အခန်း ၈၄ ညီအစ်ကိုအဖြစ် အသိအမှတ်ပြုခြင်း
ကျိရွှေရှန့်က ထိုစိန်ခေါ်မှုကို
တည်ငြိမ်စွာ လက်ခံလိုက်သည်။ သူက စူးချင်း၏ယခင်လှုပ်ရှားမှုကို အသုံးပြုကာ ခုန်တက်လိုက်ပြီး
လူထွားကြီး၏နံရိုးအောက်မှ ဖြတ်ကျော်ကာ လူထွားကြီး၏လည်ပင်းအနောက်ဘက်ကို ရိုက်ချလိုက်သည်။
တုံးအသော
လူထွားကြီးက သတိလစ်သွားပြန်သည်။
"ရွှေရှန့် အရမ်းတော်တယ်!”
“အစ်ကိုရွှေရှန့်
မင်းက အံ့သြစရာကောင်းတယ်”
ထောင်ဟွားဝူမှ ရွာသူရွာသားများက
သူတို့၏တိုက်ပွဲကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသည်။ ကျိရွှေရှန့် အနိုင်ရသွားသည်ကို
မြင်သောအခါ လူတိုင်းက သူ့ကို လက်ခုပ်တီးအားပေးနေကြပြီး သူတို့အားလုံး၏မျက်လုံးများတွင်
ဂုဏ်ယူမှုများ ပြည့်နေလေသည်။
ချိုးယွဲ့ကလည်း ကျိရွှေရှန့်ကို
ကြည့်နေပြီး သူမ၏မျက်နှာတွင် ချစ်ခြင်းမေတ္တာများ ပြည့်လျှံနေသည်။
ဒီလိုလူမျိုးကမှ
တကယ့်ကို အစစ်အမှန်ယောကျာ်းပဲ၊ သူကပဲ သူမနဲ့ထိုက်တန်တယ်။
တိုက်ပွဲပြီးသွားသောကြောင့်
စူးချင်းက ဘုရားကျောင်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သူမ ပြန်ရောက်လာချိန်တွင် ကျိရှောင်ယင်
နိုးနေသည်ကို သူမ တွေ့လိုက်ရသည်။
"အစ်မ ဘာတွေဖြစ်နေတာလဲ?"
ကျိရှောင်ယင်က
သူမ၏မျက်လုံးများကို ပွတ်သပ်ရင်း စူးချင်းကို လှမ်းမေလိုက်သည်။ သူမက အိပ်ယာမှ ထလာခါစ
ဖြစ်သောကြောင့် ရီဝေငိုက်မြည်းနေဆဲဖြစ်ပြီး သူမ စူးချင်းကို ခေါ်ပြောရမည့်ပုံစံကို
ပြောင်းလဲရန် မေ့သွားခဲ့သည်။ သူမက သူမ အိပ်နေစဥ် ကျင်းချန်ကို မြို့စောင့်တပ်များ ဝိုင်းထားသည်ဟု
အိပ်မက်မက်နေခြင်းဖြစ်ပြီး သူမ နိုးလာမှ အိပ်မက် မက်နေမှန်း သိလိုက်ရသည်။
“ဘာမှ
မဟုတ်ဘူး။ တစ်စုံတစ်ယောက်က စားစရာတွေကို လာလုပေမယ့် မင်းရဲ့အစ်ကိုကြီးက သူ့ကို
ရိုက်နှက်လိုက်ပြီ”
စူးချင်းက
အေးဆေးတည်ငြိမ်သော အသံဖြင့် ကျိရှောင်ယင်ကို နှစ်သိမ့်ပေးလိုက်သော်လည်း သူမက
စိတ်ပူနေဆဲဖြစ်ကာ ထကြည့်လိုက်သေးသည်။
စူးချင်းက သူမနှင့်အတူ
လိုက်သွားခဲ့ပြီး လူထွားကြီး ပြန်သတိရနေသည်ကို တွေ့လိုက်ရသည်။ သူက မြေပြင်ပေါ်မှာ
ဒူးထောက်နေပြီး သူ့လက်နှစ်ဘက်ကို သူ့ရင်ဘတ်ရှေ့တွင် လက်ခုပ်အုပ်ထားကာ ကျိရွှေရှန့်ကို
လှမ်းခေါ်လိုက်သည်။
“အစ်ကိုကြီး”
"အစ်ကိုကြီး၊ ကျုပ်ကို ညီလေးအဖြစ် လက်ခံပေးပါ"
"မင်းနာမည် ဘယ်လိုခေါ်လဲ?"
ကျိရွှေရှန့်က သူ၏အရှုံးကို
တည်တည်ငြိမ်ငြိမ် လက်ခံလိုက်သော လူထွားကြီးကို ကြည့်ရင်း မေးမြန်းလိုက်သည်။ လူထွားကြီးက
မသဲမကွဲ ပြန်ဖြေလိုက်သည်။
"ငါက ကျုံးယုံ"
"ကျုံးယုံ?"
ကျုံးယုံဟူသော စကားကို
ကြားသောအခါ ကျိရွှေရှန့်၏မျက်လုံးများက အရောင်တောက်လာပြီး သူက ထိုအမည်ကို ရေရွတ်နေကာ
သူ့နှလုံးသားထဲမှ တုန်လှုပ်မှုကို မထိန်းလိုက်နိုင်သောကြောင့် သူ့၏အာဒမ်ပန်းသီးက
အကြိမ်အနည်းငယ် လှိမ့်သွားခဲ့သည်။
"ဟုတ်တယ် ငါ့နာမည်က ကျုံးယုံ။ ငါက တောင်ပေါ်မှာ ရှိတဲ့ ရွာမှာနေတယ်၊ ငါ့မှာ
အမေတစ်ယောက်ရှိတယ်။ အကိုကြီး၊ ငါ့အမေကို ငါ့နဲ့အတူ လိုက်ခွင့်ပေးရင် ငါ ဓားတောင်တန်းကိုပဲ
ဖြတ်ရဖြတ်ရ မီးပင်လယ်ကိုပဲ ဝင်ရ ဝင်ရ အကိုကြီးနဲ့ အတူလိုက်ခဲ့ပါ့မယ်"
ကျုံးယုံက ကျိရွှေရှန့်ကို
စိုက်ကြည့်နေပြီး ကျိရွှေရှန့်က သူ့အမေကို သူနဲ့အတူ ခေါ်ဆောင်ရန် သဘောမတူမည်ကို သူ
အလွန် စိတ်ပူနေခဲ့သည်။
သစ္စာစောင့်သိသော မှူးမတ်များနှင့်
သားသမီးကျင့်ဝတ်ကျေပွန်သော သားယောကျာ်းလေးများကို လူတိုင်းက လေးစားကြပြီး သားနှင့်
အမေကို ခွဲခွာခိုင်းရန် မသင့်တော်ပေ။ ကျိရွှေရှန့်က ခေါင်းညိတ်သဘောတူလိုက်သည်။
“ရတယ်”
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
ကျုံးယုံက ကျိရွှေရှန့်
အလွယ်တကူ သဘောတူလိုက်မည်ဟု မမျှော်လင့်ထားသောကြောင့် မျက်ရည်များကျလာခဲ့သည်။ သူက
မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကျိရွှေရှန့်ကို သုံးကြိမ်တိုင်တိုင် အရိုအသေပြုလိုက်ပြီးမှ
သူက ကျိရွှေရှန့်ကို ထပ်ပြောလိုက်သည်။
“အစ်ကိုကြီး၊
ကျွန်တော် ထုပ်ပိုးဖို့ ပြန်သွားလိုက်အုံးမယ်။ မနက်ဖြန်မနက် လမ်းဆုံမှာ အစ်ကိုကြီးတို့ကို
စောင့်နေပါ့မယ်"
"အင်း... သွားတော့!"
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သောကြောင့်
ချိုးယုံခန်းက စိုးရိမ်မှုများ ပြည့်နေသည့် အမူအရာဖြင့် ကျိရွှေရှန့်ကို လှမ်းကြည့်လိုက်သည်။
အစားအသောက် လုယူဖို့လာတဲ့သူတွေက
အဆင်ပြေပါ့မလား? ရွှေရှန့်က သူနဲ့သူ့အမေကို ခေါ်သွားချင်ခဲ့တာလား? ဆိုလိုတာက သူ့တို့မှာ
ကျွေးဖို့ ပါးစပ်နှစ်ပေါက် တိုးလာတော့မယ်ပေါ့။ ဒီတုံးအပုံရတဲ့ လူထွားကြီးက ကြည့်တာနဲ့ကို
အများကြီးစားနိုင်မှန်း သိသာနေတယ်။ လူ သုံးယောက်စားတဲ့ အစားအစာပမာဏကို သူတစ်ယောက်တည်း
စားနိုင်လောက်တယ်။
သို့သော် ကျိရွှေရှန့်က
သဘောတူလိုက်သောကြောင့် သူက အများကြီးထပ်မတွေးတော့ဘဲ ကျုံးယုံ ထွက်ခွာသွားသည်ကို စောင့်ဆိုင်းနေပြီးမှ
ကျိရွှေရှန့်ကို သွားပြောလိုက်သည်။
"ရွှေရှန့်၊ ငါတို့ရဲ့ စားစရာကို ခိုးဖို့လာတဲ့သူက ဘယ်လိုလုပ် လူကောင်းဖြစ်မှာလဲ?
ဝံပုလွေကို အိမ်ထဲမ၀င်စေနဲ့!"
“ငါ ခုန
သူ့ကို မေးပြီးပြီ။ တစ်စုံတစ်ယောက်က သူတို့ကို လှည့်စားပြီး ငါတို့က
အကျင့်ပျက်အရာရှိတွေလို့ ပြောခဲ့တယ်။ အဂတိလိုက်စားတဲ့ အရာရှိတွေကို လုရက်တာက
ပြည်သူတွေအတွက် အန္တရာယ် ကင်းရှင်းစေဖို့ပဲ”
ကျိရွှေရှန့်က ကျုံးယုံကို
အလွန်ယုံကြည်နေပြီး သူ့အတွက် စကားပြောပေးလိုက်သည်။
"အဲ့လိုဆိုရင်တော့ ငါတို့ သတိထားရလိမ့်မယ်"
ချိုးယုံခန်းက
စိုးရိမ်နေဆဲ ဖြစ်သော်လည်း ကျိရွှေရှန့်က ကျုံးယုံနှင့် သူ့အမေကို ခေါ်သွားရန်
ဆုံးဖြတ်ပြီးဖြစ်ကြောင်း သူ နားလည်နေသည်။
ထောင်ဟွားဝူမှရွာသားများက
နောက်ထပ်လူပိုနှစ်ဦး မလိုချင်ကြသော်လည်း သူတို့၏အစားအစာနှင့် ရေများအားလုံးကို ကျိရွှေရှက
ရှာဖွေခဲ့ကြောင်း သူတို့သိနေသောကြောင့် သူတို့ထံတွင် ကန့်ကွက်ပိုင်ခွင့် မရှိပေ။
ဒါပေမယ့် စူးချင်းက
ဥပမာအနေနဲ့ ရှိခဲ့ဖူးတယ်။ သူတို့က သူမကို ဝန်ထုပ်ဝန်ပိုးလို့ သတ်မှတ်ခဲ့ကြပေမယ့် သူမက
ထောင်ဟွားဝူကလူတွေကို ဘယ်လောက်အကူအညီပေးခဲ့လဲ? ဒီလူထွားကြီးကလည်း
အရမ်းသန်မာတာကြောင့် သူတို့အတွက် အစောင့်အကြပ်တော့ လုပ်ပေးနိုင်ပါလိမ့်မယ်။
ရုန့်ရင်းဆန်ခတ် ဖြစ်သွားရသည့်
ပြသနာကို ကျော်လွန်ပြီးနောက် ည၏ ဒုတိယနှစ်ဝက်ကို ရောက်လာပြီ ဖြစ်ကာ ကျန်းလောင်ချီနှင့်
လီတာ့နျိုက ကျိရွှေရှန့်နှင့်ချိုးယုံခန်းတို့ နေရာတွင် အစားထိုးဝင်ရောက်ကာ
လှည့်ကင်းအတွက် တာဝန်ယူပေးခဲ့သည်။ ကျိရွှေရှန့် ဘုရားကျောင်းထဲသို့ ဝင်သွားချိန်တွင်
စူးချင်းက ကျိရှောင်ယင်နှင့်အတူ အိပ်ပျော်နေပြီ
ဖြစ်သည်။
သူလည်း မအိပ်ရသေးသည့်အတွက်
ကျောက်ဆင်းတုကို ခေါင်းမှီကာ အိပ်ပျော်သွားခဲ့သည်။ အဝတ်အစားများ တဖျပ်ဖျပ် ခါနေသည့်အသံကို
ကြားလိုက်ရသောကြောင့် သူ နိုးလာပြီး မျက်လုံးကို ချက်ခြင်း ဖွင့်ကြည့်လိုက်ရာ
ကောင်းကင်ကြီး တောက်ပနေသည်ကို တွေ့လိုက်ရပြီး သူ မိုးလင်းသည်အထိ အိပ်ပျော်သွားပုံရသည်။
သူ ကျောက်ဆင်းထုနောက်မှ
လှမ်းကြည့်လိုက်ရာ စူးချင်း၏သွယ်လျသော ကျောပြင်လေးကို လှမ်းမြင်လိုက်ရပြီး သူမက သူမ၏ဆံပင်ကို
ချည်နှောင်နေရင်း ဘုရားကျောင်းထဲမှ ထွက်ရန် ပြင်ဆင်နေသည်။ ကျိရှောင်ယင်ကလည်း နိုးလာပြီး
သူမနောက်မှ ပြေးလိုက်သွားတော့သည်။
ကျိရွှေရှန့်က ထပ်အိပ်မပျော်တော့ဘဲ
သူလည်း ဘုရားကျောင်းပျက်ကမှ ထွက်လာခဲ့ပြီး သူမတို့နောက်မှ လိုက်လာခဲ့ရာ စူးချင်းက ဆန်ဆေးကြောပြီး
ယာဂုချက်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏အလုပ်များသော အသွင်အပြင်လေးက ကျိရွှေရှန့်အတွက်
နွေးထွေးမှုကို ခံစားရစေသည်။ ဤသည်မှာ သူ နေထိုင်လိုသောဘဝလေးသာ ဖြစ်သည်။
သူက အမဲလိုက်မယ်၊
လယ်လုပ်မယ်။ သူ အပြင်ထွက် အလုပ်လုပ်ပြီး အိမ်ကို ပြန်ရောက်တဲ့အခါ သူ့အတွက်
နေ့တိုင်း ထမင်းချက်ပေးမဲ့ လိမ္မာတဲ့ဇနီးလေးတစ်ယောက် ရှိမယ်။ သူ့တို့မှာ ကလေးလေး နှစ်ယောက်လောက်ရှိရင်
ပိုကောင်းလိမ့်မယ်၊ နေထွက်ချိန်ရောက်တာနဲ့ အလုပ်လုပ်ပြီး နေဝင်ချိန်ရောက်ရင်
အနားယူကြမယ်၊ သူ့ဘဝကို မိသားစုနဲ့အတူ ရိုးရိုးရှင်းရှင်း အေးအေးဆေးဆေး နေထိုင်နိုင်လိမ့်မယ်။
ဒါပေမယ့် အဲ့တာက
စိတ်ကူးထဲမှာပဲ ဖြစ်နိုင်ပြီး လက်တွေ့ဘဝမှာတော့ အဲ့လိုနေ့ရက်တွေက သူနဲ့မသက်ဆိုင်ဘူးလို့
ကြိုတင်သတ်မှတ်ပြီးသားဖြစ်နေပြီ။ သူနဲ့ ဆိုင်တဲ့ သူ လျောက်ရမယ့်လမ်းက သွေးမုန်တိုင်းဆီကို
ဦးတည်နေတာပါ။
ကျိရွှေရှန့်၏မျက်လုံးများ
မှေးကျဥ်းသွားပြီး စူးချင်းကို သူ့ညီမလေးအား ခေါ်သွားပေးရန် ပြောနိုင်မည့်အချိန်တစ်ခု
ရှာရန် တွေးနေမိသည်။ သူမက သူ့ညီမလေးအပေါ် အလွန် ကောင်းသောကြောင့် စူးချင်းက သူ့ညီမလေးကို
ကာကွယ်ပေးနိုင်မည်ဟု သူ ယုံကြည်နေမိသည်။
ဆန်ဆေးပြီးနောက်တွင်
စူးချင်းက သူမကို စူးစူးစိုက်စိုက် ကြည့်နေသည့်အကြည့်ကို ခံစားလိုက်ရပြီး
မော့ကြည့်လိုက်ရာ ကျိရွှေရှန့်၏ကျောပြင်ကိုသာ တွေ့လိုက်ရသည်။ သူမက အေးအေးဆေးဆေး အကြည့်ပြန်လွှဲလိုက်ပြီး
ယာဂုကျိုရန် ပြင်ဆင်လိုက်သည်။
မနေ့ညက သူမ ယုန်သားစွတ်ပြုတ်ကို
ပြုလုပ်ခဲ့သည့်အတွက် သူမ၏ ဟင်းချက်စွမ်းရည်က အစိတ်သေးနှစ်ခုစာ တိုးလာသော်လည်း
နောက်တစ်ဆင့်သို့ တက်နိုင်ရန် နောက်ထပ် သုံးစိတ် လိုနေသေးသည်။ သူမ ဟင်းပွဲအသစ်တစ်ပွဲ
ဖန်တီးနိုင်လျှင် အကောင်းဆုံးဖြစ်ပြီး ထို့နောက်တွင် အစိတ်သေးသုံးစိတ်လုံး
တစ်ပြိုင်နက် ပြည့်ကာ အဆင့်ထပ်တက်နိုင်မည် ဖြစ်သည်။
မနက်စာစားပြီးနောက်
ကျိရွှေရှန့်က လူတိုင်းကို သူတို့၏ပစ္စည်းများ စစ်ဆေးထုတ်ပိုး သိမ်းဆည်းစေပြီး
ဘာမှ မကျန်ခဲ့ကြောင်း သေချာသည်နှင့် ခရီးဆက်ရန် အမိန့်ပေးလိုက်သည်။
စူးချင်းက ကျားပုံ၏
မျက်လုံးများသာ ပန်းထိုးရန် ကျန်နေပြီး သူမ၏အလုပ်က မကြာခင် ပြီးမြောက်တော့မည်
ဖြစ်သည်။ ကျိရှောင်ယင်က ရထားလုံးထဲတွင် ထိုင်နေပြီး မေးကို လက်ထောက်ကာ စူးချင်း
ပန်းထိုးနေသည်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ သူမ၏မျက်လုံးများတွင် မနာလိုအားကျရိပ်များ
ပြည့်နှက်နေပြီး သူမကိုယ်တိုင်လည်း စမ်းကြည့်ချင်နေပုံရသည်။
"မင်း စမ်းကြည့်ချင်လား? ဒီမှာ အထည်တွေ အများကြီး
ရှိတယ်။ မင်း စိတ်ကြိုက်လေ့ကျင့်လို့ရတယ်”
စူးချင်းက
ကလေးမလေး၏မျက်လုံးများထဲမှ ဆန္ဒကို မြင်နိုင်ပြီး သူမ၏ အထည်အိတ်ထဲမှ လက်ဖဝါးအရွယ်
အထည်နှစ်စကို ထုတ်ယူကာ ကျိရှောင်ယင်အား လှမ်းပေးလိုက်သည်။
"လေ့ကျင့်မယ်!"
"ဒါပေမယ့် ပန်းထိုးကွင်း၊ အပ်နဲ့ ပန်းထိုးချည်တွေ မရှိဘူးလေ"
"ငါ ပန်းထိုးလို့ပြီးသွားရင် အပ်နဲ့ ပန်းထိုးချည် ပေးမယ်"
စူးချင်းက သူမ၏တစ်ချောင်းတည်းသောအပ်ဖြင့်
အမြန် ပန်းထိုးနေပြီး အဆုံးသတ်နိုင်ရန် မျက်လုံးတစ်ဖက်သာ လိုအပ်တော့သည်။ ကလေးများက
စူးချင်း၏လက်ထဲမှ အဝတ်စလေးကို စိုက်ကြည့်နေကြပြီး အတွေးများနေကြပြန်သည်။
အရမ်းလှတာပဲ။ အစ်မက
ဘယ်သူ့အတွက်လုပ်နေတာလဲ?
"အင်း" ကျိရှောင်ယင်က ဝမ်းသာအားရ သဘောတူလိုက်သည်။ သူမက သူမ၏လက်ထဲတွင်
အထည်စကို ကိုင်ထားသော်လည်း သူမ၏မျက်လုံးများက စူးချင်း ပန်းထိုးနေသည်ကိုသာ
အာရုံစိုက်နေခဲ့သည်။ သူမက ပန်းထိုးနည်းကို တိတ်တဆိတ် လေ့လာနေခဲ့ပြီး ခနနေလျှင် သူမ
ဘာလုပ်ရမည်ကို တွေးတောနေခဲ့သည်။
ရှီးချန်တစ်ဝက်ခန့်(တစ်နာရီခန့်)ကြာပြီးနောက်တွင်
စူးချင်းက ကျားပုံလေးကို လက်စသပ်လိုက်ပြီး ပန်းထိုးကွင်း၊ ပန်းထိုးချည်နှင့် ပန်းထိုးအပ်ကို
ကျိရှောင်ယင်အား လှမ်းပေးလိုက်သည်။
"မင်း ဆက်ပြီး
လေ့ကျင့်လို့ရပြီ"
"ကျေးဇူးတင်ပါတယ် အစ်မ"
ကျိရှောင်ယင်က အလွန်ပျော်ရွှင်နေတာကြောင့်
'အစ်ကို'ဟု ခေါ်ရန် မေ့သွားပြန်သည်။ စူးချင်းက သူမကို
သတိပေးသလို ကြည့်လိုက်မှ ကျိရှောင်ယင်က သူမ၏နဖူးကို ပြန်ရိုက်လိုက်ပြီး “ဒီမှတ်ဉာဏ်ကတော့ အရိုက်ခံရဖို့ ထိုက်တန်တယ်”
စူးချင်းက အပြုံးဖြင့်
သူမ၏လက်ကို ပြန်ဆွဲထားလိုက်ပြီး ကျိရှောင်ယင်ကို နောက်ပြောင်လိုက်သည်။
"မင်း ပိုရိုက်လေလေ ဥာဏ်ပိုတုံးလေလေပဲ"
ကျိရှောင်ယင်က
သူမ၏လျှာလေးကို ထုတ်ပြလိုက်ပြီး ရှက်ရွံ့စွာ ရယ်မောနေပြန်သည်။ စူးချင်းက နောက်ပြောင်ခြင်းကို
ရပ်လိုက်ပြီး သူမ ကျားပုံစံအရုပ်လေး ပန်းထိုးထားသည့် အဝတ်လေးကို ကောက်ယူလိုက်ကာ “ရှောင်ဟူ၊
ဒီကို လာခဲ့”
"သားအတွက်လား?"
ရှောင်ဟူလေးက စူးချင်းကို
မယုံကြည်စွာ ကြည့်နေရင်း မေးလိုက်သော်လည်း စိတ်လှုပ်ရှားလွန်းနေသောကြောင့် ကလေးလေး၏မျက်လုံးများက
တောက်ပနေခဲ့သည်။
“အင်း၊
နာခံမှုအတွက် ဆုချတာ”
စူးချင်းက
ခေါင်းညိတ်လိုက်ပြီး ရှောင်ဟူ့ကို အထည်စလေး ပေးလိုက်သည်။ သူမက ကလေး
အဝတ်အစားလဲရာတွင် မကူညီနိုင်သောကြောင့် ကလေးလေးက သူ့ကိုယ်သူ အားကိုးတတ်ရန်
သင်ယူရင်း အဝတ်လဲရန် ပြင်ဆင်နေရသည်။ နောက်ဆုံးတွင် ရှောင်ဟူလေးက ရယ်မောနေပြီး
အဝတ်အသစ်ကို ကိုးရိုးကားရား ဝတ်ဆင်လိုက်သည်။
‘လူက
အဝတ်အစားပေါ်တွင်မူတည်ပြီး မြင်းက ကုန်းနှီးပေါ်တွင် မူတည်သည်’ ဟူသော
ဆိုရိုးစကားရှိသည့်အပြင် ရှောင်ဟူလေးက သန်မာသော ခန္ဓာကိုယ်နှင့် ထက်မြက်သော
ဦးနှောက်သည့် ကလေးငယ်လေး ဖြစ်သောကြောင့် ကျားခေါင်းပုံသဏ္ဏန် ပန်းထိုးထားသည့်အဝတ်အစားကို
ဝတ်ဆင်လိုက်ခြင်းက သူ့ကို တက်ကြွသွားစေပုံရကာ ကြည့်ကောင်းလှသည်။
ကျန်ကလေးများအားလုံးက
မနာလိုအားကျစိတ်ဖြင့် ရှောင်ဟူလေးကို ငေးကြည့်နေကြသည်။
အစ်မကြီးလုပ်ထားတဲ့
အဝတ်အစားတွေက အရမ်းလှတယ်။
စူးချင်းက
ရှောင်ဟူလေး၏ပျော်ရွှင်နေသော မျက်နှာကို ကြည့်နေပြီး သူမလည်း လိုက်ပြုံးနေခဲ့သည်။
သူမက သူမ၏လက်ရာအတွက် သူမဘာသာသူမ ဂုဏ်ယူနေမိပြန်သည်။
နောက်ဆုံးတော့ စစ်နတ်ဘုရားမဖြစ်တဲ့
ငါက လူသတ်တာ အပြင် အဝတ်အစားချုပ်တာလည်း ကျွမ်းကျင်လာပြီ။
ထိုအခိုက်အတန့်တွင် ရထားလုံးက ရုတ်တရက် ရပ်သွားပြီး ကျိရွှေရှန့် တစ်စုံတစ်ယောက်နှင့် စကားပြောနေသည့်အသံကို ကြားလိုက်ရသည်။
✍️✍️✍️