အခန်း ၈၁ ဒီတောင်က
ဘာမှ မရှိဘူး
ကျိရွှေရှန့်၏
အသံထွက်လာသောကြောင့် စူးချင်းက ရထားလုံးပေါ်နေ၍
ကျိရွှေရှန့်ကို ကြည့်လိုက်ရာ တစ်ချိန်တည်းမှာ သူကလည်း စူးချင်းကို လှမ်းကြည့်လိုက်သည်။
လူနှစ်ယောက်၏အကြည့်များက
လေထဲတွင် ဆုံမိသွားပြီး ကျိရွှေရှန့်က မနေတက်မထိုင်တက် ဖြစ်နေပုံဖြင့်
သူ့အကြည့်ကို ပြန်လွှဲလိုက်သောကြောင့် သူ့အကြည့်က စူးချင်း၏လက်ထဲမှ
အဝတ်စလေးများပေါ်သို့ ကျရောက်သွားသည်။ စူးချင်းက အလုံးစုံ အစွမ်းထက်သည်ဟု ကျိရွှေရှန့်
ထပ်ခံစားလိုက်ရသည်။
အံ့သြစရာကောင်းတာက ဖြတ်ထားတဲ့
အဝတ်စလေးတွေနဲ့ လုပ်ထားပေမယ့် လုံးဝ ရှုပ်ထွေးနေတဲ့ပုံ မပေါ်ဘူး။ အထည်တစ်စစီတိုင်းကို
လေးထောင့်ပုံစောင်းစောင်းလေးတွေ ဖြစ်နေအာင် အရွယ်အစားတူ ဖြတ်ထားပြီး ပြန်တွဲချုပ်ထားတယ်၊
အဲ့တာက သာမန်အဝတ်အစားတွေထက် ပိုထူးခြားနေပြီး ပိုကြည့်ကောင်းတယ်လို့ ထင်ရတယ်။
ကျိရွှေရှန့်က သူမ၏လက်ထဲတွင်
ရှိနေသည့်အဝတ်စကို ကြည့်နေကြောင်း မြင်လိုက်ရချိန်တွင် စူးချင်းက သူမ ချုပ်ထားသောအဝတ်စက
ရုပ်ဆိုးလွန်းသည်ဟု ခံစားမိသောကြောင့် ထိုအဝတ်စကို ဘေးဖယ်ထားလိုက်သည်။ ကျိရွှေရှန့်က
သူမ ရှက်ရွံ့သွားသည်ကို မြင်လိုက်ပြီး သူ့အကြည့်ကို အမြန်ပြန်ရုတ်ကာ ရထားလုံးပေါ်မှ
ခုန်ဆင်းသွားသည်။
ရထားလုံးစီးရသည့်နေ့များက
ပင်ပန်းနွမ်းနယ်မှုကို လျော့နည်းသွားစေသည်ဟု မပြောနိုင်သော်လည်း သူက ရွာသားများ ကျန်ရစ်နေခဲ့ခြင်း
ရှိ မရှိ စစ်ဆေးရန် အဖွဲ့၏အနောက်ဘက်သို့ ခြေလှမ်းကျယ်ကြီးများဖြင့် အလောတကြီး လျှောက်သွားလိုက်သည်။
ကျိရှောင်ယင်နှင့် ကလေးများက
အိပ်ချင်မူးတူးဖြင့် မျက်လုံးပွင့်လာကြပြီး တယောက်ပြီး တယောက် သမ်းဝေနေကြပြန်သည်။
ကျိရှောင်ယင်က ရထားလုံး ရပ်နေသည်ကို သိသွားပြီး သူမ၏နှာခေါင်းကို ပွတ်သပ်လိုက်သောကြောင့်
သူမ၏မျက်လုံးများမှ မျက်ရည်ကြည်များ ထွက်လာကာ သူမ၏မျက်လုံးလေးများက ရွှန်းလဲ့နေခဲ့သည်။
သူမက တိုးညှင်းသောလေသံဖြင့် စူးချင်းကို လှမ်းမေးလိုက်သည်။
"ငါတို့ ရောက်ပြီလား?"
ငါ အိပ်ချင်သေးတယ်လို့....
စူးချင်းက ကျိရှောင်ယင်ကို
အပြုံးဖျော့ဖျော့ဖြင့် ကြည့်နေကာ “ငါတို့
ချက်ပြုတ်ဖို့ နားနေကြတာ"
"ကျွန်တော် ဆင်းပြီး ကူညီပေးမယ်"
သူမတို့ ချက်ပြုတ်ရမည်ဟု
ကြားသောအခါ ကျိရှောင်ယင်က ချက်ခြင်း ထလာပြီး ကူညီပေးရန် ပြင်ဆင်လိုက်သည်။
စူးချင်းက ကျိရှောင်ယင်နှင့်အတူ
ရထားပေါ်မှ ဆင်းလာခဲ့သည်။ အားလုံးက မောပန်းနွမ်းနယ်နေသော်လည်း အဒေါ်ချိုးနှင့်
အဒေါ်လီတို့က ချက်ပြုတ်ရန် ကြိုးစားလုပ်ကိုင်နေသည်ကို သူမတို့ တွေ့လိုက်ရသည်။
စူးချင်းက သူမတို့ဆီသို့
လျှောက်သွားလိုက်ပြီး ဘာအမူအရာမှ မရှိသော မျက်နှာဖြင့် အဒေါ် ချိုးကို လှမ်းပြောလိုက်သည်။
"ကျွန်တော် ချက်ပေးမယ်!"
"မင်းတစ်ယောက်တည်း ချက်မှာကို ငါတို့က ဘယ်လိုကြည့်နေနိုင်မှာလဲ"
ပင်ပန်းလွန်းသဖြင့်
သူမ၏ ခြေထောက်များတွင် ခဲများဆွဲထားသလို လေးလံနေသော်လည်း အဒေါ်ချိုးက စူးချင်းတစ်ယောက်တည်း
လုပ်ခိုင်းရန် အားနာနေသေးသည်။
"ကျွန်တော် အစ်ကို့ကို ကူညီပေးလိုက်ပါ့မယ်"
ကျိရှောင်ယင်က အမြန်ရောက်လာပြီး
သူမ ကူညီပေးမည်ဟု ဝင်ပြောလိုက်သည်။
“အဒေါ်တို့
အနားယူလိုက်ပါ။ ကျွန်တော်တို့က ရထားလုံးစီးလာတာဆိုတော့ မပင်ပန်းဘူး"
ကျိရှောင်ယင်က တခြားသူများ
ပင်ပန်းနေသောကြောင့် သူမတို့ ချက်ပြုတ်ပေးရန် ပြောလိုက်ခြင်း ဖြစ်သော်လည်း ချိုးယွဲ့၏အမြင်တွင်
သူမကို ကြွားဝါနေသည်ဟု ခံစားလိုက်ရပြန်သည်။
ချိုးယွဲ့က ကျိရှောင်ယင်ကို
စိုက်ကြည့်နေပြီး သူမ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်လာပြန်သည်။
အရင်တုန်းက သူမက ကျိရှောင်ယင်နဲ့
အရင်းနှီးဆုံးဖြစ်ပြီး ကျိရှောင်ယင်က သူမနောက်ကို နေ့တိုင်း လိုက်နေခဲ့တယ်။ အခုတော့
စူးချင်းက ကျိရှောင်ယင်ကို ရထားလုံးနဲ့ ဆွဲဆောင်သွားခဲ့ပြီ။
သူမတို့ကြားမှာ
လေးနက်တဲ့ ချစ်ခြင်းမေတ္တာတွေ ရှိတယ်လို့ ပြောခဲ့ဖူးတာတွေက နောက်ဆုံးတော့ အတုအယောင်တွေပဲ။
ချိုးယွဲ့က သူမ၏မနာလိုမှုကြောင့်
မျက်စိကွယ်သွားခဲ့ပြီး သူမ ရေထဲသို့ ပြုတ်ကျသည်ကို မြင်သောအခါ ကျိရှောင်ယင် သူမကို
ကယ်တင်ရန် အသက်စွန့်ခဲ့သည်ကို မမှတ်မိတော့ပေ။
နောက်ဆုံးတွင် စူးချင်းက
သူမ၏ စွမ်းရည်ကို ပြသနိုင်ပြီဖြစ်သည်။ လက်ရှိရင် သူမထံ၌ ဟင်းခတ်အမွှေးအကြိုင် အစုံအလင်ရှိနေသောကြောင့်
သက်သတ်လွတ်ဟင်းပွဲများကပင် အရသာရှိလွန်း လှသည်။
စားနပ်ရိက္ခာက အလုံအလောက်
ရှိနေပြီး နေ့လယ်စာစားချိန်လည်း ဖြစ်နေသောကြောင့် စူးချင်းက ယာဂုမကြိုတော့ပေ။ သူမက
ဂျုံကြမ်းပေါင်းမုန့်များ ပြုလုပ်ခဲ့ပြီး စုစုပေါင်း အိုးကြီးလေးလုံးစာ ပြုလုပ်ခဲ့သည်။
ဂျုံကြမ်းပေါင်းမုန့်များ များပြားလွန်းသည့်တိုင်
လူတစ်ရာကျော်ရှိနေသည့်အတွက် လုံလောက်သည်ဟုတော့ မဆိုနိုင်ပေ။
သူတို့က
လှည်းသုံးစီးစာ စားစရာများကို ဝယ်ယူခဲ့ကြသော်လည်း တနပ်စာအတွက် စားစရာ ကျင်းနှစ်ဆယ်မှ
ကျင်းသုံးဆယ်အထိ လိုအပ်သောကြောင့် ရိက္ခာလှည်းသုံးစီးက ကြာရှည်မခံနိုင်ပေ။
စူးချင်းက ပေါင်းမုန့်များကို
အိုးထဲသို့ ထည့်လိုက်ပြီး တောရိုင်းအသီးအရွက်များ ရှာဖွေရန် ပြင်ဆင်လိုက်သည်။ ရထားလုံးထဲတွင်
လုံလောက်စွာ အိပ်ခဲ့ရသော ကလေးများက စူးချင်းနောက်မှ လိုက်လာကြသည်။ သူတို့အားလုံးက
ကလေးများပင် ဖြစ်ကြသော်လည်း ဆင်းရဲသောမိသားစုမှ ကလေးများက
စောစောကြီးပြင်းလာရသောကြောင့် တောရိုင်းဟင်းသီးဟင်းရွက်များ တူးဆွ ရှာဖွေရာတွင်
ကျွမ်းကျင်ကြသည်။
ခဏတာမျှ
လှည့်ပတ်ရှာဖွေပြီးနောက်တွင် စူးချင်းက ဤတောင်က မည်သည့်ပမာဏအထိ မြုံနေမှန်း သဘောပေါက်သွားခဲ့သည်။ မြေက မြုံနေရုံသာမက
ပျက်သုဉ်းခြင်းများ ပြည့်နှက်နေပြီး သစ်ပင်များပင် အသက်မရှိတော့ပေ။
လတ်ဆတ်တဲ့
တောရိုင်းဟင်းသီးဟင်းရွက်တွေကို ဘယ်လိုလုပ် ရှာနိုင်တော့မှာလဲ?
အဓိက
အကြောင်းအရင်းမှာ ထျဲကြွယ်တောင်က ကောင်းချန်နှင့်မတူသောကြောင့် ဖြစ်သည်။ ကောင်းချန်တွင်
မြေနဂါးကြီး ဖြစ်ပေါ်လာခဲ့သော်လည်း တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။
ထို့ကြောင့် ကောင်းချန်၏အနီးနားပတ်ဝန်းကျင်တွင် တောရိုင်းဟင်းသီးဟင်းရွက်များကို အလွယ်တကူ
ရှာဖွေနိုင်သော်လည်း ဤနေရာတွင်မှု ထိုအရာများက ရှားပါးသော ဇိမ်ခံပစ္စည်းသာ ဖြစ်လာတော့သည်။
စူးချင်းက ကလေးများကို
ပြန်ခေါ်လိုက်ပြီး လက်ဗလာဖြင့် ပြန်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ သူမတို့ တောင်ခြေသို့
ပြန်ရောက်ချိန်တွင် ကျိရွှေရှန့်က အရေခွံနှင့်အရိုးသာ ရှိသော ပိန်လွန်းလှသည့်
ယုန်နှစ်ကောင်ကို ဆွဲကာ တောင်ပေါ်မှ ပြန်ဆင်းလာသည်ကို သူမ တွေ့လိုက်ရသည်။
“ဒီတောင်က ဘာမှ
မရှိဘူး။ သားကောင်တောင် မရှိသလောက် ရှားတယ်”
ကျိရွှေရှန့်ကလည်း စူးချင်းကို
မြင်လိုက်ပြီး လှမ်းပြောလိုက်သည်။
တကယ်တော့ သူက
လင်ဇီးကို ရှာချင်တာကြောင့် တောင်ပေါ်ကို တက်သွားခဲ့တာပါ။
ဒါပေမယ့် စူးချင်း ပြောဖူးသလိုပါပဲ၊
ဝိညာဉ်စွမ်းအင်မရှိနိုင်တဲ့ ဒီတောင်ပေါ်မှာ လင်ဇီးရှိဖို့ ဘယ်လို ဖြစ်နိုင်မှာလဲ?
"မဆိုးပါဘူး။ ကျွန်တော် ဒါကို ထပ်ပြုတ်လိုက်ရင် ဟင်းတစ်အိုး တိုးလာလိမ့်မယ်"
စူးချင်းက
အလွန်ကျေနပ်နေပြီး ယုန်ကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။
ဒီနေ့ ဂျုံကြမ်းပေါင်းမုန့်တွေပဲ
စားရမယ် ထင်ထားခဲ့တာ။ ဒီယုန်မှာ အသားနည်းနည်းပဲ ရှိရင်တောင် ဒါက အသားပဲ၊ လူတိုင်းက
စွပ်ပြုတ်တော့ စားလို့ရနိုင်သေးတယ်။
စူးချင်းနှင့် ကျိရွှေရှန့်တို့က
စကားတပြောပြောဖြင့် စခန်းချရာနေရာသို့ ပြန်လာခဲ့ကြသည်။ ချိုးယွဲ့က စူးချင်းနှင့် ကျိရွှေရှန့်တို့
ဘေးချင်းကပ် လမ်းလျှောက်သွားသည်ကို မြင်သွားပြီး သူတို့က ရံဖန်ရံခါ
စကားစမြည်ပြောနေသည်ကိုပင် သူမ မြင်နေရသည်။ မနာလိုစိတ်ကြောင့် သူမ၏မျက်နှာက
မည်းမှောင်လာကာ သူမ၏နှလုံးသားထဲတွင် ကြမ်းတမ်းသော အတွေးတစ်ခု ပေါ်လာသည်။
ရှောင်ယင်က ဘာလို့
ဒီမိန်းမကို ကယ်တင်လာရတာလဲ? ဒီမိန်းမကို မြောင်းထဲမှာ
သေသွားအောင် ပစ်ထားခဲ့တာကမှ ပိုကောင်းဦးမယ်။
"အစ်ကို"
စူးချင်းက ကျိရှောင်ယင်ကို
မီးကြည့်ရန် ချန်ထားခဲ့သောကြောင့် ယခုအချိန်တွင် သူမ၏မျက်နှာ၌ အမည်းစက်လေး
အများအပြား ဖုံးလွှမ်းနေသည်။ သူမက စူးချင်းနှင့် သူမ၏အစ်ကိုကြီး ပြန်လာသည်ကို မြင်လိုက်သောကြောင့်
ဝမ်းသာအားရ ကြိုဆိုလိုက်သော်လည်း စူးချင်းက သူမကို ဆူပူဖူးသောကြောင့် 'အစ်မ'
ဟု မခေါ်ဝံ့တော့ဘဲ 'အစ်ကို' ဟုသာ နှုတ်ဆက်လိုက်သည်။
"အစ်ကိုကြီး ဖမ်းလာတာကို ကြည့်လိုက်ဦး"
ကျိရွှေရှန့်က သူ ဘာကြောင့်
ထိုမျှလောက်စိတ်ကောင်းဝင်နေမှန်း သူ့ဘာသာပင် မသိသော်လည်း သူ့လက်ထဲက
ယုန်ရိုင်းလေးကို သူ့ညီမအား မြှောက်ပြလိုက်ပြီး ရယ်မောလိုက်သည်။
သူမ၏အစ်ကိုကြီး
ပြုံးလိုက်သည်ကို မြင်လိုက်ရသောကြောင့် ကျိရှောင်ယင်၏ မျက်လုံးများ နီရဲသွားပြီး သူမက
သူမ၏မျက်လုံးများကို ပွတ်သပ်ကာ စိတ်လှုပ်ရှားစွာဖြင့်
“အစ်ကိုကြီး၊
အစ်ကိုကြီး ပြုံးနေတယ်။ အစ်ကိုကြီး မပြုံးတာ ကြာနေပြီ။ အရမ်းကောင်းတယ်"
ကျိရွှေရှန့်၏မျက်နှာပေါ်ရှိ
အပြုံးက ချက်ချင်း အေးခဲသွားသည်။
တကယ်တော့
ရှောင်ယင်ပြောတာ မှန်ပါတယ်၊ သူ့ရဲ့မွေးစားအဖေ ဆုံးပါးသွားကတည်းက သူရဲ့သွေးတွေက
သူ့ရဲ့ဒေါသကြောင့် ဆူပွတ်နေပြီး သူ ပြုံးဖို့တောင် မေ့သွားခဲ့တာပါ။
စူးချင်းက သူမခေါင်းကို
လှည့်ကြည့်လိုက်သောကြောင့် သူမလည်း ကျိရွှေရှန့်၏ အမူအရာကို မြင်လိုက်ရသည်။ သူမ၏မျက်လုံးများက
တဖျပ်ဖျပ်တောက်ပလာသော်လည်း သူမက ဘာမှ မမေးဘဲ ရှေ့သို့ ဆက်လျှောက်သွားသည်။ ကျိရွှေရှန့်က
သူမ၏ သွယ်လျသော နောက်ကျောလေးကို ကြည့်နေရင်း သူ့နှလုံးသားကို ဖိထားသော ကြီးမားသော
ကျောက်တုံးကြီးက အနည်းငယ် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
သူက ယုန်နှစ်ကောင်ကို
ဆွဲရင်း စူးချင်းနောက်သို့ လိုက်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် လီတာ့နျိုက
အပြေးရောက်လာပြီး ယုန်များကို ကိုင်တွယ်ရန် စေတနာဝန်ထမ်းအဖြစ် ထမ်းဆောင်နေတော့သည်။
"ငါ ဒါကို သွားကိုင်တွယ်လိုက်မယ်"
ကျိရွှေရှန့်က
ယုန်ရိုင်းများကို လီတာ့နျိုထံ ပစ်ပေးပြီး အရိပ်ထူထပ်သော သစ်ပင်တစ်ပင်ကို ရှာဖွေကာ
ထိုင်ချလိုက်သည်။ သူက ခြေထောက်တစ်ဖက်ကို ကွေးပြီး သူ့လက်ကို ဒူးပေါ်တင်ကာ သစ်ပင်၏ပင်စည်ကို ခေါင်းမှီလိုက်ပြီး အိပ်စက်ရန်
အချိန်ယူလိုက်သည်။
စူးချင်းက
အိုးကြီး၏အဖုံးကို ဖွင့်လိုက်ရာ အငွေ့များက
ကောင်းကင်သို့ ပျံတက်သွားပြီး ဂျုံကြမ်းမုန့်ပေါင်း၏မွေးရနံ့က လူတိုင်း၏အသက်ရှုလမ်းကြောင်းထဲအထိ
ပျံ့လွင့်သွားခဲ့သည်။ တစ်ရက်တာလုံး လမ်းလျှောက်ပြီးနောက် အားလုံးက မောပန်းကာ
ဆာလောင်နေကြပြီး ဂျုံကြမ်းမုန့်ပေါင်း၏ အနံ့ကို ရလိုက်ချိန်တွင် သွားရည်များပင် မထိန်းနိုင်တော့ပေ။
အခြားတစ်ဖက်တွင်မူ ရှောင်ဟူနှင့်
အခြားကလေးများက သရေစာမုန့်များ စားထးရသောကြောင့် ခါတိုင်းနေ့များကဲ့သို့ သွားရည်ယိုခြင်း
မရှိကြပေ။
အဒေါ်ချိုးနှင့် တခြားသူများကလည်း
အနည်းငယ် အနားယူပြီးသွားသောကြောင့် စူးချင်းကို ကူညီပေးရန် ပြန်ရောက်လာကြသည်။ စူးချင်းက
နောက်ထပ်အိုးတစ်လုံး ထပ်ထုတ်ကာ ကျန်သောအရာများကို သူမတို့ထံ လက်လွှဲထားလိုက်သည်။
လီတာ့နျိုက
ယုန်များကို ဆေးကြောသန့်စင်ပြီး ပြန်သယ်လာခဲ့သည်။ စူးချင်းက ထိုယုန်များကို
အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လှီးဖြတ်လိုက်သည်။ အသား အနည်းငယ်သာ ရှိသောကြာင့်
ယုန်သားဟင်း ချက်ရန် မဖြစ်နိုင်ပေ။
စူးချင်းက ယုန်သားဟင်းချိုအိုးကြီး
တစ်အိုး ပြင်ဆင်ခဲ့ပြီး ယုန်များက ပိန်လှီနေသော်လည်း ဟင်းချိုကတော့ အနံ့ဆိုး မရှိပေ။
လူတိုင်း ယုန်သားဟင်းချိုဇွန်းတစ်ဝက်နှင့် ဂျုံကြမ်းပေါင်းမုန့်များ စားကြရပြီး
အားလုံးက ဝမ်းသာကျေနပ်နေကြသည်။
စားသောက်ပြီးနောက်တွင်
လူတိုင်းက သစ်ပင်ကို မှီကာ အိပ်ရန် ပြင်ဆင်လိုက်ကြသည်။ စူးချင်းက သူမ၏
မပြီးဆုံးသေးသော အလုပ်များကို ဆက်လက်လုပ်ဆောင်ရန် ရထားလုံးပေါ်သို့ ပြန်တက်လာခဲ့သည်။
ကျိရှောင်ယင်က အဒေါ်ချိုးနှင့်
အခြားသူများကို ကူညီသိမ်းဆည်းပြီးမှ ပြန်လာခဲ့သည်။ သူမ ပြန်ရောက်လာပြီး စူးချင်း
ပန်းထိုးနေသည်ကို မြင်လိုက်ရချိန်တွင် သူမ၏မျက်လုံးများက တောက်ပလာပြီး "အစ်ကို၊ အစ်ကိုက ဘယ်လို ပန်းထိုးရမယ်ဆိုတာ သိတယ်လား?"
သူ့ညီမလေး၏အသံကို ကြားလိုက်ရသောကြောင့်
ကျိရွှေရှန့်ကလည်း ရထားလုံးထဲသို့ လှမ်းကြည့်လိုက်မိသည်။ စူးချင်းက ယောက်ျားလေး အဝတ်အစားများကို
၀တ်ဆင်ထားပြီး သူမ၏လက်ထဲတွင် ပန်းဖိုးကွင်းကို ကိုင်ဆောင်ကာ ခေါင်းငုံရင်း
ပန်းထိုးနေသည်ကို သူ မြင်လိုက်ရသည်။
သူမ၏ ငန်းကဲ့သို့ သွယ်လျကျော့ရှင်းသော
လည်တိုင်၊ ဘဲဥပုံ မျက်နှာလေးနှင့် နူးညံ့သိမ်မွေ့ပုံရသောနှာတံလေး အပြင် သူမ၏
မျက်လုံးများထဲမှ အေးစက်မှုများကို တားဆီးကာကွယ်ပေးထားသည့် သူမ၏ရှည်လျားသော
မျက်တောင်လေးများက သူမကို အလွန်နူးညံ့သိမ်မွေ့နေစေပြီး သန့်စင်နေအောင်
ဖန်တီးပေးနေသည်။
ကျိရွှေရှန့်က သူမဆီမှ
ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။
ဒါပေမယ့် သူ
ဒီမြင်ကွင်းကို အရင်က အိပ်မက်မက်ဖူးပုံပဲ။ မျက်နှာကို မမြင်ရတဲ့ မိန်းကလေးတစ်ယောက်က
ခေါင်းငုံ့ပြီး ပန်းထိုးနေခဲ့တယ်။ အဲ့အချိန်မှာ သူက သားကောင်နဲ့အတူ အိမ်ကို
ပြန်လာတာကြောင့် သူမက သူ့ကို မော့ကြည့်ပြီး ပြုံးပြလာတယ်။
"မင်းရော ပန်းထိုးတက်လား?"
စူးချင်းက ကျိရှောင်ယင်၏
အံ့သြနေသောအသံကို ကြားလိုက်ပြီး သူမကို မော့ကြည့်ကာ ပြန်မေးလိုက်သည်။
ကျိရှောင်ယင်က ခေါင်းယမ်းလိုက်ပြီး
"အပ်တော့ ချုပ်တက်တယ်၊ ဒါပေမယ့် ဘယ်လိုပန်းထိုးရမယ် ဆိုတာကို မသိဘူး"
စူးချင်း ရယ်မောလိုက်သည်။
ရှောင်ယင်ရဲ့စကား ကပ်သပ်လွန်းတယ်၊ ပန်းထိုးတာကလဲ အပ်ချုပ်တဲ့ တခြားနည်းလမ်းပဲ မဟုတ်ဘူးလား?
ကျိရွှေရှန့်က စူးချင်းနှင့် ကျိရှောင်ယင်တို့ စကားပြောရင်း ရယ်မောနေသည့် ကြည်နူးဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်နေခဲ့ပြီး သူ့မျက်လုံးထဲတွင်လည်း အပြုံးရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့သည်။ သို့သော်လည်း ရုတ်တရက် ထွက်ပေါ်လာသော အရိပ်တစ်ခုက ထိုကြည်နူးစရာကောင်းသော မြင်ကွင်းကို ပိတ်ဆို့လိုက်သည်။
✍️✍️✍️