုံခဲ့ဘူး အခုအဲ့ဒါတွေ အကုန်လုံးက အမှန်ဖြစ်နေတာပေါ့လေ..."


ယွမ်ရှက ပြုံး၍ ပြန်ပြောလိုက်သည်။


"ဟုတ်တယ် သူက လေးနှစ်ရှိနေပြီလေ..."


မစ္စလျိုက ယွမ်ရှ၏ လက်ရှိအသက်ထဲမှ ကလေး၏ အသက်ကို နှုတ်လိုက်ပြီးနောက် အံ့အားသင့်စွာ ပြောလာလေသည်။


"ဒါဆိုရင် ရှင် အသက်နှစ်ဆယ့်တစ် မတိုင်ခင်ထဲက ကလေးရှိတာပေါ့..."


ထိုကဲ့သို့ ပြောပြီးသည်နှင့် မစ္စလျို၏ ယွမ်ရှကို ကြည့်သော အကြည့်များက ပြောင်းလဲသွားလေသည်။ယွမ်ရှ၏ ဝတ်စားပြင်ဆင်ပုံကို ကြည့်လိုက်ရုံနှင့် သူမသည် ချမ်းသာသော သူတစ်ယောက်ဖြစ်ကြောင်းကို ပြောစရာမလိုပဲ သိနိုင်ပေသည်။


ဘရန်းများအကြောင်းနားလည်ထားသူမှန်သမျှ သူမ၏ အိတ်က ယွမ်တစ်သိန်းရှိမည်ဟု သိန်ိုင်သည်။


ဒါပေမယ့် ဒီလိုမျိုး မိန်းကလေးတစ်ယောက်က ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးရှိနေရတာလဲ...


ထိုအချက်က လူများကို အတွေးများသွားစေသည်။


သူက တစ်ယောက်ယောက်ရဲ့ အငယ်အနှောင်းများဖြစ်နေလား...ဒါမှမဟုတ်ရင် ဒီအမျိုးသမီးက သူမရဲ့ ကိုယ်ဝန်ကို အသုံးပြုပြီး ချမ်းသာတဲ့လူရဲ့ ဒုတိယမြောက် ဇနီးဖြစ်လာတာလား...


ယွမ်ရှကလည်း မစ္စလျို နားလည်မှု လွဲသွားသည်က်ို အလိုလိုသိပြီး ချက်ချင်းပင်ရှင်းပြလိုက်သည်။


"ဒါက ကျွန်မနဲ့ ကျွန်မခင်ပွန်းတို့ရဲ့ ပထမဆုံးလက်ထပ်မှုပါပဲ ...ကျွန်မတို့ ဆုံတွေ့တဲ့အချိန်က ကျွန်မ အသက်နှစ်ဆယ်ပဲရှိသေးတယ်လေ ဒါကြောင့် အရာရာတိုင်းကို သိပ်ဂရုမစိုက်မိဘူး ကျွန်မတို့ရဲ့ ဒိတ်မှာပဲ ကိုယ်ဝန်ရသွားခဲ့တာ...အဲ့ဒီအချိန်တုန်းက ကျွန်မတို့ ဆက်ဆံရေးက တည်ငြိမ် ကောင်းမွန်နေတာနဲ့ပဲ နောက်ဆုံးကျတော့ ကျွန်မတို့ လက်ထပ်ဖို့ပဲ ဆုံးဖြတ်လိုက်ကြတာလေ..."


သူမက တစ်စုံတစ်ယောက်သည် သူမအပေါ် အထင်လွဲမှားသွားမှန်း သိရဲ့သားနဲ့ ရှင်းမပြပဲ တိတ်တဆိတ်နေမည့်သူမျိုး မဟုတ်ပေ။အထူးသဖြင့် ထိုသူက သူမအား အငယ်အနှောင်းဟု အထင်လွဲမှားသွားသည့် အချိန်မျိုးတွင်ဖြစ်သည်။


သူမ၏ သိက္ခာကို ရှင်းလင်းအောင် လုပ်လို့ရမည့် အခွင့်အရေးရှိနေသမျှ သူမက ရှင်းလင်းအောင် သေချာရှင်းပြမည်သာဖြစ်သည်။


မစ္စလျို ခဏမျှ အေးခဲ တောင့်တင်းသွားပြီး ရှက်ရွံ့စွာပြုံး၍ ပြောလိုက်သည်။


"အဲ့ဒါက အဲ့ဒါကလေ ရှင်က အရမ်းငယ်နေတာနဲ့ပဲ ..."


ယွမ်ရှက စိတ်ထဲ ထားမနေပဲ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။


"အမ်း ...လူတိုင်းလိုလိုပဲ အဲ့ဒီလို အထင်လွဲကြပါတယ်...ဝမ်လေးက ကျွန်မရဲ့ မောင်အငယ်ဆုံးလေးလို့ ထင်တဲ့သူတောင် ရှိသေးတယ်..."


မစ္စလျို အနေဖြင့် ယွမ်ရှကိုသိသည်မှာ မကြာသေးသော်လည်း သူမသည် အကြံများသည့် အမျိုးသမီး ပုံစံမျိုး မဟုတ်သည်ကို သိထားပေသည်။ထို့ကြောင့် ယွမ်ရှစကားကို သံသယမဝင်ပဲ ယုံကြည်လိုက်လေသည်။


ထိုအချက်က တွေးကြည့်လျှင်လည်း အဓိပ္ပါယ်ရှိပေသည်။ယွမ်ရှက အလွန်လှပသူဖြစ်လေရာ သူမအသက်နှစ်ဆယ်အရွယ်တွင် ချမ်းသာသော ဒုတိယမျိုးဆက်တစ်ယောက်နှင့် လက်ထပ်သည်ဆိုသည်က ပုံမှန် ကိစ္စရပ်ပင်ဖြစ်သည်။


...


ယွမ်ရှက ဒီနေ့မနက်စောစော စုန့်ထင်ရှန်း၏ မွေးနေ့မှန်း သိလိုက်ရသည့် အချိန်ကတည်းက ဆုံးဖြတ်ချက်တစ်ခု ချထားခဲ့ပြီးသားဖြစ်သည်။


သူမက သူ့အတွက် မွေးနေ့လက်ဆောင်ဝယ်ပေးဖို့ အချိန်မရှိလေရာ သင်တန်းမှ မွေးနေ့ကိတ်တစ်ခု ပြုလုပ်ပေးရန် ဆုံးဖြတ်ထားသည်။


ဒီကိတ်မုန့်ကို စားမည့်သူကလည်း လူကြီးနှစ်ယောက်နှင့် ကလေးတစ်ဟောက်သာဖြစ်သောကြောင့် အလွန်ကြီးစရာမလိုပဲ ခြောက်လက်မ အရွယ်ဆိုလျှင် လုံလောက်နေပေပြီ။


၎င်းက သူမအတွက်လည်း အချိန်ကုန် သက်သာသလို လေလွင့်မှုလည်းမရှိနိုင်တော့ပေ။သူမအနေဖြင့် ကျွမ်းကျင်သူများကဲ့သို့ မပြုလုပ်နိုင်သေးသော်လည်း စုန့်ထင်ရှန်းအတွက် အချိန်အနည်းငယ်အစားအစာများ ပြုလုပ်ပေးမှုအတွက်ကြောင့် သူ့၏ အကြိုက်အရသာကိုတော့ သိနေပေပြီ။


သူကအချိုစားရသည်ကို ကြိုက်သော်လည်း အရမ်းအချိုလွန်ကဲနေသည်မျိုးတော့ မဟုတ်ပေ။သင်တန်းဆရာမ၏ အကူအညီဖြင့်ပင် သူမမွေးနေ့ကိတ်တစ်လုံးဖုတ်ပြီးဖို့ နှစ်နာရီနီးပါးကြာမြင့်သွားခဲ့သည်။


သူမ ကိတ်မုန့်ကို ထုတ်ပိုးပြီးသည်နှင့် ငိုက်မြည်းနေဆဲဖြစ်သော ဝမ်လေးကို နှိုးလိုက်သည်။ထို့နောက် ကလေး၏လက်ကို ဆွဲ၍ သန့်စင်ခန်းထဲ ခေါ်သွားကာ သူ သေသေချာချာ နိုးလာစေရန်အတွက် မျက်နာသစ်ပေးလိုက်သည်။


မူလက ယွမ်ရှ၏ အစီအစဉ်သည် မုန့်ဖုတ်သင်တန်းပြီးသည့်အချိန်၌ သူမ၏ အသားအရေပြုပြင်ထိန်းသိမ်းမှုအတွက် အလှပြင်ဆိုင်ကို သွားရန်ဖြစ်သည်။


သို့သော်လည်း ယခုပင်လျှင် လေးနာရီထိုးနေပြီ ဖြစ်လေရာ သူမပြီးဆုံးသည့် အချိန်၌ အနည်းဆုံး ခြောက်နာရီလောက်ဖြစ်နေပေလိမ့်မည်။


၎င်းက တခြားနေ့များ ဆိုလျှင် အဆင်ပြေလေသည်။သို့သော်လည်း ဒီနေ့က စုန့်ထင်ရှန်း၏ မွေးနေ့ဖြစ်ကြောင်း သူမသိထားခဲ့ပြီဖြစ်လေရာ သူ့၏ မွေးနေ့ကို စောင့်ဆိုင်းခိုင်းထားသည်မှာ သဘာဝမကျပေ။


ယွမ်ရှက ဒီနေ့ အလှပြင်ဆိုင်သွားမည့်အကြောင်းကို ကျော်ချလိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။


"အိမ်ပြန်ရောက်တဲ့ အခါကျမှပဲ စျေးကြီးတဲ့ mask ကောင်းကောင်းကို အသုံးပြုလို့ရတာပဲလေ..."


သူမဝမ်လေးနှင့်အတူ သင်တန်းမှ ထွက်လာပြီးသည်နှင့် ကားကို ကိုယ်တိုင်မောင်းကာ စုန့်ကော်ပိုရေးရှင်းဆီသို့ လာခဲ့လိုက်သည်။


သူမတို့ ကုမ္ပဏီသို့ ရောက်သည့်အခါတွင် ငါးနာရီခန့်မျှ ဖြစ်နေပေလိမ့်မည်။


....


ဒီနေ့သည် စုန့်ထင်ရှန်း၏ မွေးနေ့ဖြစ်ကြောင်း ယွမ်ရှ တစ်ယောက်တည်းသာသိခြင်းမဟုတ်ပဲ လီကျင်းလည်းသိထားပေသည်။