Chapter 92
Viewers 17k

အခန်း ၉၂

ကျိရွှေရှန့်က သူ့အသံ နားထောင်ရ စိုးနေမည်ကို တွေးပူနေပြီး သူ၏နက်ရှိုင်းသောအသံတွင် တမင်သက်သက် လုပ်ယူထားသော လေသံများ ပါဝင်နေသည်။

စူးချင်းက ကျိရွှေရှန့်၏လက်မောင်းကို ညွှန်ပြလိုက်ပြီး ကျွန်မ ရှင့်ကို ပတ်တီးစည်းပေးမယ်။ ပူပြင်းတဲ့ ရာသီဥတုက ပိုးမွှားတွေ ကူးစက်ဖို့ လွယ်ကူစေတယ်”

"မလိုလောက်ဘူး မဟုတ်လား?"

ကျိရွှေရှန့်က ခဏတုံ့ဆိုင်းနေခဲ့သည်။ သွေးထွက်ရပ်သွားပြီ ဖြစ်သောကြောင့် ပတ်တီးပတ်ထားစရာ မလိုတော့သော်လည်း သူမက သူ့ဒဏ်ရာကို ပတ်တီးစည်းပေးလျှင် သူ သူမနားသို့ ကပ်နိုင်မည်ဟု တွေးမိသောကြောင့် ပြန်ဖြေလိုက်သည့် သူ့အသံက အနည်းငယ် ချီတုံချတုံ ဖြစ်နေရသည်။

"ကျွန်မကို ခနစောင့်ဦး၊ ကျွန်မ ဆေးပင်တွေ သွားရှာလိုက်မယ်"

စူးချင်းက ဘာကိုမှ မစဉ်းစားမိဘဲ သူ့ကို မဆိုင်းမတွ အမိန့်ပေးလိုက်သည်။ ထို့နောက် သူမ၏ခြင်းတောင်းကို သူမ၏နောက်ကျောသို့ တင်ကာ ဆေးပင်ရှာရန် ထွက်သွားလေသည်။ မြေအောက်မြစ်အနီးတွင် ရေရှိနေသောကြောင့် အပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး ဆေးဘက်ဝင်အပင်များလည်း ပေါများလှသည်။

စူးချင်းက ထိခိုက်ရှနာများကို ကုသပေးနိုင်သည့် ဆေးဖက်ဝင်အပင်များကို အလွယ်တကူ ရှာတွေ့သွားခဲ့ပြီး သူမ လုပ်နေကြအတိုင်း စနစ်ထဲသို့ ပစ်ချကာ ရှောင်ချီ့ကို ဆေးလုပ်ခိုင်းရန် တွေးလိုက်သော်လည်း ရှောင်ချီက ပင်ပန်းပြီး အိပ်ပျော်နေသောကြောင့် သူမက ‌ရှောင်ချီ့ကို မနှိုးရက်တော့ပေ။

မည်သို့ပင် ဖြစ်စေ ထိုဆေးက ရောင်ရမ်းမှုကို သက်သာစေပြီး သွေးတိတ်စေသောဆေးသာ ဖြစ်‌သောကြောင့် သူမ ကိုင်တွယ်နိုင်သည်။ သွေးအားပြန်ကောင်းစေရန် သောက်ရမည့်ဆေးအတွက်ကတော့ ရှောင်ချီ ပြန်နိုးလာသည်အထိ စောင့်ရပေဦးမည်။

ကျိရွှေရှန့်က စူးချင်းအန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေသောကြောင့် သူမအနားတွင်နေကာ သူမ မမြင်လိုက်သော ဆေးဘက်ဝင်အပင်များကို ကူကောက်ပေးနေခဲ့သည်။ နှစ်ယောက်သား စကားတစ်ခွန်းမှ မပြောကြဘဲ အချိန်တိုအတွင်းမှာပင် ဆေးဘက်ဝင်အပင် တောင်းတစ်လုံးစာ ကောက်ယူပြီး ဖြစ်သည်။

"ကျွန်မ ရှင့်ကို ပတ်တီးစည်းပေးမယ်"

စူးချင်းက တောရိုင်းဂျင်ဆင်နီပင်တစ်ပင်ကို  ယူလိုက်ပြီး အမြစ်များကို ကြိတ်ချေပြီးမှ ကျိရွှေရှန့်၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။ တောရိုင်းဂျင်ဆင်နီက ခေတ်သစ်ကမ္ဘာတွင် တွေ့ရန် မလွယ်ကူတော့သော ဆေးပင်ဖြစ်ပြီး ဤဆေးက သွေးတိတ်စေရန်နှင့် ပြင်ပဒဏ်ရာများကို ကုသရာတွင် အလွန်ထိရောက်မှုရှိလှသည်။

 

စူးချင်းက သူမ၏ခေါင်းကို ငုံ့ထားပြီး ကျိရွှေရှန့်ကို ဂရုတစိုက် ဆေးထည့်ပေးနေသည်။ ကျိရွှေရှန့်က သူ့ခေါင်းကို ငုံ့ပြီး သူမကို ကြည့်လိုက်ရာ သူတို့ကြားတွင် ပေဝက်မျှသာ ကွာဝေးနေကြောင်း သူ သတိပြုလိုက်မိသည်။

ကျိရွှေရှန့် ရှူထုတ်လိုက်သော ထွက်သက်လေကပင် စူးချင်း၏ဆံပင်များပေါ်သို့ ကျရောက်နေပြီး သူမ၏ဆံပင်လေးများက လှုပ်ရွလှုပ်ရွ ဖြစ်နေခဲ့သည်။ စူးချင်းက သူမ၏ပါးပြင်များ ပူထူလာသည်ကို ခံစားလိုက်ရပြီး သန်မာသော ယောက်ျားတစ်ယောက်၏ ပြင်းထန်သော ထွက်သက်က သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ထိုအရာက သူမ သူ့ကို ဆေးတိုက်ခဲ့သည့် မြင်ကွင်းကို ပြန်သတိရစေသောကြောင့် သူမက သူ့လက်ကို ရုတ်တရက် ပြန်လွှတ်ချလိုက်ပြီး စိတ်မရှည်တော့သည့် အမူအရာဖြင့် "ရှင့်ဘာသာ လုပ်တော့"

ကျိရွှေရှန့်က သူ၏အာရုံပျံ့လွင့်နေသော အတွေးများကို အလျင်အမြန် ဖယ်ရှားလိုက်ပြီး နာနာခံခံဖြင့် ဒဏ်ရာကို ပတ်တီးစည်းလိုက်သည်။ သို့သော်လည်း စည်းရန် ပတ်တီးစ မရှိသောကြောင့် သူ့အင်္ကျီ၏အနားစကိုသာ စုတ်ဖြဲရတော့သည်။  သူက လက်နှစ်ဘက်စလုံးဖြင့် ဓားကို အသုံးပြုနိုင်သောကြောင့် သူ့၏ညာဘက်လက်ကောက်ဝတ်တွင် ဒဏ်ရာရနေခဲ့သော်လည်း ပတ်တီးစည်းခြင်းကို မထိခိုက်စေခဲ့ပေ။ သို့သော်လည်း ပတ်တီးစကို ချည်နှောင်ရာတွင်တော့ အနည်းငယ် ခက်ခဲနေကာ သူ့သွားနှင့် လက်ကို  ပူးပေါင်း အသုံးပြုနေရသည်။ ထိုအပြုအမူများ အားလုံးကို မြင်နေသော်လည်း စူးချင်းက  သူ့ကို လုံးဝ ဂရုမစိုက်တော့ဘဲ အေးစက်သောမျက်နှာဖြင့် သူ့ဘေးနားတွင် ရပ်နေခဲ့သည်။

ကျိရွှေရှန့်က စူးချင်းဒေါသထွက်နေသည်ဟု ခံစားနိုင်သော်လည်း သူမ အဘယ့်ကြောင့် စိတ်ဆိုးနေမှန်းတော့ သူ မသိနိုင်ခဲ့ပေ။

သူ မြွေကိုက်ခံရပြီး သူမကို အလုပ်ရှုပ်စေလို့ စိတ်ဆိုးနေတာလား? ဒါမှမဟုတ် သူ့ဒဏ်ရာကို ပတ်တီးစည်းပေးရလို့ စိတ်ဆိုးနေတာလား?

သူက သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး အလေးအနက် မေးလိုက်သည်။

"ငါတို့ သွားလို့ရပြီလား?"

စူးချင်းက စကားမပြောဘဲ ပြန်လှည့်ထွက်သွားပြီး သူမ၏နောက်ကျောတွင် ဆေးပင်များပါသည့် တောင်းကို ထမ်းပိုးထားသည်။ တစ်ချို့ဆေးပင်များက ကြီးမားသော်လည်း သူမကတော့ လေးလံခြင်းမရှိသလို လျင်လျင်မြန်မြန် လျှောက်လှမ်းနေခဲ့သည်။

ကျိရွှေရှန့်ကလည်း ကျင်းတစ်ရာကျော် အလေးချိန်ရှိသော ခြင်းတောင်းကြီးကို သယ်ဆောင်ကာ သူမနောက်မှ လိုက်ပါနေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ကျိရွှေရှန့်က အလွန်သန်မာလွန်းသောကြောင့် ပင်ပင်ပန်းပန်း ရုန်းကန်နေရသည့်ပုံမပေါ်ပေ။ သူက တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းနေပြီး စူးချင်း၏နောက် ခြေတစ်လှမ်းအကွာတွင်သာ အမြဲရှိနေခဲ့သည်။ ထိုမှသာ အကယ်၍ သူမ အန္တရာယ်ရှိလာလျှင် သူ သူမကို လက်လှမ်းမှီနိုင်ပြီး အချိန်မီ ကယ်တင်နိုင်မည် ဖြစ်သည်။

နှစ်ယောက်သား တောဝက်များနှင့် တိုက်ခိုက်ခဲ့သည့်နေရာသို့ ပြန်ရောက်သွားပြီး တောဝက်ကလေးက မသွားသေးသည်ကို တွေ့လိုက်ရသည်။ တောဝက်ပေါက်ကလေးက တောဝက်ကြီးကို စောင့်ကြပ်နေပြီး ငိုကြွေးနေခဲ့သည်။ ၎င်းက တကယ်ငိုနေခြင်း ဖြစ်ပြီး မျက်ရည်များပင် ကျနေခဲ့သည်။ သို့ရာတွင် ၎င်း၏အော်ဟစ်သံက ဝံပုလွေအုပ်စုတစ်စုကို ဆွဲဆောင်မိခဲ့ပြီး တောဝက်ပေါက်လေးက အန္တရာယ်ကို သတိမမူမိဘဲ ငိုကြွေးမြည်တမ်းနေဆဲ ဖြစ်သည်။

"ကျွန်မကို ဓား ခဏ ပေးသုံး"

စူးချင်းက တောဝက်ပေါက်လေးကို ကြည့်လိုက်ပြီး သူမ၏ ငယ်ဘဝကို ပြန်သတိသွားပြန်သည်။ သူမက ငယ်ငယ်တည်းက တစ်ယောက်တည်း ရှိနေပြီး ခိုကိုးရာမဲ့ ဖြစ်ခဲ့ရတယ်။ သူမ ရှင်သန်နိုင်ဖို့အတွက် သူမ လုပ်နိုင်တာက အဆက်မပြတ် သတ်ဖြတ်ခြင်းပါပဲ။

"ငါ လုပ်မယ်"

ကျိရွှေရှန့်က သူ့ကျောပေါ်မှ ခြင်းတောင်းကို အောက်သို့ ချလိုက်သည်။ သူတို့နှစ်ယောက်က  စိတ်ချင်းဆက်နေပုံရပြီး စူးချင်းက သူမ ဘာလုပ်ချင်သည်ကို မပြောသော်လည်း စူးချင်းက ထိုတောဝက်လေးကို ကူညီနေကြောင်း ကျိရွှေရှန့်က နားလည်နိုင်ခဲ့သည်။

သူမက သူ ထင်ထားတာလောက်တော့ မအေးစက်ပါဘူး! သူမရဲ့နှလုံးသားအတွင်းပိုင်းမှာ ကြင်နာမှုတစ်ချို့ ရှိနေသေးတယ် ထင်ပါရဲ့....

စူးချင်းက ကျိရွှေ့ရှန့်၏လက်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ကျိရွှေရှန့်က သူမကို ဓားမပေးသောကြောင့် သူမက မြေပြင်ပေါ်ရှိ ချွန်ထက်သောကျောက်ခဲများကို ကောက်ယူလိုက်ပြီး လက်နက်အဖြစ် အသုံးပြုရန် ပြင်ဆင်လိုက်သည်။

ကျောက်ခဲများက လက်သီးဆုပ်အရွယ်များဖြစ်ပြီး စူးချင်းက  ဝံပုလွေများ၏မျက်လုံးများကို စိုက်ကြည့်နေပြီး ဝံပုလွေခေါင်းဆောင် ခုန်တက်လာသည်နှင့် သူမက ကျောက်ခဲများဖြင့် ပစ်ပေါက်လိုက်သည်။

ကျိရွှေရှန့်ကလည်း ဝံပုလွေခေါင်းဆောင်ကို သတ်ရန် ကြံစည်နေပြီး ဝံပုလွေခေါင်းဆောင် ခုန်တက်လာသည်နှင့် တပြိုင်နက် သူက သူ့ဓားကို မြှောက်ကာ ၎င်းကို ပြေးထိုးလိုက်သည်။ ထိုအချိန်တွင် ကျောက်ခဲတစ်ခဲက ဝံပုလွေခေါင်းဆောင်၏ ဦးခေါင်းကို ထိမှန်သွားပြီး ဝံပုလွေခေါင်းဆောင်က မျက်စိကန်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျိရွှေရှန့်၏ ရတနာဓားကလည်း ၎င်း၏လည်ပင်းကို အချိန်ကိုက် ထိုးဖောက်သွားခဲ့သည်။ မာနကြီးသော ဝံပုလွေခေါင်းဆောင်ကြီးက ထိုကဲ့သို့ မုန်းတီးဖွယ် သေဆုံးသွားရသည်။

သူတို့၏ ဝံပုလွေခေါင်းဆောင် အသတ်ခံလိုက်ရသည်ကို မြင်သောအခါ တခြားဝံပုလွေလေးကောင်က ထွက်ပြေးရန် ပြင်လိုက်သော်လည်း ကျိရွှေရှန့်က ဝံပုလွေအုပ်ထဲသို့ ခုန်ဝင်သွားပြီး သူ့၏ရတနာဓားက အဆက်မပြတ် လှုပ်ရှားနေသည်။ စူးချင်း၏ကျောက်ခဲများလည်း တိကျပြီး ကြမ်းတမ်းလွန်းလှသည်။ သူတို့ နှစ်ယောက် ကောင်းကောင်း ပူးပေါင်းဆောင်ရွက်နေကြပြီး ကျုံးယုံ ရောက်ရှိလာချိန်တွင် သူ့အစ်ကိုကြီးက ဝံပုလွေများနှင့် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ သူက ဘာမှ တွေးမနေတော့ဘဲ တိုက်ပွဲထဲသို့ ခုန်ပေါက်ဝင်ရောက် လာခဲ့သည်။

ထိုအခြင်းအရာက တိုက်ပွဲနှင့် မတူတော့ဘဲ စစ်သူကြီးသုံးယောက်က ဝံပုလွေလေးကောင်ကို ဆော့ကစားနေသလိုမျိုး ဖြစ်သွားပြီး လုံးဝ မကြာသော အချိန်အတွင်း ဝံပုလွေလေးကောင်  သုတ်သင်ခံလိုက်ရကာ ဝံပုလွေအုပ်စုတစ်စု  ပျောက်ကွယ်သွားရသည်။

"ဟား ဟား၊ အသားတွေ အများကြီးပဲ"

ကျုံးယုံက ကလေးလေးကဲ့သို့ ရွှင်ရွှင်မြူးမြူး အော်ဟစ်ရယ်မောနေလေသည်။

သူ့မျက်လုံးထဲမှာတော့ မစားနိုင်တဲ့ အသားရယ်လို့ မရှိပါဘူး။ ဝါးလို့ရနေသရွေ့တော့ ကြွက်တစ်ကောင်ဖြစ်နေရင်တောင် သူအတွက် ဘာမှ မကွာခြားသွားပါဘူး။

ဝံပုလွေအသားက ကြမ်းတမ်းပြီး အညှီနံ့ကလည်း ပြင်းလွန်းသည်။ အဆီလည်း များသလို အရသာကလည်း မကောင်းပေ။ သို့သော်လည်း တောဝက်များ မရှိလျှင် ဤဝံပုလွေများကို စားသောက်ရန် ယူသွားရမည် ဖြစ်သည်။ သို့သော် စုစုပေါင်း ကျင်းငါးရာမှ ခြောက်ရာအထိ အလေးချိန်ရှိသော တောဝက်နှစ်ကောင်ကပင် သူတို့ စားကုန်မည်  မဟုတ်ပေ။ ရာသီဥတုက ပူနေသောကြောင့် အသားများ ပုတ်သိုးပျက်စီးရန် လွယ်ကူပြီး အနီးအနားတွင် ဝက်သားများ ရောင်းနိုင်လောက်သည့်မြို့လည်း မရှိသည့်အတွက် ဝံပုလွေအသားများက အသုံးမဝင်တော့ပေ။

သို့သော်လည်း ဝံပုလွေ၏အရေခွံကို ငွေဖြင့် ရောင်းချနိုင်သည်။ မရောင်းရလျှင်ပင် ဖိနပ်လုပ်ရန် အသုံးပြုနိုင်သေးသည်။ ထို့ကြောင့် ကျိရွှေရှန့်က ဝံပုလွေများ၏အရေခွံကို ခွာယူလိုက်နေပြီး စူးချင်းက ဘေးမှ ကြည့်နေခဲ့သည်။ ကျိရွှေရှန့်က သူမကို အကြိမ်ပေါင်းများစွာ ပြန်မော့ကြည့်နေမိသည်။

ပုံမှန်ဆိုရင် အမျိုးသမီးတွေက ဒီလိုသွေးထွက်သံယို မြင်ကွင်းကြောင့် ကြောက်လန့်နေရမှာ မဟုတ်ဘူးလား? သူမကတော့ အားပါးတရ ကြည့်ရှုနေတယ်လား?

ဝံပုလွေငါးကောင်ကို ကြည့်နေရင်း ကျုံးယုံ၏နှလုံးသားတစ်ခုလုံး နာကျင်လာရသည်။ ဤဝံပုလွေများက မြေအောက်မြစ်အနီးတွင် ကျင်လည် ကျက်စားနေသောကြောင့် ဆူဖြိုးပြီး သန်မာနေသည်အထိ စားသောက်နိုင်ကြသည်။ ၎င်းတို့တစ်ကောင်စီကပင် ကျင်းဒါဇင်ပေါင်းများစွာ အလေးချိန်ရှိနိုင်သည်။

"ကောင်းပြီ၊ အရင်ပြန်ကြရအောင်။ ကျုံးယုံ၊ ဒီတောဝက်ကို မင်းရဲ့နောက်ကျောပေါ် တင်လာခဲ့”

ကျိရွှေရှန့်က ဝံပုလွေများ၏အရေခွံကို ခွာယူပြီးနောက် ဝံပုလွေအမြီးများကို ဆုပ်ကိုင်ထားသည်။ ဝံပုလွေများ၏အရေပြားများတွင် သွေးများ ရွှဲနေသေးပြီး ၎င်းတို့၏ အစွယ်များနှင့် ခြေသည်းများကို ပြောင်အောင် မသန့်စင်ရသေးသောကြောင့်  ထမ်းသွားရန် မဖြစ်နိုင်သေးပေ။

ကျိရွှေရှန့်က ကျုံးယုံကို တောဝက်ကို သယ်ခိုင်းလိုက်သည်။ သူက နွားကဲ့သို့ သန်မာသောကြောင့် တောဝက်ကို သယ်ဆောင်ရန် မခက်ခဲပေ။

အင်း”

အရေခွံ အချွတ်ခံထားရသော ဝံပုလွေငါးကောင်ကို ပြန်ကြည့်မိသောကြောင့် ကျုံးယုံတစ်ယောက် နှလုံးထပ်နာရပြန်သည်။

အသားတွေ...  အသားတွေကို စွန့်ပစ်ထားခဲ့ရတာက ဖြုန်းတီးတာပဲလေ... စိတ်မကောင်းလိုက်တာ။

ကျိရွှေရှန့်က ကျုံးယုံ နာကျင်နေသည်ကို နားလည်နိုင်ပြီး  သူ့ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

"သွားကြရအောင်.... ရာသီဥတုက အရမ်းပူနေပြီ၊ စားလို့ မကုန်ရင် အနံ့အသက်ဆိုးတွေ ထွက်လာလိမ့်မယ်”

စူးချင်းက သူတို့နောက်မှ လိုက်ပါသွားပြီး မြေပြင်ပေါ်ရှိ သွေးစွန်းနေသော ဝံပုလွေကိုယ်ထည်များကို ကြည့်နေကာ စနစ်ထဲသို့ ပစ်ထည့်ရန် အတွေးကို စွန့်လွှတ်လိုက်သည်။

ရှောင်ချီက ကြောက်တက်တယ်၊ သူမ ရှောင့်ချီကို မကြောက်စေချင်ဘူး။ ရှောင်ချီ ကောင်းကောင်းအနားယူပါစေ။

သူမ၏သခင်က သူမကို အလွန်ဂရုစိုက်ကြောင်း သိလိုက်ရပါက ရှောင်ချီတစ်ယောက် စိတ်လှုပ်ရှားဖြင့် စနစ်တစ်ခုလုံးအနှံ လိုက်လံကပြမည် ဖြစ်သည်။ ယခုတွင်မူ သူမက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ဟောက်ပင် ‌‌ဟောက်နေသေးသည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကလေးလေးကို ကြည့်နေရင်း စူးချင်၏အေးစက်သော မျက်လုံးများက တဖြည်းဖြည်း နွေးထွေးလာသည်။

သုံးယောက်သား စခန်းချရာ နေရာသို့ ပြန်လာခဲ့ကြပြီး ထောင်ဟွားဝူမှ ရွာသားများက ရေများကို တွေ့သွားကြသည်။

ရွှေရှန့်နဲ့ စူးချင်းတို့ ရှိနေတာကြောင့် ထွက်ပြေးလာတဲ့ သူတို့ဘဝတွေက အရမ်းကို သာယာနေခဲ့တယ်။

ကျိရွှေရှန့် ပြန်သယ်လာသော ရေထဲမှတစ်ဝက်ကို တောဝက်သားများ သန့်စင်ရန်နှင့် အသားပြုတ်ရန် သုံးလိုက်ကြသည်။ ကျန်နေသော ရေတစ်ဝက်ကို ရွာသူရွာသားများအတွက် ရေနွေးအိုးကြီးတစ်လုံး ကျိုရန် သုံးစွဲလိုက်ကြသည်။

ကျိရွှေရှန့် ရွာမှ လူငယ်များကို ရေသိုလှောင်နိုင်မည့် ပစ္စည်းအားလုံး ယူလာခိုင်းလိုက်သည်။ သူတို့ မြေအောက်မြစ်ဆီသို့ ပြန်သွားပြီး လမ်းခရီးတွင် သောက်ရန် လုံလောက်မည့်ရေကို ယူဆောင်လာရမည် ဖြစ်သည်။

နောက်ထပ်ရေအရင်းအမြစ်ကို ရှာတွေ့ဖို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတာကို ဘယ်သူက သိနိုင်လို့လဲ?

 စူးချင်းက ချက်ပြုတ်ရန် ကျန်နေခဲ့သည်။ ယခုတကြိမ်တွင် သူမ တောဝက်ကိုပင် အမွှေးရှင်းစရာ မလိုတော့ဘဲ ကျုံးယုံက လူကောင်းလေး ဖြစ်ပြီး သူက စေတနာအလျောက် လုပ်ဆောင်ပေးခဲ့သည်။

စူးချင်းက ကျုံးယုံ ဝက်မွေးနှုတ်ရလွယ်ကူစေရန်အတွက် ရေနွေးတစ်အိုး အရင်ကြိုပေးလိုက်သည်။ ကျုံးယုံက ဓားသွေးလိုက်ပြီး မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ကာ ဝက်မွေးများ စရိတ်နေတော့သည်။

ထို့နောက် စူးချင်းက အသားဟင်းကို ပြင်ဆင်ရန် ဟင်းခတ်အမျိုးမျိုးကို ရှာဖွေခဲ့သေးသည်။ နောက်ဆုံးတွင် သူမက ပါဝင်ပစ္စည်းများကို ရရှိခဲ့သောကြောင့် ဟင်းအမယ် အနည်းငယ် ပြုလုပ်ချင်နေခဲ့သည်။ သူမ၏ ချက်ပြုတ်မှုစွမ်းရည် အဆင့်နှစ်ဆင့်လောက် မြှင့်တင်နိုင်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ကျုံးယုံက တောဝက်ကို အလျင်အမြန် ရှင်းလင်းပေးခဲ့ပြီး အူများကိုပင် ဖြတ်တောက်ပေးခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် တောဝက်များက အတော်လေးဆူနေသောကြောင့် စူးချင်းက ဝက်ဆီကို အရင်ဖယ်ပြီး သစ်သားပုံးတစ်ခုထဲသို့ ထည့်ထားလိုက်သည်။

ဒါက အရမ်းကောင်းတဲ့ ပစ္စည်းလေ။

စူးချင်းက ဟိုဟိုဒီဒီ ကြည့်ကာ မေးမြန်းလိုက်ကာ အိုးရှိသူထံမှ မြေအိုးတစ်လုံး တောင်းယူလိုက်သည်။ အဆီထုတ်ကာ စစ်ယူပြီး ဆားနည်းနည်းထည့်လိုက်လျှင် နွေရာသီတစ်ခုလုံး စားနိုင်မည်ဖြစ်ကာ အနံဆိုးလည်း ထွက်မည် မဟုတ်ပေ။

သူမရဲ့ဟင်းချက်ကျွမ်းကျင်မှုက ဘယ်လောက်ပဲ ကောင်းနေပါစေ ဆီ မပါရင် အစားအသောက်က အရသာရှိမှာ မဟုတ်ဘူး။

✍️✍️✍️