အခန်း ၈၅ သူမ ဒီအမျိုးသမီးကို
အရမ်းစိတ်ဝင်စားတယ်
စူးချင်းက
ခေါင်းမော့ပြီး ရထားလုံးအပြင်သို့ လှမ်းကြည့်လိုက်ရာ မနေ့ညက ကျိရွှေရှန့်နှင့်
တိုက်ခိုက်ခဲ့သော ငတုံးလေး ကျုံးယုံကို သူမ တွေ့လိုက်ရသည်။ သူ့၏ဘယ်ညာပခုံးနှစ်ဘက်စလုံးတွင်
အိတ်တစ်လုံးစီကို လက်လျှိုကာ လွယ်ထားပြီး သူ့၏နောက်ကျောတွင် ပိန်ပါးသောအမျိုးသမီးတစ်ယောက်ကို
ထမ်းပိုးထားသည်။ သူ့အမေဖြစ်ပုံရသော အမျိုးသမီးကို ထမ်းပိုးထားသော်လည်း ကျုံးယုံ၏လက်များက
အလွတ်မဟုတ်ဘဲ အိတ်အကြီးကြီးတစ်လုံးကို ကိုင်ဆောင်ထားသေးသည်။
ကျုံးယုံက
တစ်မနက်လုံး စောင့်နေခဲ့ပုံရပြီး သူ့ဆံပင်များတွင်ပင် မြူမှုန်များ
ပြည့်နှက်နေခဲ့သည်။ ထိုနေ့နံနက်တွင် စူးချင်းက သောက်ရေသိုလှောင်ရန် ဝါးပြွန်များကို
အသုံးပြုပြီး ငွေ့ရည်များကို စုဆောင်းခဲ့သည်။
ကျိရွှေရှန့်ကို
မြင်သောအခါ ကျုံးယုံက ကျိရွှေရှန့် သူ့ကို မမြင်မည်ကို စိုးရိမ်နေသောကြောင့် ကျိရွှေရှန့်ကို
အော်ခေါ်ရန် သူ၏ ကျယ်လောင်သော ပေါက်ကွဲသံကြီးကို အသုံးပြုနေသည်။
"အစ်ကိုကြီး၊ ကျွန်တော် ဒီမှာ"
ကျုံးယုံ၏အမေက သူမသား၏နား
နားသို့ကပ်တာ တိုးတိုးလေး ပြောလိုက်သည်။
“ယုံအာ အမေ့ကို ထားခဲ့လိုက်ပါ။ အမေ မင်းကို
ဆွဲမချချင်ဘူး!"
"အမေ၊ ယုံအာက အမေရဲ့သားပဲ။ သား သွားလေရာရာ အမေ့ကို ခေါ်သွားမယ်"
ကျုံးယုံက
သူ့အမေကို အခိုင်အမာ ပြန်ငြင်းဆန်လိုက်သည်။
“အစ်ကိုကြီးက
ကျွန်တော့်ကို မထီမဲ့မြင်ပြုမှာ မဟုတ်ဘူး။ အစ်ကိုကြီးက အမေ့ကို ဒီကို ခေါ်လာဖို့ သဘောတူထားပြီးပြီ"
ကျိရွှေရှန့်က ကျုံးယုံရှေ့သို့
ရောက်လာပြီဖြစ်ကာ သူလည်း ကျုံးယုံ ပြောလိုက်သည့်စကားများကို ကြားလိုက်ရသည်။ သူ့၏ပါးစပ်ထောင့်က
လှုပ်သွားသော်လည်း သူက ဘာမှ ပြန်မပြောတော့ဘဲ သူ့၏မျက်လုံးများက ကျုံးယုံ၏ကျောပြင်ပေါ်ရှိ
အမျိုးသမီးကိုသာ စူးစိုက်ကြည့်နေလေသည်။
ကျုံးယုံ၏မိခင်က
အသားအရေ မွဲခြောက်ခြောက်ဖြစ်နေပြီး ဆံပင်များဖြူနေသော်လည်း သူမ၏မျက်နှာတွင်
အရေးအကြောင်း အနည်းငယ်သာ ရှိသည်။ သူမတွင် သပ်ရပ်သောမျက်ခုံးမွှေးများနှင့် လှပသော
မျက်လုံးများရှိပြီး သိမ်မွေ့သောအင်္ဂါရပ်များ ရှိနေခဲ့သည်။ သူမငယ်ငယ်က မိန်းမလှေလေးတစ်ယောက်ဟု
ဆိုနိုင်သည်။
သို့သော်လည်း သူမ၏
မျက်လုံးများက အာရုံစူးစိုက်မှု ကင်းမဲ့သလိုဖြစ်နေပြီး ကြောင်တက်တက် ဖြစ်နေကာ ရှေ့သို့
စိုက်ကြည့်နေလေသည်။ ကျိရွှေရှန့်က သူမတို့၏ရှေ့သို့ ရောက်နေပြီ ဖြစ်သော်လည်း
အဘွားကြီးက သူ့ကို မြင်ပုံမရပေ။
ကျုံးယုံက
သူ့မိခင်၏ရုပ်ရည်သွင်ပြင်ကို အမွေရခဲ့ပုံ လုံးဝ မရှိပေ။ သူ့မျက်နှာသွင်ပြင်က
ကြီးမားပြီး မျက်ခုံးထူထူ၊ ကျားမျက်လုံး၊ ခြင်္သေ့နှာခေါင်းနှင့်
ကျားသစ်ပါးစပ်တို့ ရှိနေသည်။ သူ့အမေက သေးသွယ်သော်လည်း သူ့အရပ်က နှစ်မီတာကျော်ခန့်ဖြစ်နေပြန်သည်။
"အမေ၊ ဒါက ကျွန်တော့်အစ်ကိုကြီး"
ကျိရွှေရှန့် ရောက်လာသည်ကို
မြင်သောအခါ ကျုံးယုံက သူ့အမေကို ဂုဏ်ယူစွာ မိတ်ဆက်ပေးလိုက်သည်။
“မနေ့ညက
ယုံအာ ပြန်ရောက်လာပြီး သူ အစ်ကိုကြီးတစ်ယောက်ကို ရှာတွေ့ပြီး ရှင်သန်ဖို့ လမ်းစရှာတွေ့ပြီလို့
ပြောခဲ့တယ်။ သူက မင်းကို အရမ်းလေးစားနေပြီး မင်း ဘယ်လောက် သူရဲကောင်းဆန်တယ်၊
စွမ်းဆောင်နိုင်တယ်ဆိုတာကို အဆက်မပြတ် ပြောနေတယ်။ ငါ မင်းကို မတွေ့ဖူးသေးပေမယ့်
မင်းအကြောင်းကိုတော့ အများကြီး ကြားပြီးပါပြီ"
ကျုံးယုံ၏မိခင်က ကျိရွှေရှန့်
ရှိနိုင်မည့်ဦးတည်ရာကို မှန်းဆပြီး မျက်နှာမူကာ လှမ်းပြောလိုက်သည်။ ကျိရွှေရှန့်က
သူမ၏နှုတ်ခမ်းများကို မမြင်နိုင်သော်လည်း သူမ၏မျက်နှာတွင် နူးညံ့သောအပြုံးတစ်ခု
ရှိနေပြီး သူမ၏လေသံကြောင့် ကျိရွှေရှန့်က သူမကို ဘေးတိုက်လှမ်းကြည့်လိုက်မိသည်။
သူမက ရွာမှာနေတဲ့ သာမန်အဘွားကြီး
မဟုတ်ဘူး။ သူမက စကားကို ဖြေးဖြေးနဲ့ မှန်မှန်ပြောတက်ပြီး သူမရဲ့လေယူလေသိမ်းက
သာမန်ရွာသူရွာသားတွေနဲ့ လုံးဝ မတူဘူး။ သူမရဲ့လေယူလေသိမ်းက စည်းစနစ်တကျရှိပြီး သူမရဲ့စကားသံက
နားဝင်ချိုစေတယ်။ သူမက လိမ္မာပါးနပ်ပြီး အကျင့်သီလကောင်းမွန်သော ချမ်းသာတဲ့ မိသားစုက
သခင်မတစ်ယောက်နဲ့ တူနေပြီး သူမ ဘယ်အချိန် ရှေ့တိုး နောက်ဆုတ်
လုပ်ရမယ်ဆိုတာကိုတောင် သိနေသေးတယ်။
“အဲ့လို
မဟုတ်ပါဘူး၊ အဒေါ်က အရမ်း ချီးမွန်းနေတာပါ။ ကျုံးယုံနဲ့ ညီအစ်ကိုဖြစ်ခွင့်ရတာ
ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ၊ ကျွန်တော်တို့ရဲ့ဆက်ဆံရေး အပေါ်အခြေခံရင် ကျွန်တော်က
အဒေါ့်ကို မွေးစားအမေလို့ ခေါ်သင့်တယ်။ အဒေါ်က ကျွန်တော့်ကို မွေးစားသားအဖြစ်
လက်ခံနိုင်မယ်ဖို့ မျှော်လင့်ပါတယ်"
ကျိရွှေရှန့်က အဘွားကြီးကို
ဦးညွှတ်နှုတ်ဆက်လိုက်သည်။ သူမက သူ့၏မှန်ကန်သော ကျင့်ဝတ်အမူအရာများကို မမြင်နိုင်သော်လည်း ကျိရွှေရှန့်ကတော့ ထိုသို့ ပြုမူနေဆဲပင်။
"အကိုကြီး!"
ကျုံးယုံက
အလွန်ထိမိသွားပြီး သူ့မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံနေလေသည်။
သူ့အစ်ကိုကြီးက
သူ့ကို အရမ်း မျက်နှာသာ ပေးတယ်။
"ကောင်းပြီ၊ မင်းက ငါ့တို့ ဆင်းရဲတာကို မငြိုငြင်ဘူးဆိုရင် ငါ မင်းကို
ငါ့ရဲ့မွေးစားသားအဖြစ် လက်ခံနိုင်ပါတယ်"
ကျုံယုံ၏အမေက ကျိရွှေရှန့်
ရှိနေသည့်ဘက်သို့ မှန်းဆကာ ပြုံးပြနေပြီး သူမ၏အသံက သာယာလွန်းကာ နူးညံ့သိမ်မွေ့နေသောကြောင့်
ထိုအသံကို ကြားရသူတိုင်း၏စိတ်နှလုံးကို ငြိမ်သက်သွားစေနိုင်သည်။
စူးချင်းက ရထားလုံးပေါ်တွင်
ထိုင်နေပြီး ကျုံးယုံ၏မိခင်ကို စူးစမ်းနေခဲ့သည်။ သူမ၏အဝတ်အစားများက စုတ်ပြဲနေပြီး သူမကိုယ်တိုင်လည်း
ဆံပင်များ ဖြူနေခဲ့သည်။ သို့သော်လည်း သူမ၏အဝတ်အစားများက သန့်ရှင်းနေပြီး သူမ၏နောက်ကျောက
ဖြောင့်စင်းနေသည်။ သူမက မာနမရှိသော်လည်း နှိမ့်ချနေသူလည်း မဟုတ်ပေ။ သူမက ဆင်းရဲသော်လည်း
သူမ၏အားမာန်ကိုတော့ မဆုံးရှုံးသေးပေ။
သူမ မျက်စိကန်းနေပုံရပြီး
စူးချင်းက သူမ၏ ဆေးပညာကျွမ်းကျင်မှုကို မြှင့်တင်ရန် ဆန္ဒရှိနေသည်။
ဒီအမျိုးသမီးကြီးရဲ့မျက်လုံးကို
ကုသပေးပြီးရင် သူမ အဆင့်တက်နိုင်မှာ သေချာနေတယ်။
ထို့အပြင် သူမက
ဤအမျိုးသမီးကို စိတ်ဝင်စားနေပြီး သူတို့၏ နောက်ခံအစစ်အမှန်ကို သိချင်နေမိသည်။
"ရွှေရှန့်၊ အဖွားကို ရထားလုံးပေါ်မှာ ထိုင်ခွင့်ပေးလိုက်ပါ။
ဒီလိုပူတဲ့နေ့တွေမှာ ကျောပေါ်ကနေ လိုက်ရရင် အပူရှပ်ခံရဖို့ လွယ်ကူတယ်”
စူးချင်းက ကျိရွှေရှန့်ကို
အော်ပြောလိုက်သည်။ ဤသည်မှာ ကျိရွှေရှန့်၏မျှော်လင့်ချက်ထက် များစွာ ကျော်လွန်သွားခဲ့သည်။
ကျိရွှေရှန့်က စူးချင်း
ကျုံးယုံ၏မိခင်ကို ရထားလုံးပေါ် ထိုင်ခွင့်ပေးမည်ဟု တွေးတောင်မတွေးရဲခဲ့ပေ။
နောက်ထပ်လူတစ်ယောက် ထပ်တင်လိုက်လျှင် ရထားလုံးက အရမ်းကျပ်သွားပြီး နေရခက်ပေလိမ့်မည်။
ထိုအပြင် စူးချင်း၏ပင်ကိုယ်စရိုက်ကြောင့် သူမက လူများကို ရထားလုံးထဲမှ မောင်းထုတ်လိမ့်မည်ဟုသာ
သူ ထင်နေခဲ့သည်။ စူးချင်းက ကျုံးယုံ၏အမေကို ရထားလုံးပေါ်တွင် ထိုင်ခိုင်းရန် စပြောလာလိမ့်မည်ဟု
သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
စူးချင်းက
သူ့အမေကို ရထားလုံးပေါ်တွင် ထိုင်ခိုင်းမည်ဟု ကြားသည်နှင့် တပြိုင်နက် ကျုံးယုံက သူ့အမေကို
ကျောပိုးပြီး ရထားလုံးဆီသို့ ပြေးသွားတော့သည်။ သူ ပြေးနေသည့်ပုံက အလွန်ရယ်စရာကောင်းနေပြီး သူ့ပခုံးပေါ်မှ အိတ်များက
သူ့၏ခြေလှမ်းအတိုင်း ယိမ်းနွဲ့ကခုန်နေသော်လည်း သူက သူ့အမေအပါအဝင် အရာအားလုံးကို
မြဲမြံစွာ သယ်ဆောင်ထားခဲ့သည်။
"အစ်ကို၊ ကျေးဇူးပဲ"
စူးချင်းက မနေ့ညက သူ့ကို
ရိုက်ချခဲ့သောလူဖြစ်သည်ကို ကျုံးယုံက မှတ်မိနေသည်။ သူက သူ့ထက် သန်မာသူများကို
စိတ်နှလုံး အောက်ခြေမှ လေးစားသောကြောင့် သူက ထိုလူကို “အစ်ကို” ဟု ခေါ်လိုက်ပြီး သူ့၏နှုတ်ခမ်းထောင့်စွန်းများ
သူ့နားရွက်ဆီ သွားချိတ်တော့မတက် အရူးလို ပြုံးပြနေခဲ့သည်။
“…..”
စူးချင်းက ကျုံးယုံ၏သွားများကို
မြင်လိုက်ရသည်။ မနေ့ညက မှောင်နေသောကြောင့် သူကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသော်လည်း
ယနေ့တွင် သူကို သေသေချာချာ မြင်လိုက်ရပြီ
ဖြစ်သည်။ သူ့၏သွားများက နှင်းများကဲ့သို့ ဖြူဖွေးနေပြီး သူက သူ့သွားများကို နေ့တိုင်းတိုက်ခဲ့မှန်း
သိသာနေသည်။ ထိုကဲ့သို့သော အလေ့အထကောင်းများက ငယ်စဉ်ကတည်းက မွေးမြူလာရသော
အလေ့အကျင့်မျိုး ဖြစ်ကာ ကျုံးယုံ၏မိခင်ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ကြောင့်
သူမက သာမန်ရွာသူအမျိုးသမီးတစ်ဦး လုံးဝ မဟုတ်ပေ။
ကျိရွှေရှန့်က ကျုံးယုံ၏လက်ထဲမှ
အိတ်ကို ယူလိုက်ပြီး သူ့ပုခုံးပေါ်မှ အိတ်များကိုလည်း ဖယ်ရှားပေးလိုက်သည်။ ထိုမှသာ
ကျုံးယုံက သူ့အမေကို ရထားလုံးပေါ်သို့ ဂရုတစိုက် တင်ပေးနိုင်မည် ဖြစ်သည်။ ကျိရှောင်ယင်က
မူလကတည်းက ကြင်နာတတ်သော မိန်းခလး တစ်ယောက်ဖြစ်ပြီး ကျုံးယုံ၏မိခင်က မျက်စိမမြင်သည်ကို တွေ့လိုက်ရသောအခါ သူမက အမြန်
ရောက်လာပြီး ကျုံးယုံ၏မိခင် ရထားလုံးပေါ်တက်နိုင်ရန် ကူညီပေးခဲ့သည်။
ရာသီဥတုက ပူနေပြီး
လူကြီးနှစ်ယောက်နှင့် ကလေးလေးယောက်ကပင် ရထားလုံးကို ပြည့်နေစေကာ အလွန်ပူနေကြပြီ
ဖြစ်သည်။ အရွယ်ရောက်ပြီးသူတစ်ယောက် ရုတ်တရက် ထပ်ရောက်လာသောကြောင့် အပူချိန်က
အနည်းငယ် ပိုမြင့်တက်လာသည်။
ကျိရှောင်ယင်က ကျုံးယုံ၏အမေ
သူမ၏ဘေးနားတွင် ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။ ကျုံးယုံ၏မိခင်ဖြစ်သော
အမျိုးသမီးလီ၏နှာခေါင်းက အနည်းငယ် လှုပ်သွားပြီး သူမက ကျိရှောင်ယင်၏လက်သေးသေးလေးကို
ညင်ညင်သာသာ ပုတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ်
မိန်းခလေး”
ကျိရှောင်ယင်၏မျက်လုံးများက
အထိတ်တလန့် ပြူးကျယ်သွားပြီး သူမ၏ပါးစပ်လေးပင် ဟောင်းလောင်း ပွင့်ဟသွားရသည်။
"ကျွန်မ မိန်းခလေးမှန်း ဘယ်လိုသိတာလဲ?"
ကျိရှောင်ယင်၏ ထိုချစ်စဖွယ်အမူအရာလေးက
စူးချင်းကို သဘောကျစေခဲ့သည်။ သူမက အမျိုးသမီးလီကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏အသွင်အပြင်က
သိပ်မကောင်းကြောင်း သူမ မြင်နေရသည်။ သူမက ပါးလွှာပြီး ပိန်လှီလွန်းသဖြင့်
အရိုးများနှင့် အရေပြားများသာ ရှိတော့သည်။ သူမ၏နှုတ်ခမ်းများက ခြောက်သွေ့လွန်းနေပြီး
အရေပြားပင် ကွာကျနေသည်။ ထိုပုံစံက သူမနှင့် အလွန်ရင်းနှီးနေပြီး လမ်းတလျှောက်တွင်
သူမတို့ တွေ့ခဲ့ရသော သဘာဝဘေးဒဏ်ခံရသူများအားလုံးနှင့် အတူတူသာ ဖြစ်သည်။
စူးချင်းက ဝါးကျည်တောက်ကို
လှမ်းပေးလိုက်ပြီး အမျိုးသမီးလီက ဝါးကျည်တောက်ကို လှမ်းယူကာ ကျေးဇူးတင်စကား
ထပ်ပြောလိုက်သည်။ ကျိရှောင်ယင်က သူမအတွက် ဝါးကျည်တောက်၏အဆို့ကို အမြန်ဖြုတ်ပေးလိုက်ပြီး
သတိပေးလိုက်သည်။
"ဖြည်းဖြည်းသောက်နော်"
"ကျေးဇူးတင်ပါတယ်" အမျိုးသမီးလီက သူမကို ကျေးဇူးထပ်တင်လိုက်ပြီးမှ ဝါးကျည်တောက်ထဲမှ
ရေကို စသောက်လိုက်သည်။ သူမ ရေငတ်နေသည်မှာ သိသာနေသော်လည်း သူမ ရေသောက်နေပုံက အလွန်ပြေပြစ်နေသေးသည်။
သူမရဲ့ဘဝက
ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲပါစေ၊ သူမမှာ ကြမ်းတမ်းတဲ့အမူအရာ လုံးဝ မရှိဘူး။ သူမရဲ့သိမ်မွေ့မှုက
သူမငယ်ငယ်ကတည်းက အလေ့အကျင့် ဖြစ်နေတဲ့ အရာမျိုး ဖြစ်ပြီး သူမရဲ့အရိုးထဲအထိ
ရေးထွင်းထားပုံရတယ်။ ဒီလို သနားစရာကောင်းတဲ့ အခြေအနေမှာတောင် သူမက
အောက်တန်းကျတဲ့အမူအရာ တစ်ခုတောင် မရှိဘူး။
စူးချင်းက သူမကို
ပို၍ပင် စိတ်ဝင်စားလာပြီး အမျိုးသမီးလီ၏ အာရုံစူးစိုက်မှု မရှိသော မျက်လုံးများကို
ကြည့်ရင်း မေးမြန်းလိုက်သည်။
"မျက်လုံးတွေက ဘာလို မမြင်ရတာလဲ?"
သူမက ယဉ်ကျေးသော
စကားလုံးများကို အဆင်ပြေပြေ ပြောတက်သူ မဟုတ်ပေ။ အမျိုးသမီးလီက ရေသောက်လိုက်ရသောကြောင့် အနည်းငယ်
လန်းဆန်းသွားပုံရသော်လည်း စူးချင်း၏မေးခွန်းက သူမကို ဝမ်းနည်းသွားစေပုံရသည်။
သူမက “ယောင်အာရဲ့အဖေ
ဖျားနာပြီး ဆုံးပါးသွားပြီးတဲ့နောက်မှာ သူ့ကို လွမ်းဆွတ်တာကြောင့် မျက်လုံးတွေ မမြင်ရတော့တဲ့အထိ
နေ့ရောညပါ ငိုခဲ့မိတယ်။ ငါက ငါ့ကလေးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့တယ်"
"ဇနီးမောင်နှံကြားက ချစ်ခြင်းမေတ္တာက လေးနက်ပုံပဲ"
စူးချင်းက သူမ နားလည်ကြောင်းပြသရန်
ခေါင်းညိတ်လိုက်သည်။ ဒီကမ္ဘာကြီးမှာ တစ်ခုခုကို အရူးအမူးစွဲလန်းနေတဲ့ မိန်းမတွေ တကယ် ရှိနေခဲ့တယ်။
စူးချင်းက အခြေအနေကို
စူးစမ်းရန် ကြိုးစားနေပြီး အမျိုးသမီးလီ၏မျက်နှာကို ကြည့်ရင်း မေးလိုက်သည်။
"အဒေါ်တို့က ထျဲကြွယ်တောင်မှာပဲ အမြဲတမ်း နေခဲ့ကြတာလား?"
အမျိုးသမီးလီ၏မျက်နှာအမူအရာတွင်
တုန်လှုပ်ချောက်ချားသွားသည့် အရိပ်အယောင်များ ပေါ်လာကာ သူမက ခဏလောက် တုံ့ဆိုင်းသွားသော်လည်း
သူမက ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။
"...အင်း၊ ငါတို့က ထျဲကြွယ်တောင်မှာ အမြဲနေခဲ့ပြီး အပြင်ကို တစ်ခါမှ မထွက်ခွာခဲ့ဖူးဘူး"
အမျိုးသမီးလီက
ရှင်းပြရန် စိတ်အားထက်သန်ပုံရပြီး စူးချင်း သူမကို မယုံမည်ကို စိုးရိမ်နေပြီး စကားကို မြန်မြန်ဆန်ဆန် ပြောနေပုံရသည်။
စူးချင်းက အမျိုးသမီးလီကို
ပို၍ သံသယဝင်လာသော်လည်း သူမက အလျင်စလို မလုပ်တော့ပေ။ ယခုအချိန်တွင်
ထိုအမျိုးသမီးကလည်း လူတိုင်းကို သတိထားနေမည် ဖြစ်ကာ ရက်အနည်းငယ်အကြာတွင် သူမက သူမ၏သတိကို
လျော့ချလိုက်မည် ဖြစ်သည်။
"အစ်မ၊ အဒေါ့်ကို မုန့်ကျွေးလို့ရမလား?"
ကျိရှောင်ယင်က စူးချင်းကို
လှမ်းမေးလိုက်သည်။ သူမက အမျိုးသမီးလီကို ရင်းနှီးနေသည်ဟု ခံစားနေမိပြီး သူမက ငယ်ငယ်ကတည်းက
အမေ မရှိသူ ဖြစ်သောကြောင့် မိခင်မေတ္တာကိုလည်း တောင့်တနေသူ ဖြစ်သည်။
သူမ၏အစ်ကိုကြီးက အမျိုးသမီးလီကို မွေးစားအမေဟု ခေါ်သောကြောင့် သူမလည်း
အမျိုးသမီးလီကို မွေးစားမိခင်အဖြစ် အသိအမှတ်ပြုချင်နေခဲ့သည်။
စူးချင်းက ခေါင်းညိတ်လိုက်သည်။
ထိုကိတ်မုန့်များက ရှောင်ယင့်အတွက် သူမ ပေးထားသောမုန့်များ ဖြစ်သောကြောင့်
ရှောင်ယင် ဆန္ဒရှိသလို ပေးနိုင်သည်ဟုသာ သူမ တွေးထားခဲ့သည်။
စူးချင်းက
ခေါင်းညိတ်သဘောတူလိုက်သောကြောင့် ကျိရှောင်ယင်က ပျော်ရွှင်သွားပြီး မိုးမခခြင်းတောင်းကို
ဖွင့်ကာ ကိတ်မုန့်ပျော့တစ်ထုပ်ကို ထုတ်လိုက်ပြီး ကျုံးယုံ၏မိခင်လက်ထဲသို့ ထည့်ပေးလိုက်သည်။
"အဒေါ်လီ၊ မုန့်စားပါ!"
အမျိုးသမီးလီက မုန့်ကို ထိကြည့်လိုက်ပြီး မုန့်၏မွှေးကြိုင်သော ရနံ့ကို အနံခံလိုက်သည်။ ထိုနောက်တွင် သူမ၏ မှုံမှိုင်းနေသော မျက်လုံးများက နီရဲလာတော့သည်။
✍️✍️✍️