Chapter 81 စားစရာ လုယူခြင်း (အပိုင်း ၁)
Viewers 17k

အခန်း ၈၂ စားစရာ လုယူခြင်း (အပိုင်း ၁)

"အစ်ကိုရွှေရှန့်"

ချိုးယွဲ့က ကျိရွှေရှန့်၏ အေးစက်သော မျက်လုံးများကို ရင်ဆိုင်ရန် သူမ၏သတ္တိကို စုစည်းလိုက်ပြီး သူ့နာမည်ကို တိုးတိုးလေး ခေါ်လိုက်သည်။ သူမ၏မျက်လုံးထဲမှ မကျေမနပ် ဖြစ်နေပုံရသည့် အရိပ်အယောင်များက အပြင်သို့ လျှံထွက်လာတော့မလို ဖြစ်နေပြီး သူမ၏အသံတိုးတိုးက သူမ၏နှလုံးသားကို ဝမ်းနည်းနာကျင်နေမှုကို အပြည့်အဝ ‌ ဖော်ပြပေးနေသည်။

"ကျွန်မ ဘာအမှားလုပ်မိလို့လဲ? အခု အစ်ကိုက ကျွန်မကိုတောင် ဂရုမစိုက်တော့ဘူး။ ကျွန်မ အမှားလုပ်မိတာရှိရင် ပြောပါ၊ ကျွန်မ ပြောင်းလဲပေးပါ့မယ်"

ကျိရွှေရှန့်က ရုတ်တရက် ထရပ်လိုက်ပြီး ခြေလှမ်းကျယ်ကြီးဖြင့် သစ်ပင်ကြီးအောက်မှ ထွက်ခွာသွားကာ အနားယူနေသော ရွာသားများကို အော်ပြောလိုက်သည်။

"အားလုံး ပြန်ထုပ်ပိုးပြီး အဆင်သင့် ပြင်ကြတော့ ခရီး ပြန်ထွက်ကြမယ်"

ချိုးယွဲ့က သူ့နောက်ကျောကို ကြည့်နေရင်း မျက်ရည်များ စီးကျလာသည်။

အစ်ကိုရွှေရှန့်က ငါနဲ့ စကားတောင် မပြောချင်တော့ဘူးလား? ငါ ဘာမှားခဲ့မိလို့လဲ? အစ်ကိုရွှေရှန့်က ဘာလို့ ငါ့ကို မုန်းနေရတာလဲ?

ချိုးယွဲ့က  ရူးသွပ်တော့မလို ခံစားနေရပြီး စူးချင်းအပေါ်ရှိနေသည့် သူမ၏အမုန်းတရားများက ပိုနက်ရှိုင်းလာသည်။

အဖွဲ့က ရှေ့သို့ ခရီးဆက်ခဲ့ကြပြီး ချိုးယွဲ့က တောင်တက်လမ်းပေါ်တွင် ခက်ခဲခဲ လျှောက်လှမ်းနေခဲ့သည်။ သူမ၏ဖိနပ်ကပင် သူမနှင့် ဆန့်ကျင်နေပြီး ကောက်ရိုးကြိုးက ပြတ်တောက်သွားကာ ဖိနပ်က ခြေထောက်မှ ကွာကျသွားသည်။

ချိုးယွဲ့က ကြာကြာသည်းမခံနိုင်တော့ဘဲ မြေပြင်ပေါ် ထိုင်ချလိုက်ပြီး သူမ၏မျက်နှာကို အုပ်ကာ ငိုယိုနေခဲ့သည်။ အ‌ဒေါ်ချိုးက သူမ၏သမီးကို ချော့မော့ပြီး သူမ၏သမီးအတွက် ကောက်ရိုးဖိနပ်တစ်ရံ ထုတ်ပေးလိုက်သည်။

ဖိနပ်တွေ စုတ်သွားရင် ငါတို့ လွှင့်ပစ်လို့ရတယ်။ အဟောင်းတွေကို မစွန့်ပစ်ရင် အသစ် ရနိုင်မှာ မဟုတ်ဘူး”

အဒေါ်ချိုးက သူမ၏သမီးကို အဓိပ္ပါယ်နှစ်ခွပါသော စကားဖြင့် ဆွဲဆောင်နေသော်လည်း ချိုးယွဲ့က မကြားချင်ယောင်ဆောင်နေကာ သူမအမေပေးသော ဖိနပ်ကို ယူရန် ငြင်းဆန်နေပြန်သည်။ သူမက တောင်ပေါ်လမ်းပေါ်တွင် ခြေဗလာဖြင့် လမ်းဆက်လျှောက်နေခဲ့သည်။

သူမ၏သမီးက ထိုသို့ဝုန်းဒိုင်းကြဲနေသည်ကို မြင်လိုက်ရသောကြောင့် အဒေါ်ချိုးပင် ဒေါသထွက်နေမိသည်။ ဒီကလေးက  အရင်က အရမ်းဉာဏ်ကောင်းတဲ့ကလေးပါ၊ အခု ဘာလို့ အခြားသူတစ်ယောက်လို ပြောင်းလဲသွားရတာလဲ?

တောင်ပေါ်လမ်းတွင် ကျောက်စရစ်ခဲများ များစွာရှိနေပြီး မြေပြင်မှ ချွန်ထက်နေသော ကျောက်ချွန်များလည်း ထွက်ပေါ်နေသည်။ ကျိုးပဲ့နေသော ကျောက်တုံးများပေါ်တွင် ခြေဗလာဖြင့် လမ်းလျှောက်ရခြင်းက ညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် တူနေသောကြောင့် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် ချိုးယွဲ့က ၎င်းကို သည်းမခံနိုင်တော့ဘဲ ထိုင်ချပြီး ငိုနေပြန်သည်။

ယခုတစ်ကြိမ်တွင် အဒေါ်ချိုး၏စိတ်ရှည်သည်းခံမှုက ကုန်ဆုံးသွားပြီ ဖြစ်ကာ သူမက ကောက်ရိုးဖိနပ်ကို ချိုးယွဲ့၏လက်ထဲသို့ ထည့်ပေးလိုက်ပြီး "ဘာလို့ ငိုနေတာလဲ? ငါ မင်းကို ဖိနပ်အသစ် ပေးခဲ့တယ်၊ ဒါပေမယ့် မင်း မဝတ်ဘူး။ အခု မြန်မြန်ထပြီး လမ်းဆက်လျောက်၊ အဖွဲ့ကို မနှောင့်နှေးစေနဲ့"

သူမကို ချစ်ပြီး အမြဲတမ်း အလိုလိုက်ခဲ့သော သူမ၏အမေက သူမနှင့် စကားပြောရန် စိတ်မရှည်တော့ကြောင်း မြင်လိုက်သောကြောင့် ချိုးယွဲ့က ပို၍ပင် ဝမ်းနည်းလာပြီး ငိုယိုနေရင်း ကောက်ရိုးဖိနပ်ကို ဝတ်ဆင်လိုက်သည်။

အဒေါ်လီနှင့် အဒေါ်ကျန်းတို့ကလည်း သူမကို ဆွဲဆောင်ရန် ကြိုးစားနေသည်။

"ချိုးယွဲ့၊ ငါတို့က တော်တော် အဆင်ပြေနေသေးပါတယ်။ ဟိုဘက်က စားစရာတော်မရှိတဲ့ တခြားအဖွဲ့တွေကို ကြည့်လိုက်ပါဦး။ ခဏလောက်တော့ သည်းခံလိုက်ပါ၊ ကျင့်ရှီလျိုမြောင်ကို ရောက်တာနဲ့ အဆင်ပြေသွားမှာပါ”

ချိုးယွဲ့က သူမ၏နီရဲနေသော နှာခေါင်းကို ပွတ်ကာ ခေါင်းညိတ်ပြလိုက်သည်။ သူမက သူမ၏ နူးညံ့သိမ်မွေ့သော ပုံရိပ်ကို ထိန်းသိမ်းထားရဆဲဖြစ်ပြီး အပြင်လူများနှင့် ပြသနာ ဖြစ်ကာ သူမ၏ပုံရိပ်ကို အဆုံးရှုံးမခံနိုင်ပေ။

စူးချင်းကတော့ ချိုးယွဲ့  ထိုနေရာတွင် ပြသနာရှာနေသည်ကို မသိဘဲ သူမ၏ကျားရုပ်လေးကို ပန်းထိုးရန်သာ အာရုံစိုက်နေခဲ့သည်။ ကလေးများက သူတို့၏ မေးစေ့လေးများကို လက်နှစ်ဖက်ဖြင့် ထောက်ကာ သူမကို ကြည်ညိုလေးစားသော အမူအရာလေးများဖြင့် ကြည့်နေကြသည်။ စူးချင်း မော့ကြည့်လိုက်ချိန်တွင် ကလေးများ၏ ချစ်စဖွယ်အကြည့်လေးများကို မြင်လိုက်ရပြီး သူမ စိတ်​​ကောင်းဝင်​နေ​သောကြောင့်​ သူမ၏မျက်​နှာက အရင်ကတော့​ ​အေးစက်မ​​နေ​တော့ပေ​။

ယနေ့ညတွင် ရာသီဥတုက ပုံမှန်မဟုတ်ဘဲ နေ့ခင်းဘက်တွင် နေက ချစ်ချစ်တောက် ပူလောင်နေခဲ့သော်လည်း ညဘက်တွင် တောင်ပေါ်၌ လေပြင်းများ တိုက်ခိုက်နေသည်။ အပြင်ဘက်တွင် စခန်းချခြင်းက သူတို့အတွက် အန္တရာယ်ရှိနိုင်သည်။ ထို့ကြောင့်  ကျိရွှေရှန့်က နားစရာနေရာ ရှာဖွေခဲ့ပြီး ညမမှောင်ခင်မှာပင် သူတို့ အနားယူရန် လုံလောက်သည့် စွန့်ပစ်ထားသော တာအိုဘုရားကျောင်းတစ်ခုကို ရှာတွေ့ခဲ့သည်။

စားနပ်ရိက္ခာ ချွေတာနိုင်ရန်အတွက် လူတိုင်းက ညစာကို မစားတော့ဘဲ အားလုံးက ရေနွေးသောက်ပြီး အိပ်လိုက်ကြတော့သည်။ စူးချင်းက မီးရှေ့တွင် ထိုင်နေပြီး ကျားရုပ်လေး ပန်းဆက်ထိုးနေခဲ့သည်။ သူမက ပန်းထိုးရသည့်ခံစားချက်ကို အနည်းငယ် စွဲလမ်းနေပြီး ပန်းထိုးခြင်းက လူတစ်ဦး၏ စရိုက်နှင့် အပြုအမူကို ပြုပြင်ပျိုးထောင်ပေးနိုင်ပြီး စိတ်အားထက်သန်နေသော နှလုံးသားကို အေးချမ်းစေနိုင်ကြောင်း သူမ တွေ့ရှိခဲ့ရသည်။

ကျားပုံလေးက ကျားပုံသဏ္ဍာန် စပေါ်လာပြီဖြစ်သော်လည်း နောက်ထပ် အနည်းငယ် ဆက်လုပ်မှသာလျှင် ပြီးမြောက်နိုင်မည်ဖြစ်သည်။ သူမက သူမ၏စစ်နတ်ဘုရား စွမ်းရည်ကို ထပ်မံ အဆင့်မြှင့်တင်နိုင်ရန် ယနေ့ညတွင် ထိုကျားပုံလေးအား အပြီးသတ်ချင်နေခဲ့သည်။

ကျိရွှေရှန့်က ညဘက်အတွက် ကင်းအလှည့်များကို စီစဉ်ပေးလိုက်ပြီး သူက နေ့ဘက်တွင် အိပ်ခဲ့ရသောကြောင့် ပထမတစ်ပိုင်းကို အိပ်ရေးမဝသေးသူများအတွက် ဦးစားပေးပြီး လူရွေးချယ်ပေးခဲ့သည်။

ထိုအချိန်တွင် စူးချင်းက မီးဘေးတွင် ထိုင်ကာ ပန်းထိုးနေသည်ကို တွေ့လိုက်ရသောကြောင့် သူက မနေနိုင်တော့ဘဲ သူမဆီသို့ လျှောက်လာကာ လှမ်းပြောလိုက်သည်။

"မင်း ရှင်းရှင်းလင်းလင်း မြင်ရလို့လား? မျက်လုံးကို မထိခိုက်စေနဲ့"

ကျိရွှေရှန့်က သူ အဘယ်ကြောင့် စူးချင်းကို အလွန်စိုးရိမ်မိနေကြောင်း သူကိုယ်တိုင်လည်း မသိပေ။ ထိုသို့ပြောပြီးနောက်တွင် သူက သူ အနည်းငယ် ရုတ်တရက်ဆန်သွားသည်ဟု ခံစားမိသော်လည်း နောင်တတော့ မရပေ။

သူမနဲ့ စကားပြောရတာက ကြည်နူးစရာကောင်းတယ်လေ။

"အဆင်ပြေပါတယ်၊ နောက်ထပ်နည်းနည်းပဲ ကျန်တော့တယ်"

စူးချင်းက သူမ၏ခေါင်းကို မော့လာပြီး သူ့ကို ကြည့်လိုက်သည်။ ထို့နောက် သူမက သူမ၏ဘေးနားတွင် ချထားသည့် အိတ်ထဲမှ မုန့်တစ်ထုပ်ကို ယူကာ သူ့ကို ပေးလိုက်ပြီး ခပ်တောင့်တောင့်လေသံဖြင့် ပြောလိုက်သည်၊

"ကျွန်မ ကျင်းချန်ကနေ ဝယ်လာခဲ့တာ။ အေးသွားတော့ နည်းနည်း မာသွားပြီ၊ ကျွန်မ မစားချင်တော့ဘူး”

ကျိရွှေရှန့်က သူမကို မော့ကြည့်လိုက်သည်။

တခြားလူကို ဂရုစိုက်ပေးတဲ့အချိန်မှာတောင် ဒီအမျိုးသမီးရဲ့စကားတွေက ဒီလောက်တင်းမာတယ်လား?

ကျိရွှေရှန့်က မုန့်ကို ယူလိုက်ပြီး အပြုံးဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ အေးနေရင်တောင် အရသာ‌တော့ ရှိမှာပါ”

စူးချင်းက သူ့ကို တချက်ကြည့်လိုက်ပြီးမှ ကျားရုပ်လေးကို ပန်းထိုးရန် အာရုံစိုက်ဖို့ ခေါင်းပြန်ငုံသွားသည်။ ကျိရွှေရှန့်က မုန့်ကို ယူသွားပြီး လီတာ့နျိုနှင့် မျှဝေစားသောက်လိုက်သည်။ လေက ပို၍ ပြင်းထန်လာပြီး တောင်ပေါ်ရှိသစ်ပင်များက ကြောက်မက်ဖွယ်ကောင်းသော ယိမ်းနွဲ့နေသော နတ်ဆိုး၏လက်များနှင့် တူနေတော့သည်။ မှောင်မည်းနေသော ကောင်းကင်ကြီးတွင်လည်း ကြယ်တစ်ပွင့်ပင် မမြင်နိုင်ချေ။

ဒီလိုညမျိုးမှာ ဒီလိုရာသီဥတုနဲ့ တောင်ပေါ်မှာသာ တစ်ယောက်တည်းနေရရင် ကြောက်တာနဲ့ကို သေသွားလိမ့်မယ်။

စူးချင်းက ထရပ်လိုက်ပြီး မီးပုံကို ငြိမ်းသတ်လိုက်သည်။ ဤလေက အလွယ်တကူ တောင်မီးလောင်စေနိုင်သောကြောင့်ပင်။

ကျိရွှေရှန့်ကလည်း ထိုအရာကို စဉ်းစားမိပြီး တစ်ဖက်ခြမ်းမှ မီးပုံကို ငြိမ်းသက်လိုက်သည်။ ထို့နောက် နှစ်ယောက်သား နောက်ဆုံး မီးပုံဆီသို့ အတူတူ လျောက်လာမိကြသည်။

ငါ လုပ်လိုက်မယ်။ မင်း သွားပြီး အနားယူသင့်ပြီ”

ကျိရွှေရှန့်က စူးချင်းကို ကြည့်ပြီး ပြောလိုက်သည်။

ဒီအမျိုးသမီးရဲ့မျက်နှာက အေးစက်နေပြီး တခြားသူတွေကို ဘယ်တော့မှ ဂရုစိုက်ဘူးလို့ ထင်ရပေမယ့် သူမမှာရှိတဲ့ တာဝန်သိစိတ် ပြင်းထန်လွန်းတယ်။ သူမက ထောင်ဟွားဝူက ရွာသူရွာသားများတွေအတွက် တိတ်တဆိတ် လုပ်ဆောင်ပေးနေတာ အများကြီးရှိနေပြီ။

အင်း”

စူးချင်းက ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်တွင် သူမလည်း အနည်းငယ် ပင်ပန်းနေပြီး ကျိရွှေရှန့် ပြောသည့်စကားက မှန်ကန်ကြောင်း အခု သူမ သဘောပေါက်နေပြီ ဖြစ်သည်။

ပန်းထိုးတာက မျက်လုံးကို ထိခိုက်စေတဲ့အတွက် ညဘက်မှာ ပန်းမထိုးသင့်ဘူး။

စူးချင်းက ကျိရှောင်ယင် ပြင်ဆင်ပေးထားသော အိပ်ယာသို့ သွားပြီး ဝင်အိပ်လိုက်သည်။ ကျိရှောင်ယင်က လုံးဝ ငြိမ်ငြိမ်လေး အိပ်စက်နိုင်သူဖြစ်ပြီး သူမအတွက် နေရာတစ်ဝက်နှင့် စောင်တစ်ဝက်ကို ချန်ထားပေးခဲ့သည်။ စူးချင်းက စောင်ထဲသို့ တိုးဝင်လိုက်ပြီး နွေးထွေးမှုက သူမကို အိပ်ပျော်သွားစေခဲ့သည်။

ညဉ့်နက်သန်းခေါင်တွင် တုတ်များ အချင်းချင်း ရိုက်ခတ်သံနှင့် လူများ၏အော်သံကို ကြားလိုက်ရသောကြောင့် စူးချင်း လန့်နိုးလာပြီး အိပ်ယာထဲမှ ထွက်သွားရန် ထရပ်လိုက်သည်။

အမှောင်ထဲတွင် လူအုပ်စုနှစ်စု တိုက်ခိုက်နေကြပြီး စူးချင်းက လခြမ်းကွေးလေး၏အလင်းရောင်အောက်ပင် ကြည်လင်ပြတ်သားစွာ မြင်နိုင်သည်။ သူတောင်းစားကဲသို့ စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူအနည်းငယ်က ကျိရွှေရှန့်နှင့် အခြားလူများကို တုတ်များဖြင့် တိုက်ခိုက်နေကြသည်။ သူတို့အားလုံးက ပြင်းပြင်းထန်ထန် လွန်လွန်ကြူးကြူး တိုက်ခိုက်နေကြသည်။

သို့သော် သူတို့က ဆာလောင်လွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူတို့၏ တိုက်ခိုက်မှုက ပြင်းထန်သော်လည်း သူတို့၏ လှုပ်ရှားမှုများက နှေးကွေးနေပြီး အားနည်းနေပုံရသည်။

သို့သော်လည်း ကျိရွှေရှန့်နှင့် တိုက်ခိုက်သော လူထွားကြီးက အရပ်နှစ်မီတာကျော်ရှိပြီး ကြီးမားသော သံမျှော်စင်တစ်ခုလို ဖြစ်နေသည်။ သူ့၏ဘယ်ညာ လက်နှစ်ဘက်စလုံးထဲတွင် ကျောက်ပုဆိန်ကို ကိုင်ထားပြီး ထိုပုဆိန်ကို လေထဲတွင် ဝှေ့ယမ်းနေပုံက သန်မာသူဖြစ်မှန်း သိသာနေသည်။ သူက တောင်ပေါ်မှဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ ရဲရင့်ပုံပေါ်နေသည်။

ကိုယ်ခံပညာစွမ်းရည် အလွန်မြင့်မားသော ကျိရွှေရှန့်ပင် သူ့ကို ခက်ခက်ခဲခဲ ပြန်တိုက်ခိုက်နေရသည်။

ဒါက လူတွေ ပြေလေ့ရှိတဲ့ 'လူတစ်ယောက်က လူဆယ်ယောက်ကို အနိုင်ယူနိုင်တယ်' ဆိုတဲ့ စကားအတိုင်းပါပဲ။

သို့သော်လည်း ကျိရွှေရှန့်က ပိုင်ကျို့ရှန်း၏ဂရုတစိုက် လေ့ကျင့်မှုကို ခံယူခဲ့ရပြီး သူက အလွန် သန်မာလှသည်။ သူက ဤကောင်လေး၏တခြားအစွမ်းအစများကို မြင်ချင်‌နေသောကြောင့် ထိုကောင်လေးကို ချက်ခြင်း မနိုင်မယူခဲ့ခြင်းပင်။

သူက အနာဂတ်မှာ ကြီးကျယ်တဲ့ အရာတွေကို လုပ်ဆောင်ရမယ်။ ဒီကောင်လေးက သန်မာပြီး အစွမ်းအစလည်း ရှိနေတယ်။ ဒီကောင်လေးကို သူ့အနားမှာ ထားနိုင်ရင် ဒီကောင်လေးက သူ့အတွက် အစွမ်းထက်တဲ့ အထောက်အကူတစ်ခု ဖြစ်လာလိမ့်မယ်။

ကောင်လေး၏လှုပ်ရှားမှုများကို  ရှင်းရှင်းလင်းလင်း နားလည်သွားချိန်တွင် ကျိရွှေရှန့်က သူ့ကို ​​ကရုဏာမထားတော့ပေ။ သူက ထိုလူထွားကြီး၏ အနောက်သို့ ရောက်အောင် ရှောင်တိမ်းလိုက်ပြီး ခုန်တက်ကာ ထိုလူထွားကြီး၏လည်ပင်းကို တုတ်ဖြင့် ရိုက်ချလိုက်သောကြောင့် ထိုလူထွားကြီးက မြေပြင်ပေါ်သို့ တိုက်ရိုက် ပစ်ကျသွားသည်။

"သူ့ကို ကြိုးနဲ့ ချည်ထားလိုက်"

ကျိရွှေရှန့်က လီတာ့နျိုကို အမိန့်ပေးလိုက်ပြီး လီတာ့နျိုက ကြိုးဖြင့် ချက်ချင်း ရောက်လာသည်။ သူက ထိုကောင်လေးကို  လွယ်လွယ်နှင့် ချည်နှောင်ထားနိုင်မည်ဟု တွေးမိသောကြောင့် ကြိုးချည်ဖို့ ပြင်နေရင်း ကြိမ်းမောင်းလိုက်သည်။

"ငါတို့ စားစရာတွေကို ခိုးခိုင်းတာ ဘယ်သူလဲ။ မင်းကို လူကောင်းမဟုတ်ဘဲ ဓားပြဖြစ်စေတာ ဘယ်သူလဲ?"

'စားစရာ' ဟူသော စကားလုံးကို ကြားချိန်တွင် မူလက မူးဝေနေသော လူထွားကြီးက ရုတ်တရက် ပြန်ထလိုက်ကာ လီတာ့နျိုကို သူ့၏ခန္ဓာကိုယ်အောက်တွင် ဖိထားလိုက်သည်။ သူက သူ့၏လက်သီးဝှေ့ယမ်းလိုက်ပြီး လီတာ့နျိုကို ရိုက်နှက်လိုက်ရာ လီတာ့နျိုတစ်ယောက် တုံ့ပြန်ရန် အချိန်ပင် မရှိဘဲ မေ့မြောသွားတော့သည်။

လူထွားကြီးက မတ်တပ်ရပ်လိုက်ပြီး သူ့ရှေ့တွင် ရပ်နေသော စူးချင်းကို တွေ့သွားခဲ့သည်။ သို့သော် သူက ဒေါသထွက်နေကာ သူ့မျက်လုံးများက နီရဲနေပြီး မည်သူမည်ဝါဖြစ်သည်ကိုပင် ဂရုမစိုက်ဘဲ စူးချင်းထံသို့ ပြေးဝင်သွားတော့သည်။

✍️✍️✍️