Chapter 88 ကျွန်မမှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်
Viewers 17k

အခန်း ၈၈ ကျွန်မမှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်

ကျိရွှေရှန့်က စူးချင်းတစ်ယောက် ကျောက်ဆောင်များကြားတွင် ရှေ့သို့ လျှောက်လှမ်းရန် ရုန်းကန်နေပုံကို သတိပြုမိနေပြီး သူမကို စောင့်ကြည့်ပေးနေခဲ့သည်။ 

အဲ့ဒီ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးက သန်မာတက်ကြွလွန်းနေပြီ ဒုဓလီပန်းပင်လေးတွေ့နဲ့ အရမ်းတူတယ်။


(ဒုဓလီပန်းက အဝါရောင်ပန်းပွင့်တဲ့ အလေ့ကျပန်းပင် ဖြစ်ပြီး မျှော်လင့်ချက်၊ ဇွဲ၊ လုံ့လတို့ကို ကိုယ်စားပြုပါတယ်တဲ့)

"စူးခင်း၊ ဒါက အရမ်းအန္တရာယ်များတယ်။ လင်ဇီးဘယ်မှာရှိလဲဆိုတာ ငါ့ကို ပြောပြလိုက်ပါ။ ငါ သွားရှာလိုက်မယ်။ မင်း ဒီမှာပဲ စောင့်နေလိုက်"

"ရှင် ရှာနိုင်မှာ မဟုတ်ဘူး"

စူးချင်းက ခေါင်းမလှည့်ဘဲ ပြန်ဖြေလိုက်သည်။ သူမ၏ လက်ရှိခန္ဓာကိုယ်က အားနည်းနေသေးသည်။ ထို့ကြောင့် ခဏလေးအတွင်းမှာပင် သူမ၏နဖူးမှ ချွေးသီးများ စီးကျလာပြီး သူမ၏ ဆံပင်များကလည်း ချွေးများဖြင့် စိုရွှဲနေကာ သူမ၏ပါးပြင်များပေါ်သို့ လာကပ်နေခဲ့သည်။ သူမက သူမ၏ဆံပင်များကို နားရွက်နောက်သို့ ပြန်ညှပ်လိုက်ပြီး တောင်ပေါ်သို့ ဆက်တက်လာခဲ့သည်။

ကျိရွှေရှန့်က ခေါင်းမာသော မိန်းခလေး နောက်ကျောကို ကြည့်နေရင်း ခေါင်းယမ်းလိုက်သည်။ သူလည်း သူမနောက်မှ အမြန်ကပ်လိုက်ကာ သူမကို ကာကွယ်ပေးရန်မှတပါး ရွေးချယ်စရာမရှိပေ။ ထို့မှသာ စူးချင်း အန္တရာယ်ရှိလာသည်နှင့်အမျှ သူ သူမကို ချက်ချင်း ကယ်တင်နိုင်မည် ဖြစ်သည်။

ကံကောင်းထောက်မစွာ ထိုလမ်းက သိပ်မရှည်ဘဲ ရှေ့တွင် ပြန့်ပြူးသောနေရာတစ်ခု ရှိနေခဲ့သည်။ စူးချင်းက ကျိရွှေရှန့်ကို ကြည့်ရန် နောက်သို့ ပြန်လှည့်လိုက်သည်။

သူက သူမကို တစ်ချိန်လုံး ကာကွယ်ပေးနေခဲ့တယ်။ သူမ မလိုအပ်ဘူးဆိုပေမယ့် သူမနှလုံးသားကို နွေးထွေးစေတာကတော့ အမှန်ပါပဲ။

ရှေ့မှာ မြေအောက်ရေအရင်းအမြစ်တစ်ခု ရှိတယ်”

စူးချင်းက သူမ၏မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်ပြီး ရှောင်ချီပေးထားသည့် လမ်းညွှန်ချက်မြေပုံအရ မီတာရာဂဏန်းလောက် လမ်းလျှောက်လျှင် မြေအောက်ရေအရင်းအမြစ်ကို ရှာတွေ့နိုင်ကြောင်း  သိနေပြီး ကျိရွှေရှန့်ကို ပြောပြလိုက်သည်။

"မင်း ဘယ်လိုသိတာလဲ?"

ကျိရွှေရှန့်က ရှေ့ကို လှမ်းကြည့်သည်။ နေရာတိုင်းမှာ  ကျောက်ခဲတွေ ရှိနေပြီး ရေကျသံကို လုံးဝ မကြားရဘူး။ စူးချင်းက ဘယ်လိုလုပ်ပြီး ဒီလောက် ‌သေချာသိနေရတာလဲ?

"ကျွန်မမှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်"

စူးချင်းက ဂရုမစိုက်သလို ပြန်ဖြေလိုက်ပြီး ကျိရွှေရှန့်ကို မကြည့်တော့ဘဲ ရှေ့သို့ ဆက်လျှောက်လာလိုက်သည်။ ကျိရွှေရှန့်ကလည်း သူမ၏ အပြုအမူကို  အသားကျနေပြီ ဖြစ်သည်။

သူမက အဲ့လိုကိုယ်ရည်ကိုယ်သွေးရှိတဲ့ အမျိုးသမီးပဲ။ တစ်စုံတစ်ခုကို သူမ မပြောချင်ဘူးဆိုရင် ဘယ်လောက်ပဲ မေးနေ မေးနေ  အသုံးဝင်မှာ မဟုတ်ဘူး။

စူးချင်းက စကားပြောချင်ပုံ မရသောကြောင့် ကျိရွှေရှန့်က ကျုံးယုံနှင့် စကားစမြည် ပြောနေရင်း သူ့အဖေအကြောင်းကို မေးနေပြန်သည်။

"ကျုံးယုံ၊ မင်းရဲ့အဖေကို တွေ့ဖူးလား?"

"မတွေ့ဖူးဘူး၊ ကျွန်တော့်အဖေက သူရဲကောင်းလို့ အမေက ပြောတယ်"

ကျုံးယုံ၏အမူအရာက အနည်းငယ် အထီးကျန်ဆန်နေသော်လည်း သူ့၏အဖေကို တုနှိုင်းမရသော သူရဲကောင်းတစ်ဦး အဖြစ် သတ်မှတ်ထားပုံရပြီး သူ့အဖေ အကြောင်းကို ဂုဏ်ယူစွာ ပြောနေကာ သူ့၏လည်ပင်းကပင် ဖြောင့်စင်းနေခဲ့သည်။

"သူရဲကောင်းလား?"

ကျိရွှေရှန့်က ထပ်မေးလိုက်သော်လည်း သူ့ဘာသာသူ ပြန်ဖြေရင်း ခေါင်းညိတ်နေပြန်သည်။

"ငါတို့ရဲ့အဖေတွေ အားလုံးက တုနှိုင်းမရတဲ့ သူရဲကောင်းတွေပဲ"

စူးချင်း သူတို့၏ဖခင်များကို လွမ်းဆွတ်နေသော လူနှစ်ဦး၏စကားကို နားထောင်နေရင်း ခဏတာမျှ ငိုင်တွေသွားရသည်။

သူမက ငယ်ငယ်ကတည်းက သူမရဲ့မိဘတွေ ဘယ်လိုပုံစံလဲဆိုတာကိုတောင် တစ်ခါမှ မသိခဲ့ရဘူး။ သူမ မှတ်မိတဲ့အချိန်ကစပြီး သူမက ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်တက်ဖို့ လေ့ကျင့်ပေးခံခဲ့ရတယ်။

သူမက မိဘတွေဆီက ချစ်ခြင်းမေတ္တာဆိုတာမျိုးကို တစ်ခါမှ မခံစားခဲ့ဖူးဘူး။ သူတို့က ဘာလိုမျိုးဆိုတာကိုတောင်  သူမ မသိခဲ့ရဘူး။

"စူးချင်း"

ကျိရွှေရှန့်က တောဝက်ကြီးနှစ်ကောင်နှင့် တောဝက်ပေါက်လေးတစ်ကောင် သူတို့ဘက်သို့ လာနေသည်ကို အရင်ဦးဆုံး သတိပြုမိလိုက်သည်။ သားပေါက်လေးများ ရှိသော တောဝက်ကြီးများက အကြမ်းတမ်းဆုံး အရက်စက်ဆုံး ဖြစ်တက်ပြီး စူးချင်းက ထိုတောဝက်များကို သတိမထားမိဘဲ ခေါင်းငုံ့ကာ ဆက်လျှောက်နေသည်ကို မြင်လိုက်ရ‌သောကြောင့် သူက သူမဆီသို့ ပြေးသွားကာ သူမ၏လက်ကို ဆွဲပြီး တောင်ကြောပေါ်သို့ ပြေးတက်သွားလိုက်သည်။

သို့သော်လည်း သူတို့၏ခြေလှမ်းများက နောက်ကျသွားပြီ ဖြစ်ကာ တောဝက်အထီးနှင့်အမတို့က သူတို့ကို တွေ့သွားပြီး ခြေလေးချောင်းမှ ခွာများကို ရှပ်ကာ သူတို့ဆီသို့ ပြေးဝင်လာကြသည်။

"မြန်မြန်တက်၊ အပေါ်ကို ရောက်အောင်တက်"

ကျိရွှေရှန့်က စူးချင်းကို ကျောက်ဆောင်ပေါ်သို့ တွန်းတင်လိုက်ပြီး သံကိုပင် ဖြတ်နိုင်သော သူ့၏ရတနာဓားကို ထုတ်ယူလိုက်သည်။ ကျုံးယုံကလည်း တောဝက်ကို မြင်သွားပြီး ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

“တောဝက်တွေ... သူတို့က ငါတို့အတွက် အသားတွေ ပို့ဖို့ လာနေပြီ”

ထို့နောက် သူက သူ့ကျောပေါ်မှ တောင်းကို လွှတ်ချလိုက်ပြီး တောဝက်ကို လက်ဗလာဖြင့် ပြေးထိုးလိုက်သသည်။ စူးချင်းက ကျောက်ဆောင်ပေါ်တွင် ရပ်နေပြီး တောဝက်များနှင့် လူနှစ်ယောက်၏တိုက်ပွဲကို ကြည့်နေခဲ့သည်။

ကျိရွှေရှန့်က တောဝက်များ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး သူ့၏ဓားက လျင်မြန်တိကျစွာ တိုးထွက်သွားပြီး တောဝက်တစ်ကောင်၏ လည်ပင်းဆီသို့ စိုက်ဝင်သွားခဲ့သည်။ သူ ဓားကို ပြန်ဆွဲထုတ်လိုက်ချိန်တွင် သွေးများ ပန်းထွက်လာပြီး ထိုတောဝက်က နာနာကျင်ကျင် အော်ဟစ်လိုက်ကာ သူ့ကို အရူးအမူး ပြန်တိုက်ခိုက်တော့သည်။

လည်ပင်းတွင် ဓားထိုးခံထားရသည့် တောဝက်က သူ့ကို ပြန်တိုက်ခိုက်နိုင်မည်ဟု ကျိရွှေရှန့်က မမျှော်လင့်ထားခဲ့ပေ။ ထိုတောဝက်က သူ့ကို အသေခံ ပြန်တိုက်ရန် အဆင်သင့်ဖြစ်နေပြီး သူလည်း နောက်တစ်ကြိမ် ဓားဖြင့် ထိုးရန် အဆင်သင့် ပြင်ထားပြီးဖြစ်ကာ ကျောက်ဆောင်ကို ကျောကပ်ထားရင်း အခွင့်အလမ်းကို စောင့်ဆိုင်းနေခဲ့သည်။

ထိုအချိန်တွင် စူးချင်းက ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး ထိုတောဝက်ကို ပစ်ချလိုက်သောကြောင့် တောဝက်ကြီးက နာနာကြည်းကြည်း အော်ဟစ်ကာ မြေပေါ်သို့ လဲကျသွားပြီး ဖုန်မှုန့်များ တလုံးလုံး တက်လာခဲ့သည်။

ကျိရွှေရှန့်က စူးချင်းကို မော့ကြည့်လိုက်သော်လည်း သူမက ဘာအမူအရာမှ မရှိဘဲ ပုံမှန်အတိုင်းဖြစ်နေကာ သူမ၏မျက်လုံးများကပင် အေးစက်ကာ ခံစားချက်မဲ့နေဆဲပင်။ သူမက ကျောက်ဆောင်ပေါ်မှာ ရပ်နေသောကြောင့် သူမ၏အဝတ်အစားများက လေထဲတွင် လွင့်ပျံနေသည်။

"ကျေးဇူးပဲ"

ကျိရွှေရှန့်က စူးချင်းကို ကျေးဇူးတင်လိုက်ပြီး ကျုံးယုံကို ကူညီရန် ပြေးသွားလိုက်သည်။  ကျုံးယုံက တောဝက်ကို လက်ဗလာဖြင့် တိုက်ခိုက်နေပြီး ထိုမိုက်မဲသော ကောင်လေးက ခွန်အားကြီးမားသလို သူ့၏ရိုင်းစိုင်းကြမ်းတမ်းသော ခွန်အားကိုလည်း သေသေချာချာ အသုံးပြုနိုင်သည်။ သူက တောဝက်၏ ရှေ့ခွာနှစ်ချောင်းကို ဖမ်းဆွဲထားပြီး တောဝက်နှင့် လုံးထွေးနေခဲ့သည်။

သူနှင့် တိုက်ခိုက်နေသော တောဝက်ကြီးက ဝက်ထီးကြီး ဖြစ်ပြီး စူးချင်းက သူ့၏မိတ်ဖက်ကို သတ်လိုက်သည်ကို တွေ့သွားသဖြင့် ကြောက်စရာကောင်းလောက်အောင် အော်ဟစ်နေကာ ကျုံးယုံကို အရူးအမူး  ခေါင်းဖြင့် ဝင်တိုက်နေသည်။

ရူးသွပ်သွားသော တောဝက်က ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ထားပြီး ၎င်း၏အဖော်ကို ဆုံးရှုံးလိုက်ရသော တောဝက်က ကျားထက်ပင် ပို၍ ကြောက်စရာကောင်းနေသေးသည်။ ကျုံးယုံက ​​သူ့ရဲ့ခွန်အား အားကုန်လုံးကို အသုံးချပြီး တောဝက်ကို ထိန်းထားခဲ့သော်လည်း ကြာကြာမထိန်းနိုင်တော့ဘဲ သူက တောဝက်နှင့် မြေပြင်ပေါ်သို့ ပစ်လဲကျသွားတော့သည်။ သူတို့ လဲကျသွားပြီးနောက်တွင် တောဝက်က ကျုံးယုံ၏ဗိုက်ကို ပက်ရန် သူ့၏အစွယ်နှစ်ချောင်းကို အသုံးပြုလိုက်သည်။

ကျုံးယုံက အလွန်သွက်လက်ပြီး မြေပြင်ပေါ်တွင် လှိမ့်ကာ တောဝက်ထီး၏ ပြင်းထန်သော ထိုးနှက်ချက်ကို ရှောင်တိမ်းလိုက်သော်လည်း အေးစက်သော ချွေးများထွက်လာသည်အထိ ကြောက်လန့်နေခဲ့သည်။ ကျုံးယုံကို မထိမှန်း သိသွားသည်နှင့် တောဝက်ကြီးက ချက်ချင်း ပြန်လှည့်လာပြီး သူ့ဆီသို့ ပြေးဝင်လာပြန်သည်။

ထိုအခိုက်အတန့်တွင် ကျိရွှေရှန့်က ခုန်ဝင်လာပြီး သူ့၏ရတနာဓားဖြင့် တောဝက်၏လည်ပင်းကို လှမ်းထိုးလိုက်သည်။ “ဇွတ်” ဟူသော အသံနှင့်အတူ ဓားက တောဝက်၏လည်ပင်းထဲသို့ နစ်ဝင်သွားသည်။ ကျိရွှေရှန့်က သူ့၏ရတနာဓားကို ပြင်းပြင်းထန်ထန်  ပြန်ဆွဲလိုက်သောကြောင့် တောဝက်ကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျကာ တဆတ်ဆတ် တုန်နေပြီး ပြင်းထန်စွာ အော်ဟစ်နေပြီး လတ်ဆတ်သောသွေးများက မြေပြင်အနှံ့ ပြန့်ကျဲနေသည်။

(T/N:  ကျိရွှေ့ရှန့်ရဲ့ဓားကလေ ဘာဓားမှန်းတောင် မသိတော့ဘူး ၊ E-Tran မှာ  dagger/ sword/ Knife / Saber အမျိုးမျိုး သုံးနေတာ ဘာ ဓားမှန်း မသိတော့ဘူး၊ Raw ကနေ ကြည့်လိုက်တာတော့ Saber- ဓားမော့ ဖြစ်ဖို့ များတယ်၊ ဓားမော့တွေက များသောအားဖြင့် ဓားရှည်လောက် မရှည်ပေမယ့် ဓားမြှောင်ထက်တော့ ရှည်တယ်၊ ဓားရဲ့ထိပ်ဖျားကို အရင်းထက် အပြားပိုကြီးပြီး ဦးနဲနဲမော့ထားတဲ့ ပုံစံမျိုးပါ)   

စူးချင်းက ကျိရွှေရှန့်၏ဓားကို အလွန်နှစ်သက်နေမိသည်။ ဤသည်မှာ သံမဏိကိုပင် ရွှံ့ကဲ့သို့ ဖြတ်တောက်နိုင်သော အဖိုးတန်ဓားတစ်လက်ဖြစ်သည်။ တောဝက်၏အရေပြားက မာကြောလှပြီး သာမန်ဓားများဖြင့် ဆိုလျှင် ဖြတ်တောက်နိုင်မည် မဟုတ်ပေ။

တောဝက်ကြီးနှစ်ကောင်လုံး သတ်ဖြတ်ခံလိုက်ရပြီး ကျိရွှေရှန့်နှင့် ကျုံးယုံတို့ နှစ်ယောက်စလုံးလည်း မောပန်းနွမ်းနယ်နေကာ ချွေးများဖြင့် ဖုံးလွှမ်းနေကြသည်။ တောဝက်ကလေးက သူ့မိဘများကို ကြည့်နေရင်း ဝမ်းနည်းဖွယ် ညည်းတွားနေသောကြောင့် အလွန်သနားစရာ ကောင်းနေပြန်သည်။

အမဲလိုက်ခြင်းတွင်လည်း စည်းကမ်းများ ရှိနေပြီး အရွယ်မရောက်သေးသော တောကောင်ကို မသတ်ကြပေ။ ထို့ကြောင့် သူက  တောဝက်ပေါက်လေးကို ဂရုမစိုက်တော့ဘဲ သူ၏ရတနာဓားကို ပြန်သိမ်းကာ မြေပြင်ပေါ်ရှိ တောဝက်နှစ်ကောင်၏ခန္ဓာကိုယ်များကို ကြည့်ရှုလိုက်သည်။

အရွယ်ရောက်ပြီးသော တောဝက်တစ်ကောင်က ကျင်းနှစ်ရာမှ ကျင်းသုံးရာအထိ အလေးချိန် ရှိသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ယောက်နှင့်အတူ ကျုံးယုံကို ခေါ်လာခဲ့သောကြောင့် သူတို့အမျိုးသားနှစ်ယောက် တစ်ယောက်စီ ပြန်သယ်ပြီး တောင်ပေါ်မှ ဆင်းသွားနိုင်သေးသည်။

သို့သော်လည်း သူက လင်ဇီးရှာဖွေရန် စူးချင်းနှင့် အတူ လိုက်ရန် ဆန္ဒရှိနေဆဲဖြစ်ပြီး တောင်ခြေရှိရွာသားများ ဆာလောင်နေမည်ကိုလည်း စိုးရိမ်နေမိသည်။ ကျိရွှေရှန့်က ကျုံးယုံကို တောဝက်တစ်ကောင်ကို အရင်သယ်ခိုင်းလိုက်ပြီး ကျန်တစ်ကောင်ကို  သူ လင်ဇီးရှာရန် စူးချင်းနှင့် လိုက်သွားပြီးမှ ပြန်လာသယ်ရန် ဆုံးဖြတ်လိုက်သည်။

"အကိုကြီး၊ သတိထားနော်"

ကျုံးယုံက တောဝက်တစ်ကောင်ကို အားပင်မစိုက်ဘဲ သယ်ဆောင်သွားပြီး သူ ပြန်ထွက်ခွာမသွားမီ ကျိရွှေရှန့်ကို စိုးရိမ်တကြီး သတိပေးနေသေးသည်။

"ငါ သိတယ်။ မင်းလည်း သတိထားပါ။ လဲမကျ စေနဲ့"

ကျိရွှေရှန့်က ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို ပြန်သတိပေးလိုက်သည်။ စူးချင်းက ကျောက်ဆောင်ပေါ်တွင် ရပ်နေဆဲဖြစ်ကာ သူတို့စကားပြောသည်ကို စောင့်ကြည့်နေခဲ့သည်။

တကယ်တော့ သူမ နည်းနည်းတော့ စိတ်မရှည်‌တော့ဘူး။ ဒီအရွယ်ရောက်ပြီးတဲ့ ယောက်ျားတွေက ဘာလို့ မိန်းမတွေထက်တောင် နှေးကွေးနေရတာလဲ?

ကျိရွှေရှန့်က ကျုံးယုံကို သွားခိုင်းလိုက်ပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ စူးချင်း၏ စိတ်မရှည်ဖြစ်နေသော အမူအရာကို တွေ့လိုက်ရသည်။

"သွားကြရအောင်!"

ကျိရွှေရှန့်က စူးချင်းကို အပြုံးဖြင့် တောင်းပန်လိုက်ပြီး ဆက်သွားရန် အကြံပေးလိုက်သည်။

စူးချင်းက ဘာမှ ပြန်မပြောဘဲ ကျောက်ဆောင်ပေါ်မှ ခုန်ဆင်းပြီး ရှေ့သို့ ဆက်လျှောက်သွားသောကြောင့် ကျိရွှေရှန့်က သူမနောက်သို့ လိုက်ပါသွားခဲ့သည်။ သူတို့က သူစိမ်းများကဲ့သို့ ဖြစ်နေပြီး သူတို့နှစ်ယောက်ကြားတွင် စကားစမြည်ပြောစရာ စကားလေးပင် မရှိခဲ့ပေ။

ကျိရွှေရှန့်က ပြောစရာစကား လုံးဝ မရှိပုံဖြင့် ငြိမ်သက်နေသော စူးချင်းကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခု ပြောရန် ပြင်ဆင်လိုက်သော်လည်း စူးချင်းက သူ စကားများလွန်းသည်ဟု ထင်သွားမည်ကို စိုးရိမ်သောကြောင့် အဆုံးတွင် တိတ်ဆိတ်မှုကသာ လွမ်းမိုးသွားသည်။ ကျိရွှေရှန့်က သူခေါင်းကို ငုံ့ထားပြီး သူ ဆက်လုပ်ရမည့်အကြောင်းများကို တွေးတောလာခဲ့သည်။

ခဏနေဦး၊ ဒီနားလောက်မှာပဲ”

စူးချင်းက ရုတ်တရက် ရပ်တန့်လိုက်ပြီး ကျိရွှေရှန့်က သူမ ရပ်တန့်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် အရှိန်မထိန်းနိုင်ဘဲ သူမ၏နောက်ကျောကို ဝင်တိုးမိသွားသည်။ သူက စူးချင်း လဲကျသွားမည်ကို စိုးရိမ်သွားပြီး သူမ၏ပုခုံးများကို လှမ်းဆွဲရန် သူ့လက်နှစ်ဖက်လုံးကို အလျင်စလို အသုံးပြုလိုက်သည်။

စူးချင်းက အလွန်ပိန်ပါးပြီး သူမ၏ ပခုံးများက အရိုးများသာ ဖြစ်နေသည်။ သူ သူမကို ကယ်တင်ခဲ့စဥ်က ဒဏ်ရာများ ဖုံးလွှမ်းနေသည်ကို ပြန်တွေးမိသောကြောင့် ကျိရွှေရှန့်က သူမကို သနားသွားမိပြန်သည်။

အရင်တုန်းက သူမ ဘယ်လောက်များတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ခံစားခဲ့ရတာလဲ?

ကျိရွှေရှန့်၏လုပ်ရပ်က စူးချင်းကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သလို ဖြစ်သွားသောကြောင့် စူးချင်းက ဒေါသတကြီး ပြန်လှည့်လာကာ သူ့ကို စိုက်ကြည့်လိုက်သည်။ ကျိရွှေရှန့်က သူမကို အမြန် ပြန်လွှတ်လိုက်သည်။

"ငါ တောင်းပန်ပါတယ်၊ ငါ... မင်း လဲကျသွားမှာကို ကြောက်လို့ ကူညီပေးလိုက်တာပါ"

ကျိရွှေရှန့်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ရှင်းပြနေရင်း သူ့မျက်နှာက ဝက်အသည်းရောင်အဖြစ်သို့ ပြောင်းသွားတော့သည်။

✍️✍️✍️